သတင်း

မဟာမိတ်ဆက်ဆံရေး ပိုပြီးအားကောင်း ခိုင်မာအောင် အားထုတ်ဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြော

မဟာမိတ်ဆက်ဆံရေး ပိုပြီးအားကောင်း ခိုင်မာအောင် အားထုတ်ဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၃၁၊ ၂၀၂၃

မဟာမိတ်ဆက်ဆံရေး ပိုပြီးအားကောင်း ခိုင်မာစေအောင် အားထုတ်လုပ်ဆောင်ဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၃၄/၂၀၂၃ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးကနေတဆင့် ပြောကြားလိုက်ပါတယ်။

“နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တနိုင်ငံလုံးက ကွဲပြားတဲ့ အစု အဖွဲ့တွေ အင်တိုက်အားတိုက် ပါဝင်နေကြတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိရှိပြီးဖြစ်ပါတယ်။ တော်လှန်ရေး အောင်မြင်မှုဟာ ဒီအစုအဖွဲ့တွေအားလုံးကြား နားလည်မှုရှိရှိ ဟန်ချက်ညီစွာ ပူးပေါင်း ဆောင်ရွက်မှု အားကောင်း ခိုင်မာခြင်းနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ မဟာမိတ်ဆက်ဆံရေး ဒီ့ထက် ပိုပြီး အားကောင်း ခိုင်မာစေဖို့နဲ့ နိုင်ငံတဝန်း မှာ မဟာဗျူဟာကျကျ ဟန်ချက်ညီစွာ “တသံတည်းညီ တချီတည်းရုန်း” ကြဖို့ ဆထက်တံပိုး အား ထုတ် သွားရမှာ ဖြစ်တယ်” လို့ ၃၄/၂၀၂၃ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားထားပါတယ်။

ဒါ့အပြင် လက်ရှိ ဆက်နွဲနေတဲ့ “၁၀၂၇ စစ်ဆင်ရေးကြီး” ဟာ ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့အတူ မဟာမိတ် ပူးပေါင်းတပ်များရဲ့ မဟာဗျူဟာကျကျ ဆင်နွှဲနေတာ ဖြစ်ပြီး အင်မတန်မှ စိတ်အား တက်ဖွယ်ရာကောင်းတဲ့ တိုက်ပွဲ အောင်မြင်မှုတွေကိုလည်း ကြားသိနေရ သလို ပြည်သူလူထု တရပ်လုံးကလည်း ဒီအောင်မြင်မှုတွေအပေါ် နှစ်ထောင်း အားရ ဝမ်းသာဂုဏ်ယူ နေကြတာ ထင်ရှား တယ်လို့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားထားတာပါ။

တဘက်က တော်လှန်ရေးက အချိန် အနည်းငယ် ကြာလာတဲ့အခါ တချို့လည်း တော်လှန်ရေး အပေါ် ထားတဲ့ နှလုံးခုန်သံတွေ အနည်းငယ် ငြိမ်သက် အေးစက်သွားတတ်ကြပေမယ့် “၁၀၂၇ စစ်ဆင်ရေး ကြီး” ကတော့ အဲဒီ ငြိမ်သက်နေတဲ့ နှလုံးခုန်သံအချို့ကို ပြန်လည် လှုပ်နှိုးလိုက် နိုင်တယ်လို့တောင် ချီးကျူးစကား ဆိုထားပါတယ်။

ဒါ့အပြင် အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ စွန့်လွှတ်ပေးဆပ်ရမှုဆိုတာ ရှိစမြဲဖြစ်သလို စွန့်လွှတ် ပေးဆပ် သွားကြတဲ့ သူရဲကောင်းများအားလုံးကိုလည်း ထာဝရ အမှတ်ရစွာနဲ့ ဦးညွှတ် ဂုဏ်ပြုနေမှာ ဖြစ်ပြီး စွန့်လွှတ် ပေးဆပ်မှု တခုချင်းစီတိုင်း အလဟဿ ဖြစ်မသွား စေဘဲ ထိုက်တန်တဲ့ မျှော်ရည် ပန်းတိုင်ကို ရယူနိုင်ဖို့ အဆက်မပြတ် အားထုတ်နေကြရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဓါတ်ပုံ – သမ္မတရုံး NUG ဖေ့စ်ဘုတ်။

Related Articles

Back to top button