သတင်း

မတူပီ-ဟားခါးလမ်း နှစ်ဖက်တိုက်ပွဲမှာ စစ်တပ်သား ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာ ရကြောင်း CDF မတူပီ ထုတ်ပြန်

မတူပီ-ဟားခါးလမ်း နှစ်ဖက်တိုက်ပွဲမှာ စစ်တပ်သား ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာ ရကြောင်း CDF မတူပီ ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၈၊ ၂၀၂၃

ချင်းပြည်နယ်၊ မတူပီ- ဟားခါး လမ်းမပေါ်မှာ တပ်စွဲတဲ့ ခရိုင်ရုံးသို့ အင်အား ဖြည့်ဖို့ ရောက်လာတဲ့ စစ်ကြောင်းနဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ (CDF – Matupi) တို့ကြား ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်မွန်းလွဲပိုင်းက အချိန်တို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် ညနေ ၄ နာရီခန့်က မတူပီ- ဟားခါးလမ်မပေါ်မှာ တပ်စွဲတဲ့ စစ် ကောင်စီတပ် ခရိုင်ရုံးသို့ အင်အားဖြည့်ဖို့ ရောက်လာတဲ့ ခလရ – ၁၄၀ တပ် စစ်ကြောင်းနဲ့ ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ -မတူပီ (CDF – Matupi) တို့ ၁၅ မိနစ်ကြာ နှစ်ဖက် တိုက်ပွဲဖြစ်ပွား ခဲ့တာပါ။

CDF – Matupi ဘက်က ထုတ်ပြန်ချက်အရ အဲဒီနှစ်ဖက် ထိတွေ့ တိုက်ပွဲအတွင်း ချင်းလဲန်း ကာကွယ် ရေးတပ်ဖွဲ့ -မတူပီ (CDF – Matupi) တပ်ဖွဲ့က လက်ဦးမှုယူပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲချိန် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရှိခဲ့ပေမယ့် CDF – Matupi ဘက်က ထိခိုက်မှုမရှိဘဲ ကောင်းမွန်စွာ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၂နာရီကြာအထိ စစ်ကောင်စီတပ်က မတူပီ- ဟားခါးလမ်းနှင့် မတူပီ- ပလက်ဝ လမ်း ပိုင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှု ရှိခဲ့တယ်လို့လည်း သိရပါတယ်။

နှစ်ဖက် အနီးကပ် စောင့်ကြည့်နေကြတာဖြစ်လို့ အချိန်မရွေး ပစ်ခတ်မှုများ ဖြစ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် မတူပီမြို့တွင်း အဝင်းအထွက် မပြုလုပ်ကြရန် CDF – Matupi က ထပ်မံ အသိပေးထားပါတယ်။

ဒါ့အပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (CDF – Matupi) အနေဖြင့် စစ်အာဏာရှင်တို့ကို ဆက်လက် တော်လှန်နိုင်ဖို့အတွက် လက်နက်ခဲယမ်းများ လိုအပ်နေလို့ ပြည်တွင်း၊ ပြည်ပ ပြည်သူ များအနေဖြင့် ဆက်လက် ပံ့ပိုးကူညီပေးကြဖို့နဲ့ သူတို့ရဲ့ ရံပုံငွေရှာ လှုပ်ရှားမှုတွေမှာလည်း ပါဝင် ပေးကြဖို့ ထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။

ဓါတ်ပုံ – CDF – Matupi

Related Articles

Back to top button