တောင်ကြီးမှာ တစ်ပါတ်အတွင်း တော်လှန်ရေးနဲ့ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးခံရသူ ၈ ဦးအထိ ရှိလာ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၈၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ စက်တင်ဘာလ ၂၁ရက်ကနေ စက်တင်ဘာလ ၂၇ ရက်အထိ တစ်ပါတ်အတွင်း တော်လှန်ရေးနဲ့ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးခံရသူ ၈ ဦးအထိ ရှိလာ တယ်လို့ တော်လှန်ရေးထောက်ပို့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၁၁၊ ဆင်နှစ်ကောင်ကျောင်းတိုက်အနီးမှာ စက်တင်ဘာလ ၂၁ရက်က အမျိုးသမီး ၂ဦးကို တော်လှန်ရေးထောက်ပို့တွေလို့ စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့တွေက စွပ်စွဲဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အဲဒီအမျိုးသမီး ၂ဦးကို စစ်ဆေးချက်အရ ဘုရားဖြူရပ်ကွက်မှ အမျိုးသမီး ၂ဦး စက်တင်ဘာလ ၂၅ရက်မှာ ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
“ဆင်နှစ်ကောင်နားမှာ မိတဲ့နှစ်ယောက်ကို စစ်ရာကနေ ဘုရားဖြူရပ်ကွက်ကပဲ မိန်းကလေး ၂ယောက် ထပ်ဖမ်းခံရတာ။ ၂၂ရက်နေ့ကလည်း ဖရဲဖက်က အဆောင် တစ်ခုကို ဝင်စီးတယ်။ သူတို့ရှာတဲ့ သူ မတွေ့လို့ ပြန်သွားတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက FJMM ကို ပြောပါတယ်။
အဲဒီလိုပဲ စက်တင်ဘာလ ၂၄ရက်က ကျောင်းကြီးစုရပ်ကွက်နေ အမျိုးသား ၂ဦး၊ စက်တင်ဘာလ ၂၆ရက်က အေးသာယာမြို့နေ အမျိုးသမီးတစ်နဲ့ စက်တင်ဘာလ ၂၇ရက်က ကံကြီးရပ်ကွက်နေ အမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပြုလုပ်မယ်လို့ စစ်ကောင်စီက ကြေညာပြီးနောက် တောင်ကြီးမြို့နယ်မှာ စစ်ကောင်စီက စစ်ဆေးရေးပြန်လည်တင်းကြပ်ထားသလို လက်နက်ခဲယမ်းဖမ်းဆီးရမိတာ၊ လူငယ် တွေ ဖမ်းဆီးခံရတာဆက်တိုက်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။