သတင်း

လူမျိုးစုပါတီများကို စစ်ကောင်စီ လူရာမသွင်း ပစ်ပယ် ထားတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့တွေဆို

လူမျိုးစုပါတီများကို စစ်ကောင်စီ လူရာမသွင်း ပစ်ပယ်ထားတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့တွေဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၁၇ ၊ ၂၀၂၃

စစ်ကောင်စီက ကျင်းပမယ့် တရားမဝင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြတဲ့ လူမျိုးစုပါတီတွေကို ပစ်ပယ်ထားပြီး စစ်ကောင်စီဟာ ကြံ့ခိုင်ရေး ပါတီနဲ့ အခြားမဟာမိတ် ပါတီတွေကိုသာ အဓိကထား အသိအမှတ်ပြုပေးနေတာ တွေ့ရတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့က ဆိုပါတယ်။

စက်တင်ဘာ ၂ ကနေ ၈ အထိ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ခူမီးအမျိုးသားပါတီ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်း ညီညွတ်ရေး ပါတီ၊ နာဂအမျိုးသားပါတီ၊ မွန်အမျိုးသမီးပါတီ၊ ‘ဝ’ အမျိုးသားပါတီတွေကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနဲ့အညီ စစ်ဆေးခဲ့ပါကြောင်း စစ်ကောင်စီက ပြောထားပါတယ်။ ဒါပေမယ့် မှတ်ပုံတင်ခွင့် မရသေးတဲ့ လျှောက်ထားဆဲ ပါတီတွေကို မှတ်ပုံတင်ချပေးတာမျိုးကိုတော့ သည် ၁ ပတ်အတွင်း မတွေ့သေးပါဘူးလို့လည်း ဗမာ့ရေးရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ တွေ့ရှိချက်မှာ ဖော်ပြထားတာပါ။

တဖက်မှာတော့ စစ်ကောင်စီက ကြံ့ခိုင်ရေးပါတီကို အဓိက ပံ့ပိုးနေတာ တွေ့ရပါပြီး ကြံ့ခိုင်ရေးပါတီအပါအဝင် ၎င်းတို့ရဲ့ အပေါင်းအပါ ၃၅ ပါတီက ကိုယ်စားလှယ် တွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ခေါ်ပြီးတော့ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) မိတ်ဆက်ပြီး လက်တွေ့စမ်းသပ်မဲပေးတာတွေကို စက်တင်ဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မဲပေးစက်စမ်းသပ်မှုတွေကို စစ်ကောင်စီက သူ့ရဲ့ လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အခြား ဌာန ၃၃ ခုက ဝန်ထမ်း ၆၅၀၀ နီးပါးနဲ့ စမ်းသပ်ခဲ့သလို စက်တင်ဘာ ၂ ရက်ကနေ ၈ ရက်အထိ မဲပေးစက်နဲ့ Biometric Data ကောက်ယူတာတွေကို တစိုက်မတ်မတ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပါတီမှတ်ပုံ တင်ခွင့်ပြုတာမျိုးတော့ မရှိပါဘူးလို့ ဖော်ပြပါတယ်။

အဲဒီထဲမှာ လူထုစည်းရုံးရေး လှုပ်ရှားမှုအဖြစ် ကြံ့ခိုင်ရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတွေရဲ့ လှုပ်ရှားမှုထဲမှာ ပါတီတွင်း စည်းရုံးရေးအပြင် လူထုစည်းရုံးရေး လှုပ်ရှားမှု တွေကိုတော့ အခုနောက်ပိုင်း တွေ့လာရသလို ပြီးခဲ့တဲ့အပတ်က ကြံ့ခိုင်ရေးပါတီက လူထုစည်းရုံးရေး ၁၀ ကြိမ်အထိ လုပ်ထားပြီး အခုအပတ်မှာတော့ ပါတီတွင်း စည်းရုံးရေး ၁၄ ကြိမ်လုပ်ထားသေးတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သန်းခေါင်းစာရင်းကောက်ပြီးတော့မှ ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောထားပေမယ့် အခုဆက်တိုက် လုပ်နေ တာတွေကတော့ ပြည်သူတွေဆီက ကိုယ်ရေးအချက်အလက်ရအောင် Biometric Data ကောက်ယူတာတွေနဲ့ အီလက်ထရောနစ်မဲပေးစက် စမ်းသပ်တာကို အဓိကထား လုပ်နေတာ တွေ့ရတယ် BASC ဘက်က တွေ့ရှိချက်ကို ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button