မြဝတီမှာ ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ရင် စစ်ကောင်စီက ပစ်မိန့်ပေးထားကြောင်းပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၉ ရက်၊ ၂၀၂၃။
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ရင် စစ်ကောင်စီက ပစ်မိန့်ထုတ်ထား တယ်လို့ ဒေသခံ ပြည်သူတွေထံမှ သိရပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့က စပြီး ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ရင် စစ်ကောင်စီတပ်သားများမှ အမေးအမြန်းမရှိ ပစ်ခတ်မယ်လို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးရဲ့ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။
” ရှေ့ ၂ရက်လောက်ကတည်းက ည၈နာရီ ၉နာရီ ပစ်မိန့် ဆိုတာမျိုး ကောလဟာလတွေထွက်ခဲ့ပေမဲ့ ဒီနေ့ fb မှာ စကစ ရပ်ကျေး အုပ်ချုပ်ရေးမှူးက ယနေ့ ည ၁၀ နာရီ ပစ်မိန့်စတင်တဲ့အကြောင်း တင်ထားတာကိုတွေခဲ့တာပါ” လို့ မြဝတီမြို့ခံတစ်ဦးမှ FJMM ကိုပြောပါတယ်။
မြဝတီခရိုင်ရုံးကို ဒရုန်းနဲ့ ဗုံးကြဲပြီးနောက် စစ်ကောင်စီတပ်က ယခုလို ပစ်မိန့်ကို ထပ်မံထုတ်ပြန်ခြင်း ဖြစ်တာလို့လည်း သူကပြောပါတယ်။
အရင်ကလည်း ပစ်မိန့် ထုတ်တာ ၃ ကြိမ်ခန့်ရှိခဲ့ပြီး ယခုလိုပစ်မိန့်ထုတ်ချိန်မှာ အမှတ် ၁ ချစ်ကြည်ရေး တံတားအနီးရှိ တိုက်အမြင့်တွေပေါ်ကနေ နေရာယူထားပြီး ပစ်ခတ်ဖို့ အသင့်ပြင်ထားတာမျိုး ပြုလုပ် လေ့ရှိကြောင်း သူက ပြောပါတယ်။
စစ်ကောင်စီတပ်မှ အခုလိုမျိုး ပစ်မိန့်ထုတ်ပြန်လိုက်ခြင်းကြောင့် ပြည်သူတွေ သွားရလာရ ခက်ခဲတာ တွေနှင့် စျေးအရောင်းအဝယ်သမားတွေ အတွက် ထိခိုက်မှုများ ကြုံတွေ့ရတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – CJ