ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သားအချို့ထိခိုက်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၉ ရက်၊ ၂၀၂၃။
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ အင်္ဂဘို ကျေးရွာ ဒေါင်းတောင်ကုန်းအနီး၊ ရန်ကုန်-မော်လမြိုင် အမြန်လမ်းမတွင် စစ်ကောင်စီ ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြကြောင်း တောကျီးကန်းစစ်ကြောင်းမှ ထုတ်ပြန်ထားပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၂နာရီခွဲ အချိန်ခန့်မှာ အင်အား ၁၀၀ ခန့် ရှိတဲ့ စစ်ကောင်စီယာဥ်တန်း ၅ စီးကို တောကျီးကန်းစစ်ကြောင်းနှင့် KNLA ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရသူများကို တော်ဝင်ခရီးသည်တင် ယာဥ်လိုင်းမှ ကားဖြင့် ပြန်လည်သယ်ဆောင်သွားတယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ ထို့ပြင် စစ်ကောင်စီရဲ့ ကားတစ်စီးမှာလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
” တိုက်ပွဲ ဖြစ်ချိန်ကတော့ ၁၅ မိနစ်လောက်ကြာပါတယ်။ သူတို့က တိုက်ခိုက်ခံရပြီး လမ်းတလျှောက်နားက ကျေးရွာတွေကို စစ်သေနတ်များ လက်နက်ငယ်များဖြင့် ယမ်းသမ်း ဖြစ်ခတ်သွားတယ် ” လို့ တောကျီးကန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ FJMM ကိုပြောပါတယ်။
ထိုတိုက်ခိုက်ခံရပြီးနောက် အင်္ဂဘိုကျေးရွာအတွင်းကို စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဆီဘောက်ဆာကားတစ်စီး ပျက်စီးခဲ့ရ တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုပြီးချိန်မှာတော့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များမှာ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရပါတယ်။
Photo – တောကျီးကန်းစစ်ကြောင်း