သတင်း

ဖားကန့်၊ မနကျေးရွာအနီးက ကျောက်စိမ်းတူး လုပ်ကွက်ဟောင်း မြေစာပြိုကျလို့ လူ ၅၀ ခန့်ပျောက်ဆုံးနေ 

ဖားကန့်၊ မနကျေးရွာအနီးက ကျောက်စိမ်းတူး လုပ်ကွက်ဟောင်း မြေစာပြိုကျလို့ လူ ၅၀ ခန့်ပျောက်ဆုံးနေ 

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၁၄ ရက်၊ ၂၀၂၃။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းတူး လုပ်ကွက်ဟောင်း ရေကန်အတွင်း ယမန်နေ့ ‌သြဂုတ် ၁၃ရက် ညနေ ၃ နာရီ ခွဲခန့်က မြေစာပုံပြိုကျလာလို့ ကမ်းပါးပေါ်က လက်ကျင်း ကျောက်တူး နေသူတွေနဲ့ ရေမဆေးရှာနေသူ ၅၀ ခန့် ရေကန် နွံအတွင်း နစ်‌မြှုပ်ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသခံ တဦးက ပြောပြတာက “မနေ့က ၃ နာရီခွဲဝန်းကျင်လောက်မှာ ဖြစ်သွားတာပါ၊ ဖြစ်သွားတဲ့ ပုံစုံကတော့ ဟိုးအရင် ပြီးခဲ့တဲ့နှစ် ဝှေခါမှော် ဖြစ်ရပ်လို ပုံစံမျိုးပဲ၊ ပြိုကျလာတဲ့ မြေစာပုံက နွံရေကြီးကို ရိုက်လိုက်ပြီး နွံရေက အမြင့်ကြီး လှိုင်းလုံးကြီး ထတက်လာတဲ့နွံရေကြီး ကမ်းပါးပေါ်ကလူတွေ ဆွဲချသွားတာ၊ မနေ့က မနကျေးရွာအနီးက ဖြစ်ရပ်ကလည်း အဲဒီလိုပုံစံမျိုးပဲ၊ ရေမဆေးသမားတွေ၊ တနိုင်တပိုင် ကျောက်ကျင်းတူးနေတဲ့သူတွေ၊ တချို့လော်ပန်းတွေရဲ့ ပေ ၂၀ ကျင်း လုပ်ကွက်ထဲကသူတွေ အားလုံးပါသွားတာပဲ၊ ၅၀ လောက်တော့ ရှိမယ်ထင်တယ်၊ အဲဒီမှာ ပါသွားတဲ့သူတွေ အလောင်းတောင် သေချာရှာမရသေးဘူး၊ နွံရေကလည်း နှစ်တော့ အချိန်ယူရဦးမယ်လို့ ကြားတယ်၊ အားလုံးကလည်း ခက်ခဲကျပ်တည်းနေတော့ အသက်နဲ့လုပြီး ရှာစားနေကြရတာပါ၊ စိတ်မကောင်းဘူး”

အဲဒီ မြေစာပုံပြိုကျနေတဲ့ နေရာဟာ မနကျေးရွာရဲ့ တောင်ဘက်မှာရှိတဲ့ တာဝါတိုင်ရဲ့ အောက်ဘက်မှာပေါ့၊ အဓိပဓိလို့လည်းခေါ်တဲ့ လက်ကီးဝမ် ကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းဖြစ်ပြီး ကျောက်စိမ်းတောင် ကုမ္ပဏီကလည်း မြေစာလာပုံ စွန့်ပစ်ထားတဲ့ နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ မြေစာပြိုကျမှုကြောင့် နွံကန်ထဲ နှစ်မြှုပ်ပျောက်ဆုံးနေတဲ့ လက်ကျင်းသမား ၅၀ ခန့် ရှိနေပြီး အဲဒီထဲမှာ ဗမာမြန်မာလူမျိုး ရေမဆေးသမားနဲ့ လက်ကျင်းသမား အများစုဖြစ်သလို ကချင်၊ ရခိုင်၊ ရှမ်း လူမျိုးတွေထဲက လက်ကျင်း သမားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

နွံကန်ထဲ နှစ်မြှုပ်ပျောက်ဆုံးနေသူတွေထဲမှာ တချို့ကလည်း နာမည်စာရင်း မရသေးတဲ့သူတွေလည်း ရှိနေတယ်လို့ FJMM ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင် ၂ ရက်နေ့က ဖားကန့် ဝှေခါမှော် မြေစာပြိုကျမှုကြီးတစ်ခုကြောင့် မြေစာပုံပြိုကျပြီး ကျောက်ကျင်း တနိုင်တပိုင် ရှာနေတဲ့ ကျောက်တူးသမားများ ဦးရေ ၂၀၀ ကျော်ထိ စံချိန်တင် သေဆုံးခဲ့တဲ့ သမိုင်း ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အဲဒီထဲမှာ ကချင်၊ ရှမ်း၊ ဗမာမြန်မာနဲ့ ရခိုင်လူမျိုး ကျောက်တူသမား အများဆုံး သေဆုံးမှု ဖြစ်ခဲ့ပါတယ်။
 
ဓာတ်ပုံ – တာလင်းမောင်(မနကျေးရွာအနီးက ကျောက်စိမ်းတူး လုပ်ကွက်ဟောင်း၊ မြေစာပုံပြိုကျခဲ့တဲ့ မြင်ကွင်း)

Related Articles

Back to top button