
ဒုက္ခရောက်နေတဲ့ မြန်မာကို အကူအညီပေးကြဖို့ နိုင်ငံတကာကို ကုလအကြီးအကဲ တိုက်တွန်း
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၄၊ ၂၀၂၅
ငလျင်ဘေးကြီးရင်ဆိုင်နေရတဲ့ မြန်မာကို နိုင်ငံတကာက မိုးမကျမီ အကူအညီတွေပေးဖို့နဲ့ စစ်ပွဲများရပ်ပြီး ဒီမိုကရေစီကို ဖော်ဆိုင်နိုင်မယ့် နိုင်ငံရေးအဖြေရှာကြဖို့ ကုလအထွေအထွေအတွင်းရေးမှုးချုပ် အန်တိုနီရို ဂါထာရပ်စ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံသား ၃ ဦးမှာ ၁ ဦးက ဒုက္ခရောက်နေတာဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ ငြိမ်းချမ်းရေး နဲ့ မြန်မာပြည်သူတွေလိုအပ်နေတဲ့ အသက်ကယ်ဆယ်ရေး ထောက်ပံ့ပူတွေအတွက် ဆက်ပြီး တွန်းအား ပေးသွားပါမယ်လို့လည်း အန်တိုနီရို ဂါထာရပ်စ်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ သက်ဆိုင်ရာ မြန်မာပြည်တဝှမ်းက အဖွဲ့အစည်းအားလုံးအနေနဲ့ တညီတညွတ် အဖြေရှာရမယ့် အချိန်ရောက်နေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ယမန်နေ့ ဧပြီလ ၃ ရက်မှာ တိုက်တွန်း ပြောကြားလိုက်တာပါ။
လက်ရှိ စိတ်မချမ်းမြေ့စရာ အခိုက်အတန့်ကနေ မြန်မာပြည်သူတွေအတွက် အခွင့်အလမ်း တစ်ခုဖြစ်ပေါ်လာရေး အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီကိုသွားမဲ့ လမ်းကြောင်းတစ်ခု ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ကို တောင်းဆိုခဲ့ပါသေးတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တွမ်ဖလက်ရှာ(Tom Fletcher) ကတော့ ဒီကနေ့ ဧပြီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံကို လာဖို့ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့(Julie Bishop )လည်း လာမဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာဖို့ရှိပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေး နွေးမှုတွေအတွက်ဖြစ်တယ်လို့ ကုလအကြီးအကဲက ပြောပါတယ်။
Photo: UN