သတင်း

DPLFဖွဲ့စည်းပြီးနောက် ဓနုဒေသမှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပြီး စွပ်စွဲဖမ်းဆီးခံရသူတွေပါရှိနေ

DPLFဖွဲ့စည်းပြီးနောက် ဓနုဒေသမှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပြီး စွပ်စွဲဖမ်းဆီးခံရသူတွေပါရှိနေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၃ ရက်၊ ၂၀၂၃။ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုယ်စားပြု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – Danu People’s Liberation Front – DPLF ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် ဒေသတွင်းမှာ လုံခြုံရေးတင်းကြပ်ထားပြီး စွပ်စွဲဖမ်းဆီးခံရသူတွေပါရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

DPLFဖွဲ့စည်းကြောင်း ဇူလိုင်လ ၂၉ရက်က ကြေညာပြီးတဲ့နောက်မှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနဲ့ ရွာငံမြို့နယ်ကို စစ်ကောင်စီတပ်က လုံခြုံရေးအင်အားဖြည့်တင်းထားသလို လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေကိုပါ ပြန်လည်ပြုလုပ်လာနေတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“စစ်ဆေးရေးဂိတ်တွေမှာ စစ်သားတွေတော့ရှိတယ်။ ဒါပေမယ့်လမ်းသွားလမ်းလာတွေကို မစစ်တော့တာကြာပြီ။ ကားတချို့ကို တားပြီး ပိုက်ဆံတောင်းတာလောက်ပဲ လုပ်တော့တာ။ ဒီလ၁ရက်နေ့ကစပြီး ပြန်စစစ်နေတယ်။ မြို့ထဲဖက်နဲ့ လမ်းမကြီးတလျှောက်လုံးလည်း စစ်ကားတွေနဲ့ ကင်းပြန်လှည့်နေကြတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟယ DPLFနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲဖမ်းဆီးခံသွားသူတွေလည်း ရှိနေပြီး ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာဒေသခံ ၂ဦးနဲ့ လွှစင်ကျေးရွာဒေသခံ ၃ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ရက်ကဖမ်းဆီးခေါ်ဆောင်သွားသလို နေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ပင်းတယမြို့နယ်၊ ရွာသစ်ရပ်ကွက်နေ ပြည်သူ ၇ဦး၊ ဈေးတန်းရပ်ကွက်နေ ပြည်သူ ၁ဦးကို ဇူလိုင်လ ၂၉ရက်က ဖမ်းဆီးသွားသလို ကောင်းဘို့ကျေးရွာဒေသခံတစ်ဦးကိုလည်း သြဂုတ်လ ၁ရက်ကဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်တပ်အခြေစိုက်မှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မရှိတဲ့ ဓနုဒေသမှာ စစ်ကောင်စီကို အရင်က တော်လှန်ခုခံမှုအားကောင်းခဲ့ပေမယ့် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့မှ လက်နက်အင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းမှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဇူလိုင်လကစတင်ပြီး တော်လှန်ရေးလှုပ်ရှားမှုတွေ ရပ်တန့်နေတာဖြစ်ပါတယ်။

ဓါတ်ပုံ – CJ 

Related Articles

Back to top button