သတင်း

လွိုင်ကော် – မိုးဗြဲ လမ်းမကြီးပေါ်က တိုက်ပွဲအတွင်း စစ်သား ၂၀ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရကြောင်း KNDF ထုတ်ပြန်

လွိုင်ကော် – မိုးဗြဲ လမ်းမကြီးပေါ်က တိုက်ပွဲအတွင်း စစ်သား ၂၀ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရကြောင်း KNDF ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၁ ရက် ၊ ၂၀၂၃။
ကရင်နီပြည်ရဲ့ အဓိက အဝင်အထွက် လမ်းမကြီးတစ်ခုဖြစ်တဲ့ လွိုင်ကော် – မိုးဗြဲ လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား ၂၀ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်လ (၂၀) ရက်နေ့က စတင်ပြီး အင်အားဖြည့်တင်းဖို့ ရောက်လာတဲ့ စစ်ကောင်စီ စစ်ယာဥ်တန်းတွေနဲ့ စစ်ကြောင်းတို့ကို ကရင်နီပူးပေါင်းတပ်တွေက ဇူလိုင်လ (၂၈) ရက်နေ့ထိ အဲဒီ လမ်းမကြီးတစ်လျှောက်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
ဇူလိုင်လ (၂၄) ရက်နေ့ နဲ့ (၂၅) ရက် နှစ်ရက်တာအတွင်း လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းကျေးရွာတိုက်ပွဲမှာ​တော့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး MA-1 (၅) လက် ၊ MA-2 စက်ကလေး (၁)လက် ၊ MA-3 (၂)လက် အပါအဝင် ဆက်စပ် ခဲယမ်းမီးကျောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့သလို စစ်သုံးကားတစ်စီးကိုလည်း ဖျက်ဆီး နိုင်ခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲမှာတော့ ကရင်နီပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့ KA၊ KNDF B/02 ၊ KNDF B/14 ၊ KNDF B/12 ၊ KNDF ETD နဲ့ Loikaw PDF တပ်ဖွဲ့တွေက ပူးပေါင်းကာ စစ်ကြောင်းတွေ ခွဲပြီးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက ဖယ်ခုံ – မိုးဗြဲ လမ်းမကြီးက တစ်ဆင့် လွိုင်ကော်ကို ဦးတည်ပြီး စစ်ယာဥ်တန်း ကားတွေနဲ့ အင်အားဖြည့် ဝင်ရောက်ခဲ့ပြီး မိုးဗြဲမြို့အထွက် လမ်းမကြီးတစ်လျှောက်မှာလည်း KNDF B/03 နဲ့အတူ မိတ်ဖက်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံ လမ်းမကြီးတလျှောက် စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေတာကြောင့် အဲဒီလမ်းမကြီးကို အသုံးပြုပြီး သွားလာနေကြတဲ့ ပြည်သူများအနေနဲ့ စစ်ရေးအသိ၊ သတိရှိစွာနဲ့ မိမိလုံခြုံရေးကို အလေးထား သွားလာကြဖို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့က အသိပေးထားပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ မြေပြင် စာရင်းတွေအရအာဏာသိမ်းခါစ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ )ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ

( ၃၁ )ရက်နေ့အထိ ပဋိပက္ခများအတွင်း အရပ်သား သတ်ဖြတ်ခံရသူ (၃၇၅) ဦးထိ ရှိကာ စစ်ဘေးရှောင်သေဆုံးသူ (၁၄၁)ဦးထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – KNDF

Related Articles

Back to top button