ဧပြီလ – ၃၀ – ၂၀၂၂ ခုနှစ်
စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူများအပေါ် စစ်ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ယမန်နေ့ ဧပြီလ(၂၉)ရက်နေ့အထိ အသက်သေဆုံးခဲ့ရသူ ( ၁၈၀၃ )ဦးအထိရှိခဲ့ပြီး၊ မတရားဖမ်းဆီးခံခဲ့ရသူ ( ၁၃၄၉၆ ) ဦးအထိရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရသည်။
- ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် – SNLD ပါတီ ဥက္ကဌဟောင်း ဦးခွန်ထွန်းဦး ယနေ့ နံနက် ပိုင်းက ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်တွင်ကွယ်လွန်သွားကြောင်း သိရှိရပါသည်။ ရန်ကုန်မြို့၊ ၉ မိုင်၊ စော်ဘွားလမ်းထိပ်ရှိ ၎င်း၏ နေအိမ်တွင် ယနေ့နံနက်ပိုင်းက အိမ်နေစဉ် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း SNLD ပါတီမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။ “ဒီမနက် အိပ်ရာထဲမှာပဲ အိပ်နေ တုန်း ကွယ်လွန်သွားပါတယ်” ဟု ၎င်းက ပြောသည်။ ရှမ်းဝါရင့်နိုင်ငံရေးသမား ဦးခွန်ထွန်းဦး မှာ ကွယ်လွန်ချိန်တွင် အသက် ၇၈နှစ် ရှိပြီဖြစ်သည်။ ဦးခွန်ထွန်းဦးသည် SNLD ပါတီဥက္ကဌအဖြစ် နှစ်ပေါင်း ၃၀ ကျော်တာဝန်ယူခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းက ကျန်းမာရေးမကောင်းသည့် အတွက် ပါတီဥက္ကဌနေရာမှ အနားယူခဲ့သူ ဖြစ်သည်။
- စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ဖွဲ့ ဗျူဟာ(၃)မှ C ,D, E တပ်ရင်း၏ တပ်ခွဲအချို့ နှင့် အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းမှ တပ်ခွဲအချို့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု DMO-Local PDF က ယနေ့ ဧပြီလ ၃၀ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် တပ်သား ၃ ဦးမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
- ကေအဲန်ယူ-ဒူးပလာယာခရိုင် နို့တကောမြို့နယ်ရှိ ကျေးရွာတွေကနေ စုပေါင်းပြီး ပထမဦးဆုံး အကြိမ်အဖြစ် ကရင်စာပေနဲ့ယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ကိုယ်ဒူးကွဲကျေးရွာမှာ ကျင်းပပြု လုပ်ခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စာပေနဲ့ယဉ်ကျေးမှုဟာ အထူးပဲလို အပ်ပြီး လူမျိုးတစ်မျိုးဟာ စာပေစကားမရှိပါက တည်တံ့ခိုင်မြဲနေမှာမဟုတ်ဘူးလို့ ဒူးပလာယာ ခရိုင် အတွင်းရေးမှူးဖြစ်သူက အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။ ခေတ်အဆက်ဆက် မင်းလုပ် အုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မှုအောက်မှာ နေခဲ့ရပေမယ့် ခေါင်းဆောင်တွေရဲ့ဦးဆောင်မှုကြောင့် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို ယနေ့အချိန်ထိ ပြန်လည်ဖော်ထုတ်ပြီး ခိုင်မာအောင်တည် ဆောင်နိုင်ခဲ့တယ်လို့ ဒူးပလာယာခရိုင်အတွင်းရေးမှူးက အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
- လက်နက်နဲ့အတူ CDM ပြုလုပ်လာတဲ့ စစ်သားကို ချင်းအမျိုးသား အဖွဲ့ချုပ်/ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) က ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပါတယ်။ ခလရ (၂၆၈) တပ်မှ တပ်သား ထက်မြတ်အောင်က ဧပြီ ၁၈ ရက်မှာ CNO/CNDF ထံ လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်လာတဲ့အတွက် အခမ်း အနားပြုလုပ်ပြီး ကျပ်သိန်း ၅၀ ကို ချီးမြှင့်ခဲ့တာပါ။ “ကျွန်တော်တို့ရဲ့ ကတိအတိုင်း ကျွန်တော်တို့ရှိတာလေးနဲ့ လက်နက်နဲ့အတူ ပြည်သူဘက်ကို ပါဝင်တယ် ဆိုရင်တော့ သိန်း ၅၀ ဆုချမယ်ဆိုတဲ့ ကတိအတိုင်း ဒီနေ့ အစီအစဉ်လေးလုပ်ရခြင်းဖြစ်တယ်”လို့ ဆုပေးပွဲ အခမ်းအနားမှာ အခမ်းအနားမှူးက ပြောကြားခဲ့တာပါ။
- လောင်းလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပျူစောထီးစစ်ကောင်စီတပ်တွေ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တယ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အထူးဂရုစိုက်နေထိုင်ကြဖို့ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းလိုက်ပါတယ်။ လောင်းလုံးမြို့နယ်မှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ် တွေ သွားလာလှုပ်ရှားနေတာကိုတွေ့ရင် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နွေဦး ပြောက်ကျားတပ်ဖွဲ့နဲ့ DDTတပ်ခွဲ (၃) တို့ကို လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် သတင်းပေးပို့ ကြဖို့လည်းတိုက်တွန်းထားပါတယ်။
- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ဧပြီလ ၂၈ ရက်နေ့က တောင်ကုတ်မြို့မှ အထက်တန်းပြဆရာမ ဒေါ်ချည်ရီသက်ရှည်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ် လိုက်သည်။ ဆရာမ ဒေါ်ချည်ရီသက်ရှည် အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထား သူတစ်ဦးဖြစ်ကာ ၎င်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ကဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ -၅၀(ည)ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် PDF အဖွဲ့များမရှိသော်လည်း PDF ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက် ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၀ ဦးထက်မနည်းရှိသည်။ ယင်းအထဲမှ ဆရာမ ဒေါ်ချည်ရီသက်ရှည် အပါအဝင် ၅ ဦးတို့မှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရသည်။
- ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ် ရေးတပ် (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကိုထောက်ခံခြင်းနှင့် စစ်အာဏာရှင် စနစ် အမြစ်ဖြတ် ချေမှုန်းရေး ယနေ့ ဧပြီလ ၃၀ ရက်တွင် ချီတက် ဆန္ဒပြ သပိတ်မှောက် ကြသည်။ ဆန္ဒပြ ပြည်သူများက “ KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ၊ “တိုင်းရင်းသားတပ်တွေ တိုက်ပွဲ တိုင်းမှာ နိုင်ပါစေ” ၊ “NUG အစိုးရ ဒို့အစိုးရ” ၊ “အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ” ၊ “ဖမ်းဆီးခံထားရသော နိုင်ငံခေါင်းဆောင်များနှင့် ရဟန်းရှင် ပြည်သူများ ချက်ချင်းလွှတ်”၊ “အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုးနဲ့ သေပါစေ’’၊ “စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ဒို့အရေး” ၊ “ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး” ၊ “ဖက်ဒရယ်ပြည်ထောင် စု ပေါ်ပေါက်ရေး ဒို့အရေး” ၊ “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်” ၊ “ဒို့ရဲဘော်တွေ ထောက်ပံ့နိုင်ဖို့ ငွေတိုက်စာချုပ် ဝယ်ကြစို့” ၊ “တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူ အားလုံး ပါဝင်စို့” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ကြသည်။
- လောင်းလုံးမြို့နယ်တွင် ယနေ့ ဧပြီလ ၃ဝရက်နေ့၌ ကျောင်းသား ပြည်သူများ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ စစ်တပ် တော်လှန်ရေး အင်အားပြည့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- အခက်အခဲ အတားအဆီးကြားကနေ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအနေနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ လူထုသပိတ်ကို “ဖိရင်ကြွမယ် ထိရင်ချမယ် သပိတ်စုံ သူပုန်ထ” ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆက်လက် ပြုလုပ်နေကြပါတယ်။ ကလေးမြို့ ပင်မသပိတ်ဟာ ဒီနေ့အထိ ပျက်ရက်မရှိဘဲ စစ်အာဏာရှင်စနစ်ကိုသပိတ်မှောက်နေတာ ဒီနေ့နဲ့ဆိုရင် ရက်ပေါင်း (၄၄၇)ရက် ရှိခဲ့ပြီဖြစ်ပါတယ်။
- မေလ ၁ ရက်နေ့တွင်ကျရောက်သော နိုင်ငံတကာ အလုပ်သမားနေ့ (Mayday)အား ကြိုဆိုဂုဏ်ပြု သောအားဖြင့်”အလုပ်သမားအင်အားဖြင့် ဖက်ဆစ်တပ်ကိုတိုက်ထုတ်ကြ” စာသားဖြင့် ရန်ကုန်မြို့ တစ်နေရာတွင် SC strike (စမ်းချောင်းပင်မသပိတ်စစ်ကြောင်း) , LGBT community Yangon , Labor Allianceအဖွဲ့ဝင် CTUM , RF (Revolution Force) သပိတ်အင်အားစုများမက MayDay (နိုင်ငံတကာအလုပ်သမားနေ့)အကြိုအဖြစ် အလုပ်သမားများအတွက် စာတန်းချိတ်ဆွဲ ခြင်း၊ စာရွက်ကြဲခြင်းများ ကိုပူးပေါင်းဆောင်ရွက်ကြသည်။ စစ်ကောင်စီ၏ လုံခြုံရေးတင်းကြပ်နေမှုများ ကြားမှ စစ်အာဏာရှင်စနစ်ဆိုးကို ပြည်သူများအားလုံးပါဝင်၍တော်လှန်ကြရန်နှင့် အလုပ်သမား များအင်အားဖြင့် ဖက်ဆစ်စစ်တပ်ကိုတိုက်ထုတ်ကြရန် ပြည်သူလူထု အားလှုံ့ဆော်သော စာသားများဖြန့်ကြဲ၍ လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။
- မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၃၀ ရက်နေ့ တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် “PDF တွေပေးဆပ်သမျှ ပြည်သူ အားလုံးစံရမှာသိရင် PDF တွေကို ကူကြလှူကြဖို့လိုပါသည်” ခေါင်းစဉ် ဖြင့် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မုံရွာမြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် “အဆုံးသတ်ကြ ငါတို့အမျိုးသားလွတ်မြောက်ရေး” စာတန်းအား မုံရွာမြို့ စက်မှုဇုန် ဆိုင်းဘုတ်အနီးတွင် ချိတ်ဆွဲခဲ့ ကြောင်း သိရသည်။
- မုံရွာတွင် လက်ပံတောင်းတောင် ဒေသ လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ကို အားပေး ထောက်ခံနေသည့် တရုတ်နိုင်ငံအား ကန့်ကွက် ရှုတ်ချကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်း ဖက် စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို ယနေ့ ဧပြီ ၃၀ ရက်နေ့တွင် ပြုလုပ်ကြသည်။
- စစ်ကိုင်းတိုင်း ယင်းမာပင်၊ဆားလင်းကြီးရွာ ပေါင်းစုံ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် (၄၁၆)ရက် မြောက်နေ့ကို ဧပြီလ(၃၀)ရက်နေ့ က ဆက်လက်ချီတက်ခဲ့ကြပါတယ်။ ဒီကနေ့ သပိတ်စစ်ကြောင်း မှာ လူမျိုးကြီးဝါဒ ဖယ်ရှားကြ အာဇာနည်ဟာ ကိုးဦးမက ဆိုတဲ့စာတန်းကိုကိုင်စွဲပြီး ဒေသခံပြည်သူ တွေက ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
- ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသတွင် ၅/လက်ပံတောင်းသပိတ် စစ်ကြောင်းသည် ” ဘယ်သူသွေးခွဲခွဲ တို့မကွဲ၊ တို့ပြည်သူတွေတသားတည်း “စာသား ကိုင်ဆွဲကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညနေခင်းသပိတ်ချီတက်ခဲ့ကြသည်။
- ဆားလင်းကြီးတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ဒေသခံ ပြည်သူများ ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဒါ့အပြင် ယင်းမာပင်မြို့ နယ်တွင်ရှိ ကျေးရွာ ၃ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ရွာငံဒေသတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း တိုက်ခိုက်သုတ်သင် ပြီးနောက် သေနတ်ကျည်မလောက်၍ ဆုတ်ခွာလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လမ်းခုလပ်တွင် စစ်ကောင်စီဘက်ကပစ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ရဲဘော် ငါးဦး ကျဆုံးခဲ့ ကြောင်းသိရှိရသည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်း ဧပြီ ၁၅ ရက်က ဖြစ်ပွား ခဲ့သည့် တိုက်ပွဲဖြစ်စဥ်ကို ရွာငံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF)က ယနေ့ (ဧပြီ ၃၀ရက်) တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ ရွာငံမြို့နယ် တဲ့လုရွာနှင့်တောင်ဦးရွာအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အင်တာနက်အခက်အခဲများကြောင့် ယခုအချိန်မှသာ သတင်းထုတ်ပြန်ရခြင်းဖြစ် ကြောင်း YPDF က ရှင်းပြထားသည်။
- ရှမ်းမြောက် ကွတ်ခိုင်-မူဆယ်သို့ ပြေးဆွဲနေတဲ့ လိုင်းကားပေါ်မှာ စစ်ကောင်စီ လက်အောက်ခံ လ.ဝ.ကရုံးမှ မူဆယ်သို့ပို့ပေးတဲ့ မှတ်ပုံတင်နဲ့ စာရွက်စာတမ်းတွေကို မူဆယ်မြို့နယ် ပြည်သူ့လုံခြုံ ရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ (PSDA-Muse)က မနေ့ ဖမ်းဆီးရမိခဲ့ပါတယ်။ ပုဒ်မ ၆/၇ သွေးနှော ကန့်သတ်လူမျိုးတွေရဲ့ နိုင်ငံသား လျှောက်ထားတဲ့ စာရွက်စာတမ်း ဖိုင်တွဲပေါင်း (၇၆)ဖိုင်၊ နိုင်ငံသား ကဒ် (၇၆)ကဒ် ငွေသိန်း (၁၀၀)ကျော် (၁,၀၆၂၀,၀၀၀ ကျပ်)ကိုဖမ်းဆီးရမိခဲ့တယ်လို့ ဒီမနက်အစော ပိုင်းက ထုတ်ပြန်ထားပါတယ်။ ရှမ်းမြောက်ရှိ အစိုးရရုံးထဲမှ လ.ဝ.ကရုံးဟာ ပြည်သူပေါ် မတရား ငွေကြေး တောင်းခံခဲ့တာ နှစ်ပေါင်းများစွာ ကြုံတွေခဲ့ရတဲ့အပြင် နယ်စပ် ဒေသဖြစ်တဲ့ မူဆယ်၊ နမ့်ခမ်းမြို့မှာ မြန်မာနိုင်ငံသားမဟုတ်သူ တရားမဝင် တရုတ်နိုင်ငံသားကို ငွေကြေးတောင်းခံပြီး မှတ်ပုံတင် စိတ်တိုင်းကျ ထုတ်ပေးနေပြီးတော့ မြန်မာနိုင်ငံရှိ တိုင်းရင်းသား တွေ ငွေမပေးရင် မှတ်ပုံတင် မလုပ်ပေးကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
- ကမ္ဘာ့အလုပ်သမားနေ့ (မေးဒေး)နေ့တွင် ‘ဖူလုံသောလုပ်ခလစာ၊ ကောင်းမွန်သော လုပ်ငန်းခွင်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့’ ခေါင်းစဉ်နှင့် မေဒေးကမ်ပိန်းပြုလုပ်မည်ဖြစ်ကြောင်း Federation of General Workers Myamar – FGWM က သတင်းထုတ်ပြန်သည်။ မေဒေးကမ်ပိန်း တွင် ပါဝင်ရန် – ‘ဖူလုံသောလုပ်ခလစာ၊ ကောင်းမွန်သောလုပ်ငန်းခွင်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ ‘၊ ‘ဖိနှိပ်ခံ အလုပ်သမားဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကိုအမြစ်ဖြတ်စို့။ ’စာသားများမှ ကြိုက်နှစ်သက်ရာ စာသားတစ်ခုကို စာရွက်အဖြူပေါ်တွင် ရေးသားပြီး အဖြူရောင် အကျီဝတ်ဆင်ကာ လက်သီးဆုပ် လက်ထောင်၍ ဓာတ်ပုံရိုက်ပြီး အဆိုပါဓာတ်ပုံများကို မိမိတို့ Facebook စာမျက်နှာတွင်တင်၍ လည်းကောင်း၊ FGWM ၏ Facebook စာမျက်နှာကို ဆက်သွယ် ပေးပို့၍သော်လည်းကောင်း ပါဝင်နိုင်ကြောင်း ၊ FGWM ၏ Facebook စာမျက်နှာတွင် ပြန်တင်ပေး သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
- ချင်းပြည်နယ်၊ မင်းတပ်-မတူပီကြား မိုင်တိုင် ၇၁ ဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီ ယာဉ်တန်းနဲ့ CDF-MINDAT (မိုးပီ တပ်ရင်း)တို့ဟာ ယနေ့ ဧပြီ ၃၀ ရက် ညနေ ၂ နာရီကျော်ကနေ ၄ နာရီခွဲကျော်အထိ တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ CDF MINDAT (သတင်းနှင့်ပြန်ကြားရေး ဌာန)ကထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဧပြီ ၂၇ ရက်ကစပြီး မတူပီမြို့ကနေ သံချပ်ကာ ၂ စီးနဲ့ စစ်ကား အစီး ၇၀ ကျော်နဲ့ မင်းတပ်ဘက်ကို ဆင်းလာကြပါတယ်။
- ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ အမှတ်( ၉ ) ရပ်ကွက်တွင် မိသားစု (၄) ဦးနေထိုင်သည့် အိမ်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ( ၃၀ ) ရက်နေ့ နံနက်အစောပိုင်းက မျက်နှာဖုံးစွပ်ထားသူများ ရောက် လာပြီး အိမ်ရောင်းထားသည့် ငွေကျပ်သိန်း (၃၀၀)အား ဓါးပြတိုက်ယူကာ နေအိမ်ပိုင်ရှင်အမျိုးသား ကိုလည်း ဓါးစာခံ အဖြစ်ခေါ်ဆောင်သွားကြောင်း သိရသည်။ အဆိုပါ နေအိမ်ပိုင်ရှင်က ဧပြီလ ( ၂၉ )ရက်နေ့က အိမ်ခြံမြေတစ်ခုကို ငွေကျပ်သိန်း ( ၃၀၀ )ဖြင့် ရောင်းချထားပြီး နောက်တစ်နေ့ ဧပြီလ (၃၀)ရက်နေ့ အကူး နံနက်အစောပိုင်းတွင် ယင်းကဲ့သို့ ဓါးပြတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
- ပလက်ဝအခြေစိုက် တပ်ရင်းတစ်ခုတွင် အလံဖြူထောင်သည့် ကိစ္စအား အင်တာဗျူးဖြေဆိုမှု ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်အမှုအား ဧပြီ ၂၉ ရက်နေ့က ခရိုင်တရားရုံးတွင် အယူခံတင် လိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။ ယခင်ထောင်ဒဏ် ချမှတ်ထားတဲ့ အမှုအတွက် ခရိုင်တရားရုံးတွင် အယူခံတင်ထားပြီး လက်ခံ၊ မခံကို လာမည့် မေလ ၁၃ ရက်နေ့တွင် ကြားနာမည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။ “ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တဲ့အပေါ် ကျွန်တော်တို့ဖက်က ပလက်ဝခရိုင်တရားရုံးမှာ ဧပြီ ၂၉ ရက်နေ့က အယူခံတင် ထားပါတယ်။ လက်ခံ၊မခံကတော့ မေလ ၁၃ ရက်နေ့ကြားနာပြီးမှ သိရမှာ ပါ” ဟုပြောသည်။
- စစ်ပွဲနှင့်ကိုဗစ်ကြောင့် ၃ နှစ်တာရပ်နားခဲ့ရသော ကျောက်တော်တောင် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ရာ ဘုရားပွဲတော်အတွင်း ကစ္ဆပနဒီ (ကုလားတန်မြစ်)တွင် ပြုလုပ်နေ သော ရခိုင်ရိုးရာလှေပြိုင်ပွဲမှာ လာရောက်ကြည့်ရှုသူ၊ မြစ်အတွင်း ရေကစားနေသူ များဖြင့် အထူးစည်ကား နေသည်ဟု သတင်းရရှိသည်။ ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီလ ၂၇ ရက်မှစတင်ကာ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်အပါအဝင် ဘာသာရေးပွဲတော်လန်းများဖြင့် ဧပြီ ၂၉ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
- မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်တပ် အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံ အနှံ့တွင် စစ်တပ်က ကလေးငယ် ၂၄၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း Media Monitor Collective က သတင်းထုတ်ပြန်သည်။ အကြမ်းဖက် စစ်တပ်သည် ပဋိပက္ခ တိုက်ပွဲများအတွင်း အရပ်သား ပြည်သူများ နေထိုင်သည် ရပ်၊ ရွာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၁၃၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ၂၅၁ ဦးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်းသိရသည်။ အဆိုပါ အကြမ်းဖက် စစ်တပ် သတ်ဖြတ် ဖမ်းဆီးခဲ့သော ကလေးငယ်များ စာရင်းတွင် အခြေခံပညာ အဆင့် သင်ကြားနေသော ကျောင်း၊ကျောင်းသူများနှင့် တက္ကသိုလ် တက်ရောက် နေသော ကျောင်းသား ကျောင်းသူများလည်း ပါဝင်ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တပင်ကောင်း(တောင်)ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၈နာရီ ၅၅ မိနစ်တွင် ဒုတိယအကြိမ် ဝင်ရောက်စီးနင်း မီးရှို့နေသောကြောင့် ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သိရသည်။ အကြမ်းဖက် စစ်တပ်သည် တပင်ကောင်း(တောင်)ရွာကို ဧပြီလ ၂၉ရက်နေ့ ညပိုင်းကလည်း ဝင်ရောက် စီးနင်း မီးရှို့ခဲ့ကာ ပြည်သူပိုင် နေအိမ် ၅၀ကျော် မီးလောင်ပြာကျခဲ့ပြီး ယနေ့ နံနက်ပိုင်း တွင် စစ်တပ်က ထပ်မံရောက်ရှိလာပြီး ပြည်သူပိုင် နေအိမ်များကို ဆက်လက် မီးရှို့နေခြင်းဖြစ် ကြောင်း သိရသည်။
- ရခိုင်ပြည်နယ် အမ်းမြို့နယ် လေယာဥ်ကွင်း ရပ်ကွက်ရှိ လူနေအိမ်နှင့် ဆိုင်ခန်းတစ်ချို့အား ယနေ့ ဧပြီ ၃၀ ရက်နေ့တွင် စတင်ဖယ်ရှားမှုများ လုပ်ဆောနေကြောင်းအမ်းမြို့ဒေသခံများကပြောသည်။ ယခု ဖယ်ရှားခံရသည့် လူနေအိမ်များနှင့် ဆိုင်ခန်းများမှာ ၁၉၉၅-၁၉၉၆ ခုနှစ် အမ်းလေယာဉ်ကွင်း စီမံကိန်းကြောင့် မြို့သစ်သို့ ဌာနဆိုင်ရာများနှင့်အတူပြောင်းရွေ့ခဲ့ရပြီး မြို့သစ်တွင် လုပ်ကိုင် စားသောက်အဆင်မပြေ၍ ၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် ဘောလုံးကွင်း ရပ်ကွက်မြို့ဟောင်းရှိ မြေနေရာပြောင်းရွေ့လာခဲ့ကြသည်။ ဖယ်ရှားပေးရမည့် မြေနေရာများမှာ လေယာဉ်ကွင်း ဧရိယာ တွင်း ဆိုင်ခန်းများ၊ ထွေအုပ်ရုံးဟောင်းဧရိယာထဲမှာရှိသည့် ဆိုင်ခန်းများ၊ ရဲစခန်းဟောင်း မြေဧရိယာများတွင်ရှိသည့် ဆိုင်ခန်းများနှင့် ဆေးရုံဟောင်းမြေဧရိယာတွင်ရှိသည့် ဆိုင်ခန်များ ဖြစ်သည်။
- စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀၀ ခန့်နှင့် မြောင်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား ယနေ့ ဧပြီလ ၃၀ ရက် နံနက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ် ပွားခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကြောင်း သတင်းရရှိသည်။ နံနက် ၉ နာရီနှင့် ၁၀ နာရီခွဲခန့်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို pdf များက ရှော့တိုက်ဒုံးဖြင့် ၂ ကြိမ်ပစ်ခတ်ရာ ထိမှန်မှုရှိကြောင်းနှင့် အထိအခိုက်ကိုမူ မသိရသေးကြောင်း သိရှိရသည်။