နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ
လစဉ် စုစည်းတင်ပြချက် (၂၀၂၃ ခုနှစ် ဇွန်လ)
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်-မြန်မာက လစဉ် လေ့လာပြုစုပေါင်းချုပ်၍ ထုတ်ပြန်လျက်ရှိသည်။
ဤတစ်ကြိမ်တွင် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက် ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သားပြည်သူ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာများကို အောက်ပါအတိုင်း စုစည်းတင်ပြထားပါသည်။
အပိုင်း (၁)
တိုက်ပွဲဖြစ်ပွားမှု နှင့် နှစ်ဖက်တပ်သားသေဆုံးမှု
၂၀၂၃ ခုနှစ် ဇွန်လအတွင်း တိုင်းရင်းသားပြည်နယ်ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ် အကြိမ်ပေါင်း (၁၄၀) ကျော်ဖြစ်ပွားခဲ့ရာ ကရင်ပြည်တွင် (၉၀) ကျော်ဝန်း ကျင်ဖြင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး၊ ကရင်နီပြည်နယ်တွင် (၁၇)ကြိမ်ဖြင့် ဒုတိယအများဆုံး တိုက်ပွဲဖြစ်ပွား ခဲ့သည်။
ဇွန်လအတွင်း စစ်ကောင်စီတပ်သား ပေါင်း (၃၀၀) ဝန်းကျင် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်သားသေဆုံးမှု (၂၃) ဦးခန့်ရှိခဲ့သည်။
(၁) ကချင်ပြည်နယ်
ကချင်ပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့သလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများသည် ကချင် ဒေသများထဲက ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၊ ပူတာအိုမြို့နယ်၊ ဖားကန့်မြို့နယ်တို့အပြင် ကချင်-စစ်ကိုင်းနယ် စပ်ဒေသများဖြစ်သော ကသာ၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့် စသောမြို့နယ်များ နှင့် ကချင်-ရှမ်းမြောက် ဒေသရှိ ကွတ်ခိုင်၊ မူဆယ်၊ ပြင်ဦးလွင်၊ နောင်ချို စသောမြိုနယ်များသို့လည်း KIA တပ်မဟာများ၏ စစ်ရေးကွပ်ကဲမှုများဖြင့် ပူးပေါင်းစစ်ဆင်လျှက်ရှိပါသည်။
၂၀၂၃ ဇွန်လအတွင်း စစ်ကောင်စီနှင့် ကချင်ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၁၁) ကြိမ်ခန့် နှင့် စစ်ကောင်စီတပ်သား (၄) ဦးကျော်သေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ များ၏ ထိခိုက်သေဆုံးမှုအား မှတ်တမ်းတင်နိုင်မှု မရှိခဲ့ပါ။
(၂) ချင်းပြည်နယ်
ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော်(CNA)သည် စစ်ရေးလှုပ်ရှားမှုများအတွက် အဓိကကျသော အဖွဲ့အစည်းဖြစ်ပြီး ချင်းကာကွယ်ရေးပူးတွဲကော်မတီ (CJDC) အဖွဲ့ဝင်များဖြစ်သော မြို့နယ်/လူမျိုးစု အခြေပြု ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့နှင့် ပူးပေါင်းတိုက်ပွဲဖော်ဆောင်လျှက်ရှိသည်။
ချင်းကာပူးပေါင်းတပ်ဖွဲ့များသည် ချင်းပြည်နယ်နှင့်ထိစပ်နေသည့် မကွေးတိုင်းဒေသရှိ ကန့်ကော ဒေသတစ်ဝိုက် နှင့် စစ်ကိုင်းတိုင်းမြောက်ဖက်ဒေသများဖြစ်သော ကလေးကဘော်ဒေသများတွင်လည်း စစ်ရေး လှုပ်ရှားမှုရှိသည်။
၂၀၂၃ ဇွန်လအတွင်း စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၁၀) ကြိမ်ခန့်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၃၈) ဦးကျော် နှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သားသေဆုံးမှု (၇) ဦးကျော်အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
(၃) ရှမ်းပြည်နယ်
ရှမ်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ နှင့် ကိုးကန့်တပ်(ခေါ်)မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတာ် – MNDAA၊ တအောင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် -TNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ -RCSS/SSA နှင့် ရှမ်းပြည် တိုးတက် ရေးပါတီ – SSPP/SSA ညီနောင်တို့အကြား ထိတွေ့ပစ်ခတ်မှုများ အား မှတ်တမ်း တင်ထားပါသည်။
၂၀၂၃ ခုနှစ် ဇွန်လအတွင် ထိတွေ့ပစ်ခတ်မှုပေါင်း (၁၀) ကြိမ်ကျော်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၂၃) ဦးခန့် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ သေဆုံးမှု (၂) ဦးအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။
(၄) ကယား(ကရင်နီ)ပြည်နယ်
ကရင်နီပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော် (KA)တို့ကြား တိုက်ပွဲဖြစ်ပွား မှုရှိသကဲ့သို့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ အခြားကရင်နီဒေသ အခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ များသည် ကရင်နီပြည်နယ်ထဲကဒေသများအပြင် ကရင်နီ-ရှမ်း ထိစပ်ဒေသ များဖြစ်သော ဖယ်ခုံမြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်တို့မှာလည်း စစ်မျက်နှာဖွင့်ကာ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်(Mobye-PDF)၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF)၊ ရှမ်း-ကရင်နီနယ်စပ်အခြေပြု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (Pekhon-PDF) နှင့် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ် (PNDF) တို့နှင့်အတူ ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်လျှက်ရှိသည်။
၂၀၂၃ ဇွန်လအတွင်း စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၁၇) ကြိမ်ခန့်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၅၀) ဦးကျော် နှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သားသေဆုံးမှု(၃) ဦးကျော်အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
(၅) ကရင်ပြည်နယ် (ကော်သူးလေအုပ်ချုပ်နယ်မြေ)
ကော်သူးလေအုပ်ချုပ်နယ်မြေတွင် စစ်ကောင်စီနှင့် ကရင်မျိုးသားလွတ်မြောက်တပ်မတော်(KNLA) အပြင် KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလေ့ရှိပါသည်။
ကော်သူးလေအုပ်ချုပ်နယ်မြေခေါ် ကရင်မျိုးသားလွတ်မြောက်တပ်မတော် (KNLA) ၏ ထိန်းချုပ် နယ်မြေဖြစ်သော ကရင်ပြည်နယ်မြို့နယ်များအပါအဝင် မွန်-ကရင်နယ်စပ် သထုံ၊ ဘီးလင်း၊ ကျိုက်ထို စသည့် မြို့နယ်များတွင် သထုံပြည်သူ့ကာကွယ်ရေးတပ် – TPDF၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ခမ်းဒေါင်း (PPDF-KD)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF၊ ကျိုက်ထိုတော်လှန်ရေးတပ်ဖွဲ့- KRF စသည့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကရင်မျိုးသားလွတ်မြောက်တပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလေ့ရှိပါသည်။
၂၀၂၃ ဇွန်လအတွင်း စစ်ကောင်စီနှင့် ကော်သူးလေအုပ်ချုပ်နယ်မြေရှိ ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၉၀) ကြိမ်ခန့်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၁၇၉) ဦးကျော် နှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သားသေဆုံးမှု (၁၁) ဦးကျော်အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
(၆) မွန်ပြည်နယ်
မွန်ပြည်နယ်မြို့နယ်များထဲတွင် ကရင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသော သထုံ၊ ဘီးလင်း နှင့် ကျိုက်ထိုစသောမြို့နယ်များသည် ကော်သူးလေအုပ်ချုပ်နယ်မြေ (ခေါ်) ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေများဖြစ်သည့်လျောက် ၎င်းမြို့နယ်အခြေခံသောကာကွယ်ရေးတပ်ဖွဲ့များသည် ကရင် အမျိုးသားလွတ်လပ်ရေးတပ်မတော် KNLA ၏ စစ်ရေးကွပ်ကဲမှုဖြင့် ပူးပေါင်းစစ်ဆင်လျက်ရှိပါသည်။
၂၀၂၃ ဇွန်လအတွင်း စစ်ကောင်စီနှင့် မွန်တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၂) ကြိမ်ခန့် နှင့် စစ်ကောင်စီတပ်သားသေဆုံးမှု (၆) ဦးခန့်အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ တော်လှန်ရေးတပ်ဖွဲ့ များ၏ ထိခိုက်သေဆုံးမှုအား မှတ်တမ်းတင်နိုင်မှု မရှိခဲ့ပါ။
အပိုင်း (၂)
အရပ်သားထိခိုက်မှု၊ တိုက်ပွဲနောက်ဆက်တွဲများ
(၁) အရပ်သားပြည်သူသေဆုံးမှု
၂၀၂၃ ဇွန်လအတွင်း တိုင်းရင်းသားပြည်နယ်များတွင် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် မဆင်မခြင်ရမ်းသမ်းပစ်ခတ်မှု၊ မြေမြုပ်မိုင်းထိခိုက်မှုနှင့် တိုက်ပွဲအတွင်းပစ်ခတ်သတ် ဖြတ်မှုကြောင့် တိုင်းရင်းသားဒေသများတွင် အရပ်သားပြည်သူများ စုစုပေါင်းသေဆုံးမှု (၁၀၉) ဝန်းကျင်ခန့်ရှိခဲ့သည်။
ကရင်ပြည်တွင် အရပ်သားသေဆုံးမှုအများဆုံးဖြစ်ပြီး (၄၈) ဦးဝန်းကျင်ခန့် သေဆုံးခဲ့ပါသည်။ ကရင်နီပြည်တွင် ဒုတိယအများဆုံးဖြင့် (၃၃) ဦး သေဆုံးမှုရှိခဲ့ပါသည်။
(၂) အိုးအိမ်ပျက်စီးမှု
၂၀၂၃ ခုနှစ် ဇွန်လအတွင်း တိုင်းရင်းသားပြည်နယ်အသီးသီး၌ စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီးထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ်များ အိမ်ခြေ (၉၃) ကျော်ခန့် ပျက်စီးခဲ့ရသည်။
ကရင်နီပြည်တွင် (၄၈) ကျော်ဖြင့် အများဆုံးအိုးအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ကရင်ပြည်တွင် (၃၈) လုံး ကျော်ဖြင့် ဒုတိယအများဆုံး နေအိမ်ပျက်စီးမှုဖြစ်ပွားခဲ့ပါသည်။
ကိုးကားချက်များ –
(၁) လွတ်လပ်သော သတင်းမီဒီယာများ
(၂) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ
(၃) ဖက်ဒရယ်ဂျာနယ် မြန်မာ မေးမြန်း၊ စုဆောင်းချက်များ
ဖက်ဒရယ်ဂျာနယ် မြန်မာ စုစည်းတင်ပြသည်။
——၀၀၀——-