သတင်း

စစ်ကောင်စီခန့် ဝန်ကြီးချုပ် ၄ ဦးနှင့် စစ်တပ်အဖွဲ့အစည်း ၃ ခု ဒဏ်ခတ်အရေးယူခံရ

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၁၁၊ ၂၀၂၁

စစ်ကောင်စီ၏ မြန်မာပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုများတွင် ပါဝင်ပတ်သက်နေသော ပြည် နယ်နှင့်တိုင်း ဝန်ကြီးချုပ် ၄ ဦး အပါအဝင် စစ်တပ်လက်အောက်ရှိ အဖွဲ့အစည်း ၃ ခုကို အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်တို့ က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ဒဏ်ခတ်ပိတ်ဆို့ အရေးယူမည့် စာရင်းတွင် စစ်ကောင်စီခန့် ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမောင်ကို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ဖြစ်ပြီး ကာကွယ် ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး (ကပစ)၊ စစ်ထောက်ချုပ်ရုံးနှင့် နေပြည်တော်ရှိ စစ်မှုထမ်းဟောင်းများအဖွဲ့တို့ ပါဝင်သည်။

လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်မှုများ၌ ပါဝင်ပတ်သက်နေသော အဆိုပါ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို နိုင်ငံ တကာ လူ့အခွင့်အရေးနေ့ (ဒီဇင်ဘာ ၁၀ ရက်)တွင် ထိုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်းကို အနောက်နိုင်ငံ များက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဦးမျိုးဆွေဝင်း တာဝန်ယူသော ပဲခူးတိုင်းတွင် ၂၀၂၁ ဧပြီ ၉ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အာဏာသိမ်းမှုကို ဆန့် ကျင်သော အနည်းဆုံး လူ ၈၂ ဦးအထိ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် နှိမ်နင်းမှုဖြစ်စဉ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ အာ ဏာ သိမ်းပြီးနောက်ပိုင်း ဒုတိယ သေဆုံးမှု အမြင့်ဆုံး ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ ထုတ်ပြန်ချက်တွင် “ကလေးများနှင့် လူနည်းစုတိုင်းရင်းသားများ အပါအဝင် မြန်မာပြည်သူလူထုအပေါ် မြန်မာစစ်အာဏာရှင်၏ နောက်ဆက် တွဲနှင့် ဆက်လက်၍ ရက်ရက်စက်စက် ဖြိုခွဲဖိနှိပ်မှုများက လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားမှုနှင့် အခြေခံကျသော လွတ်လပ်မှုများကို ဖျက်လိုဖျက်ဆီး ဖြစ်စေခဲ့သည်။ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်သော သူများသည် ဆက်လက် ဖြစ် ပွားနေသော ဒီမိုကရေစီအ‌ပေါ် တိုက်ခိုက်မှုနှင့် ရက်ရက်စက်စက် ဖိနှိပ်ညှဉ်းပန်းမှုများတွင် ပါဝင်ပတ်သက် နေသူများ ဖြစ်သည်” ဟု ဖော်ပြထားသည်။

ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံးမှ ထုတ်လုပ်သော လက်နက်များသည် လူထုအပေါ် အကြမ်းဖက် နှိမ် နင်းသော မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့၏ အဓိက အသုံးပြုသော စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်မှုအတွက် အဓိက တာ ဝန်ရှိသလို စစ်ထောက်ချုပ်ရုံးသည်လည်း ရာနှင့်ချီသော ပြည်သူများကို သတ်ဖြတ်ရာတွင် အသုံးပြုသည့် ကျည်ဆံ အမြောက်အမြား အပါအဝင် မြန်မာစစ်တပ် ဖူလုံရေးအတွက် အဓိက ထောက်ပံ့နေသော အဖွဲ့အစည်းများ ဖြစ်သဖြင့် အရေးယူ ပိတ်ဆို့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများ အဖွဲ့သည်လည်း စစ်တပ် ထိပ်တန်းအကြီးအကဲများဖြင့် ဖွဲ့စည်းထားရုံသာမက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးအတွက် မြန်မာစစ်တပ်၏ အရန်အင်အားစု တခုအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သော ကြောင့် အရေးယူ ဒဏ်ခတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ၊ ၎င်းတို့၏ မိသားစုဝင်များ၊ စစ်ကောင်စီအဖွဲ့ဝင် အရပ်သား နိုင်ငံရေးသမား တချို့နှင့် ပြည်ထောင်စုဝန်ကြီးများကိုလည်း အနောက် နိုင်ငံများက စီးပွားရေးအရ ဒဏ်ခတ်မှုများ၊ ပြည်ဝင်ခွင့် ပိတ်ပင်မှုများဖြင့် အရေးယူထားပြီး ယခုအခါ စစ်ကောင်စီခန့် ပြည် နယ်/တိုင်း ဝန်ကြီးချုပ် ၄ ဦးနှင့် စစ်တပ်အဖွဲ့အစည်း ၃ ခုကိုပါ ထပ်တိုး ဒဏ်ခတ်အရေးယူလိုက်ခြင်း ဖြစ်သည်။

Related Articles

Back to top button