သတင်း

စစ်ကောင်စီရွေးကော်က သတ်မှတ်ထားတဲ့မူဝါဒအတိုင်း လိုက်နာရန် ရခိုင်မျိုးနွယ်စုဝင်ပါတီများ ခက်ခက်ခဲခဲရုန်းကန်နေရ

စစ်ကောင်စီရွေးကော်က သတ်မှတ်ထားတဲ့မူဝါဒအတိုင်း လိုက်နာရန် ရခိုင်မျိုးနွယ်စုဝင်ပါတီများ ခက်ခက်ခဲခဲရုန်းကန်နေရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၁၄ ရက်၊ ၂၀၂၃။ 

စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုထားတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ရခိုင်ပြည်က ပါတီ ၅ ခုလည်းပါဝင်ပါတယ်။

အဲဒီပါတီတွေကတော့ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ပြည် အမျိုးသားအင်အားစုပါတီ RSNUP၊ ခမီအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနဲ့ မြိုအမျိုးသား ဖွံဖြိုးတိုးတက်ရေး ပါတီတို့ဖြစ်ကြပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့နေ့မှစပြီး ပြည်နယ်အဆင့် စည်းရုံးမယ့်ပါတီတွေဟာ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ ၁၀၀၀ ကို စည်းရုံးရမှာဖြစ်ပြီးတော့ ရက် ၁၈၀ အတွင်း မြို့နယ် ၅ ခုမှာ ပါတီရုံးခန်းဖွင့်လှစ်ရမှာလို့လည်းဆိုပါတယ်။

ဒါပေမဲ့ ရခိုင်မျိုးနွယ်စုဝင်ပါတီတွေဟာ လူဦးရေနည်းပါးမှု၊ ဆင်းရဲမွဲတေမှုတွေအပြင် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များတဲ့အတွက် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေသစ်အတိုင်း ​လုပ်ဆောင်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ်လို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလေသာကျော်က ​ ပြောပါတယ်။

” အဓိကတော့ ရန်ပုံငွေအခက်အခဲ၊ လူအင်အားစုဆောင်းဖို့အတွက် သွားလာရတဲ့ လမ်းခရီးတွေကလည်း ခက်ခဲတယ်။
ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်းရင်းသားတွေက မြို့မှာနေတာထက် နယ်မှာနေကြတာက ပိုများတယ်။ မိုခါကြောင့် အကုန်လည်း ပျက်စီးသွားကြတဲ့အတွက် ပါတီကော်မတီဝင်တွေကလည်း ပုံမှန်ခရီးထွက်ပြီးတော့ မစုဆောင်းနိုင်ဘူး။ အဲလိုမျိုး အခက်အခဲတွေရှိတယ်” လို့ ဆိုပါတယ်။

နောက်ထပ်နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုထားတဲ့ မြိုတိုင်ရင်းပါတီဟာလည်း ပါတီရုံးခန်းတွေ ဖွင့်လှစ်ဖို့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ပါတီအတွင်းရေးမှူး ဦးမင်းအောင်က ပြောပါတယ်။

” ရုံးခန်းဖွင့်ဖို့အတွက် ကျနော်တို့စီစဉ်နေတုန်းပါ။ မဖွင့်ရသေးပါဘူး။ ကျနော်တို့ အခုဆောင်ရွက်ဆဲပါ။
လူအင်အားတစ်ထောင်ကလည်း ကျနော်တို့ စည်းရုံးဆဲဖြစ်တယ်။ ရုံးတွေဖွင့်လှစ်နိုင်ဖို့အတွက် အဓိကတော့ ငွေကြေးပေါ့။ အဓိက အခက်အခဲကတော့ ရုံးဖွင့်ဖို့ ကိစ္စပါ။ ကျနော်တို့ လူနည်းစုတွေရဲ့ အခက်အခဲက မြို့နယ် ၅ ခုမှာ ပါတီရုံးခန်းများဖွင့်ရမယ်ဆိုတဲ့ ကိစ္စပါ” လို့ ဆိုပါတယ်။

ရခိုင်ပြည်မှ စစ်ကောင်စီ UEC ထံ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆ ခုရှိပြီး အဲဒီထဲမှ ရခိုင်ပြည်တွင် အင်အားအကြီးဆုံးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) တစ်ခုတည်းသာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် မကျသေးတာဖြစ်ပါတယ်။

Related Articles

Back to top button