ဓာတ်ပုံ – TNEC
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၂၁ ရက်၊ ၂၀၂၃။
တအာင်းအမျိုးသား ပညာရေးကော်မတီ(TNEC)က ဦးဆောင်ဖွင့်လှစ်မယ့် တအာင်းမြေ တက္ကသိုလ် (TLU)ကို လာမယ့် ၂၀၂၄ ခုနှစ်အတွင်း စတင်ဖွင့်လှစ်ပေးတော့မယ်လို့ TNEC ဘက်က ယမန်နေ့ ဇွန်လ ၂၀ ရက်မှာ ထုတ်ပြန် လာပါတယ်။
အဲဒီ တအာင်းမြေ တက္ကသိုလ်မှာတော့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ပညာရေးဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပခဲ့တဲ့ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ် စာမေးပွဲ (BECA) အပါအဝင် ၂၀၂၃ ခုနှစ် ဖြေဆိုအောင်မြင်သူနဲ့ စစ်တပ် အာဏာမသိမ်းခင်က အခြေခံပညာ ပြီးမြောက်သူများ တက်ရောက်နိုင်မှာ ဖြစ်ပါ တယ်။
ပထမနှစ် သင်ကြားကာလအတွက် ကျောင်းသား၊သူများကို လာမယ့် ၂၀၂၃ နှစ်ကုန် ဒီဇင်ဘာလကနေ စတင် လက်ခံတော့မှာ ဖြစ်ပြီး နေ့ကျောင်း(Day)အဖြင့် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
သင်ကြားလေ့လာခွင့်ရမယ့် ဘာသာရပ်တွေကတော့ စီးပွားရေး၊ ဒဿနိက၊ ရုက္ခဗေဒ၊ နိုင်ငံရေးသိပ္ပံနဲ့ စိုက်ပျိုး မွေးမြူရေး ဘာသာရပ်တွေပဲ ဖြစ်ပါတယ်။
တအာင်းမြေ တက္ကသိုလ် (TLU) ရဲ့ အဝေးရောက် သင်ကြားရေးစနစ်ဖြစ်တဲ့ Online Teaching & Learning System (အွန်လိုင်းသင်ကြားခြင်းနဲ့ သင်ယူခြင်း) အစီအစဉ်တစ်ခုလည်း ရှိနေပါတယ်။ အဲဒီအစီအစဉ်ကိုတော့ အခုလ ဇွန် ၂၀ ရက်နေ့ ယမန်နေ့ကစပြီး ဖွင့်လှစ်ပေးနေပြီလို့ သိရပါတယ်။
Online Teaching and Learning System ကို WOU (Wunzin Online University)နဲ့ အဓိက ချိတ်ဆက် သင်ကြားမှာဖြစ်ပြီး လိုအပ်ပါက ထပ်တိုး အစားထိုးအနေဖြင့် MNOU (Myanmar Nway-Oo Online University)နဲ့ ချိတ်ဆက်သင်ကြားနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တအာင်းမြေ တက္ကသိုလ် (TLU)ကို တက်ရောက်အောင်မြင်သူများအတွက် အခွင့်အလှမ်းတရပ်အနေဖြင့် နိုင်ငံခြား တက္ကသိုလ်တွေမှာလည်း ပညာသင်ဆု (Scholarships)များကို ရရှိနိုင်ဖို့ တအာင်းမြေ တက္ကသိုလ် (TLU) ဘက်က စီစဥ်ပေးမှာဖြစ်ပြီး ပြင်ပ နိုင်ငံခြား တက္ကသိုလ်တွေမှာလည်း ပညာသင်ဆု (Scholarships)များကို လျှောက်ထားလိုသူများအတွက်လည်း အခွင့်အရေးရှိနေတာပါ။ အဲဒီအတွက် အင်္ဂလိပ်စာနဲ့ တခြားအရည်အချင်း တွေ စစ်ဆေးပေးမှာဖြစ်လို့ ပညာသင်ဆုရဖို့ ၆ လကနေ ၁ နှစ်အထိ လေ့ကျင့်ရမယ်လို့ ဆိုပါတယ်။
အဲဒီအတွက် ကုန်ကျစရိတ်များဖြစ်တဲ့ ဘာသာရပ်ဆိုင်ရာနည်းပြ၊ တက္ကသိုလ်ဝန်ထမ်း၊ သင်ထောက်ကူပစ္စည်း၊ နေထိုင်စားသောက်မှု စတဲ့ ကုန်ကျစရိတ်တွေကို တက္ကသိုလ်ကျောင်းသူကျောင်းသားကိုယ်တိုင် အပြည့်အဝ တာဝန်ယူရမှာ ဖြစ်ပါတယ်။
သင်ကြားရေးနဲ့ ပတ်သက်ပြီး တက္ကသိုလ်က ဝါရင့်ဆရာဆရာမ၊ နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခ အစရှိတဲ့ ဆရာ၊ဆရာမများက ဦးဆောင်သင်ကြားနိုင်ဖို့ စီစဥ်သွားမှာ ဖြစ်ပါတယ်။
တက္ကသိုလ်တက်ခွင့် လျှောက်ထားလိုသူတွေအနေနဲ့ သက်ဆိုင်ရာ ဝင်ခွင့်လျှောက်လွှာတွေနဲ့အတူ လျှောက်ထား နိုင်မှာဖြစ်ပြီး လျှောက်လွှာတွေကို စစ်ဆေးမေးမြန်းပြီး အောင်မြင်သူတွေ တက္ကသိုလ်တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
တက္ကသိုလ်ပြီးမြောက် အောင်မြင်သူများကိုတော့ ဒီဂရီဘွဲ့၊ ဒီပလိုမာဘွဲ့တွေ ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
အခု တအာင်းမြေ တက္ကသိုလ်ဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် လူငယ်အများစုဟာ ပညာသင်ခွင့် ဆုံးရှုံးခဲ့ရတဲ့ တအာင်းဒေသအပါအဝင် တခြားဒေသများက လူငယ်များအတွက် အဆင်မြင့်ပညာ သင်ကြားနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဒါဟာ တအောင်းဒေသအတွက် ပညာရေးနဲ့ ပတ်သက်ပြီး ခြေလှမ်းသစ်များ ဖြစ်ပါတယ်။
တအာင်းမြေ တက္ကသိုလ် တက်ရောက်ဖို့ စိတ်ဝင်စားသူများ အသေးစိတ်သိရှိလိုပါက –
Ta’ang National Education Committee -TNEC (Facebook Page messenger) နှင့်
taangeducation.tnec@protonmail.com တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။