သတင်း

မြန်မာနိုင်ငံသည် သတင်းထောက်များကို ဖမ်းဆီးထောင်ချသည့် ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်လာ

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၁၀၊ ၂၀၂၁

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံပြီးနောက် သတင်းထောက်များကို ဖမ်းဆီးထောင်ချသည့် ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်လာကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ၏ အဆင့်သတ်မှတ်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ဒီဇင်ဘာ ၁ ရက်နေ့ထိ သတင်းပေးပို့မှု စာရင်းများအရ မြန်မာနိုင်ငံတွင် ထောင်သွင်းအကျဉ်းချခံထားရသည့် သတင်းထောက် အနည်းဆုံး ၂၆ ဦးထက်မနည်း ရှိနေသည်ဟုလည်း CPJ က ဆိုသည်။

CPJ ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်းတွင် သတင်းသမား ၂၉၃ ဦး စံချိန်တင် အကျဉ်းချခံခဲ့ရပြီး ထိုစာရင်းထဲမှ လေးပုံတပုံမှာ တရုတ်နှင့် မြန်မာနိုင်ငံမှ သတင်းသမားများ ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ဖမ်းဆီးခံ သတင်းသမားများ တဦးတယောက်မှ မရှိခဲ့ရာမှ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ မြန်မာနိုင်ငံသည် သတင်းသမားများအား ဖမ်းဆီးထောင်ချသည့် နေရာတွင် ကမ္ဘာတဝန်း ဒုတိယအများဆုံး ဖြစ်လာခဲ့သည်ဟု CPJ က ဆိုသည်။

ဖမ်းဆီးခံရသည့် သတင်းသမား အများစုမှာ သတင်းယူနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့အား လှုံ့ဆော်မှုနှင့် သတင်းအမှား ဖြန့်ဝေမှုတို့ဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်ခံရသည်။

မြန်မာနိုင်ငံတွင် အကျဉ်းကျနေသည့် သတင်းထောက် အရေအတွက်မှာ CPJ ၏ စာရင်းများထက် ပိုများနိုင်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ပြုစုထားသည့် အချက်အလက်များအရ သတင်းထောက်ဟောင်း အများအပြားကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

စစ်ကောင်စီ လက်ထက်တွင် သတင်းထောက်များ၊ အယ်ဒီတာများသည် ပြောလွှားပုန်းရှောင်ရင်း သတင်းအလုပ် လုပ်နေကြရသလို အမည်မဖော်ဘဲ သတင်းများ တင်ဆက်နေရကြောင်း၊ သတင်းထောက်အများစုမှာ ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ ထွက်ခွာ၍ ပြည်တွင်းအတွက် သတင်းအလုပ်များ ဆက်လက် လုပ်ကိုင်နေရကြောင်း CPJ က ဖော်ပြသည်။

“သတင်းထောက်တွေ သတင်းရေးလို့ ထောင်ချခံရတာဟာ အာဏာရှင် အစိုးရတွေရဲ့ ထင်ရှားတဲ့ပြယုဂ် ဖြစ်တယ်” ဟု CPJ ၏ အမှုဆောင်ညွှန်ကြားရေးမှူး Joel Simon က ပြောသည်။

CPJ ၏ စာရင်းများအရ တရုတ်နိုင်ငံတွင် အကျဉ်းကျနေသည့် သတင်းသမား ၅၀ ဦး၊ မြန်မာတွင် ၂၆ ဦး၊ အီဂျစ်တွင် ၂၅ ဦး၊ ဗီယက်နမ်တွင် ၂၃ ဦး၊ ဘီလာရုဇ်တွင် ၁၉ ဦး ရှိပြီး ဆော်ဒီအာရေဗျ၊ အီရန်၊ တူရကီ၊ ရုရှား၊ အီသီယိုပီးယားနှင့် အီရစ်ထရီးယားနိုင်ငံများ အပါအဝင် ဒီဇင်ဘာ ၁ ရက်နေ့ထိ အကျဉ်းကျသတင်းသမား စုစုပေါင်း ၂၉၃ ဦး ရှိကြောင်း သိရသည်။

ပုံစာ – ဖေဖော်ဝါရီလ ရန်ကုန် မြေနီကုန်း ဆန္ဒပြပွဲကို သတင်းယူနေသော မြန်မာနောင်း သတင်းထောက် မကေဇွန်နွေးအား ရဲက ဖမ်းဆီးစဉ် / ဧရာဝတီ

Ref – The Irrawaddy / CPJ

Related Articles

Back to top button