သတင်း

စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးမတရားတောင်းခံပြီး အချိန့်ကြာ စစ်ဆေးနေလို့ သီးနှံပျက်စီးဆုံးမှုတွေဖြစ်

စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးမတရားတောင်းခံပြီး အချိန့်ကြာ စစ်ဆေးနေလို့ သီးနှံပျက်စီးဆုံးမှုတွေဖြစ်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၂ ရက်၊ ၂၀၂၃။
 
စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ရှမ်းပြည်နယ်တောင်ပိုင်းဒေသထွက် သီးနှံတင်ယာဉ်တွေကို ငွေကြေးမတရားတောင်းခံပြီး အချိန့်ကြာကြာအောင် စစ်ဆေးနေတာကြောင့် သီးနှံပျက်စီးဆုံးမှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
 
ရှမ်းပြည်နယ်တောင်ပိုင်းဒေသထွက် သီးနှံတွေကို အောင်ပန်းမြို့ရှိ ကုန်စိမ်းနဲ့ သီးနှံပွဲရုံတွေကနေ တဆင့် မြန်မာနိုင်ငံအနှံ့အပြားကို တင်ပို့ရောင်းချနေတာဖြစ်ပြီး တင်ပို့ရာလမ်းကြောင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးမတရားတောင်းခံပြီး အချိန့်ကြာကြာအောင် စစ်ဆေးနေတာကြောင့် သီးနှံပျက်စီးဆုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
 
“အောင်ပန်းကစထွက်တာနဲ့ တစ်လမ်းလုံးပေးရတာပဲ။ တစ်စီးကို သောင်းဂဏန်းလောက်ထိ ပေးနေရတယ်။ ပေးပြီးတာနဲ့ သွားလို့မရသေးဘူး၊ အကြာကြီးတန်းစီရပ်ခိုင်းထားတော့ သီးနှံတွေပျက်တာပေါ့။ အာဏာမသိမ်းခင်ကတော့ လမ်းကြေး၊ ဘီးခွန်လောက်ပဲပေးရတယ်။ အခုကတော့ ဂိတ်တစ်ဂိတ်မှာ တစ်စီးကိုတစ်သောင်းနီးပါးမှမပေးရင် သွားလို့မရတော့ဘူး”လို့ ဒေသခံတစ်ဦးက FJMM ကို ပြောပါတယ်။
 
ဒါ့အပြင် အဲဒီလိုစစ်ဆေးရာမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်တွေကို နာရီဝက်မှ ၂နာရီနီးပါးအထိ စစ်ဆေးမှုပြုလုပ်နေတာကြောင့် တင်ပို့ရမယ့်နေရာကို အချိန်မှီမရောက်တဲ့ သီးနှံပျက်စီးပုပ်သိုးတာတွေကြုံတွေ့နေရတဲ့အပြင် ကုန်စိမ်းဒိုင်တွေရဲ့ ဈေးနှိမ်ခံရတာတွေပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
 
အဲဒီလိုပဲ မှတ်ပုံတင်၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ၊ ယာဉ်မောင်းလိုင်စင်မပါရှိတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ခြိမ်းခြောက်ပြီး မတရား ငွေကြေး တောင်းခံတာတွေကြောင့် ခရီးသည်နဲ့ ကားသမားတွေ အခက်အခဲ ကြုံတွေ့နေကြရတယ်လို့လည်း သိရပါတယ်။
 
ပုံအညွှန်း-အောင်ပန်းမြို့ရှိ ကုန်စည်ကားကြီးကွင်း

Related Articles

Back to top button