သတင်း

စစ်ကောင်စီဝင်စီးခဲ့တဲ့ ပင်လောင်၊ နန်းနိမ်ကျေးရွာက သံဃာတော်နှင့် ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ

ဓါတ်ပုံ – KNDF (ထုတ်ပြန်ချက်)
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ်လ ၁၂၊ ၂၀၂၃
 
စစ်ကောင်စီဝင်စီးခဲ့တဲ့ ပင်လောင်မြို့နယ်ရှိ နမ်းနိမ်ကျေးရွာက ဘုန်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရဟန်း သံဃာ တော်နှင့် အရပ်သား ပြည်သူများဟာ ယမန်နေ့ ၂၀၂၃ ခုနှစ် မတ်လ (၁၁) ရက်နေ့မှာ အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ အနီးပတ်ဝန်းကျင်သို့ ယမန်နေ့ မတ်လ (၁၁) ရက်နေ့၊ ညနေခင်း (၄) နာရီဝန်းကျင်တွင် တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက်ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းကာ ဘုန်းကြီးကျောင်းတွင်း ခိုလှုံနေသည့် ကျေးရွာသား(၃၀)ဦးနှင့် ဘုန်းကြီး (၃)ပါးတို့ကို ကျောင်းပြင်ပသို့ ထွက်စေခဲ့ပြီး ကျောင်းတော် နံရံဘက်ရှေ့တွင် ရက်စစ်စွာ သတ်ဖြတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ပါတယ်။
 
“သံဃာတော်(၃)ပါးပါတယ်၊ ကျန်တာကပြည်သူတွေပေါ့၊ အကုန်လုံးယောက်ျားတွေဘဲ၊ သူတို့မိသားစုတွေနဲ့ ချိတ်ဆက်ပြီး ကောင်းမွန်စွာ သဂြိုလ်နိုင်ဖို့အတွက် လုပ်နေပါတယ်၊ သံဃာတော်တွေပါတယ်ဆိုပြီး သူတို့က စစ်တပ် တွေနဲ့ ပြောရဆိုရအဆင်ပြေမယ်လို့ထင်ပြီး နေခဲ့ကြတာပေါ့၊ အဆင်မပြေခဲ့ဘဲ စစ်တပ်ဖက်က ပစ်သတ် ခံလိုက်ရ တာပေါ့” လို့ အလောင်းများကို ကိုယ်တိုင်သွားရောက် ကယ်ထုတ်ခဲ့တဲ့ KNDF ရဲဘော်တစ်ဦက ပြောပြပါတယ်။
 
အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်တဲ့ စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ်တွင် KNDF, PDF, KA တို့ ကင်းထောက်အဖွဲ့က မလှမ်းမကမ်းမှ တွေ့ရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ အင်အား အများအပြားဖြင့် ဝင်ရောက် စီးနင်းမှုကြောင့် ဝင်ရောက်ကူညီနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
 
ဒီကနေ့ မတ်လ (၁၂) ရက်နေ့ မွန်းတည့် အချိန်ခန့်သာ ကျေးရွာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ဝင်ရောက်လာစဉ်သ တ်ဖြတ်ခံထားရတဲ့ အမျိုးသားများ အလောင်း (၂၈) လောင်းကို တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ ဒေသခံများ၏ ပြောဆိုမှုအရ ပျောက်ဆုံးခဲ့တဲ့ အမျိုးသားများဟာ (၃၀) ဦး ဖြစ်တယ်လို့ သိရပါတယ်။
 
သတ်ဖြတ်ခဲ့ရတဲ့ ရုပ်အလောင်းများကိုတော့ KNDF မှ သယ်ယူ ပေးခဲ့ပြီး သက်ဆိုင်ရာ ရဲဌာနနှင့် ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြုလုပ်ပေးမှာဖြစ်ပြီး စစ်ဆေးမှုပြုလုပ်ပြီးပါက သက်ဆိုင်ရာ မိသားစုများနှင့် လုံခြုံစိတ်ချ သောနေရာတို့၌ ဘာသာရေးထုံးတမ်းများအရ ဆောင်ရွက်သင့်သည်များ ကို ပြုလုပ်နိုင်ဖို့ ကူညီ သွားပေးမယ်လို့ KNDF ပြောပါတယ်။
 
အရပ်သားများကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကြောင်းကိုတော့ KNDF, KA, ရှမ်းတောင် PDF, PDF ဖယ်ခုံ၊ PDF မိုးဗြဲ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး DMO PDF ကလည်း စစ်ကူအနေဖြင့် ပံ့ပိုးပေးခဲ့တာပါ။
 
စစ်ကူအနေဖြင့် လာရောက်ကူညီသည့် DMO PDF တို့ကိုတော့ စစ်ကောင်စီတပ်ဖွဲ့တို့ဟာ တန်ပြန်စစ်ဆင် တိုက်ခိုက်မှုကို ကြုံနေရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ယခု စစ်ရာဇဝတ်မှု ကျူးလွန်မှုအတွက် အကြမ်းဖက် စစ်ကောင်စီတပ်ကိုတော့ အရေးယူဆောင်ရွက် နိုင်ရန် ကြိုးစား လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button