သတင်း

ကရင်ပြည်သူလူထု၏ အိတ်ဖွင့်စာ ပေးပို့ပြီးနောက် KNU ကွန်ဂရက်ကို အွန်လှိုင်းဖြင့် ကျင်းပနေ 

ဓါတ်ပုံ – ပုံဟောင်း (KNU ခေါင်းဆောင်များကို တွေ့ရစဉ်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၃
ကရင်အရပ်ဖက်အဖွဲ့အစည်း ၆၈ ခုမှ KNU ထံအိတ်ဖွင့်စာ ပေးပို့တောင်းဆိုပြီးနောက် ကရင်အမျိုးသား အစည်းအရုံး(KNU)က ကွန်ဂရက်ကို အွန်လှိုင်းဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စတင်ပြီး ကျင်းပနေတယ်လို့ သိရပါတယ်။
ကရင်အရပ်ဖက် အဖွဲ့အစည်း ၆၈ ခုမှ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂၃ရက်နေ့က KNU ဗဟိုအလုပ်မှုဆောင်ကော်မတီအား နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အရပ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုများအပေါ် ကွန်ဂရက်မကျင်းပခင် ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က “KNU ကို အထင်မှားအမြင်မှားမှု ဖြစ်နေကြောင်း၊ ရာဇဝတ်မှုမကင်းသော လုပ်ငန်း များကို ကရင် ပြည်နယ် အတွင်း လုပ်ဆောင်ခွင့်မပြုကြောင်း၊ KNU အစည်းအရုံးဝင် မည်သူတစ်ဦး တစ်ယောက်မှ ရာဇဝတ်မှုနှင့် ဆက်စပ် နေသည့် စီးပွားရေးများတွင် ပါဝင်လုပ်ကိုင်ခြင်းကို တားမြစ်ထားကြောင်းနှင့် ကရင်ပြည်နယ် အတွင်း တရားမဝင် ရာဇဝတ်မှု လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် လောင်းကစားလုပ်ငန်းများ ပပျောက်ရေးကို လိုလားတယ်”လို့ ရှင်းလင်းချက် တစ်ခုကို KNU ဗဟိုမှ ထုတ်ပြန်ထားပါတယ်။
အဆိုပါ တောင်းဆိုချက်နှင့် ဆက်စပ်ပြီး KNU က ၁၇ ကြိမ်မြောက် ကွန်ဂရက်ခေါ်ယူကာ online စနစ်ဖြင့် ပြုလုပ် ကျင်းပနေတယ်လို့ သိရပါတယ်။
အလားတူ အွန်လှိုင်းစနစ်ဖြင့်ပြုလုပ်တဲ့ ကွန်ကရက်အပေါ် ကိုယ်စားလှယ်တွေကြား သဘောထား အမျိုးမျိုး ရှိနေကြပြီး ကွန်ကရက်က အောင်မြင်နိုင်မလား မအောင်မြင်နိုင်မလားဆိုတာကို မသိရသေးဘူးလို့ KNU ခေါင်းဆောင် တစ်ဦးက မှတ်ချက်ပေး ပြောဆိုထားပါတယ်။
တချို့ကိုယ်စားလှယ်တွေကလည်း အွန်လှိုင်းဖြင့် ကျင်းပတဲ့ ကွန်ကရက်ဟာ အင်တာနက်လိုင်းများ အခက်အခဲတို့ကြောင့် ထိရောက်မှု မရှိနိုင်ဘူးလို့ ယူဆနေသလို စိုးရိမ်နေမှု ရှိနေတာပါ။
အဲဒီကွန်ဂရက်ကိုတော့ KNU တပ်မဟာ ၅ ကိုယ်စားလှယ်များ တက်ရောက် ခြင်းမရှိဘူးလို့ KNU ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက Salween Press ကို ပြောထားပါတယ်။

Related Articles

Back to top button