ဖတ်ရှုနိုင်ပြီ | ချင်းအမျိုးသားရေးဆိုင်ရာ သမိုင်းမှတ်တမ်းများ
နိဒါန်း | ဤစာအုပ်ထဲက စာတမ်းများအပေါ် အကျဉ်းချုံး ရှင်းလင်းချက်
လူမျိုးတစ်ခုနှင့် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသော အထောက်အထားနှင့် စာရွက်စာတမ်း(documents)များ ရှိကြစမြဲဖြစ်သည်။ အထူးသဖြင့် တိုင်းပြည်ကို စုစည်းစေသည့် ဥပဒေရေးရာ စာရွက်စာတမ်းများ (Legal Documents)။ သာဓကအားဖြင့် မြန်မာနိုင်ငံဖြစ်တည်လာဖို့အတွက် ပင်လုံစာချုပ် ရှိနေခြင်းမျိုး။
အနာဂတ် ချင်းပြည်တည်ဆောက်ရေးအတွက် အခိုင်အမာ ကိုင်စွဲထားရမည့် သမိုင်းဝင် စာရွက်စာတမ်းများလည်း ရှိသည်။ ၎င်းတို့ထဲက ပြင်မကျောရိုးဖြစ်သည့် စာတမ်း ၅ ခုကို ဤစာအုပ်တွင် ပြုစုဖော်ပြထားပါသည်။ အချို့သည် နိုင်ငံရေးနှင့် ဥပဒေအရ အင်မတန် အရေးကြီးသော်လည်း စာရွက်စာတမ်းဖြင့် မှတ်တမ်းတင်ခဲ့ခြင်း မရှိသည့်အတွက် (မိမိတို့ လက်လှမ်းမမှီခြင်းလည်းဖြစ်နိုင်) ဤစာအုပ်တွင် ဖော်ပြနိုင်ခြင်းမရှိချေ။ သာဓကအားဖြင့် ၁၉၄၈ ဖလမ်းညီလာခံ ဆုံးဖြတ်ချက်များ (ပထမအကြိမ် ချင်းအမျိုးသားညီလာခံ)နှင့် ထီးလင်းမြို့တွင် ၁၉၄၇ ခုနှစ် မတ်လ ၃ ရက်နေ့မှ ၅ရက်နေ့အထိ ပြုလုပ်ခဲ့သော ချင်း-ဗမာ ချစ်ကြည်ရေး (ဆွေးနွေးသဘောတူညီချက်များ ရှိကောင်းရှိနိုင်)။
ဤစာအုပ်တွင်ပါဝင်သော အကြောင်းအရာနှင့် ဥပဒေပုဒ်မ တချို့သည် ခေတ်ကာလနှင့် လိုက်လျောညီထွေမှု မရှိသည့်အပိုင်းများပါသည်။ သို့သော် စကားလုံးတစ်ခုချင်း၏ အဓိပ္ပါယ်သက်ရောက်မှုကို အဓိကမထားဘဲ စာတမ်း/ဥပဒေ တစ်ခုလုံး၏ နိုင်ငံရေးအရ အရေးပါမှုနှင့် အနှစ်သာရကို အလေးထားသည့်အတွက် ထုတ်ဝေထားခြင်း ဖြစ်ပါသည်။
(က) Chin Hills Regulation___ သည် အင်္ဂလိပ်ကိုလိုနီက ချင်းတောင်ကို သိမ်းပိုက်ပြီးနောက် ၁၈၉၆ ခုနှစ်တွင် ပြဌာန်းပေးခဲ့သည့် ဥပဒေဖြစ်ပါသည်။ ဒီဘက်ခေတ်အခေါ်အရ Charter (ချာတာ) သို့မဟုတ် Constitution (ဖွဲ့စည်းပုံအခြေခံဥပဒေ)ဟု ပြင်ခေါ်ဆိုထိုက်သည့် အက်ဥပဒေ ဖြစ်သည်။
ဤဥပဒေ၏ ထူးခြားချက်သည် ချင်းလူမျိုးကို အင်္ဂလိပ်က သီးခြားလူမျိုးတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုခြင်းနှင့် သီးခြားအုပ်ချုပ်ခဲ့ခြင်းကို ပုံဖော်လိုက်ခြင်း ဖြစ်ပါသည်။ အလားတူ ကချင်ကို Kachin Hill-tribes Regulation(1895) ခေါ် ကချင်တောင်တန်းဒေသဥပဒေဖြင့်လည်းကောင်း ရှမ်းပြည်ကို Federated Shan States ခေါ် ပြည်ထောင်စုရှမ်းပြည်ဥပဒေဖြင့်လည်းကောင်း အင်္ဂလိပ်က အသီးသီး(သီးခြား) အုပ်ချုပ်ခဲ့သည်။
နောက်ထပ်ထူးခြားချက်မှာ ‘ချင်း’ဆိုရာတွင် ‘Lushai(ယခု Mizoram)’နှင့် Kuki(တမူး၊ ဟုမ္မလင်းနှင့် မဏီပူရ်မှာနေထိုင်) စသည်တို့ပါဝင်သည်ဟု ပုဒ်မ ၂(၃)တွင် ဖွင့်ဆိုထားသည့်အပြင် ဤဥပဒေကို လက်ရှိချင်းပြည်နယ်(Chin Hills) အပြင် မီဇိုရမ်းပြည်နယ်(ထိုစဉ်က Lushai Hills)နှင့် နာဂတောင်တန်း (Naga Hills) အထိ သက်ရောက်အကျုံးဝင်၍ ကျင့်သုံးခဲ့ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အုပ်ချုပ်မှု စနစ်တစ်ခုတည်းအောက်မှာ ကျင့်သုံးနေထိုင်စေခဲ့ခြင်း ဖြစ်သည်။ အမှန် ‘Chin-Lushai Conference’(ချင်း-လူရှိုင်းညီလာခံ) ကို Kolkata မြို့မှာ အင်္ဂလိပ်များ ကျင်းပခဲ့စဉ်က ချင်း-မီဇိုး-နာဂကို အုပ်ချုပ်မှုနယ်မြေတစ်ခု အောက်မှာ ထားရှိရန် အားလုံးသဘောတူခဲ့လျှင် ယနေ့ ချင်းနိုင်ငံရေးနှင့် ချင်းပြည် နယ်နိမိတ်လည်း တစ်နည်းတစ်ဖုံ ဖြစ်ခဲ့မှာ သေချာပါသည်။
ထို့ပြင် အဆိုပါအက်ဥပဒေတွင် ချင်းတောင်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် အစိုးရလုပ်ငန်းကို နှောင့်ယှက်ထိပါးနိုင်သော (အစိုးရဝန်ထမ်းလည်းမဟုတ်၊ ချင်းလူမျိုးလည်းမဟုတ်သော) သူများကို ချင်းတောင်မှ နှင်ထုတ်ခွင့် ပုဒ်မမျိုးပါဝင်ခြင်းကလည်း ထူးခြားမှုဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး ချင်းအက်ဥပဒေ-၁၉၄၈ တွင် ၎င်းပုဒ်မကို ပြန်ထည့်ထားသော်လည်း တပြည်ထောင်စနစ်ကြောင့် ဗဟိုတည်ဆဲပြဌာန်းဥပဒေ၏ လွှမ်းမိုးမှုရှိပြီး အသက်ဝင်မှုမရှိခဲ့ချေ။ ထိုအချက်မျိုးကို အိန္ဒိယဘက်ခြမ်းတွင် ဌာနေတိုင်းရင်းသား လူမျိုးငယ်များတချို့အတွက် Innter Line Regulation/ Inner Line Permit (ILP) ဟူ၍ အင်္ဂလိပ်များ ပြုလုပ်ပေးခဲ့ရာ ယခုထိ မီဇိုးရမ်းပြည်နယ်တွင် ကျင့်သုံး၍ အင်မတန် ထိရောက်မှုရှိပါသည်။
လွတ်လပ်ရေး ရရှိသည့်အခါမှာ ၎င်းဥပဒေကို လွှင့်ပစ်ပြီး ချင်းဝိသေသတိုင်းအက်ဥပဒေဖြင့် အစားထိုးလိုက်ခြင်းသည် မှားယွင်းမှုဟု ယူဆရပါသည်။ အမှန်ဆို Chin Hills Regulation ကို နိုင်ငံရေးစနစ်သစ်နှင့် အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်မွင်းမံပြီး ဆက်လက်ထိန်းသိမ်း ထားရှိသင့်ပါသည်။
(ခ) ချင်းဝိသေသတိုင်း အက်ဥပဒေ (၁၉၄၈)___ အထက်တွင် ဖော်ပြထားပြီးသည့်အတိုင်း ပင်လုံစာချုပ်နှင့်အတူ မြန်မာနိုင်ငံထဲသို့ ချင်းပြည် ပါဝင်လာသည့်အခါ ဝိသေသတိုင်း(Special Division)အဆင့် ပေးအပ်၍ Chin Hills Regulation ကို ပယ်ဖျက်ပြီး ဤအက်ဥပဒေတစ်ရပ်ကို ပြဌာန်းပေးခဲ့ခြင်းဖြစ်သည်။ ချင်းဝိသေသတိုင်း အက်ဥပဒေတွင် နိုင်ငံရေးအရ ကိုယ်ပိုင်ပြဌာန်းခွင့် မည်မည်ရရ ပြဌာန်းပါဝင်ခြင်းမရှိချေ။
သို့သော် အမွေဆက်ခံခွင့်ဆိုင်ရာပြဌာန်းချက် အပါအဝင် ရိုးရာဓလေ့ထုံးတမ်းဥပဒေ အနည်းအကျဉ်း ပါဝင်ပါသည်။ ထို့အပြင် ကျေးရွာအဆင့်၊ ဒေသန္တရအဆင့်နှင့် မြို့ပြစည်ပင်သာယာရေးအဆင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့လည်း ပါဝင်သည်။ အလားတူ အခွန်ကောက်ခံခြင်း၊ ယစ်မျိုးဥပဒေ၊ မူးယစ်ဆေးဝါး၊ သေနတ် ကိုင်ဆောင်ခွင့် အပါအဝင် တောမီးထိန်းချုပ်ရေး၊ သစ်တောထိန်းသိမ်းရေးနှင့် တောရိုင်းတိရစ္တာန်များကိစ္စ စသည့် ပြဌာန်းချက်များလည်း ပါဝင်သည့်အတွက် စိတ်ဝင်စားဖွယ်ကောင်းပြီး အချို့အချက်များသည် အနာဂတ် ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် ဆက်လက်သယ်ဆောင်သွားရမည့် အချက်များရှိပါသည်။
သို့သော် အချို့ပြဌာန်းချက်များသည် ယနေ့ခေတ်အခြေအနေနှင့် ညီညွတ်မှုမရှိကြတော့ပေ။ အဆိုးဆုံးက တိုင်းမင်းကြီး(ထွေအုပ်/ဝန်ထမ်း)၏ လုပ်ပိုင်ခွင့်အာဏာ အလွန်အကျွံ မြင့်မားပြီး ရွေးကောက်ခံအရပ်သား အုပ်ချုပ်ရေးအကြီးအကဲဖြစ်သည့် ချင်းရေးရာဝန်ကြီး (ဒီဘက်ခေတ်အခေါ် ပြည်နယ်ဝန်ကြီးချုပ်) ထက်ပင် သြဇာအာဏာမြင့်မားသကဲ့သို့ ဖြစ်သွားသည်။ ယင်းသည် ဖက်ဒရယ်အတုယောင်ဖြစ်ခြင်းနှင့် ဗဟိုချုပ်ကိုင်မှု မြင့်မားနေမှု၏ သက်သေဖြစ်ပါသည်။
၂၀၁၄ ခုနှစ် ဝန်းကျင်မှာ ချင်းပါတီလွှတ်တော်ကိုယ်စားလှယ်များ ဉီးဆောင်သည့် ချင်းဝိသေသတိုင်းအက်ဥပဒေ ပြန်လည်သုံးသပ်ရေးကောင်မတီက ချင်းပြည်နယ်လွှတ်တော်တွင် ဥပဒေကြမ်းတစ်ရပ် ပြင်ဆင်ထားခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်ဘက်က အကြိမ်ကြိမ် ပျယ်ချသည့်အတွက် ၂၀၂၀ ခုနှစ် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ပြီးဆုံးသည်အထိ အောင်မြင်မှုမရှိခဲ့ပေ။
နောက်ထပ်ထူးခြားမှုမှာ ဤချင်းဝိသေသတိုင်းအက်ဥပဒေသည် ပြည်ထောင်စုပြဌာန်းဥပဒေများက လွှမ်းမိုးမှုရှိသော်ငြားလည်း ယနေ့အထိ အသက်ဝင်နေသေးသည့် ချင်းလူမျိုးဆိုင်ရာ တစ်ခုတည်းသော အက်ဥပဒေ ဖြစ်နေခြင်း ဖြစ်သည်။ ဤဥပဒေကို ခေတ်စနစ်နှင့်အံဝင်ကွင်ကျဖြစ်အောင် ပြင်ဆင်ပြီး ပြီးပြည့်စုံသည့် ချင်းရိုးရာဓလေ့ထုံးတမ်းဥပဒေအဖြစ် နောင်အနာဂတ်တွင် အသုံးပြုနိုင်သည့် အက်ဥပဒေ တစ်ရပ်ဖြစ်သောကြောင့် တန်ဖိုးရှိသော ဥပဒေဖြစ်ပါသည်။
(ဂ) ချင်းလူငယ်များ အကြံပေးချက်စာတမ်း___သည် ၁၉၆၉ ခုနှစ်တွင် ပြည်တွင်း ညီညွတ်ရေးအကြံပေးအဖွဲ့ ထံသို့ ပူးလျန်အုပ်(အမတ်)ဦးဆောင်၍ ချင်းလူငယ်များနှင့် ခေါင်းဆောင်များက ပြုစုပေးပို့ခဲ့သည့် စာတမ်းဖြစ်ပါသည်။
ထိုစဉ် တော်လှန်ရေးကောင်စီက ၁၉၄၇-ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် (၁၉၇၄ ဖွဲ့စည်းပုံအခြေခံဉပဒေ) ရေးဆွဲရန် ပြင်ဆင်နေသည့်အချိန်ဖြစ်ရာ ပြည်သူများအနေဖြင့် လွတ်လပ်စွာ အကြံပြုနိုင်ကြောင်း တံခါးဖွင့်ခဲ့သည့်အတွက် ထိုကဲ့သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် ချင်းလူငယ်များက ထိုသို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အကြံပြုစာတမ်း ပေးပို့ခဲ့သည်ကို နေဝင်းအစိုးရ ဒေါသထွက်ပြီး ချင်းခေါင်းဆောင် ၅၀ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး ခေါင်းဆောင်တချို့ကို နှစ်နဲ့ချီ ထောင်ချခဲ့သည်အထိ အရေးယူခဲ့သည်။
ထို့ကြောင့် ဤလှုပ်ရှားမှုသည် ချင်းနိုင်ငံရေးသမိုင်းတွင် နိုင်ငံရေးမူဝါဒရေးရာအရ အရေးကြီးသည့်အပြင် ချင်းအမျိုးသားနိုင်ငံရေး နိုးကြားမှုနှင့် စည်းလုံးညီညွတ်မှုတည်ဆောက်ရေးအပိုင်းတွင် သမိုင်းဝင် မှတ်တိုင် တစ်ခုဖြစ်ပေတော့သည်။
အဆိုပါ ပေးစာ(စာတမ်းရှည်)တွင် မြန်မာနိုင်ငံ ဖြစ်တည်လာသည့် ပင်လုံစာချုပ်မှ အစချီပြီး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ချို့ယွင်းချက်များ၊ တိုင်းရင်းသားများအတွက် နစ်နာမှုများ၊ အထူးသဖြင့် ဝိသေသအဆင့်သာ ရှိခဲ့သော ချင်းအမျိုးသားများ ဥပဒေအရ ထပ်ဆင့်ကျဆင်း/နစ်နာလာပုံ၊ တော်လှန်ရေးကောင်စီ(စစ်ကောင်စီ)၏ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုကြောင့် ချင်းလူမျိုးများနစ်နာမှု၊ အထူးသဖြင့် ဘာသာရေးအရ နစ်နာမှု စသည့်များကို နောက်ခံသမိုင်းအဖြစ် ဖော်ပြရှင်းလင်းထားပါသည်။
ထို့နောက် ပေါ်ပေါက်လာလတ္တံသော ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ချင်းလူမျိုးများ လိုလားသော နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအပိုင်းများ၊ ချင်းအမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အချက်များ၊ ဖက်ဒရယ်မူများနှင့် အခြေခံမူများကို ထည့်သွင်းထားပါသည်။
ထူးခြားသည့်အချက်များအဖြစ် ချင်းဝိသေသတိုင်း၊ နာဂ(ခန္တီးခရိုင်)နှင့် မြေပြန့်ချင်းလူမျိုးများ တစ်ဆက်တစ်စပ်တည်း စုစည်းနိုင်သည့်အစိတ်အပိုင်းများကို စုစည်း၍ ချင်းပြည်နယ် (သို့) ချင်းတွင်းပြည်နယ် သတ်မှတ်၍ အုပ်ချုပ်နိုင်ရေး၊ မြန်မာ(ဗမာ)ပြည်နယ် သီးသန့်ရှိရေး၊ ပြည်နယ်များ ဖွဲ့စည်းပုံအခြေခံဉပဒေ သီးခြားရေးဆွဲထားရှိခွင့်ရှိရေး၊ တပ်မတော်(စစ်တပ်)ကို ပြည်နယ်/လူမျိုးအခြေခံဖြင့် အချိုးကျ ထားရှိရေးနှင့် ချင်းပြည်နယ်တွင် ချင်းဘာသာစကား ရုံးသုံးစာအဖြင့် သတ်မှတ်ရေးတို့ ပါဝင်ပါသည်။
သူ့ခေတ်သူ့ခါ ရေခံမြေခံနှင့် လက်လှမ်းမှီသလောက် ရေးသားပြုစုခြင်း ဖြစ်သည့်အတွက် တချို့ အချက်များမှာမူ ဒီဘက်ခေတ် နိုင်ငံရေးစဉ်းစားချက်များနှင့် အံဝင်ခွင်ကျ မဖြစ်တော့သည်များလည်း ရှိပါသည်။ သာဓကအားဖြင့် လွှတ်တော်တစ်ရပ်တည်းစနစ်(unicameral) သာထားရှိလိုခြင်း၊ နိုင်ငံသား(citizenship) တစ်ခုတည်းသာရှိရန် လိုလားခြင်းနှင့် နိုင်ငံသားများသည် မည်သည့်နေရာမဆို လွတ်လပ်စွာသွားလာခွင့်ရှိရေး အဆိုပြုခြင်း(ဒီဘက်ခေတ်တွင် ပြည်နယ်သား သီးသန့်ထားရှိရေးနှင့် ပြည်နယ်တွင်း ဝင်ထွက်သွားလာနေထိုင်ခွင့် တစ်စုံတစ်ရာ ကန့်သတ်ရန် လိုလားမှုရှိ)၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကို ‘ပြည်နယ်အစိုးရ’ဟု အတိအလင်းမသုံးနှုန်းခြင်း… စသည်တို့သည် ဒီဘက်ခေတ်တွင် လူကြိုက်နည်းသွားနိုင်သည်။
အလားတူ နာဂတောင်တန်းခရိုင်ဘက်မှ ‘ချင်းဝိသေသတိုင်းနှင့် နာဂတောင်တန်းခရိုင်ကို ပူးပေါင်းသတ်မှတ်အုပ်ချုပ်ရန်နှင့် ခန္တီးချင်းဟု ခေါ်ပေးရန်’ ၁၉၆၉ခုနှစ် မတ်လ (၂၀)ရက်စွဲဖြင့် တော်လှန်ရေးကောင်စီ(ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့)သို့ ပေးပို့သည့်စာသည်လည်း အင်မတန် တန်ဖိုးရှိလှပါသည်။ နာဂသည် အင်္ဂလိပ်နယ်ချဲ့က နာမည်ထွင်ခဲ့ခြင်းသာဖြစ်ကြောင်း၊ အစဉ်အဆက် ချင်းလူမျိုးဖြစ်ပါကြောင်း၊ နယ်ချဲ့သွေးခွဲခြင်းသက်သက်ဖြစ်ကြောင်း၊ ဦးနုပါလီမန်ခေတ်ကလည်း လျစ်လျူရူခံရကြောင်း၊ ထို့ကြောင့် အမျိုးတူဖြစ်သည့် ချင်းပြည်နှင့် အုပ်ချုပ်ရေးနယ်နိမိတ်တစ်ခုအောက်မှ အတူနေထိုင်လိုကြောင်း သူတို့ ကာယကံရှင်ကိုယ်တိုင် အဆိုပြုစာတင်လိုက်ခြင်းဖြစ်ရာ အနာဂတ် ချင်းပြည်တည်ဆောက်ရေးတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစား ဆွေးနွေးရမည့် အချက်ဖြစ်ပါသည်။
(ဃ) ချင်းအမျိုးသားညီလာခံ|ဘုံသဘောတူညီချက်များ___ဒုတိယအကြိမ် ချင်းအမျိုးသားညီလာခံကို ချင်းပြည်နယ် ဟားခါးမြို့၌ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၅ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ရာ ချင်းအမျိုးသားတပ်ဦး၊ချင်းပြည်နယ် အစိုးရအဖွဲ့၊ ချင်းနိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးများ၊ မြို့နယ်နှင့် နေရာဒေသအသီးသီးမှ ချင်းရပ်မိရပ်ဖနှင့် မျိုးနွယ်စုခေါင်းဆောင်များ အပါအဝင် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများစသည်ဖြင့် အလွှာပေါင်းစုံမှ ချင်းကိုယ်စားလှယ် စုစုပေါင်း (၅၇၁)ဦး တက်ရောက်ခဲ့ပါသည်။ လေးရက်ကြာ ကျင်းပပြုလုပ်သည့် အဆိုပါ ညီလာခံတွင် ချင်းအမျိုးသားရေးဆိုင်ရာ ခေါင်းစဉ်(အကြောင်းအရာ) ၁၁ ခုခွဲ၍ ဆွေးနွေးညှိနှိုင်းခဲ့ရာ ဘုံသဘောတူညီချက် ၁၅၇ ချက် ရရှိနိုင်ခဲ့ပါသည်။
ဤချင်းအမျိုးသားညီလာခံ၏ ထူးခြားချက်မှာ ချင်းလူမျိုးသမိုင်းတွင် နယ်ပယ်ပေါင်းစုံ၊အလွှာပေါင်းစုံမှ ချင်း Stakeholders ခေါင်းဆောင်များ စုံစုံလင်လင်ဖြင့် ချင်းအရေးအရာများကို ကဏ္ဍပေါင်းစုံဖြင့် အကျယ်ပြန့်ဆုံးနှင့် အနက်နဲဆုံးဖြင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်သည့် ပထမဆုံး တွေ့ဆုံမှုဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဤကဲ့သို့ လူစုံတက်စုံဖြင့် ချင်းလူမျိုးများက ကိုယ့်လူမျိုးအကြောင်းကို အတူတစ်ကွ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှု သည် ဤတစ်ကြိမ် ပထမဆုံးအကြိမ် ဖြစ်ပါသည်။
သို့ဖြစ်၍ ယင်းဘုံသဘောတူညီချက်များထဲက အချို့သည် နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုကြောင့် အံဝင်ကွင်ကျ မဖြစ်တော့သည့်အချက်များရှိသော်ငြားလည်း ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်ပတ်သက်သည့် ကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတကိစ္စ၊ ဘာသာရေးနှင့် ယုံကြည်မှုဆိုင်ရာကဏ္ဍ၊ ချင်းမျိုးနွယ်စုများကိစ္စနှင့် ပညာရေးဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဤညီလာခံ၏ ဘုံသဘောတူညီချက်များသည် အနာဂတ် ချင်းအမျိုးသား တည်ဆောက်ရေးဖြစ်စဉ်မှာ အစဉ်တစ်စိုက် ထည့်သွင်းကိုးကားရမည့်အချက်များ ဖြစ်ပါသည်။
(င) ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ|သဘောထားစုစည်းချက်များ___ လူမျိုးအလိုက် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကို ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ မတ်လ(၁)ရက်နေ့အထိ ကျင်းပခဲ့ရာ ချင်းအမျိုးသားတပ်ဦး၊ နိုင်ငံရေးပါတီများ၊ ချင်းအရပ်ဘက် လူ့အဖွဲ့အစည်း၊ ပါဝင်သင့်ပါဝင်ထိုက်သည့် ချင်းကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် လေ့လာသူများ စသည်ဖြင့် အလွှာပေါင်းစုံမှ ကိုယ်စားလှယ် စုစုပေါင်း (၆၅၂)ဦး တက်ရောက်ခဲ့ကြပါသည်။
သုံးရက်ကြာ အဆိုပါ ဆွေးနွေးပွဲတွင် အကြောင်းအရာ ခေါင်းစဉ် ၉ ခုကို အစုအဖွဲ့ခွဲ၍ ဆွေးနွေးကြပြီး ကဏ္ဍအလိုက် သဘောထားစုစည်းချက် စုစုပေါင်း (၈၂)ချက် ထွက်ပေါ်လာပါသည်။ ထိုသဘောထားစုစည်းချက် များကို လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)ထံသို့ စာတမ်းဖြင့် တင်သွင်းခဲ့ပါသည်။ ၎င်းသဘောထားစုစည်းချက်စာတမ်းကို ဤစာအုပ်တွင် ထပ်မံဖော်ပြခြင်းဖြစ်ပါသည်။
အကြောင်းကြောင်းကြောင့် ယင်း Chin National Dialogue-CND ဆွေးနွေးပွဲကို ထပ်မံကျင်းပပြုလုပ်နိုင်ခြင်းမရှိသည့်အတွက် ကဏ္ဍအလိုက်ဆွေးနွေးချက်များကို ဘုံသဘောထားရပ်တည်ချက်များအဖြစ် အတည်မပြုနိုင်ခဲ့သော်လည်း အလွှာပေါင်းစုံမှ ချင်းကိုယ်စားလှယ်များ၏ အမြင်သဘောထားများကို ထင်ဟပ်ဖော်ဆောင်သည့်အတွက် နောက်နောင် ချင်းအမျိုးသားတည်ဆောက်ရေး ဖြစ်စဉ်တွင် ဆက်လက်သယ်ဆောင်သွားရမည့်အရာများ ဖြစ်သည်ဟု ယူဆပါသည်။
ဤစာတမ်း၏ အဓိက ထူးခြားချက်သည် ချင်းလူမျိုးများ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ ကို အကျယ်ပြန့်ဆုံး ဆွေးနွေးညှိနှိုင်းသည့် ရလဒ်ဖြစ်နေခြင်း ဖြစ်ပါသည်။ ၁၉၄၈ ခုနှစ်တွင် ဖလမ်းမြို့၌ ကျင်းပခဲ့သည့် ချင်းအမျိုးသားညီလာခံနှင့် ၂၀၁၃ခုနှစ်တွင် ဟားခါးမြို့၌ ကျင်းပခဲ့သည့် ချင်းအမျိုးသားညီလာခံ တွင် ချင်းအမျိုးသားရေးနှင့် နိင်ငံရေးအပိုင်းကို ဆွေးနွေးခဲ့သော်လည်း ဤတစ်ကြိမ် Chin National Dialogue -CND သည် နိုင်ငံရေးဆိုင်ရာ မူဝါဒများကို အသေးစိတ် ဆွေးနွေးကြခြင်းဖြစ်ရာ ပိုမိုပြည့်စုံ၍ အသေးစိတ်ကျသည်ဟု ဆိုရမည်ဖြစ်သည်။
ထို့ကြောင့် နောက်နောင်တွင် ချင်းပြည်သူလူထုက နိုင်ငံရေးဆွေးနွေးမှုနှင့် လူထုဆန္ဒခံယူပွဲကျင်းပ ပြုလုပ်နိုင်သည်အထိ အခင်းအကျင်း မပေါ်ပေါက်သေးခင် စပ်ကြားတွင် ၂၀၁၃ခုနှစ် ချင်းအမျိုးသားညီလာခံ ဘုံသဘောတူညီချက်များနှင့် ၂၀၁၇ခုနှစ် ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ဘုံသဘောထား စုစည်းချက် များသည် ချင်းပြည်သူလူထု၏ အမြင်သဘောထားရပ်တည်ချက်ကို အနီးစပ်ဆုံးနှင့် အကျယ်ပြန့်ဆုံးဖြင့် ထင်ဟပ်သည့် မူဝါဒရပ်တည်ချက်များဖြစ်သည်ဟု ခံယူရမည်ဖြစ်ပါသည်။ ကိုးကားရမည်ဖြစ်ပါသည်။ ကိုင်စွဲရမည်ဖြစ်ပါသည်။
စာတမ်းပြုစုရေးသားသူ – ဆလိုင်းကျဲအိုဘိခ်ထောင်
ဖတ်ရှုလိုပါက –
ချင်းအမျိုးသားရေးဆိုင်ရာ သမိုင်းမှတ်တမ်းများလင့်ခ် –
PDF File အခမဲ့ဒေါင်းလုတ်ရယူပါ။