အတွေးအမြင်

ဖေဖော်ဝါရီရက်စွဲများနဲ့ မြန်မာပြည်

ဖေဖော်ဝါရီရက်စွဲများနဲ့ မြန်မာပြည်
 
၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်
 
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာလုထားတာ ၂ နှစ်ပြည့်၊ ပြည်သူတွေက အာဏာလုစစ်တပ်ကို တော်လှန်နေကြတာ ၂ နှစ် ပြည့်ပါပြီ။
 
၂၀၂၃ ဖေဖော်ဝါရီ ၁၂ ရက်
 
ဒီလထဲမှာပဲ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ ဒီနိုင်ငံကို ဒီလိုတည်ထောင်မယ် ဒီလိုနေထိုင်ကြမယ် ဆိုတဲ့ ညှိနှိုင်းမှုတွေ အခြေခံသဘောတူညီချက်တွေကို စာချုပ်စာတမ်း (ပင်လုံစာချုပ်) အဖြစ် ချုပ်ဆိုခဲ့ကြတာ စိန်ရတုအထိမ်းအမှတ် ကျော်လွန်ပြီး (၇၆) နှစ်မြောက် နေ့လည်း ဖြစ်ပါတယ်။
 
ပြည်တွင်းစစ်နဲ့အတူမွေးဖွားခဲ့သလိုဖြစ်ခဲ့ရတဲ့နိုင်ငံတခုမှာ အမှန်တကယ်လွတ်လပ်ဖို့ တန်းတူဖို့ ငြိမ်းချမ်းဖို့အရေး မျိုးဆက်အလိုက် ပုံစံမျိုးစုံနဲ့တော်လှန်ခဲ့ကြရတဲ့ တော်လှန်ရေး”ဖြစ်စဥ်” ထဲက ပြည်သူတွေဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှာ နောက်တကြိမ် အာဏာလုတဲ့ ဖက်ဆစ်စစ်တပ်ကို ပြန်တွန်းလှန်ရင်း ဒီတခါနောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ သန္နိဌာန်နဲ့ မြန်မာ့နွေဦးတော်လှန်ရေးထဲ ပါဝင်နေကြတာ ၂ နှစ်ပြည့်ပါပြီ။
 
ဒီ ၂၀၂၁ နွေဦးတော်လှန်ရေး”ဖြစ်ရပ်” ထဲ ပါဝင်နေကြတဲ့ တော်လှန်ပြည်သူတွေအနေနဲ့ အခုလို ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက် နေ့ ကနေ ၁၂ ရက်နေ့အတွင်း ၁၂ ရက်တာ ကာလအတွင်းမှာ ကိုယ့်နိုင်ငံအကြောင်း ကိုယ့်လူ့အဖွဲ့အစည်းအကြောင်း ကိုယ်ကိုယ်တိုင်အပါအဝင် တော်လှန်လူထုအစုအဖွဲ့တွေရဲ့ တွေ့ကြုံဖြတ်သန်းမှုအကြောင်းတွေကို ပြန်ဆင်ခြင် နှလုံးသွင်းကြည့်ကြမယ့် နိုင်ငံရေး တော်လှန်ရေး လူထုလှုပ်ရှားမှုတခု စတင်ကြဖို့ နှိုးဆော်ပါရစေ။
 
ဆင်ခြင်စဥ်းစားခြင်းကိုဦးတည်တဲ့ ဒီလှုပ်ရှားမှုမှာ တော်လှန်ပြည်သူတို့အနေနဲ့ အွန်လိုင်းကမ်ပိန်းတွေ၊ သပိတ်လှုပ်ရှားမှုတွေ၊ စာပေ အနုပညာ လှုပ်ရှားမှုတွေ၊ ဒိုင်ယာလော့၊ ဒီဘိတ် နဲ့ စကားဝိုင်းတွေ အစရှိတဲ့ ကိုယ်ကျွမ်းကျင်ရာ အားသန်ရာအလိုက် လူထုအာဏာဖီဆန်ရေးတော်လှန်လှုပ်ရှားမှုတွေကို ပြည်သူတွေအချင်းချင်းစောင့်ရှောက်ရင်း တတ်နိုင်သမျှဘေးကင်းလုံခြုံနိုင်မယ့်နည်းလမ်းတွေနဲ့ ဖော်ဆောင်သွားကြဖို့ဖြစ်ပါတယ်။
 
၂၀၂၃ ခုနှစ်မှာ တော်လှန်စစ်အရှိန် မြှင့်တင်ကြဖို့ ပြင်ဆင်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေအပါအဝင် ကျနော်/ကျမတို့ တော်လှန်ပြည်သူတွေဟာ နေ့စဥ်ဘဝတွေမှာ စဥ်းစားချိန်မရနိုင်လောက်အောင် ပင်ပင်ပန်းပန်း နာနာကျင်ကျင် ရင်ဆိုင်တိုက်ပွဲဝင်နေကြရပေမယ့် မလိုအပ်ပဲ အချိန်တွေ ဒီထက်ပိုမကြာစေဖို့ လူသူရပ်ရွာတွေ ပိုမနာစေဖို့အတွက် စစ်ရေးတခုထဲမဟုတ်ပဲ ရိုးသား ရဲရင့်တဲ့ နိုင်ငံရေးဖြစ်စဥ်အရွေ့တွေဆီရောက်အောင် ဝိုင်းဝန်းစဥ်းစား လက်တွဲသွားကြဖို့ အချိန်တန်နေပြီ ဖြစ်ကြောင်း အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။
 
#12DaysInFeb #ဖေဖော်ဝါရီရဲ့၁၂ရက်
#ဘာကြောင့်တော်လှန် #ဘယ်လိုတော်လှန်

Related Articles

Back to top button