ဖက်ဒရယ်၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်း
လင်းလက် (သူ့အတွေးသူ့အမြင်)
စိန်ခေါ်မှုနဲ့ အခွင့်အလမ်းဆိုတာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ ပန်း လိုတွဲဖက်နေတာပါ။ ကိစ္စတိုင်းမှာ စိန်ခေါ်မှုနှင့်အခွင့်အလမ်းက တွဲဖက်ပါဝင်နေသလို မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ်အကောင်အထည်ဖော်ရေးကို ကြည့်လိုက်ရင်လည်း သမိုင်းတစ်လျှောက် စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေ တွဲဖက်ပါဝင်နေတာကို တွေ့ရမှာပါ။ သမိုင်းအချို့အကွေ့အပေါ် မူတည်ပြီး စိန်ခေါ်မှု ပုံသဏ္ဌာန် တွေနဲ့ အခွင့်အလမ်း ပုံသဏ္ဌာန် ကတော့ မတူဘူးပေါ့။
ပါလီမန် ဒီမိုကရေစီခေတ် (၁၉၄၈-၁၉၆၂) မှာ တိုင်းပြည်အတွင်း ဒီမိုကရေစီရပိုင်ခွင့်တွေကို အတိုင်းအတာ တစ်ခုအထိ ကျင့်သုံးနိုင်ခဲ့သလို အိန္ဒိယပုံစံ ဖက်ဒရယ်စနစ်ကိုလည်း အဆင့်တစ်ခုအထိ အကောင်အထည် ဖော်ခဲ့နိုင်ပါတယ်။
ဒါပေမဲ့ ပြည်တွင်းစစ်ကျယ်ပြန့်လာတာနဲ့ အတူ အာဏာရ ဖဆပလ ပါတီနဲ့ တိုင်းရင်းသားအရေး ကိုင်တွယ်မှုတွေမှာ အမြင်ကျဥ်းမြောင်းခဲ့မှုတွေကြောင့် တိုင်းရင်းသားလူမျိုးစုတွေဟာ ပင်လုံစာချုပ်ရဲ့ အနှစ်အရသာ ကို သူတို့မခံစားရဘူးလို့ ယူဆခဲ့ကြပါတယ်။ လက်တွေ့ပကတိ အခြေအနေတွေကို ကြည့်လိုက်ရင် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဒီခံစာချက်၊ ဒီယူဆချက်တွေ အပေါ် ထောက်ခံနေတာကို တွေ့ရမှာပါ။
ဒါကြောင့် ပါလီမန် ဒီမိုကရေစီခေတ်ကာလ၊ ဖက်ဒရယ်စနစ်ရဲ့ စိန်ခေါ်မှုတွေကို ကြည့်လိုက်ရင် ဖက်ဒရယ်စနစ်အကောင်အထည်ဖော်ရမယ်ဆိုတဲ့ အချက်အပေါ် အငြင်းမပွားပါဘူး။ ဘယ်လိုဖက်ဒရယ်စနစ်မျိုး အကောင်အထည်ဖော်မလဲဆိုတဲ့ အချက်ပေါ်မှာသာ အငြင်းပွားကြတာပါ။ ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးစု အားလုံးက ကြေကြေလည်လည် လက်ခံနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုပုံစံ အပေါ် အငြင်းပွားကြတာပါ။
မြန်မာဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ် ( ၁၉၆၂-၁၉၈၈) နဲ့ စစ်ကောင်စီခေတ် ( ၁၉၈၈-၂၀၁၀)တွေမှာတော့ တိုင်းပြည်အတွင်း ဖက်ဒရယ်စနစ်ရဲ့ စိန်ခေါ်မှု ပုံသဏ္ဌာန်က ပြောင်းသွားပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းက တိုင်းပြည်အာဏာကိုသိမ်းယူတဲ့ အခါ ဖက်ဒရယ်စနစ်ကြောင့် ပြည်ထောင်စု ပြိုကွဲတော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းယူခဲ့တာဖြစ်တဲ့အတွက် ဒီခေတ်နှစ်ခု စလုံးမှာ ” ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်ပြည်ထောင်စု” ဆိုတာ ပြောဆိုဖွင့်ဟ ဆွေးနွေးပိုင်ခွင့် မရှိတဲ့ အကြောင်းအရာဖြစ်ပါတယ်။ တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်တပ်ရဲ့ အတွေးအခေါ် ကျောရိုးဟာ ဖက်ဒရယ်စနစ် ဆန့်ကျင်ရေး ဖြစ်ခဲ့ပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလို့ စတင်ကြွေးကြော်ခဲ့တဲ့ (၂၀၁၀)ခုနှစ် ကနေ စစ်တပ်ကနေ၊ တတိယအကြိမ်မြောက် အာဏာသိမ်းယူထားတဲ့ ဒီကနေ ကာလ အထိမှာတော့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ရည်မှန်းချက် အပေါ် စစ်တပ် အပါအဝင် အင်အားစု အားလုံးက မူအားဖြင့် သဘောတူထားကြပါတယ်။ ဘယ်သူကမှ မကန့်ကွက်ကြပါဘူး။
ဒီနေရာမှာ “မူအားဖြင့်” ဆိုတဲ့စကားလုံးဟာ စစ်တပ်ကို အဓိက ရည်ညွှန်းထားတာပါ။ ဖက်ဒရယ်စနစ်ဆန့်ကျင်ရေးဟာ ၁၉၆၂ ခုနှစ်ကစပြီး စစ်တပ်မှုဝါဒရဲ့ အဓိက ကျောရိုးဖြစ်ခဲ့တာကြောင့် စစ်တပ်ဟာ ဖက်ဒရယ်စနစ်အကောင်အထည်ဖော်ရေးကို အနှစ်သာရ ရှိရှိ ဆောင်ရွက်လိုစိတ်ရှိခဲ့တာ မဟုတ်ပါဘူး။
အပေါ်ယံ အပြသဘောလောက်အကောင်အထည်ဖော်ပုံကိုပဲ စိတ်ကူးရှိနေတာပါ။ ဒါကြောင့် ပစ္စုပ္ပန် ကာလ ဖက်ဒရယ်စနစ်ရဲ့စိန်ခေါ်မှုကို ကြည့်လိုက်ရင် စစ်တပ်အာဏာချုပ်ကိုင်မှု (ဝါ) စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးက အဓိကကျောရိုးဖြစ်နေတာကို တွေ့ရမှာပါ။
နောက်အရေးကြီးတဲ့ စိန်ခေါ်ချက်ကတော့ ဒီမိုကရေစီအင်အားစုများနဲ့ တိုင်းရင်းသား ပြည်သူလူထုကြားရှိနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး အပေါ် ထားတဲ့ အပြင်သဘောထားပါ။ ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးစု အသီးသီးမှာ ရှိနေတဲ့ ” ဘယ်လိုဖက်ဒရယ်ပြည်ထောင်စုမျိုးဖြစ်ရမယ် ” ဆိုတဲ့ အပြင်သဘောထားတွေဟာ အမျိုးမျိုး အဖုံဖုံ ကွဲပြားနေတဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကြိုးပမ်းခါမှ ပြည်ထောင်စု ပြိုကွဲရေးကို ပိုဦးတည်စေမှာလားဆိုတဲ့ စိုးရိမ်သောကပါ။
နှစ်ပေါင်း ၇၅ နှစ် ဝန်းကျင် ရှိနေပြီး ဖြစ်တဲ့ ပြည်တွင်းစစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ထည့်သွင်းတွက်ချက်မယ်ဆိုရင် ဒီစိုးရိမ်သောကဟာ လစ်လျှူရှူထားလို့ ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ ပစ္စုပ္ပန် ကာလရဲ့ အဓိက စိန်ခေါ်မှုပါ။
ဒီတော့ တစ်မျိုးလှည့် စဥ်းစားကြည့်ရအောင်ပါ။ ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးစုတွေ အကြား အပြန်အလှန် အကြေအလည် ညှိနှိုင်းပြီး ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ်ကြီး ထူထောင်နိုင်တယ်ဆိုပါစို့။ ကမ္ဘာမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် အကောင်းဆုံး ဒေသထဲက တစ်ခုဖြစ်တဲ့ အင်ဒိုပစီဖိတ်ဒေသရဲ့ စီးပွားရေးအရ၊ စစ်ရေးအရ၊ နိုင်ငံရေးအရ မဟာဗျူဟာမြောက် အနေအထားကို ဆုပ်ကိုင်ထားတဲ့ မြန်မာ နိုင်ငံဟာ နိုင်ငံရေးအရ စုစည်းညီညွတ်မှု နဲ့ တည်ငြိမ် ငြိမ်းချမ်းမှုကို ရှိလိုက်ပြီးဖြစ်လို့ အနှေးနဲ့ အမြန် ကမ္ဘာက လေးစား အသိအမှတ်ပြုရမယ့် ပြည်ထောင်စုနိုင်ငံ ဖြစ်လာပါတယ်။ ဒါဟာ ပစ္စုပ္ပန်ကာလ ဖက်ဒရယ်စနစ်ရဲ့ အခွင့်အလမ်းပါပဲ။
ပြောလိုတာကတော့ ပစ္စုပ္ပန်ကာလ ဖက်ဒရယ်စနစ်ရဲ့ အခွင့်အလမ်းတွေအပေါ် အလေးအနက် တွေးဆကြည့်လိုက်ပါ။ အခွင့်အလမ်းတွေရဲ့ ဆွဲဆောင်မှုဟာ မငြင်းဆန်နိုင်လောက်အောင် ညှို့ငြင်အား ကြီးမားနေတာဖြစ်လို့ ဖက်ဒရယ်ရဲ့ ပစ္စုပ္ပန်ကာလ စိန်ခေါ်မှုတွေကို မရအရကျော်လွှားရမယ်ဆိုတာက ထင်းထင်းကြီးပေါ်လွင်နေတာပါ။
ဒီကြောင့် ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးစု အားလုံးက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ပင်မ မဏ္ဍိုင်ထားပြီး အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ထူထောင်ရေးကို ပစ္စုပ္ပန်ကာလရဲ့ သမိုင်းပေးတာဝန်လို့ ခံယူပြီး ညီညီညွတ်ညွတ် အားကြိုးမာန်တက် စုပေါင်းအကောင်အထည်ဖော်ကြရမှာပါ။