ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၇၊ ၂၀၂၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာဘက်ကို စစ်ကောင်စီတပ်များက ယမန်နေ့ ဇန်နဝါရီလ ၅ရက်နေ့ ညနေပိုင်းမှစ၍ တစ်ညလုံးနီးပါး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့တာ ကြောင့် နေအိမ် ၂လုံးထိခိုက်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“စစ်တပ်ကချောင်းနှစ်ခွ နယ်မြေရဲစခန်းနဲ့ တံတားပေါ်မှာ တပ်စွဲထားတယ်။ စခန်းထဲကနေ စခ (စစ်ကောင်စီ)တွေပစ်နေတာ၊ ရမ်းပစ်တာ၊ တချို့ဆိုရွာထဲမှာ မနေရဲကြတော့ဘူး ” လို့ ချောင်းနှစ်ခွ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်များမှာ ဇန်နဝါရီလ ၅ရက်နေ့ ညနေ ၆နာရီမှ ည ၁နာရီ အထိ လက်နက်ကြီး လက်နက် ငယ်များဖြင့် ပစ်ခဲ့မှုကြောင့် ချောင်းနှစ်ခွကျေးရွာနှင့် အနီးရှိ သရက်ကုန်း၊ ကော့စပ် ကျးရွာတို့မှ ပြည်သူ အများစုသည်လည်း ဘေးကင်းရာသို့ ရှောင်တိမ်းနေရကြောင်း သိရပါတယ်။
ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်တစ်စီးမှာလည်း ကျိုက်မရောမြို့နယ် ငပုအင်းကျေးရွာအနီးရှိ ရာဘာခြံတွေထဲကို လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။