(No. 94, December 30, 2022)
၁။ ဒေါက်တာခလမ်ဆမ်ဆွန် မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ အမှုဖွင့်ခံရ
December 29, 2022
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းအက်ဥပဒေ ပုဒ်မ-၁၇ (၁)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မတွေနဲ့ ဒီဇင်ဘာ ၂၈ ရက် မနေ့က မြစ်ကြီးနားမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြစ်ကြီးနားမြို့က ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က မြစ်ကြီးနားမြို့မရဲစခန်းကို မနေ့က နေ့လယ်ပိုင်းမှာ လာရောက်အမှုဖွင့်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ဟုတ်ပါတယ် အတည်ပြုပါတယ်။ မနေ့က အမှုဖွင့်လိုက်တာ။ မတရားအသင်းဆက်သွယ်မှု ပုဒ်မရယ်၊ အကြမ်းဖက်ရယ်နဲ့ပါ။ (ပ) ၂၀၀/၂၀၂၂ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ပါ” ဒေါက်တာခလမ်ဆမ်ဆွန် ကို လိုင်ဇာမြို့မှာ ပြုလုပ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ အစည်းဝေးတစ်ခုကို တက်ရောက်ခဲ့တာကြောင့် မတရားအသင်း အက်ဥပဒေနဲ့ တရားစွဲခဲ့တာဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ဘယ်ပုဒ်မနဲ့ တရားစွဲဆိုမယ်ဆိုတာကိုတော့ အတိကျ မသိရသေးဘူးလို့ သူကဆိုပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ တွေ့ခွင့်ရဖို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က စာတင်ထားပေမယ့်လည်း ဒီနေ့အထိ ထူးခြားမှုမရှိဘူးလို့ အမည်မဖော်လိုတဲ့ KBC က တာဝန်ရှိသူတစ်ဦး က ပြော ပါတယ်။ “၁၅ ရက်နေ့ကတော့ ဆရာနဲ့ တွေ့ခွင့်ရဖို့၊ စကားနည်းနည်း ပြောခွင့်ရဖို့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို စာတစ်စောင်ပို့ပြီး တောင်းဆိုထားပါတယ်။ အခုထိတော့ ဘာမှထူးထူးခြားခြား ပြန်လာတာ မရှိသေးပါဘူး” ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှာ အတွင်းရေးမှူးတာဝန်နဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သလို လက်ရှိအချိန်ထိ KBC အကြံပေးပုဂ္ဂိုလ်အဖြစ်လုပ်ကိုင်နေပြီး ကချင်လူထုကြား မှာ လူသိများထင်ရှားတဲ့ ဘာသာရေးဆရာ တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ် ရေးနဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးလုပ်ငန်း တွေမှာလည်း အဓိက ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်ပါတတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လွတ်ပေးဖို့ KBC အပါဝင်၊ American Baptist Churches USA၊ World Kachin Congress နဲ့ အခြားကချင်အရပ်ဘက်အဖွဲ့စည်းတွေကလည်း ကြေညာ ချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။ https://www.facebook.com/rfaburmese/photos/a.10150522560153128/10163 32864358128/
၂။ မြောက်ပိုင်း EAO ၇ ဖွဲ့နှင့် တရုတ်ကိုယ်စားလှယ် တွေ့ဆုံမှုမှာ ရွေးကောက်ပွဲသဘောထားများကို မေးမြန်းခြင်း ဖြစ်နိုင် ကြောင်း နိုင်ငံရေးအကဲခတ်သူများ ပြော
December 29, 2022
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun)နှင့် မြောက်ပိုင်း EAOs ၇ ဖွဲ့ တို့ သည် ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် မြောက်ပိုင်း မဟာမိတ် EAOs များဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။ UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်း က “ မိတ်ဆက်ပွဲအနေနဲ့ တွေ့ကြတာ မှန်ပါ တယ်။ တခြား ထူးထူးခြားခြား ဆွေးနွေးမှုတွေတော့ မရှိပါဘူး”ဟု ပြောဆို သည်။ သို့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် ကိုယ်စားလှယ် အနေဖြင့် မြန်မာနိုင်တွင် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ အခြေအနေများကိုပိုပြီး နားလည်သဘော ပေါက်မှုရရှိဖို့ အတွက် အဆိုပါအဖွဲ့အစည်းတို့ထံမှ သဘောထားတွေကို လာရောက်မေးမြန်းစုံစမ်းခြင်းဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံအရေးလေ့ လာသုံးသပ်သူများက ပြောဆိုသည်။
မြန်မာ့နိုင်ငံအရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က“ NCA လက်မှတ်မထိုးထားတဲ့ EAO ၇ ဖွဲ့နဲ့တွေ့တာကတော့ တရုတ်ပြည်က ဗမာပြည်မှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ သူတို့ရဲ့နိုင်ငံရေးသဘောထားတွေ၊ စစ်ကောင်စီကလုပ်မယ့် လုပ်ငန်း တွေ အစီစဉ်တွေအပေါ်မှာ တရုတ်ပြည်အနေနဲ့ ပိုမိုပြည့်စုံစွာ နားလည်ဖို့လိုအပ်နေတဲ့အချိန် ဖြစ်တဲ့အတွက် ဒီလိုတွေ့ဆုံမှု ဖြစ်နိုင်တယ်” ဟု ဆိုသည်။ စစ်ကောင်စီသည် လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။ ထို့အပြင် အဆိုပါ EAO ၇ ဖွဲ့ထဲက AA၊ TNLA နှင့် MNDAA ညီနောင် မဟာမိတ် (၃) ဖွဲ့ကို တရုတ်က တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်သော နည်းလမ်းအားဖြင့် နိုင်ငံရေးအရ ကြားခံပေးမှုများ ရှိကြောင်းလည်း ဉီးသန်းစိုးနိုင် က ဆိုသည်။ အဆိုပါ မြောက်ပိုင်း (၇) ဖွဲ့ကို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဟု လည်း ခေါ်ဆိုကြပြီး တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ NCA မဟုတ်သော အခြားနိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် မူဝါဒချမှတ်ထားသည်။ https://www.facebook.com/dmg newsagency/photos/a.466679383484478/2485837791568617/
၃။ နောင်ချိုမြို့နယ်အစပ်တွင် PDF ၈ ဦး ပစ်သတ်ခံရ
December 30, 2022
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မတ္တရာမြို့နယ်အစပ်ရှိ နဂါးချောင်းအနီးမှာ ပစ်သတ်ခံထားရတဲ့ အမျိုးသားရုပ် အလောင်း ၈ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ နယ်မြေ ရှင်းလင်းရေး လုပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တာဝန်နဲ့ ခရီးထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ထိပ်တိုက်တွေ့ဆုံပြီး ပစ်သတ်ခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သေဆုံးသူတွေက PDF တွေလို့ သိထားပါတယ်။ စစ်တပ်က အဲဒီဘက် တကြောမှာ PDF တွေ ရှိတာ သိထားတာဒါကြောင့် ကင်းပတ်ကြတာပါ။ အဲ့ဒီမှာ ထိပ်တိုက်တွေ့ပြီး ရက်ရက်စက်စက် ပစ်သတ်ခံ လိုက်ရတာ။ ဘယ်အဖွဲ့ အစည်းက PDF လည်းဆိုတာတော့ အတည်ပြုလို့ မရသေးဘူး” သတ်ဖြတ်ခံလိုက်ရတဲ့ PDF တွေနဲ့ပတ် သက်ပြီး အဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန် ထားတာ မရှိသေးပါဘူး။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအနီး ဆိုင်ကယ် ၄ စီး နဲ့ PDF ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆီး ရမိ တယ်လို့ ဖော်ပြထားပါတယ်။ http://burmese.dvb.no/archives/571064
၄။ လောပိတဒေသခံ အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
December 30, 2022
ကရင်နီ (ကယား) ပြည်နယ်၊ လွှိုင်ကော်မြို့နယ်၊ လောပိတမြို့၊ လောပိတရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတဦးကို PDF ကို ငွေကြေးထောက်ပံ့မှုအပြင် ဖေ့စ်ဘွတ်ခ်မှာ NUG၊ CRPH၊ PDF အဖွဲ့တွေကို ထောက်ခံတဲ့ပို့စ်တွေ ရေးသား ဖြန့်ဝေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရ သူမှာ လောပိတရပ်ကွက်မှ ကိုနေလင်းထွန်း (ခ) နေထွန်းဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်က PDF အဖွဲ့တွေကို ငွေကြေး ထောက်ပံ့ နေတယ်လို့ သတင်းရတဲ့အတွက် စစ်ကောင်စီတပ်က သွားရောက်ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီဝါဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်က ကိုနေလင်းထွန်း ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ နိုင်ငံတော်အစိုးရနဲ့ စစ်တပ်အပေါ် အကြည်ညိုပျက်ပြားအောင် ရည်ရွယ်ပြီး ကိုယ်တိုင်ရေးသားဖြန့်ဝေ တာတွေ ပြုလုပ်ထားပြီး လက်ကိုင်ဖုန်းထဲမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အဖွဲ့ အတွက် ငွေကြေးထောက်ပံ့တဲ့ အထောက် အထားတွေ တွေ့ရှိခဲ့တဲ့အပြင် ဗိုက်ဘာနဲ့ မက်ဆင်ဂျာတွေမှာ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်တာတွေ ပြုလုပ်ထား တယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ကိုနေလင်းထွန်းကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာနဲ့ အသေးစိတ်အချက် အလက်တွေကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် ခြေရာခံကာ လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။ http://burmese.dvb.no/ archives/571052
၅။ လောင်းလုံမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ကြပ်ကြီး ပြုံးချို နှင့် ပျူစောထီး ၃ ဦးကို PDF က ပစ်ခတ်ရှင်းလင်း
December 29, 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် လောင်းလုံး-ကျောက်နီမော်လမ်းပိုင်းတစ်နေရာတွင် ဒီဇင်ဘာလ ၂၈ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ၁ ဦး ကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း လောင်းလုံ PDF ထံကသိရသည်။ ပစ်ခတ်ရှင်းလင်းခံရသူမှာ စစ်ကောင်စီတပ်၏ ကမ်း ရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်(ကရခ) လက်အောက် ခံတပ်ရင်းတစ်ခုမှ တပ်ကြပ်ကြီး ပြုံးချို ဆိုသူဖြစ်ပြီး ၄င်းထံမှ စစ်ကောင်စီတပ်ဖွဲ့အခြားအဆင့်စိစစ်ရေးကတ်(ရေး – ၁၀၀)၊ စစ်ဆေးရုံများတွင် ကာကွယ်ဆေးထိုးမှတ်တမ်းနှင့် စစ်အသုံးအဆောင်ဆက်စပ်ပစ္စည်းများနှင့် ငွေကြေးတချို့ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။ အလားတူ နေ့လည် ၁ နာရီခွဲဝန်းကျင်မှာပင် မောင်းမကန်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင်၏ နေအိမ်ကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ သည်ဟုဆို သည်။
“သူတို့တွေက ရွာမှာဆို အရမ်းဆိုးတဲ့ ပျူစောထီးတွေပါ။ ပျူစောထီးသင်တန်းလည်း တက်ထားကြတယ်။ ရွာထဲမှာ လည်း ပြည်သူတွေကို နင်တို့ကို ငါစစ်တပ်နဲ့ဖမ်းခိုင်းလို့ရတယ်လို့အမြဲခြိမ်းခြောက်တယ်။ ပြီးတော့ PDF တွေကို မကြောက်လို့ ငါပျူစောထီးလုပ်နေတယ်ဟုပြောဆိုထားတဲ့သူ” ဟု LLPDF မှ အဖွဲ့ဝင်တစ်ဦးက ကိုပြောပါသည်။ ယင်းတိုက်ခိုက် မှုဖြစ်စဥ်တွင် ပျူစောထီးခေါင်း ဆောင် ဦးစိုးသိန်း(ခ)သက်ရှည် သည် နေရာတွင် ပွဲချင်းပြီး သေဆုံး သွားပြီး ၄င်း၏ သမက်ဖြစ်သူ စစ် မှုထမ်း ဟောင်း ပျူစောထီး နိုင်ဦး နှင့် သမီးဖြစ်သူ မအေးလဲ့ထွေး(ခ)မီးကန်း တို့မှာ ရရှိသောဒဏ်ရာများဖြင့် အရေးပေါ်ဆေးရုံသို့ တင်ထားရကြောင်း LLPDF ထံမှသိရသည်။ အဆိုပါတိုက်ခိုက်မှုများမှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် လုံးဝ( လုံးဝ) မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားပါသည်။ https://ww w.facebook.com/ayeyarwaddytimes/photos/pcb.2373375806153740/2373375666153754/
၆။ “ဘထိုင်းတောင်ခြေ” စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ၃ လအတွင်း မွေးကင်းစကလေး ၅ ဦး သေဆုံး
December 29, 2022
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ “ဘထိုင်းတောင်ခြေ” စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ၃ လ အတွင်း မွေးကင်းစ ကလေးငယ် ၅ ဦးအထိ သေဆုံးမှုရှိခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်စခန်း ကော်မတီရဲ့ ပြောဆိုချက် အရ သိရပါတယ်။ “ပြီးခဲ့တဲ့ ၁ လ၊ ၂ လ အတွင်းမှာတော့ ကလေးတွေ အသေအပျောက် တော်တော်များတယ်။ အများအားဖြင့် မွေး ဆုံး တာတွေဖြစ်တာပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က ဆေးရုံ ဆေးခန်းတွေနဲ့လည်း အလှမ်းဝေးတယ်ပေါ့နော။ နောက်ပြီး တော့မှ ဆေးဝါးလုံလောက်မှု မရှိဘူး။ ဆရာမတွေ ဆရာကြီးတွေကလည်း ကျနော် တို့ကိုအချိန်ပြည့်လို့ ပြောရမှာပေါ့နော ဥပမာ တစ်လကို ၂ ကြိမ် ဆိုလည်း ၂ ကြိမ်ပေါ့နော အ့လိုမျိုးသူတို့ လှည့်ပြီးတော့မှ ဆေးဝါးတွေပေးတာတို့ တိုင်းတွာပေးတာတို့ အဲ့လိုမျိုး တွေ မရှိဘူးပေါ့နော။ မရှိလို့ကျနော် တို့ကလေးတွေအသက်ဆုံးရှုံးခဲ့ရတာပေါ့။” လို့စစ်ဘေးဒုက္ခသည်စခန်း ကော်မတီ ဦးအာကိုစတီးနို ကပြောပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမရှိတော့တဲ့ ကာလမို့လို့ ကလေးငယ်တွေ ပိုသေဆုံးနေရတာလို့ စစ်ရှောင်ကော်မတီ ဦးအာကိုစတီးနို က အခုလိုဆက်ပြောပါတယ်။ “ကိုယ်ဝန်အရင့်အမာနဲ့ခါကျတော့လေး ဆိုင်ကယ်ကိုပဲ တစ်ပတ် တစ်ကြိမ် နှစ်ကြိမ် အဲ့မျိုး OG ပုံစံမျိုးပေါ့နော သူပြနေကျဆေးခန်းမှာ သွားပြတဲ့အချိန်ခါကျတော့ ဝေးတယ်။ ဝေးတဲ့ ခါကျတော့သူသွားလာတာ ခက်ခဲတယ်ပေါ့နော။ ခက်ခဲတော့ သူ့ကိုယ်ဝန်က ပျက်ကျနိုင်တယ်လို့ ကျနော်တို့မြင်တယ် ပေါ့နော။ ဆိုတော့ အဲဒီကြောင့်မို့လို့ ဒီမွေး ဆုံး တဲ့ကလေးတွေ လေးငါးယောက်ထိပေါ့နော။ တစ်ချို့လူတွေခါကျတော့ တစ်ပတ် နှစ်ပတ် အဲ့လောက်ပဲခံတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှု အင်မတန်မှ အားနည်းလို့ပေါ့နော။ ” ကိုယ်ဝန် ဆောင်မိခင်အများစုက အဓိက ဆေးဝါးဆိုင်ရာ ကျန်းမာရေးပိုင်းမှာ ဆေးကုသဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။ ၂ ပတ်သား နဲ့ ကလေးသေဆုံးသွားခဲ့တဲ့မိခင်ဒေါ်မေဖြိုးကတော့ သူ့သားလေးအတွက် အခုလိုပြောလာပါတယ်။
“ရင်လည်းကျိုးတယ်ပေါ့နော။ ကိုယ်ကလူဖြစ်မယ်လို့ထင်ထားခဲ့တယ် ဒါမဲ့ ဖြစ်လာတော့လည်း ကံတရားကြောင့်လို့ပဲ မှတ်လိုက်တယ်။ သူကကိုယ်နဲ့တူတူမှမနေချင်တာ။ သူထွက်သွားချင်မှတော့သူ့လမ်းနဲ့သူလျှောက် သူလမ်းနဲ့သူ သွားချင်မှတော့ သူသွားပေါ့။ နောက်တစ်ခါလာလို့ရှိရင်လည်း နှစ် ၁၀၀ နေနိုင်မှလာခဲ့ပေါ့ အဲ့မျိုးပဲပြောလိုက်တယ်။ ကိုယ်လည်းအများကြီး သူ့အတွက်ဆိုပြီး မျှော်လင့်ချက်အများကြီးရှိတယ်။ သူ့အတွက်ဆိုပြီး ဝယ်ထားတဲ့ဟာတွေ အများကြီးရှိတယ်။ ဒီလိုမျိုးဖြစ် လာ တော့ ကိုယ်လည်းစိတ်မကောင်းဘူး။ ရင်လည်းကျိုးတယ် ” နေထိုင်ရာတဲမှာပဲ မီးဖွားခဲ့ရတဲ့ ကိုယ်ဝန်သည် ၂ ဦးရှိပြီး ၂ ဦးစလုံး ရဲ့ကလေးက မွေးမွေးချင်းသေဆုံးခဲ့ရပါတယ်။ နှစ်ပတ်သား နဲ့ သေဆုံးသူ တစ်ဦး၊ ကိုယ်ဝန် ၅လ နဲ့ ပျက်ကျခဲ့ရသူတစ်ဦးနဲ့ ဆေး ခန်းမှာမွေးပြီး မွေးမွေးချင်းသေဆုံးသူ တစ်ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ ဘထိုင်းတောင်ခြေ စစ်ဘေး ဒုက္ခသည် စခန်းမှာ စစ်ရှောင်ဦးရေ ၄၂၇ ယောက် ရှိပြီး စစ်ရှောင်ပြီး ၂နှစ်နီးပါးကာလအတွင်း ဆေးကုသဖို့အခက်ခဲကြောင့် ကလေးငယ် ၅ ဦး၊ သက်ကြီးရွယ်အို ၃ ဦး စုစုပေါင်း ၈ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80 %98%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%
၇။ စစ်တပ်က ၂၀၂၃ ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောမှုများ စတင်လုပ်ဆောင်နေ
December 28, 2022
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ် လက်အောက်ခံ ဌာနဆိုင်ရာများ စုပေါင်းကာ ၂၀၂၃ ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောမှုများ စတင်လုပ်ဆောင်နေကြကြောင်း စုံစမ်းသိရှိရသည်။ အာဏာသိမ်း စစ်ကောင်စီ သည် လာမည့် ၂၀၂၃ ရွေးကောက်ပွဲတွက် ဗန်းမော်မြို့နယ်တွင် ဦးစားပေး နယ်မြေ ၄ ခု သတ်မှတ်ထားပြီး ဒီဇင်ဘာလ ၂၃ ရက် နေ့မှစကာ ရပ်ကျေးဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ရွေးကောက်ပွဲအတွက် စည်းရုံးဟောပြောမှုများ လုပ်ဆောင်နေကြောင်း အမည်မဖော် လိုသူ ဒေသခံတစ်ဦးက ပြောသည်။ “မိုးဖိန်းရွာမှာ ၂၃ ရက်နေ့က လူစုခိုင်းပြီး တော့ ရွေးကောက်ပွဲ စည်းရုံးရေးဆင်းတာလို့ပြော တယ်။ ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲလိမ်တာ မဲ မသာမာမှုတွေရှိခဲ့တယ်ဆိုပြီး ဒါတွေပြောသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်မှ ဦးစားပေးသတ်မှတ်ထားသည့် နယ်မြေများမှာ ဗန်းမော်မြို့ပေါ်ရပ်ကွက်များအပါအဝင် တာမိုင်းလုံ မှ နောင်လိုက်အထိ ဖြစ်ပြီး ဗန်းမော်အနောက်ဘက်မြစ် ကမ်းနဘေးရှိ ကျေးရွာများ၊ မံဖာရွာ မှ မံရွတ်ရွာများဖြစ် ကြောင်းသိရ သည်။ ထို့အပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်လည်း တာမိုင်းလုံကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်း ရွေးကောက်ပွဲအတွက် စည်းရုံး ဟောပြောမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ “သူတို့စစ်တပ်နဲ့ နီးစပ်သူတွေ အများဆုံးနေတဲ့နေရာတွေကို ဦးစားပေး နယ်မြေသတ်မှတ်ပြီး စည်းရုံးရေးလုပ်နေတာ။ ခုဆက်တိုက် စည်းရုံးရေး ဆင်းဖို့ကို ပြင်နေပြီလို့ သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်း ၁၁၅၀၄၀၇ ရှိသည့်အနက် ဗန်းမော်ခရိုင်တွင်း မဲပေးခွင့်ရှိသူ ၂ သိန်းခွဲပါဝင်ကြောင်း သိရသည်။ https://burmese.kachinnew s.com/2022/12/28/az3-15/
၈။ ကော့ကရိတ် မြို့၀င်၊ မြို့ထွက်ရပ်ကွက်အပိုင်း နေထိုင်သူများအား စစ်ကောင်စီ နေရာရွှေ့ပြောင်းခိုင်းနေ
December 29, 2022
ကော့ကရိတ်မြို့၀င်၊ မြို့ထွက်ရပ်ကွက်အပိုင်းတွင်း နေထိုင်သည့် ဒေသခံပြည်သူများအား ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကောင်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ရှောင်တခင်၀င်ရောက်စစ်ဆေးမှုလုပ်ဆောင်ကာ နေရာ ရွှေ့ပြောင်းခိုင်းနေ ကြောင်းသိ ရသည်။ ကော့ကရိတ် မြို့အနီး၀န်းကျင်တတန်ကူး၊ မြို့တော်ဦး၊ ခနိမ်းမူ ရပ်ကွက်အပိုင်းရှိ ဒေသခံနေအိမ် များအား စစ်ကောင်စီ စစ်ကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရှောင်တခင်၀င်ရောက် ဧည့်စာရင်း စစ်ခြင်းနှင့် နေအိမ်ရှိ ဒေသခံများ အသုံးပြု သည့် ဖုန်းများအား စစ်ဆေးပြီးနောက် မြို့အစွန်ပိုင်း နေအိမ်များအား နေရာရွှေ့ ပြောင်းနေထိုင်ကြရန် ဖိအားပေး ပြောဆိုမှုများ ပြုလုပ်ကြောင်း ရပ်ကွက်သားများက ပြောသည်။ “မနေ့က ရပ်ကွက်အုပ်ကြီးနဲ့ စစ်တပ်က လာပြောတယ်။ နင်တို့အိမ်တွေ ရွှေ့နေကြတဲ့၊ တိုက်ပွဲဖြစ်ရင် မလွတ်ဘူးဆိုပြီး ပြောတယ်၊ နောက်တော့ အိမ်ထောင်စု စာရင်းတွေ စစ်တယ်၊ လူမစုံတော့ ဒီလူ တွေ ဘယ်သွား နေလဲ မေးတယ်၊ အိမ်ကကလေးတွေက တောင်ပေါ်တက်(ထိုင်းဘက်) အလုပ်လုပ်နေတယ်လေ၊ အဲဒါကို ကရင် အဖွဲ့တွေဘက် ရောက်နေတာလားမေးတယ်၊ နောက်ပြီးတော့ အိမ်က ဖုန်းတွေ ယူစစ်တယ်၊ အိမ်ပြောင်း နေခိုင်း တာတော့ ကျမတို့ မပြောင်း နေနိုင်ဘူးလေ၊ ပြေးပြောင်းစရာနေရာမှ မရှိတာ၊ ”ဟု မြို့တော်ဦး ရပ်ကွက်အပိုင်းနေ ထိုင်သူ အမျိုးသမီးက ပြောသည်။
လက်ရှိကော့ကရိတ် အခြေအနေနှင့်ပတ်သက်၍ ခနိမ်းမူ ရပ်ကွက်သားတစ်ဦးကလည်း “အခုစစ်တပ်က ရပ်ကွက်သား တွေ၊ ရွာသားတွေကို ကရင်အဖွဲ့တွေ နေနေတဲ့ ရွာတွေသတိထားနေ စစ်ကိုင်းတို့၊ ချင်းပြည်တို့လို မီးရှို့ ပစ်မယ်၊ ကရင်အဖွဲ့တွေ ၊ PDF အဖွဲ့တွေ လက်မခံနဲ့ လက်ခံရင် ထောက်ပံ့ရင် ရွာဖျက်ပစ်မယ် ပြောတာတွေ ရှိတယ်၊ အခုက မြို့ထဲနေလည်း မလုံခြုံဘူး၊ ရွာဘက်ပြောင်းနေလည်း မလုံခြုံတော့ဘူး၊ လက်နက်ကြီးဘယ်အချိန် ကျလာမလဲ၊ လေယာဉ်ဘယ်အချိန် ဗုံးကြီးကျလာမလဲ စိတ်ပူနေရတယ်၊ တိုက်ပွဲမဖြစ်လည်းပစ်ချင်ရာ ရမ်းပစ်နေတာ ”ဟု ပြောပါတယ်။ ကော့ကရိတ်မြို့ ပတ်၀န်းကျင်ကျေးရွာများ ဘက်သို့ စစ်ကောင်စီ တပ်မ ၄၄ ၊ တပ်မ ၂၂ နှင့် အခြား နယ်ခြား စောင့်တပ်-BGF ပူးပေါင်း တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများဖြင့် KNLA ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှား ရာနေရာများအား စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသလို လက်နက် ကြီး ပစ်ခတ်ပစ်ကူ ပေးသည့်နေရာ ၅ နေရာခန့်မှ ပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ရေး ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ် များ ဖြင့် နေ့ရောညပါ တိုက်ခိုက်နေသည့်အတွက် ဒေသတွင်း ကျေးရွာ ၂၀ ခန့်မှ လူ ၁၀,၀၀၀ ၀န်းကျင် စစ်ဘေးရှောင်နေထိုင် ကြရကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။ https://kicnews.org/2022/12/%e1%80%80%e1%80%b1%e1%80%
၉။ လောင်းလုံးက စစ်ရှောင်ပြည်သူများ ရိက္ခာနှင့် အကူအညီ လိုအပ်နေ
December 30, 2022
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေ ရိက္ခာ၊ ဆေးဝါးနဲ့ တခြားအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ လက်ရှိ စစ်ရှောင်အရေအတွက်ကတော့ ၁၅၀ လောက်ရှိ နေပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာတရွာကနေ ပြီးခဲ့တဲ့ နှစ်လလောက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင် တွေရဲ့ ရမ်းကားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူတွေဖြစ်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီ လူမှုကူညီရေးဆပ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။ “အရင်က ၂၀၀ လောက်ရှိတာ၊ အခြေအနေ နည်း နည်းအေးလို့ အိမ်ပြန်သွားကြတာလည်းရှိတယ်။ အခုကာလက တော်တော်အေးတော့ စောင်တွေ၊ အနွေးထည်တွေ တော်တော် လိုအပ်နေကြတယ်။” လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲကြီးတွေ ဖြစ်ပွားလေ့မရှိပေမဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ကျေးရွာတွေထဲ ဝင်ရောက်ပြီး လုယက်သတ်ဖြတ်တာတွေ လုပ်လေ့ရှိတာကြောင့် ရွာခံတွေ ကြောက်ရွံ့ပြီး အခုလို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။ ပြီးခဲ့တဲ့ မေလလောက်ကလည်း လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ရမ်းကားမှုတွေကြောင့် ရွာခံတွေက ကြောက်ရွံ့ပြီး နီးစပ်ရာ ရွာတွေမှာ ၆ လလောက် ရှောင်တိမ်းနေခဲ့ကြရပါတယ်။ http://burmese.dvb.no/archi ves/571049
၁၀။ မုံးကိုးဒေသ MNDAA တပ်စခန်းကို စစ်ကောင်စီလေကြောင်းတိုက်၊ MNDAA တပ်သားတစ်ဦး ကျဆုံး ၅ ဦးထိခိုက်
December 28, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသတွင် စစ်ကောင်စီမှ ကိုးကန့်တပ် (MNDAA) ရှိသည့်နေရာကို Su-30 တိုက်လေယာဥ်ဖြင့် ပစ်ခတ်သဖြင့် MNDAA ဘက်မှ တပ်သားတစ်ဦးကျဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁ နာရီကျော်တွင် စစ်ကောင်စီဘက်မှ Su-30 တိုက်လေယာဦဖြင့် MNDAA တပ်စခန်းကို ဗုံးကြဲတိုက်ခိုက် သဖြင့် MNDAA ဘက်မှ တပ်သား တစ်ဦးကျဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “အာဏာသိမ်းစစ်ကောင်စီတပ်သည် Su-30 တိုက်လေယာဉ်နဲ့ ကိုးကန့်(MNDAA)ရဲ့ ခံတပ်ကို ဗုံးသီး (၁၀)လုံးနဲ့ နှစ်ကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။ MNDAA ဘက်မှ ၁ ဦးအသက်ပေးစွန့်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု MNDAA ၏ သတင်းပြန်ကြားရေး တစ်ခုဖြစ်သည့် The Kokang လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားထားသည်။
လွန်ခဲ့သည့် နိုဝင်ဘာလတွင် ကိုးကန့်ဒေသ နမ့်ဖာတောင်တိုက်ပွဲ၌ MNDAA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ အာဏာသိမ်း စစ်ကောင်စီတပ်မှ တပ်သားအနည်းဆုံး ၅၀ ကျော် နှင့် ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၃ ရက် မုံးကိုးဒေသ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးသေဆုံးခဲ့သည့်အတွက် ယခုလို လေကြောင်းဖြင့် လာရောက်တိုက်ခိုက် ခြင်းဖြစ်ကြောင် The Kokang တွင်ရေးသား ထားသည်။ https://burmese.shannews.org/archives/32253
၁၁။ ကယန်းဒေသတွင်း ကျောင်းအချို့တွင် ဘာသာစကားစုံသုံး ပညာရေးစနစ်ဖြင့် စမ်းသပ်သင်ကြားနေ
December 29, 2022
ကယန်းဒေသတွင်းရှိ ကိုယ်ထူကိုယ်ထကျောင်းအချို့မှာ မိခင်ဘာသာစကားအခြေပြု ဘာသာစကား အစုံသုံးပညာရေး (MTB-MLE)စနစ်နဲ့ စမ်းသပ်သင်ကြားနေတယ်လို့ အဆိုပါ ပညာရေးစနစ်ကို အကောင်အ ထည်ဖော်ဆောင်နေတဲ့ ကယန်းမျိုး ဆက်သစ်လူငယ်အဖွဲ့ရဲ့ MTB-MLE သင်ထောက်ကူပစ္စည်းနှင့် သင်ရိုးညွှန်း တမ်း ထုတ်လုပ်ရေးတာဝန်ခံ ခွန်းစိုးပိုင်က ပြောပါ တယ်။ “၂၀၁၉ ကနေပြီးတော့ လက်ရှိအချိန်ထိသည် တော်တော်များ စမ်းသပ်သင်ကြားတဲ့ ကာလပဲလို့ ကျနော်တို့ ခေါ်တာပေါ့ နော်။ အဲ့တော့ ၂၀၁၉ ကနေပြီးတော့မှ လက်ရှိ ၂၀၂၂ ဒီနေ့ ဒီအချိန်ထိ ဆိုလို့ ရှိရင် ဆရာ၊မ ပေါင်း အားလုံး ၂၀၀ လောက်ပေါ့နော်။ ၂၀၀ လောက်ကို ကျနော်တို့က MTB-MLE သင်ထောက်ကူပစ္စည်းကို အသုံးပြုပြီးတော့မှ ကလေးတွေကို ပြန်သင်ကြားနိုင်တဲ့ အဆင့်ထိကို ကျနော်တို့ သင်တန်းတွေ ပေးနိုင်နေပြီပေါ့နော်။ နောက်ပြီးတော့မှ ကျောင်းပေါင်း ၁၀၀ ဝန်းကျင်လောက်ကို ဒီ MTB-MLE နဲ့ ပတ်သက်ပြီးတော့မှ ကယန်းဒေသမှာ ရှိနေတဲ့ ကျေးရွာ ၁၀၀ လောက်ကို ကျနော်တို့ သွားရောက်စမ်းသပ်သင် ကြားနိုင်ခဲ့ပြီပေါ့နော်။”လို့ ခွန်းစိုးပိုင် ကပြောပါတယ်။ ကယန်းဒေသတွင်း စာသင်ကျောင်းတွေမှာ ဘာသာစကားစုံသုံး MTB-MLE ပညာရေးစနစ်နဲ့ သွားနိုင်ဖို့အတွက် လေးနှစ်ကြာ အချိန်ယူလုပ်ဆောင်လာခဲ့ပြီး ခုချိန်မှာတော့ KG အတန်းအတွက် သင်ရိုးညွှန်း တမ်းရေးဆွဲပြီးဖြစ်သလို Grade 1 နဲ့ Grade 2 အတွက်လည်း ပြင်ဆင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ ပညာသင်နှစ်မှာလည်း ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က အကောင်အထည်ဖော်နေတဲ့ ပညာရေး အစီအစဉ် အောက်မှာ ဒေသခံကျေးရွာတွေနဲ့ ပူးတွဲပြီး ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်း ၂၄ ကျောင်းမှာ KG အတန်း အပြင် Grade 1 နဲ့ Grade 2 အတန်းတွေမှာ သင်ရိုးသစ်ဘာသာရပ်တွေနဲ့ ပေါင်းစပ် သင်ကြားပေးတာတွေ လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ဖော်ဆောင်နေတဲ့ MTB-MLE ပညာရေးစနစ်ဟာ မိခင်ဘာစကားနဲ့ သင်ကြားရာကနေအ ခြား ဘာသာစကားတစ်ခုကို စနစတကျ ကူးပြောင်းသင်ကြားပေးတဲ့ ပညာရေး စနစ် တစ်ခုဖြစ်တယ်လို့ ခွန်းစိုးပိုင်က ဆိုပါတယ်။ ဒီ MTB-MLE ပညာရေးစနစ်သစ်အတွက် သင်ထောက်ကူ ပစ္စည်းနဲ့ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အခါမှာ ကယန်းတိုင်းရင်း သား တွေရဲ့ ရိုးရာပုံပြင်တွေ၊ ကယန်းဒေသက အကြောင်းအရာ တွေ၊ ဆိုရိုးစကားတွေ၊ ရိုးရာယဉ် ကျေးမှုတွေ၊ အစားအသောက် အကြောင်းတွေကို အခြေခံပြီးတော့ ဖန်တီးရေဆွဲ ထားတယ်လို့ ဆိုပါတယ်။ အခုလို သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲနိုင်ဖို့ အတွက်ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေပြီး ဒီ MTB-MLE ပညာရေးစနစ်က အနာဂတ် ဖက်ဒရယ်ပညာရေးမှာ ကယန်းတိုင်းရင်း သားတွေအတွက် အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အဆိုပါ မိခင် ဘာသားစကားအခြေပြု ဘာသာစကားအစုံသုံးပညာရေး (MTB-MLE) ပညာရေးနစ်ကို ကရင်နီ ပြည်နယ်မှာ ကယန်း တိုင်းရင်း သားနဲ့ ကယားတိုင်းရင်းသားအပါအဝင် မွန်၊ ရှမ်း၊ ကရင်စတဲ့ တိုင်းရင်းသား (၅) မျိုးက အကောင်အထည်ဖော် လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%80%e1%80%9a% e1%80%94%e1%80%ba%
၁၂။ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် မအေးမြစန္ဒာနှင့် မောင်မောင်ကျော်တို့အား ၂ လကြာသည် အထိ တွေ့ခွင့်မရ
December 30, 2022
ရခိုင်ပြည် မောင်တောမြို့နယ် ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်က စစ်ကောင်စီတပ်သား များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် မအေးမြစန္ဒာနှင့် မောင်မောင်ကျော် တို့ကို ၂ လကြာသည်အထိ တွေ့ခွင့်မရသေးဟု မိသားစုဝင် များကပြောသည်။ ဖမ်းဆီးခံရသည့် ၂ ဦးတွင် မအေးမြစန္ဒာ မှာ မင်းပြား ပြိုင်းတောဇာတိဖြစ်ပြီး မောင်မောင်ကျော် မှာ မောင်တော အောင်တဗွေကျေးရွာမှဖြစ်ပြီး ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်သည်။ မအေးမြစန္ဒာ မှာ မောင်တော ရှိ မင်္ဂလာညွှန့်ကျေးရွာသို့ အလည်သွားပြီးနေရပ်သို့ အပြန်တွင် ကြိမ်ချောင်းဂိတ်၌ ဖမ်းခံရခြင်းဖြစ်ပြီး သူမအား လိုက် ပါ ပို့ဆောင်သည့် ကယ်ရီမောင်းနှင်သူ မောင်မောင်ကျော် ပါ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း သူတို့နှစ်ဦးမှာ ၁ လ ကျော်ကြာအဆက်သွယ်မရဘဲ ပျောက်ဆုံးနေခဲ့ပြီး ဒီဇင်ဘာလ ပထမအပါတ်အတွင်းက ၎င်းတို့နှစ်ဦးအား မတရားအသင်း ဆက် သွယ်မှုပုဒ်မ ၁၇(၂) ဖြင့်စွဲဆိုထား သည်ကို ကြားသိရကြောင်း မိသားစုဝင်များကပြောသည်။ “ခုထိတွေ့ခွင့်မရသေးပါဘူး။ ၁၇(၂) နဲ့တရားစွဲထားတယ် ကြားပြီးတည်းကလည်း ပထမ ရုံးထုတ်နိုးနိုးနဲ့ တရားရုံးတောင်သွားစောင့်ခဲ့တယ်။ ဒီဇင်ဘာလ ကုန်တဲ့အထိ ရုံးကမထုတ်ပါဘူး” ဟုပြောသည်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ လက်ရှိတွင် မောင်တော နခခ(၇) တွင်ထိမ်းသိမ်းခံထားရဆဲဖြစ်ပြီး ကျန်မာရေး အခြေအနေ အပြင် ၎င်းတို့နှစ်ဦး၏ အခြေနေများနှင့်ပတ်သက်၍ စိုးရိမ်နေရဆဲဖြစ်သည်ဟု မိသားစုဝင်များကဆိုသည်။ “စိုးရိမ် တာကတော့ အမြဲ စိုးရိမ်တာပါပဲ။ မိန်းကလေးကို ပိုစိုးရိမ်တယ်။ ဖမ်းသွားကတည်းက လုံးဝတွေ့ခွင့်မရတော့ ဘယ်လိုများရှိနေမလဲဆိုပြီးစိတ်ပူ ရတယ်။ တရားစွဲထားတယ်ဆိုတော့ သက်သေတွေနဲ့ အမြန်ဆုံးရုံးထုတ် စေချင် တယ်” ဟုပြောသည်။ မအေးမြစန္ဒာနှင့် မောင်မောင်ကျော် တို့ ဖမ်းဆီးခံရပြီး ၂ လကြာ အဆက်သွယ်ဖြတ် ဖမ်းချုပ် ထားသည့် အခြေနေမှာ လူ့အခွင့်အရေးနှင့် မညီသည့် လုပ်ရပ်ဖြစ်သည်ကို စစ်ကောင်စီတပ်အနေဖြင့် သိရှိရန် လိုအပ်သည်ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဆို သည်။ ရခိုင်တွင် မတရားအသင်းအက် ဥပဒေဖြင့်စွဲဆိုခံရသူများမှာ AA နှင့်ဆက်စပ်မှုဖြင့် စွဲဆိုခံကြရခြင်းဖြစ်ပြီး တောင်ကုတ်မှ ဒေါက်တာကျော်သူရထွန်းနှင့် အမ်းမှ သမဝါယမဥက္ကဋ္ဌတို့မှာ ၁၇(၁)ဖြင့် တရားရင်ဆိုင်နေကြရဆဲဖြစ်သည်။ https://www.fac ebook.com/western newsagency/photos/a.119286173211229/682313730241801/
၁၃။ ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာ ၆ ရွာမှ စစ်ဘေးရှောင် ၂,၀၀၀ ခန့် ဆေးဝါးနှင့်အစားအသောက်များ အရေးပေါ် လိုအပ်
December 30, 2022
တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့် ကော့ကရိတ်တောင်ပိုင်းဒေသရှိ စစ်ရှောင်နေကြရသော ဒေသခံ ကျေးရွာ သူ/ကျေးရွာသား ၂၀၀၀ ခန့်သည် လက်ရှိတွင် ဆေးဝါးနှင့်အစားအသောက်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ ကော့ကရိတ်မြို့အနီးအနားဝန်းကျင်ကျေးရွာများတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ ယနေ့အချိန်ထိ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေသည့်အတွက် ကောကော့နွဲကျေးရွာအုပ်စုရှိ ကော့နွဲ၊ ရွာသစ်ကုန်း၊ တတန်ကူး၊ အံကလော်၊ ကျောက်စရစ်ကုန်းနှင့် မြို့ဟောင်းစသည့်ကျေးရွာများမှ စစ်ရှောင်ရွာသားများသည် စစ်ရှောင်ရက်ကြာ လာသည့်အတွက် အစားအသောက်များလျော့ နည်းလာသလို ကျန်းမာရေးအတွက် အရေးပေါ်ဆေးဝါးများ လိုအပ်နေသည်ဟု စစ်ရှောင်များက ပြောသည်။ စစ်ရှောင် ရွာသစ် ကုန်းရွာသူတစ်ဦးက ” တိမ်းရှောင်တာတော့ တစ်ရွာလုံးပဲ။ လူကြီးကောလူ ငယ်ကော အားလုံးပါတယ်။ လောလောနဲ့တိမ်းရှောင် နေရတော့ အစားအစာလည်း အများကြီး မပါဘူး။ တိမ်းရှောင်တာ ၁ဝရက် နီးပါးရှိပြီးဆိုတော့ အစားအစာကနည်းလာတယ်။ သွားလာရေး လမ်းကြောင်းကလည်း ခက်ခဲတယ်။ အခုတော့ အစားအစာနဲ့ဆေးဝါးကအရေးပေါ်လိုအပ်နေပြီး” ပြောသည်။
စစ်ဘေးရှောင်သူများအတွက် အရေးပေါ်လိုအပ်နေသည့် အစားအစာများကို အနည်းငယ်သာ ကူညီ ထောက်ပံ့မှု ပေးနိုင် သေးပြီး နောက်ထပ်ကူညီထောက်ပံ့မှုပေးနိုင်ရေးအတွက် စီစဉ်လုပ်ဆောင်နေသည်ဟု စစ်ရှောင်များအား အကူအညီပေးနေသူ တစ်ဦးက ပြောသည်။ “စစ်ဘေးရှောင်တွေတော့ တကယ်လိုအပ်နေပြီး။ အခုက အခြေအနေ ကြောင့် အနည်းငယ်ပဲ ကူညီ ထောက်ပံ့နိုင်တယ်။ ဆက်ပြီး စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ဖို့ အစီအစဉ် တွေရှိပါတယ်”ဟု ပြောသည်။ ကော့ကရိတ်မြို့အနီး ကျေးရွာများတွင် ယခုလဒီဇင်ဘာလ ၁၆ ရက်မှစ၍ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး စစ်ကောင်စီတပ် ဘက်က ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်သည့်အတွက် လူနေအိမ် အဆောက်အအုံနှင့် အိမ်မွေးတိရစ္ဆာန်အများအပြား သေဆုံး ပျက်စီးခဲ့ပြီး ထောင်နှင့်ချီသော ဒေသခံပြည်သူများလည်း အသက် ဘေးလွတ်ကင်းရာနေရာသို့ တိမ်းရှောင်နေရသည် မှာ ယခုအချိန်ထိဖြစ်သည်။ https://kicnews.org/2022/ 12/%e1%80% 80%e1%80%b1%e1%80%ac%e1%80%b7%e1%80%80%e1%80%9b%e1
၁၄။ လောင်းလုံးမှာ မင်္ဂလာဆောင်ကို ပျူစောထီး စွန်ရဲအဖွဲ့က မိုင်းခွဲတိုက်ခိုက်လို့ ပြည်သူ ၆ ဦး ဒဏ်ရာရ
December 29, 2022
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာလယ်က မင်္ဂလာဆောင်ကို ပျူစေထီး စွန်ရဲအဖွဲ့က မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်လို့ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Dawei Information Center က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒီကနေ့ မနက် ၇ နာရီခွဲကျော်က ဝေဒီရွာက ဦးတင်သိန်း၊ ဒေါ်အေးချစ် ရဲ့ နေအိမ်မှာ မင်္ဂလာပွဲ ပြုလုပ်နေစဉ် ပျူစောထီး စွန်ရဲအဖွဲ့က လူအုပ်ကြားထဲမှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်တာလို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။ “သံချဲ့စက် စပီကာပုံး အနားက ထပေါက်ကွဲတာပါ။ လာတဲ့ ဧည့်သည်တွေ မိုင်းစထိမှန်လို့ ဒဏ်ရာရသွားပြီး အရေးပေါ် လူနာတင် ယာဉ်များ ခေါ်ယူ ဆေးရုံ ပို့ပေး နေရပါတယ်။ ကျန်တဲ့ လူတွေတော့ အိမ်ပြန်သွားကြပါပြီ။ ကွက်သစ်မှာလည်း မင်္ဂလာပွဲ တစ်ခု ဆက်လုပ်နေတယ်” လို့ သူကဆို ပါတယ်။ ဒဏ်ရာရရှိသူ ၆ ဦးမှာ ဦးဖေဝင်း၊ ဒေါ်အေးမူ၊ မရှမ်းမအို၊ မဖြူမာအောင်၊ မမီးပြည့်တို့ ၅ ဦးနဲ့ တစ်ခြားရွာမှ ပြည်သူ တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ မိုင်းဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ခုကို ဆက်သွယ် မေးမြန်းရာ သူတို့နဲ့ လုံးဝ သက်ဆိုင်မှု မရှိဘဲ ပြည်သူ ထိခိုက်မယ့် လုပ်ရပ်မျိုး ပြုလုပ်မှာ မဟုတ်ဘူးလို့ ငြင်းဆိုထားတာကို Dawei Information Center က ဖော်ပြထားပါတယ်။ https://www.facebook.com/MeKongNewsMM/photos/a.3739655232633 91/1151686735491262/
၁၅။ အမိန့်ချရန် အဆင်အသင့်မဖြစ်သေးဟုဆိုကာ မင်းပြားဒေသခံတစ်ဦးအမှုကို ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်း
December 29, 2022
ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၁) နှင့် တရားစွဲဆိုခံထားရသည့် ဒေသခံတစ်ဦး၏ အမှုမှာ စစ်ဆေးမှုအားလုံး ပြီးစီးပြီဖြစ်သော်လည်း အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၁၀ ကြိမ်ထက်မနည်း ရှိနေပြီဖြစ် ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဦးသိန်းဇော် (၃၂)နှစ်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံး၌ အပြီး သတ်အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း အဆင်သင့်မဖြစ်သေးဟုဆိုကာ လာမည့် ဇန်နဝါရီလ ၅ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်း လိုက် သည်ဟု တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းများမှ သိရသည်။ “အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီးတော့ ဇန်နဝါရီလ ၅ ရက်နေ့ကို ရွှေ့လိုက်တယ်။ အမှုကို ဆက်ပြီးတော့ လေ့လာနေတယ်ပေါ့။ အဲဒီအမှုကို ရခိုင်ပြည်နယ် တရားလွှတ်တော်ကို တင်ပြ ထားတယ်။ အခုချိန်မှာတော့ အဲဒီလောက်ပဲ ပြောပိုင်ခွင့်ရှိပါတယ်”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။ တရားစွဲဆိုခံ ထားရသည့် ဦးသိန်းဇော်မှာ မင်းပြားမြို့နယ်၊ ငှက်ရဲကောက်ကျေးရွာမှဖြစ်ပြီး စစ်တွေမြို့ရှိ “ကိုးစင်ကြယ်” ဆောက်လုပ်ရေး ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။ ဦးသိန်းဇော် မှာ ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၁)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါစွပ်စွဲချက်အပေါ် မိသားစုဝင်များက လက်မခံကြပေ။
လက်ရှိတွင် ဦးသိန်းဇော် တရားရင်ဆိုင်နေရသည်မှာ ၁၀ လခန့်ကြာမြင့်နေပြီဖြစ်သည့်အတွက် အမှုကို အမြန်ဆုံး အမိန့် ချမှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုထားကြသည်။ “ရုံးချိန်းတိုင်းကိုသွားဖို့ ကျနော်တို့မှာ ပိုက်ဆံမရှိဘူး။ ရုံးချိန်းတိုင်း ကိုလည်း မသွားနိုင်ဘူး။ တရားစွဲထားတယ်ဆိုတော့ အပြစ်ရှိရင်လည်း အပြစ်ပေးပေါ့။ အပြစ်မရှိဘူး ဆိုရင်လည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်”ဟု ဦးသိန်းဇော်၏ ညီဖြစ်သူ ကိုလင်းလင်းကပြောသည်။ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)နှင့် တရားစွဲဆိုခံရသူများမှာ တရားရုံးမှ အပြစ်ရှိသည်ဟု ဆုံးဖြတ်ပါက ၂ နှစ်ထက်မနည်း ၃ နှစ်ထက်မပိုသည့် ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဌာန်းထားသည်။ ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့် သံသယ ဖြင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ အရပ်သားစသည်ဖြင့် မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦးအထိရှိခဲ့ကြောင်း DMG မှ ကောက် ယူထားသည့် အချက်အလက်များအရ သိရသည်။ https://www.facebook.com/dmgnewsagency/photos/a.46667938 3484478/24 85845414901188/
၁၆။ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်မြို့၊ ဆန်ခါကျေးရွာရှိ ပြည်သူ(၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့
December 30, 2022
ဒီကနေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မဇွပ်ယန်အချုပ်ထောင်မှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆန်ခါကျေးရွာရှိ ပြည်သူ(၅)ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။ ဆန်ခါကျေးရွာအတွင်းရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းကိုလည်း လက်နက်ကြီး ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူတွေကိုတော့ လူမှုကူညီရေးအသင်းတွေရဲ့အကူအညီနဲ့ ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း မဇွပ်ယန်အချုပ်ထောင်မှ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်တာ တွေရှိနေတယ်လို့လည်း သိရပါတယ်။ https://w ww.facebook.com/photo/?fbid=587972993339763&set=pcb .587973153339747
၁၇။ မီးပြတ်တောက်မှုကြာမြင့်လာခြင်းကြောင့် လျှပ်စစ်မီးဖြင့်လုပ်ကိုင်နေသည့် မြဝတီဒေသခံပြည်သူများ အခက်တွေ့
December 28, 2022
ကရင်ပြည်နယ်၊ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှု ကြာမြင့်လာသောကြောင့် လျှပ်စစ်မီးအသုံးပြု၍ အလုပ်လုပ်ကိုင်ရသည့် ဒေသခံပြည်သူများအနေဖြင့် ခက်ခဲမှုများရှိနေကြောင်း သိရှိရသည်။ မြဝတီမြို့ သင်္ဃန်းညီနောင်ရှိ ပင်မထရန်စဖော်မာကို ဒီဇင်ဘာလ ၁၅ ရက်ညတွင် တိုက်ခိုက်ခံခဲ့ရပြီးနောက် မြဝတီမြို့ တွင် ဒီဇင်ဘာလ ၁၆ ရက်မှစ၍ ယနေ့အထိ လျှပ်စစ်ဓာတ်အားပြတ်တောက်နေဆဲဖြစ်သည်။ ယခုလို မီးပြတ်တောက်မှု ကြာမြင့်လာခြင်းကြောင့် လျှပ်စစ်မီးဖြင့်အသုံးပြုလုပ်ရသည့် ဝရိန်၊ အွန်လိုင်းစျေးရောင်း၊ ရုပ်ရှင်ရုံစသည့် လုပ်ငန်းများ လည်ပတ်နိုင်မှုမရှိတော့သည့် အတွက် ၎င်းအလုပ်များလုပ်ကိုင်ကြသည့် ပြည်သူများ အနေဖြင့် လုပ်ငန်းနှောက်နှေး ကြန့်ကြာမှုများရှိလာသည်ဟု ဝရိန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ယခုလို ပြောသည်။ “ ဓာတ်ဆီနဲ့ မီးစက်နှိုးပြီး ဆိုင်ဖွင့်ရတာဆိုတော့ လုပ်ငန်းလည်းကြာတယ်။ လျှပ်စစ်မီး က အကုန်လုံးလိုတယ်လေနော်။ လျှစ်စစ်မီးနဲ့ပဲ အစအဆုံးလုပ်ငန်းတွေလည်ပတ်နေရတော့ မီးပြတ်ရင် မီးစက်နဲ့ပဲ ပြန်သုံးရ တယ်။ မီးစက်ကလည်း တစ်ချိန်လုံး မောင်းနေရတော့ ဓာတ်ဆီကလည်းစျေးကြီးတယ်။ မီးမလာတော့ ကျနော်တို့ဝရိန် လုပ်ငန်း တစ်ခုထဲမဟုတ်ဘူး။ အွန်လိုင်းစျေးရောင်တို့၊ ရုပ်ရှင်ရုံတို့လည်း မလည်ပတ်နိုင်ဘူးလေ။ မလည်ပတ်နိုင်တော့ အလုပ်မရှိဘူး။”ဟု ၎င်းက ပြောသည်။
ကော့ကရိတ်ဒေသခံတစ်ဦးက “ဒီကော့ကရိတ်မှာဆိုရင် အခုတိုက်ပွဲတွေ လက်ကုန်ဖြစ်နေတယ်။ ကော့ကရိတ်မှာ လည်း မီးပြတ်နေတယ်။ မီးလုံးဝမလာဘူး။ ကြာအင်းဆိပ်ကြီးဘက်က အသိကိုလည်း မေးကြည့်တော့ မီးပြတ်တယ် လို့ပြော တယ်။ ဖားအံမှာကကျတော့ လာလိုက်ပြတ်လိုက်ပဲဖြစ်နေတယ်”ဟု ဆိုသည်။ မြဝတီမြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှု အချိန် ကြာမြင့်လာ၍ ထမင်းဟင်းချက်ပြုတ်ရန် မီးသွေးကိုသာ အဓိကထား ချက်ပြုတ်နေရသည့် အတွက် လက်ရှိတွင် မီးသွေးစျေးနှုန်း လည်း မြှင့်တက်လာသလို မီးမလာသဖြင့် သောက်သုံးရေရရှိကရေးကိုပါ အခက်အခဲကြုံတွေ့နေရသည်ဟု မြို့ခံများကပြောသည်။ https://kicnews.org/20 22/12/%e1%80%99%e1%80%ae%e1%80%b8%e1%80%95%e1%80%bc%e1%8e1
၁၈။ သျှမ်းမြောက်တွင် စစ်ကောင်စီ ရှောင်တခင် စစ်ဆေးမှုပိုတင်းကြပ်လာ
December 30, 2022
သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ မိုင်းရယ် နှင့် တန့်ယန်းဘက် လမ်းမကြီးပေါ်တွင် စစ်ကောင်စီမှ ရှောင်တခင် စစ်ဆေးမှု ပိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။ ယခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီက PDF ဟု အကြောင်း ပြပြီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်မချတော့ဘဲ ကြုံသလို စစ်ဆေးနေလျက်ရှိကြောင်း ခရီးသွားတစ်ဦး က ပြောသည်။ “ ပြီးခဲ့တဲ့ ရက်ပိုင်းလေးက သူတို့ မိုင်းရယ်မြို့အဝင်မှာ စစ်ဆေးနေတာ။ အခုဆို စစ်ဆေးနေကျ ဂိတ်မှာ မစစ်ဆေး တော့ဘူး။ သူတို့ကြုံရာစစ်ဆေးတာ။ သူတို့ စစ်ချင်တဲ့နေရာမှာ စောင့်ပြီးတော့ စစ်ဆေးတာ။ လားရှိုး၊ သီပေါ လမ်းတွေပေါ်မှာဆို အရမ်းကို စစ်ဆေးနေတယ်။ သီပေါ တိုးဂိတ်မှာလည်း ထပ်စစ်ဆေး သေးတယ်” ဟု စစ်ဆေးခံရသည့် ခရီးသည်တစ်ဦးက ပြော သည်။ စစ်ဆေးရေးဂိတ်များ ပြားလာ သောကြောင့် ပြည်သူများခရီးသွားလာရာတွင် ခက်ခဲလာကြောင်းလည်း သျှမ်းမြောက် လားရှိုးလူငယ် တစ်ဦးက ပြောသည်။
“ ခရီးသွားလာရတာတော့ ခက်ခဲတာပေါ့။ တကယ်တော့ သူတို့ လက်နက်ကိုင်တွေ၊ PDF လူငယ်တွေကို စစ်ဆေး ချင်တာ။ လူငယ်တွေတော့ ပိုပြီးစစ်ခံရတာပေါ့။ အကုန်မေးခံရတယ်။ လွယ်အိတ်တွေထဲကော သူတို့ အကုန်စစ်တာ။ မသင်္ကာရင် သူတို့ ခေါ်ထားတာ” ဟု စစ်ဆေးခံရသည့် လူငယ်တစ်ဦးက ပြောသည်။ အလားတူ လက်ရှိတွင်လည်း မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တို့တွင်လည်း စစ်ကောင်စီက အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ပိတ်သိမ်းထားပြီး စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။ ထိုအပြင် တရုတ်နိုင်ငံတွင်းမှ ပြန်ထွက်လာသည့် ကုန်တင်ကားကြီးများကို လည်း စစ်ကောင်စီက စစ်ဆေးရေးဂိတ် တိုင်းတွင် စစ်ဆေးမေးမြန်းပြီး ကားနံပါတ်ကို ကြည့်ကာ ဖမ်းဆီးနေလျက် ရှိသည်။ https://burmese.shannews.org/arc hives/32268
၁၉။ ရသေ့တောင်တွင် ဘုန်းကြီးကျောင်းမီးလောင်မှုဖြစ်ပွား၍ ကျောင်းဆောင်တစ်ဆောင်ပျက်စီးဆုံးရှုံး
December 30, 2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်ရှိ ပညာပါရမီ ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်နှင့် ကယ်ဆယ်ရေး အဆောင် ၂ဆောင် မီးလောင်ဆုံးရှုံးသွားကြောင်းသိရသည်။ ယနေ့ ဒီဇင်ဘာ ၃၀ ရက် နံနက်အစောပိုင်း ညဉ့် ၁ နာရီခွဲအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပျဉ်စီပျဉ်ကာအမျိုးအစား ကျောင်းဆောင်တစ်ဆောင်မီးလောင် ပျက်စီးသွားကြောင်း ဒေသခံမျက်မြင်တစ်ဦးက ပြောသည်။ “ညတုန်းက မီးလောင်တာကို မြင်ရတယ်။ မနက်သွားကြည့်တော့ ကျောင်းဆောင်ပါ သွားတာတွေ့ရ တယ်”ဟု ပြောသည်။ မီးလောင်မှုမှာ ဝါယာရှော့ခ်ဖြစ်ကာ လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း ဒေသခံအများစုက ပြောဆိုကြသည်။
“မီးက ရှော့ခ်ဖြစ်တာဖြစ်နိုင်တယ်။ တခြားနေရာတွေကိုမီးကူးတာတော့ မရှိခဲ့ဘူး။ မီးကူးရင်တော့ အဲ့ဒီအနီးမှာ ဓာတ်ဆီဆိုင်ရှိတော့ အကုန်ကုန်နိုင်တယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။ ပညာပါရမီကျောင်းတိုက် ဆရာတော်က “မီးလောင်ပြီးမှ သိကြတာဆိုတော့ ဘယ်လိုစလောင်လဲ မသိရဘူး။ ဦးဇင်းတို့ကျောင်းမှာက စစ်ဘေး ရှောင် တွေလည်း ရှိပါတယ်။ ဆုံးရှုံးမှုကတော့ ယာယီ ကျောင်းဆောင်တစ်ဆောင်နဲ့ ကယ်ဆယ်ရေးအဆောင် နှစ်ဆောင်ပါသွားတယ်” ဟု ပြောဆိုသည်။ ၎င်းကျောင်းတွင် စစ်ဘေးရှောင် အိမ်ထောင်စု (၉) စု နေထိုင်ကြောင်း သိရသည်။ https://www.facebook.com/narinjara.in fo/photos/pc b.6138970692781623/6138969832781709/
၂၀။ ဖားကန့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော ကိုဇော်မင်းဦးအား ထောင်ဒဏ် ၁၆ နှစ် ၆ လချမှတ်
December 30, 2022
ကချင်ပြည်နယ် ဖားကန့်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဇော်မင်းဦးကို စစ်တပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၆ နှစ် ၆ပြစ်ဒဏ်ချမှတ်ခဲ့ရကြောင်းသိရသည်။ ပုဒ်မ ၅၀၅ က ၊ ပုဒ်ပ ၅၀ ည တို့ဖြင့် တရားစွဲဆိုခံထားရ သည့် ကိုဇော်မင်းဦး သည် ပုဒ်မ ၂ ခုစလုံးအတွက် ပြစ်ဒဏ်စီရင်ချရာမှာ ထောင်ဒဏ် ၁၆ နှစ်နှင့် ၆ လချမှတ်ခံလိုက်ရကြောင်း မိသားစုဝင်တစ်ဦးက ခုလိုပြောသည်။ “ဒီနေ့အမိန့်ချတာပေါ့၊ ၁၅ နှစ်ကျခံရတယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်အထိ ပြစ်ဒဏ်တွေချတာတော့ စိတ်မကောင်းဘူး“ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ကိုဇော်မင်းဦး သည် ဖားကန့်မြို့ လုံးခင်းရပ်ကွက် ၁ တွင် နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့ မှော်ပုံ ကျေးရွာတွင် ဖမ်းဆီးခံလိုက်ရသူဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ကိုဇော်မင်းဦးသည် ဖားကန့်မြို့ တွင် ပြုလုပ်သည့် ဆန္ဒဖော်ထုတ်မှုများတွင် ပါဝင်ခဲ့သည့်အတွက် ပုဒ်မ ၅၀၅–က ပုဒ်မဖြင့် ထောင်ဒါဏ် ၁ နှစ် ၆ လ၊ ၅၂(က)နှင့် ၅၀ (ည) ပုဒ်မ နှစ်ခုအတွက် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရကာ၊ စုစုပေါင်းပြစ်ဒါဏ် ၁၆ နှစ်နှင့် ၆ လ ချမှတ် ခံရခြင်းဖြစ်သည်။ ဖားကန့်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသား ငါးဦး၊ အမျိုးသမီးဆယ်ဦးထက် မနည်း ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ https://burmese.kachinnews.com/2022/12/30/az1-99/
၂၁။ မီဇိုရမ်ပြည်နယ်တွင် ခရီးသည်တစ်စီးတိမ်းမှောက်ရာ မြန်မာနိုင်ငံသား ၄ ဦးအပါအဝင် ၅ ဦးသေဆုံး
December 30, 2022
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဇိုခေါ်သာရ်ရွာကနေ အိုင်ဇောလ်မြို့သို့ပြေးဆွဲတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ယနေ့ ဒီဇင်ဘာ ၃၀ ရက် မနက် ၄း၄၀ အချိန်တွင်တိမ်းမှောက်ရာ ယာဉ်မောင်းအပါအဝင် ခရီးသည် ၅ ဦးသေဆုံးတယ်လို့ ဒေသတွင်း သတင်းမှာဖော်ပြထားပါတယ်။ ယာဉ်တိမ်းမှောက်တဲ့နေရာက ကျန်ဖိုင်မြို့ကနေ ၅ ကီလိုမီတာဝေးတဲ့ သွီးဗားချောင်းနားမှာဖြစ် ပါတယ်။ သေဆုံးသူတွေကတော့ Lallunghnema (၃၆နှစ်)၊ မြန်မာနိုင်ငံသား Tial Lian Ceu (၃၄နှစ်)၊ Partha၊ Mung Sian Dong (၃၇နှစ်) Pakzang ရွာ၊ နဲ့ Khupa – Sialtui ရွာ တို့ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူ တွေကတော့ Nang Suan Mang (၂၁ နှစ်) Sialtui ရွာ၊ Philemona (၂၀နှစ်) Zokhawthar ရွာ နဲ့ အသက် ၂ နှစ်အရွယ် ဒေါ်Partha ရဲ့ သမီးတို့ဖြစ်ပါတယ်။ https://www.f acebook.com/zalen.info/photos/a.17352294 0031251/3520402541513925/
၂၂။ မြန်မာမှာ ပြည်တွင်းနေရပ်စွန့်ခွာစစ်ရှောင်ရသူပေါင်း ၂ သန်းခန့်ရှိလာပြီလို့ ISP Myanmar ထုတ်ပြန်
December 29, 2022
စစ်အာဏာသိမ်းမှု နှစ်နှစ်ထဲ ဝင်လာချိန်မှာ စစ်တပ်နဲ့ အာဏာသိမ်းဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကြားက တိုက်ပွဲတွေကြောင့် လူပေါင်း ၂ သန်းနီးပါး ပြည်တွင်းစစ်ရှောင်တွေ ဖြစ်လာရတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အဖွဲ့ (ISP-Myanmar) အဖွဲ့က ပြောလာပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာကို တိုက်ပွဲတွေ၊ မီးရှို့ဖျက်ဆီးမှု တွေကြောင့် စစ်ရှောင် တစ်သန်းသုံးသိန်းခွဲကျော် တိုးလာတာလို့ (ISP-Myanmar) ရဲ့ သုတေသနတွေ့ရှိချက်အရ သိရပါတယ်။ သန်းနဲ့ချီမြင့်တက် လာနေတဲ့ စစ်ရှောင်တွေအရေးအတွက် လူသားချင်းစာနာမှု အကူအညီ ပေးနိုင်စွမ်းက ပြည်တွင်းမှာ စစ်ကောင်စီရဲ့ ထိန်းချုပ် ကန့်သတ်ချက်တွေကြောင့် ထိန်းချုပ်နယ်မြေရှိတဲ့အဖွဲ့တွေတောင် အတားအဆီး တွေဖြစ်နေတယ်လို့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေက ပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို မဖြတ်ဘဲ အိမ်နီးချင်း နိုင်ငံတွေကနေတဆင့် အကူအညီတွေပေးပို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တောင်းဆိုနေပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ရှောင် ၂ သိန်းအထိ မြင့်တက်လာတဲ့ ကရင်နီပြည်နယ်ထဲမှာတော့ စစ်ရှောင် ထောက်ပံ့ ရေး ကိစ္စတွေဟာ အခက်ကြုံနေရတာကြောင့် ထိုင်းနယ်စပ်ကနေ အကူအညီပေးနိုင်ရေး လုပ်ဆောင်တာတွေရှိတဲ့ အကြောင်း ကရင်နီတပ်မတော် KA ရဲ့ နိုင်ငံရေးအဖွဲ့အစည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီက အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့် ကပြောပါတယ်။ ကရင်နီဒေသထဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာ စစ်ရှောင်တွေနေထိုင်တဲ့နေရာ တွေဆီကို ကျရောက်ပေါက်ကွဲတဲ့ဖြစ်စဥ်တွေကြောင့် ကူညီစောင့်ရှောက်ရေးအပြင် စစ်ရှောင်တွေရဲ့ လုံခြုံရေးကိုပါ ဂရုတစိုက် ကိုင်တွယ်ရတဲ့ အခြေအနေရှိတယ်လို့လည်း သူကပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြားက တိုက်ပွဲတွေအပြင် နေအိမ်မီးရှို့ခံရ တာတွေကြောင့် စစ်ရှောင်ဖြစ်လာသူအရေအတွက် ၈ သိန်းနီးပါးအထိရှိ လာတာပါ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ထဲမှာတင် အခုနှစ်အတွင်း ကျေးရွာပေါင်း ၂၀ ကျော်က နေအိမ်ပေါင်း ၁၆၀၀ ကျော် မီးရှို့ခံရလို့ ဒေသခံသောင်းချီ ပြည်တွင်းစစ်ဘေးရှောင်ဖြစ်ခဲ့ရတယ်လို့ မြေပြင်အကူအညီပေးနေသူတွေက ပြောပါတယ်။ စစ်ကိုင်း စစ်ဘေးရှောင် အရေး ကူညီနေသူ ကုလသမဂ္ဂ ကတော့ ကမ္ဘာတဝန်းမှာ အခုနှစ်အတွင်း အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ ကြောင့် နေရပ်စွန့်ခွါ ရွှေ့ပြောင်းနေရသူ သန်း ၁၀၀ အထိ မကြုံစဖူး မြင့်တက်လာပြီး မြန်မာအပါအဝင် ယူကရိန်း၊ ဆီးရီးယားနဲ့ အီသီယိုးပီးယားက အခြေအနေကြောင့် ဒီလောက်အထိတိုးလာတာလို့ ပြောထားပါတယ်။ https://www.bbc.com/burme se/articles/c3g4e5jv0zlo
၂၃။ ပုလောတွင် မိုင်းဆွဲခံရပြီး အထိနာနေသည့် စစ်တပ် ရွာထဲ ဝင်မီးရှို့ ၊ ၅ နာရီကျော်ကြာတိုက်ပွဲ စစ်သား ၃၀ ကျော် သေဆုံးဟုဆို
Decmber 30, 2022
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် မိုင်းဆွဲခံရပြီး အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် တိုရွာထဲသို့ ဝင်ကာ မီးရှို့ နေကြောင်းသိရသည်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်မိုင်းဆွဲခံရကာ စစ်သား ၃၀ ကျော် သေဆုံးပြီး နောက် တိုရွာကိုမီးရှို့နေကြကြောင်း တိုက်ပွဲထဲရောက်ရှိနေသည့် ပုလောဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PRDF)ရဲဘော်တစ်ဦးက ပြောသည်။ အထက်ပါတိုက်ပွဲသည် ယနေ့ နံနက် ၁၀ နာရီခန့်က ပုလောမြို့နယ် ၊တိုရွာအနီး တွင် ဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က အင်အား ၂၀၀ကျော်ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “မနက် ၁၀လောက်က စတာ။ ခွေးတွေ သေတာ တော်တော်များတယ်။ ဒီကောင်တွေမဆုတ်ဘဲ အသေခံချနေတာ။အခုထိ တိုက်ပွဲဖြစ်နေတုန်း။ မနက်က ဒီကောင်တွေ စစ်ကားကို မိုင်းဆွဲ တာတစ်ကားလုံးကုန်ပဲ။ ပြေးတဲ့ကောင်တွေလည်း မိုင်းခွဲခံရတယ်။အနီးကပ်ထိတွေ့မှုက နာရီဝက်ကြာတယ်” ဟု ၎င်းကပြောသည်။
တိုရွာတိုက်ပွဲသည် ၅ နာရီကျော်ကြာမြင့်နေပြီး ယခုမွန်းလွဲ ၃ နာရီခွဲကျော်အထိ မပြီးသေးကြောင်းအကျအဆုံးများနေ သည့် စစ်ကောင်စီတပ်က တိုရွာထဲရှိ နေအိမ် ၁၀လုံးကျော်ကို မီးရှို့ဖျက်ဆီးနေကြောင်း PPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခုထိပစ်နေတုန်း။ လုံခြုံရေးအရ တိုက်ပွဲနေရာတွေ မဖော်ပြသေးဘူး။ မနက်က ပိတပ်ရွာနဲ့ တိုရွာမှာ ဖြစ်တာ။ လတ်တလော ကျွန်တော်တို့ အခြေအနေလှတယ်။ သူတို့အင်အားကများတယ်။ မြိတ်ဘက်ကရော ထားဝယ် ဘက်ကပါ လာပေါင်းတာမို့။ အကောင်းဆုံးခံစစ်နဲ့ ပွဲကနေပါတယ်”ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးမှုနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင် သေးပေ။ ရွာတိုက်ပွဲကို KNDO တပ်ဖွဲ့၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ ပုလော ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PRDF)နှင့် မဟာမိတ်ညီနောင် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်လျက်ရှိသည်။ https://www.fa cebook.com/watch?v=5099481716821920
၂၄။ ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ
December 28, 2022
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ် ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်း ပိုင်ရှင်များက တရုတ် နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန် အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊ လူအင်အားထည့် ထားတယ်လေ။ တရုတ်ဘက်ကို ရောင်းထားတဲ့ ကြံအတွက်ကလည်း ပိုက်ဆံပြန်မရရှိသေးဘူးလေ။ ပိုက်ဆံမရရှိသေး တော့ ထပ်စိုက်ဖို့ အခက်ခဲဖြစ်နေတယ်” ဟု ရွှေလီမြစ်ဝှမ်း မှ ကြံစိုက်ပျိုးသူတစ်ဦးက ပြောသည်။
အဆိုပါ တရုတ်နိုင်ငံသို့တင်ပို့ပေးလိုက်သည့် ကြံများအတွက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ငွေလွှဲပေးမည် ဟု တရုတ် ဘက် က ပြောဆိုသော်လည်း လက်ရှိအချိန်ထိ တရုတ်ဘက်မှ ငွေမလွှဲပေးသေးကြောင်း ကြံပိုင်ရှင်များက ပြောသည်။ ထို့အပြင် အချို့ သော ပြည်သူများကလည်း ကြံကို တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ ကိုဗစ် ၁၉ နှင့် နိုင်ငံရေး အခြေနေကြောင့် ယခင်နှစ်တွေက ကြံပိုင်ရှင်များ အများပြားဆုံးရှုံးထားရသည့်အတွက် ကြောင့် ယခုနှစ်အတွက် ငွေပြန်လွှဲပေး စေလိုကြောင်း ကြံပိုင်ရှင်များက ပြောသည်။ “ အခုအချိန်ထိ ပိုက်ဆံရမယ်လို့ ယုံကြည်ပြီးတော့ ကြံတွေကို ဖြတ်ပြီးတော့ တရုတ် ကို ပို့ပေးနေသေးတာလည်းရှိတယ်။ သူတို့ပြောတာ ငွေလွှဲ ပေးမယ်ဆိုတာ လွှဲလာခိုင်းစေချင်တယ်။ အခုက လကုန်တော့မယ်မလွှဲလာပေးဘူးလေ။ ပြီးခဲ့ ၂ နှစ်တုန်းကလည်း ကျနော်တို့ အများကြီးရှုံးထားပြီး” ဟု ၎င်းက ပြောသည်။ တရုတ်နိုင်ငံ တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်မှ စပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် ၏ ကိုဗစ် သုည မူဝါဒကို ဆန္ဒပြ ကန့်ကွက်ခဲ့ ကြပြီး ဒီဇင်ဘာ ၈ ရက်နေ့တွင် Lockdown ဖြေလျှော့ပေးခဲ့ကာ ဒီဇင်ဘာ ၁၅ ရက်နေ့က ကုန်တင်ကားများအတွက် ရှန်တိန် (ကားအစား ထိုးမောင်း) စနစ်ကို ဖျက်သိမ်းပေးခဲ့သည်။ https://burmese.shannews.org/archives/32250
၂၅။ မိုးညှင်းမြို့ပေါ် ရပ်ကွက်များအတွင်း အုပ်စုဖွဲ့ခိုးဆိုးလုယှက်မှုများပြားနေ
December 30, 2022
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာ အုပ်စုဖွဲ့ပြီး ခိုးဆိုးလုယက်မှု သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေကြားမှာ စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် ရှမ်းတံတားမှာ ဒေသခံတစ်ဦးရဲ့ ဆိုင်ကယ် နဲ့ ဖုန်းကို လူနှစ်ဦးက ဓားထောက်ပြီးလုယက်မှု တစ်ခု ဖြစ်ပွား ခဲ့တယ်လို့ ဖြစ်စဉ်နဲ့ အနီးကပ်ရှိသူက ပြောပြပါတယ်။ မိုးညှင်းမြို့မှာ လူငယ်အရွယ်တွေက လုယက်မှုတွေကို အုပ်စုဖွဲ့လုပ် ဆောင်တာဖြစ်ပြီး အများစုဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေဖြစ်တယ်လို့ လုယက်ခံရသူတချို့ရဲ့ ပြောဆိုမှုအရ သိရပါတယ်။ “အန်တီဆို ကလေးကျောင်းကြို စျေးဝယ်ဆိုအရင်က ကျားဖြူကန်လမ်းကနေ သွားနေကြ အခုဆို ဖိုးသမားတွေက ဓားတွေကိုင် ပြီး ထိုးနေကြတာဆိုတော့ မသွားတော့ဘူးကြောက်တယ်လေ ရေမော်တာ၊ဆိုင်ကယ်၊မီးကြိုး၊မီးသီး အကုန်ခိုးတာ လစ်ရင်လစ် သလိုပါ့ “ မိုးဒါးစုရပ်ကွက်နေသူတစ်ဦးက လုံခြံရေးအရ စိုးရိမ်နေကြောင်းပြောပါတယ်။
ခိုးဆိုးလုယှက်မှု၊ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးရောင်းချမှုသုံးစွဲမှု များပြားလာသော်လည်း ဖမ်းဆီးအရေးယူတာမျိူး မရှိကြောင်းသိရပါတယ်။ ထို့အတူ အ.ထ.က(၂)ကျောင်းအနီးတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ၆:၃၀ခန့်အချိန်က အမျိုးသမီး တစ်ဦး ပိုက်ဆံအိပ်လုခံရမှုတစ်ခုနဲ့ မိုးညှင်း ဘီလူးမြို့လမ်းမှာ စက်ဘီးစီးနေသူတစ်ဦးရဲ့ ဖုန်းကို လုယူထွက်ပြေးမှု တစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုအုပ်စုဖွဲ့ လုယက်သူတွေကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွေက ဖမ်းဆီးရမိခြင်းတစ်ကြိမ်မျှ မရှိသေးဘူး လို့လည်း စုံစမ်းသိရှိရပါတယ်။ https://www.facebook.com/shannivoicenewsjournal/photos/a.1448409222121780 /2 942180699411284/
၂၆။ ရခိုင်တွင် ယခုနှစ်အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ၈၀၀ ကျော်အထိ ဖမ်းဆီးရမိ
December 29, 2022
ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ တစ်နှစ်ခန့် အချိန်ကာလအတွင်း တရားမဝင် သစ်တန်ချိန် စုစုပေါင်း ၈၄၄ ဒသမ ၅၃၉၂ တန်အထိ ဖမ်းဆီးရမိခဲ့သည်ဟု ပြည်နယ် သစ်တောဦးစီးဌာန၏ စာရင်း များအရ သိရသည်။ ထိုသို့ ဖမ်းဆီးရမိသည့် သစ်များမှာ သံတွဲခရိုတွင် ၅၁၄ ဒသမ ၃၇၂၂ တန်၊ မောင်တော ခရိုင်တွင် ၁၀၅ ဒသမ ၇၀၈၂ တန်၊ စစ်တွေခရိုင်တွင် ၁၈၄ ဒသမ ၃၆၀၂ တန်၊ ကျောက်ဖြူခရိုင်တွင် ၃၉ ဒသမ ၉၁၈၆ တန်တို့ဖြစ်သည်။ ပြည်နယ် သစ်တောဦးစီးဌာန၏ စာရင်းအရ လက်ရှိ ဖမ်းဆီးရမိသည့်အထဲတွင် သံတွဲခရိုင်အတွင်း မှာ သစ်ခိုးထုတ်မှု အများဆုံးတွေ့ရသည် ဟု ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်က ပြောသည်။ “ အဲဒီဖက်မှာ ဘာဖြစ် လို့များတယ်ဆိုတော့ တရားမဝင်သစ်တွေဝင်လာနိုင်တဲ့ လမ်းကြောင်းတွေပိုများတယ်။ သစ်အများဆုံး လာတာကတော့ ပဲခူး ဘက်ခြမ်းက လာတာတွေရှိတယ်။ မကွေးဘက် က လာတာတို့ ပိုများတယ်။ ကျနော်တို့ ရခိုင်ဒေသမှာလည်း သစ်ထွက်တဲ့ နေရာ တွေရှိတယ်။ တချို့ဆိုရင် ဒေသသုံးဖို့ အတွက် ခုတ်ကြတယ်။ တချို့ကျရင်လည်း လောဘတက်ပြီးတော့ သစ်ခိုးထုတ် တာတွေရှိ တယ် ” ဟု ဦးဇော်ဇော်အောင် က ပြောသည်။
ထိုသို့ ရခိုင်ပြည်အတွင်း သစ်ခိုးထုတ်ယူမှုများကြောင့် သစ်တောပြုန်းတီးခြင်းများဖြစ်ပေါ်နေပြီး အဆိုပါ ကိစ္စများကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူများက ထောက်ပြ ပြောဆိုကြသည်။ အမ်းမြို့နယ်တွင် ကိုယ်ထူကိုယ်ထ သစ်ပင်များစိုက်ပျိုးနေသူ ကိုမျိုးလွင်က “ အဓိက တော့ သစ်ပင်တွေ မပြုန်း တီးဖို့အတွက် အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်။ အခုက သစ်တော ဥပဒေပြဌာန်ထားပြီးတော့ ထိထိရောက်ရောက် အရေးယူတာတွေမတွေ့ရဘူး။ အဲဒီလို အရေးယူတာတွေ မရှိတဲ့အတွက် ရခိုင်ရိုးမတောင်တန်းက သစ်တော တွေ ပြုန်းတီးလာတာဖြစ်တယ်”ဟု ပြောသည်။ ရခိုင်တွင် ဖမ်းဆီးရမိသည့်သစ်အမျိုးအစားမှာ ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားသော သစ်များဖြစ်ကြောင်း ပြည်နယ်သစ်တော ဦးစီးဌာနမှ သိရသည်။ https://www.facebook.com/dmgnewsagency/photos/a .4666793834844 78/24849 74951654901/
၂၇။ စစ်ရှောင်များကို ကူညီမှုဖြင့် ညောင်အုတ်ဆရာတော်နှင့် ရွာခံ ၇ ဦးအား စစ်ကောင်စီ ဖမ်းဆီး
December 30, 2022
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ အင်းတိန်ကုန်းကျေးရွာမှာရှိတဲ့ ညောင်အုတ် ဘုန်းကြီး ကျောင်းက ကျောင်းထိုင် ဆရာတော် ဦးဇဝန အပါအဝင် ဒေသခံ ၇ ယောက်အား စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုနဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သက်တော် ၄၉ နှစ်၊ ဝါတော် ၂၆ ဝါရှိတဲ့ ကျောင်းထိုင်ဆရာတော် ဦးဇဝနကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ စုစုပေါင်းအင်အား ၁၀၀ လောက်က ရိုက်နှက်ပြီး အကြမ်းဖက် ဖမ်းဆီးသွားတာလို့ မျက်မြင်တွေ့ ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီက ဆရာတော် ဦးဇဝန ကို ဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာ ကွင်းဆက်တွေအဖြစ် စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အင်းတိန် ဖက် ကျေးရွာက ကျန်းမာရေးမှူးနဲ့ နောက်ထပ် ဒေသခံ ၆ ဦးကို ဒီဇင်ဘာ ၂၈ ရက်နေ့ညနေမှာ ထပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။
ဆရာတော် ဦးဇဝနဟာ အရင်ကတည်းက ပရဟိတ္တသမားဖြစ်ပြီး နိုင်ငံရေးနဲ့ ဆက်နွှယ်မှု မရှိပေမယ့် စစ်ဘေးရှောင် တွေကိုတော့ ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုခွင့်ပြုထားတယ်လို့ ရွာခံတွေက ပြောပါတယ်။ ကရင်နီဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အင်းလေးဒေသထဲက ဘုန်းကြီးကျောင်းတွေနဲ့ ရပ်ရွာတချို့မှာ လာရောက်ခိုလှုံ နေရတဲ့ စစ်ဘေးရှောင် ဦးရေ ၁,၀၀၀ ကျော် ရှိနေပါတယ်။ http://burmese.dvb.no/archives/571158
၂၈။ ပူတာအိုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ပါဝင်သည့် နွားသူခိုးအဖွဲ့ကို ဒေသခံများဖမ်းဆီး
December 30, 2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ ပူတာအိုအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၃၈ က တပ်ဖွဲ့ဝင် တယောက် အပါအဝင် နွားသူခိုး ၃ ယောက်ကို ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီခွဲလောက်မှာ ဒေသခံတွေ ဖမ်းဆီးခဲ့ တယ်လို့ မျက်မြင်ရွာသားတဦးက ပြောပါတယ်။ “ပူတာအိုကနေ ဇီးအွန်ရွာသွားတဲ့လမ်းမှာ ဂျူဗလီရွာခံတွေက ဖမ်းလိုက်တာ။ နွားသူခိုး အဖွဲ့မှာ ၁၃၈ တပ်က အရာရှိတယောက်နဲ့အတူ ပူတာအို အသားသတ်ခုံလိုင်စင်ရ လောပန်း တဦးနဲ့ သူ့တူလေးတဦး အဖမ်းခံရတာပါ။” နွားသူခိုးအဖွဲ့ကို ပူတာအိုရဲစခန်းထံ လွှဲပြောင်းပို့ပေးလိုက်ပေမဲ့ ပြန်လွှတ် ပေးထားတယ်လို့ နောက်ထပ် မျက်မြင် တဦးက ပြောပါတယ်။ “စစ်တပ်ကအရာရှိကို ဖမ်းချုပ်ရသလားဆိုပြီး ရဲတွေကို စစ်တပ်လူကြီးက ဆဲလိုက်တော့ ပြန်လွှတ်ပေးလို က်တယ်။ ရဲစခန်းကိုလည်း လောပန်းမိသားစုဘက်က ငွေပေးလိုက်တာ တွေ့တယ်။” ပူတာအို နွားသူခိုးအဖွဲ့ကို ပြန်လွှတ်ပေး လိုက်လို့ အရမ်းစိတ်မကောင်းဖြစ်မိတယ်လို့ သူခိုးဖမ်းတဲ့အထဲ ပါဝင်သူတဦးက ပြောပါတယ်။
“စစ်တပ်အရာရှိဖြစ်သူပါလို့ ပြန်လွှတ်လိုက်တာလေ။ သူခိုးဖမ်းတဲ့သူတွေကိုတောင် ပြန်ဆဲတာ။ အဲ့လူတွေကြောင့် ပူတာအို နီးနာဝါချီရွာဘက်မှာ ၂ ပတ်အတွင်း နွား ၈ ကောင်ပျောက်တယ်။ စစ်တပ်က အဲ့ဘက်မှာလည်း မြေဧက ၅၀၀ ယူထား တာရှိတယ်။” ပူတာအိုခရိုင်ဟာ အာဏာသိမ်းစစ်ကောင်စီဘက်က စိုးမိုးထားဆဲ ခရိုင်တခုဖြစ်လို့ ဒေသခံတွေ ခေတ်အဆက် ဆက် သတင်းအမှောင်ချခံရတဲ့ဒေသ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုခရိုင်မှာ မူးယစ်ဆေးသမားတွေနဲ့ သူခိုးတွေ ပိုမိုများပြားလာလို့ ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။ http://burmese.dvb.no/archives/571108
၂၉။ ရေဖြူမှာ မော်တော် ဆိုင်ကယ် မောင်းနှင်လာတဲ့ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ယာဉ်တန်းက တိုက်သတ်
December 28, 2022
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ညင်းထွေးရွာအနီးရှိ ရန်ကုန်-ထားဝယ် အမြန်လမ်းမကြီးပေါ်တွင် စစ်ကောင်စီ ယာဉ်တန်း ၁၄ စီးက မော်တော် ဆိုင်ကယ် စီးနင်းလာသည့် အသက် ၂၀ နှစ်ကျော် အမျိုးသမီး တစ်ဦးကို စစ်ကားဖြင့် တိုက်သတ်ခဲ့၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ခန့်က အချိန်က စစ်ကောင်စီ ယာဉ်တန်း ၁၄ စီးကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။ “မိုင်းပေါက်တာ ငါးလုံး လောက်ရှိတယ်။ ပြီးတာနဲ့ သေနတ်သံတွေထွက် လာတယ်၊ စစ်ကားတွေက လမ်းပေါ်မှာတွေ့တဲ့ သူတွေကို လိုက်တိုက် ရာမှ အခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ ယာဥ်တန်းဟာ မိုင်းဆွဲခံရပြီး နောက် အရှိန်မြင့်ကာ မောင်းပြေးချိန် လမ်းပေါ်က မော်တော်ဆိုင်ကယ် စီးလာ သော မပန်းအိဖြူ ဆိုသူကို စစ်ကားနှင့် တိုက်သတ်ခဲ့ပြီး နင်းကြိတ်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရ သည်။ ယင်းနောက် အဆိုပါနေရာတွင် ဦးခေါင်းကြေမွှဒဏ်ရာဖြင့် ဇီးကျရွာသူ မပန်းအိဖြူမှာ ပွဲချင်းပြီး သေဆုံး တာဖြစ်သည်။ မပန်းအိဖြူ သည် နံနက်စောစော ညင်းထွေးရွာသို့ ဆိုင်ကယ်ဖြင့် ငါးပိသွားပို့စဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ “သူစီးတဲ့ ဆိုင်ကယ်က ကျိုးကြေသွားတယ်။ လူက ဦးခေါင်းထိပ်ပိုင်း ဘာမှမရှိတော့ဘူး။ နောက် မှ ခရီးသွားတွေက လူတစ်ယောက် သေနေတယ်ဆိုပြီးပြောလို့ သွားကြည့်မှ သူဖြစ်နေတယ်” လို့ ဒေသခံ နောက်တစ်ဦးက ပြောသည်။ https://www.facebook.c om/photo/?fbid=492458569661816&set=a.2692049486
၃၀။ မိုင်းပေါက် ငွေလိမ်ဂိုဏ်းတစ်ခုမှာ မြန်မာနိုင်ငံသား ၁၂ ဦးထပ်မံ ရောင်းစားခံရ
December 30, 2022
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာရှိတဲ့ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်ရာ မိုင်းပေါက်မြို့ မှာ မြန်မာနိုင်ငံသား ၁၂ ဦး ထပ်မံရောင်းစားခံနေရတယ်လို့ ကိုယ်တိုင်ရောင်းစားခံထားရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာတတ်ရင် မိုင်းပေါက်မှာ တရုတ်ယွမ် (၅၀၀၀) မြန်မာငွေ ၁၅ သိန်း ကျော်အထိရမယ်လို့ ပွဲစားကခေါ်တာကြောင့် အလုပ်လုပ်ဖို့လာကြရင်း အခုလို ရောင်းစားခံရ တာလို့ ကိုယ်တိုင်ရောင်းစားခံရသူ တစ်ဦးက ပြောပါ တယ်။ “ပထမက အလုပ်ရုံတစ်ခုမှာလုပ်ခိုင်းတာ ညီမတို့က လိမ်ရတဲ့အလုပ်ဆိုတော့ မလုပ်ချင်ဘူးပေါ့နော်။ ဒါနဲ့အလုပ် မလုပ်ဘဲ နေတာ။ ကျမတို့ကို တရုတ်ယွမ်သုံးသောင်း မြန်မာငွေနဲ့ဆို သိန်း ၁၀၀ ကျော်မယ် အခုငွေဈေးနဲ့ဆိုရင် ရောင်းစားထားတယ် လို့ပြောတာ။ အခုက ကျမတို့ကို နောက်ထပ်သူဌေး တစ်ယောက်က လာကြည့်တယ်။ ပြန်ရောင်းဖို့လို့ ပြောတယ်။ ကျမတို့ကို နေရပ်ပြန်ချင်ရင် တရုတ်ယွမ် ၅၀၀၀၀ မြန်မာငွေဆို သိန်း ၁၇၀ ကျော် ပေးရမယ်ဆိုပြီး အလုပ်ရှင်က အကျပ်ကိုင်ထားတာ။ ဘယ်မှ လည်ထွက်လို့ မရဘူး” ရောင်းစားခံရသူ ၁၂ ဦးဟာ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ ပဲခူး စတဲ့ဒေသတွေကဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက မိုင်းပေါက်မြို့ကို ရောက်ရှိလာကြရာမှာ ရောင်းစားခံရတာလို့ ဆိုပါတယ်။
အလုပ်မလုပ်ဘဲနေတဲ့အတွက်ဆိုပြီး သူတို့ ၁၂ ဦးထဲက အမျိုးသားတစ်ဦးနဲ့ အမျိုးသားစိတ် ခံယူထားတဲ့ အမျိုးသမီး တစ်ဦးကို အချုပ်ထဲထည့်မယ်ဆိုပြီး ခေါ်ထုတ်သွားတာ ရှစ်ရက်ရှိသွားပြီဖြစ်ပြီး အဆက်အသွယ် မရဖြစ်နေတယ်လို့ ပျောက်ဆုံး နေသူတစ်ဦးရဲ့မိခင်ဖြစ်သူက ပြောပါတယ်။ ရောင်းစားခံရသူ ၁၂ ဦးကို မိုင်းပေါက်ဈေးအနောက်ဘက်က ဟွာစင်းကုမ္ပဏီလို့ ဆိုင်းဘုတ်တပ်ထားတဲ့ တိုက်တစ်ခုမှာထားတယ်လို့ ဆိုပါတယ်။ သူတို့ ၁၂ ဦးမှာ အမျိုးသား ခုနစ်ဦး အမျိုးသမီးလေးဦး ပါဝင် တယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မိုင်းပေါက်မှာရှိတဲ့ “ဝ” ရဲတပ်ဖွဲ့ကို ဖုန်းဆက် တိုင်ကြားရာမှာ နေရာကို ဓာတ်ပုံရိုက် ပို့ဖို့ ပြောပြီးနောက်ပိုင်း ဖုန်းကိုဘလော့သွားခဲ့တယ်လို့ “ဝ” ရဲတပ်ဖွဲ့ကို ကိုယ်တိုင်ဆက်သွယ်ခဲ့တဲ့ ရောင်းစားခံရသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။ “ဝ” တပ်ဖွဲ့ဘက်ကတော့ သူတို့ဒေသ မှာ အခုလို လုပ်ငန်းတွေကို လက်မခံကြောင်း ရောင်းစားခံရသူ တွေကို ကူညီပေးနေကြောင်း လားရှိုးမြို့က “ဝ” ဆက်ဆံရေးရုံးတာဝန်ခံ ကိုညီရမ်းက ဖြေကြားထားပါတယ်။ အခုလို ရောင်းစား ခံထားရသူတွေအနေနဲ့ စစ်ကောင်စီ လူကုန်တားရုံးတွေကတဆင့် “ဝ” ဆက်ဆံရေးရုံးတွေကို တိုင်ကြားနိုင်ကြောင်းလည်း ကိုညီရမ်း က ပြောပါတယ်။ မိုင်းပေါက်မြို့မှာ အခုနှစ်ဆန်းပိုင်းကစလို့ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ် ဂိုဏ်းတွေ ခေတ်စားလာနေပြီး မြန်မာနိုင်ငံသားတွေရောင်း စားခံရမှု ပိုများလာတယ်လို့ ပန်ဆန်းမြို့က အလုပ် သမားအရေး ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။ https://www.facebo ok.com/rfaburmese/photos/a.101505225601 53128/10162335037518128/
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။