တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 90, December 9, 2022)

 

၁။ ရွှေလီမြစ်ဝှမ်း ဆက်ကြေး (အခွန်) ကောက်မှု လျှော့ချရန် လက်နက်ကိုင်တပ်ဖွဲ့များ တိုင်ပင်ဆွေးနွေးနေ
December 8, 2022

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ကမ်းတစ်လျှောက် ထုန့်မောဝ်ဒေသကို ဆက်ကြေး (အခွန်) ကောက်မှု လျှော့ပေါ့ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့မှ တိုင်ပင်ဆွေးနွေးနေကြောင်း သိရသည်။ ထုန့်မောဝ်ဒေသ မူဆယ်မြို့၊ နမ့်ခမ်းမြို့အပါအဝင် လားရှိုး – ကွတ်ခိုင် – မူဆယ် လမ်းပိုင်းမှ အခွန်ကောက်ယူ နေသည့် လက်နက်ကိုင်တပ်ဖွဲ့များသည် လက်ရှိ အခွန်ကောက်ယူမှုနှုန်းထက် လျှော့ယူကောက်ခံရန် ဆွေးနွေး တိုင်ပင်နေကြောင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပြောသည်။ “အခု အခွန်ခတွေက များနေတော့ ဒီလုပ်ငန်းရှင်တွေ ပို့ကုန်သွင်းကုန် ကိစ္စတွေရော အများကြီး လျှော့နည်းလာတဲ့ အပိုင်းတွေတွေ့ရတယ်၊ ဒါကြောင့် ဒီအခွန်ကိစ္စတွေက ပြည်သူအတွက် အကောင်းဆုံးဖြစ်အောင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကျနော်တို့တပ်ဖွဲ့ (TNLA) နဲ့ မဟာမိတ် ဖြစ်တဲ့ SSPP/SSA က ဆွေးနွေး ထားတယ်” ဟု TNLA တပ်ဖွဲ့၏ မူဆယ်မြို့ အုပ်ချုပ်ရေးပိုင်း ခရိုင်မှူးတစ်ဦးက ပြောသည်။ လက်ရှိတွင် TNLA တပ်ဖွဲ့ နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့က ထုန့်မောဝ် ဒေသ နှင့် ကျင်စန်းကျော့ ဂိတ်ကို အခွန်လျှော့ချ ကောက်ယူရန် အတွက် မူအားဖြင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် သဘောတူညီချက်ရယူထားကြောင်း TNLA ၏ခရိုင်မှူးက ဆက်ပြောသည်။

ယင်းကဲ့သို့ ကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး လုပ်ငန်းလည်ပတ်မှု အဆင်ပြေရန်နှင့် ကုန်သွယ်စီးဆင်းမှု မြန်ဆန်ရန် အဘက်ဘက်မှ တောင်းဆိုမှုကြောင့် TNLA တပ်ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းရခြင်းဖြစ်ကြောင်း ထုန့်မောဝ်ဒေသမှ အမည် မဖော်လိုသူ SSPP အရာရှိတစ်ဦးက ပြောသည်။ “ဒီကျင်စန်းကျော့ တရုတ်ပြည် ဝင်ပေါက်နဲ့ ထုန့်မောဝ်မှာ အခွန်ကောက်နေတဲ့အဖွဲ့က ၄ ဖွဲ့ လောက်ရှိတယ်လေ၊ ဒါကြောင့် လုပ်ငန်းရှင်တွေ ကုန်သည်တွေက အခွန်လျှော့ပေါ့ပေးဖို့ မေတ္တာရပ်ခံလာတယ်၊ တရုတ်ပြည် ဘက်က လုပ်ငန်းရှင်တွေလည်း ကုန်သွယ်စီးဆင်းမှု မြန်ဆန်လာအောင်ဆိုပြီးတော့ အဘက်ဘက်က တောင်းဆိုလာတော့ ကျနော်တို့နဲ့ TNLA ကတော့ မြို့နယ်အခွန်၊ ခရိုင်အခွန် နဲ့ အချင်းချင်းတွေ့ဆုံပြီး အဆင်ပြေတဲ့ ပမာဏထိ လျှော့ချ ဖို့ သဘောတူ ထားတယ်” ဟု SSPP/SSA အရာရှိတစ်ဦးက ပြောသည်။ ထို့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့်လည်း အခွန် လျှော့ကျဖို့အရေးအတွက် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း SSPP/SSA အရာရှိက ဆက်ပြောသည်။ “၂၀၂၂ ခုနှစ်အစမှာ တစ်နှစ် ၅ သိန်း ကောက်မယ်လို့ KIA ကပြောပေမဲ့ တကယ့်လာကောက်တဲ့ အချိန်မှာတော့ ၁၀ သိန်းတောင်းတယ်၊ ပြည်သူက တောင်းတောင်းပန်ပန်နဲ့ ၇ သိန်းတော့ ဆောင်ခဲ့ရတယ်၊ ပြီးတော့ MNDAA ရော၊ SSPP ရော၊ TNLA ရော ဒါတွေ ကလည်း လာတောင်းတော့ ပြည်သူက မခံနိုင်ဘူးလေ၊ ဒါကြောင့် တချို့က နေရပ် ပြောင်းကြတယ်၊ အခုလို အခွန်လျှော့ကောက် မယ်ဆိုတော့လည်းကောင်းပါတယ်။” ဟု ထုန့်မောဝ် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထုန့်မောဝ် ဒေသသည် သျှမ်း လက်နက်ကိုင် (၂) ဖွဲ့ သာမက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အပြင် ပြည်သူ့စစ်များ ကြီးစိုးနေသည့် နေရာဒေသဖြစ်ကာ စီးပွားရေး အချက်အချာကျပြီး ဆက်ကြေးကောက်ရန်အတွက် ကောင်းသည့် ဒေသတခုလည်းဖြစ်သည်။ https://burmese.shannews.org/archives/319 12?fbclid=IwAR21pLqsjPfU3N2bRa0ag0KWaE_JYo8HHp H7Ocpyz_IhsmZ2nNnZ

၂။ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး အပစ်ရပ် EAO ၇ ဖွဲ့ကြိုးပမ်း
December 8, 2022

အာဏာသိမ်းစစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံဆွေးခွင့်ရရန် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ် (NCA) လက်မှတ်ထိုးထား သည့် EAO ၇ ဖွဲ့က ကြိုးပမ်းနေကြောင်း အဆိုပါ EAO များနှင့် နီးစပ်သည့် သတင်းရင်းမြစ် များထံက သိရသည်။ အဆိုပါ EAO ၇ ဖွဲ့က စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ထံ ပေးပို့သည့် စာလည်း ဆွေးနွေးပွဲ မပြုလုပ်မီ ၃ ရက်အလိုမှာပင် ပေါက်ကြားခဲ့သည်။ ထိုအထဲတွင် ဆွေးနွေးပွဲကို သိုသိုသိပ်သိပ်လုပ်ရန် ပြင်ဆင်ထားကြောင်းလည်း ပါဝင်သည်။ စစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးပမ်းနေသည့် EAO ၇ ဖွဲ့မှာသျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြေက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) တို့ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ရာပြည့်ထံ ဒီဇင်ဘာ ၇ ရက်က ပေးပို့သည့်စာတွင် EAO (၇) ၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို လက်ခံသဖြင့် များစွာကျေးဇူးတင်ကြောင်း ရေးသားထားသည်။

ယင်းအပြင် EAO (၇) ဖွဲ့၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ရည်ရွယ်ကာ ၂ ဖက်လက်ခံနိုင်သော ဘုံသဘောထားနှင့် သဘောတူညီချက်များ ရရှိနိုင်ရေး ကြိုးပမ်းသွား ရန် ဆန္ဒရှိကြောင်း EAO (၇) ဖွဲ့၏ စာတွင် ပါရှိသည်။ ၎င်းတို့အနေနှင့် ဒီဇင်ဘာလ ၁၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တဖက်လျှင် ကိုယ်စားလှယ်အနည်းငယ်ဖြင့် သိုသိပ်စွာ အလွတ်သဘောဆွေးနွေးလိုကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့တွင် ၂ ဖက်ကိုယ်စားလှယ်စုံညီစွာဖြင့် အလွတ်သဘောဆွေးနွေးလိုကြောင်း စာအရ သိရသည်။ ယင်းနောက် ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့တွင် တရားဝင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် အဆို ပြုပြီး ရရှိသည့် ဘုံသဘောထားများနှင့် သဘောတူညီချက်များကို ၂ ဖက်သင့်တော်မည့် နေရာနှင့် အချိန်ကာလတွင် လက်မှတ် ရေးထိုးရန် အဆိုပြုကြောင်း EAO (၇) ဖွဲ့ က ဆိုသည်။ ၎င်းက EAO များအနေနှင့် တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေး ရရှိရန်အတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုပါက ဥပဒေနှင့် ညီညွတ်သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကူညီပေးမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ဆိုသည်။ အပစ်ရပ် EAO ၇ ဖွဲ့သည် စစ်ကောင်စီနှင့် မည်သည့် သဘောတူညီချက်မျိုးရယူချင်သဖြင့် တွေ့ဆုံဆွေးနွေးရန် အဆိုပြုရသည်ကို လတ်တလော တွင် ရှင်းလင်းစွာ မသိရသေးပေ။ https://www.facebook.com/theirrawaddy burmese/photos/pcb.6271985266178906 /6271984586178974/

၃။ KNU တပ်မဟာ ၅ တွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ နေရာပြုလုပ်ခဲ့
December 9, 2022

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေထဲတွင် ဒီဇင်ဘာလ(၇)ရက်နေ့ တစ်ရက်ထဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၂ နေရာပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းထုတ် ပြန်ထား ချက်အရသိရသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီ ၂၅ မိနစ်တွင် လူသောမြို့နယ် ပေးကေးကျေးရွာ အုပ်စု ဒေဘူနို ကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ် ၂ စင်းနှင့် လာရောက်ဗုံးကြဲ တိုက်ခိုက်သည့် အပြင် ၄ နာရီမိနစ် ၃၀ အချိန်တွင်လည်း ဘူးသိုမြို့နယ် ခေါပုတ်ကျေးရွာအုပ်စု ဖောထာကျေးရွာအနီးတွင် ထပ်မံ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည် ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်သည်။ အဆိုပါ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုထဲတွင် အရပ် သားပြည်သူများ ထိခိုက်သေဆုံးမှု မရှိသော်လည်း ပြည်သူများ၏ စိုက်ပျိုးလုပ်ကိုင်သည့်နေရာများ ထိခိုက်ဆုံးရှုံးမှု အချို့ရှိ ခဲ့သလို အိမ်မွေးတိရစ္ဆာန် အမြောက်အများလည်း ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေများထဲတွင် တပ်မဟာ(၅) အပါအဝင် တိုက်ပွဲဖြစ်ပွားသည့် တပ်မဟာ(၆)ခုတွင် ပြီးခဲ့သည့် နိုဝင်ဘာလတစ်လထဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၅၆) ကြိမ်အထိရှိခဲ့ကြောင်း ကေအဲန်ယူ၏ လစဉ် တိုက်ပွဲပေါင်းချုပ် သတင်းထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီတပ်သည် ဒေသခံလူထုများနေထိုင်သည့် ကျေးရွာများ ထဲသို့ လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်အပြင် လက်နက်ကြီးများနှင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူ ၁၂ ဦးသေဆုံးရကာ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ်ပေါင်း ၈၁ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ထိုအထဲတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခြင်းခံရသည့် လူနေအိမ် ၃၇ လုံးရှိသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင်လည်း ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေ၊ သံလွင်မြစ်ကမ်းနံဘေးရှိ သီးရိုထာစစ်ကောင်စီ စခန်းတစ်ခုကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်မတော် -KNDO ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်တစ် ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင် လာခြင်းဖြစ်သည်ဟု ဒေသအတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။ https://kicnews.org/2022/12/knu-%e1%80%90%e1%80%95%e1%80%ba%e1 %80%99%e1%80%9f%e1%80%ac

၄။ ဖာပွန်မြို့နယ်က စစ်ကောင်စီ တပ်စခန်းသုံးခုကို KNLA တိုက်ခိုက်
December 7, 2022

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့လယ်တိုး၊ ညာတခိုကျိုးနဲ့ ခေါပုတ်တို တပ်စခန်းသုံးခုကို KNLA ပူးပေါင်း တပ်တွေက ဒီဇင်ဘာလ ၆ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး ညာတခိုကျိုးစခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းအရင်းအမြစ် တစ်ဦး က ပြောပါတယ်။ ညာတခိုကျိုးစခန်းကို တိုက်ပွဲစပြီး နာရီဝက်အတွင်း သိမ်းယူနိုင်ခဲ့ပေမယ့် ဒီဇင်ဘာလ ၇ ရက်နေ့အထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သူက ပြောပါတယ်။ “မနေ့က မနက် ၆ နာရီမှာ စခန်းသုံးခုကို တစ်ပြိုင်တည်း တိုက်တာ။ ညာတခိုကျိုး စခန်းကိုတော့ နာရီဝက်အတွင်းမှာ သိမ်းလိုက်နိုင်တယ်။ တိုက်ပွဲက တော်တော်ပြင်းတယ်။ စစ်ကောင်စီဘက်က လေယာဉ်တွေ ဆက်တိုက်သုံးတယ်။ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတုန်းပဲ။ လေယာဉ်နဲ့လည်း ဆက်တိုက်ဗုံးကြဲနေတယ်” ဒီတိုက်ပွဲမှာ ကရင် အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA နဲ့အတူ BPLA၊ ဒရုန်း အထူးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Force for Federal Democracy – FFD နဲ့ PDF အဖွဲ့တွေလည်း ပူးပေါင်းတိုက်ခိုက်နေတယ်လို့ တိုက်ပွဲအတွင်း ပါဝင်နေသူတချို့က အတည်ပြုထား ပါတယ်။ KNU ဗဟိုရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှု ၇၀၀၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။ https://www.facebook.com/rfaburmese/photos/a.10150522560153128/10162283775 853128/

၅။ မောင်တောတွင် ဖမ်းဆီးခံထားရသည့် မအေးမြစန္ဒာနှင့် ဆိုင်ကယ် ကယ်ရီသမားတို့ကို ၁၇ (၁)ဖြင့် တရားစွဲဆို လိုက်ပြီ ဟု သတင်းထွက်နေသော်လည်း မိသားစုများတစ်စုံတစ်ရာ မသိရသေးဟု မောင်ဖြစ်သူကပြောဆို
December 8, 2022

မောင်တောမြို့နယ်၊ ကြိမ်ချောင်းနယ်ခြားစောင့် အမှတ်(၂၄) စစ်ဆေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရသည့် ယခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အသက် ၂၀ အရွယ် မအေးမြစန္ဒာနှင့် ဆိုင်ကယ် ကယ်ရီသမား ကိုမောင်မောင်ကျော် တို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်လိုက်ပြီး ဒီဇင်ဘာ ၅ ရက်နေ့က ရုံးထုတ်ခဲ့သည်ဟု သတင်းထွက်ပေါ် နေသော်လည်း အဆက်အသွယ်မရသေး၍ မိသားစုများအနေဖြင့် တစ်စုံတစ်ရာ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း အဆိုပါအမျိုးသမီး၏ မောင်ဖြစ်သူ ကိုမျိုးငြိမ်းချမ်းက ပြောဆိုသည်။ “မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁/၂) နဲ့အမှုဖွင့်ခံရ တယ်လို့ သတင်းအစအနတွေကြားရတယ်။ တရားစွဲတာနဲ့ ပတ်သက်လို့လည်း အတိအကျမသိရဘူး။ ကျွန်တော် မိဘတွေက ဖမ်းဆီးခံရတဲ့ ကြိမ်ချောင်းစခန်းကို သွားတွေ့တော့ လည်း တွေ့ခွင့်မရခဲ့ဘူး။ ဒီဇင်ဘာ (၅) ရက်နေ့က ရုံးထုတ်မယ်လို့ သတင်း ကြားလို့ မောင်တောတရားရုံးကို သွားကြည့်ပေမယ့်လည်း ဘာမှမပြောဘူး။ ရုံးလည်း မထုတ်ပါဘူး”ဟု ပြောသည်။ ဖမ်းဆီးခံ ထားရသည့် မအေးမြစန္ဒာနှင့် ကယ်ရီသမားတို့နှင့် ဖမ်းဆီးထားသည်မှာ တစ်လကျော် ရှိလာပြီဖြစ်ပြီး မိသားစုနှင့်တွေ့ခွင့်မရ၍ သူတို့ အခြေအနေမည်သို့ ဖြစ်နေသည်ကို မသိရသေးကြောင်း ၎င်းက ပြောကြားသည်။

မင်းပြားမြို့နယ်၊ ပြိုင်းတောကျေးရွာမှ ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အသက် ၂၀ အရွယ် မအေးမြစန္ဒာနှင့် မောင်တောမြို့နယ်၊ အောင်သပြေကျေးရွာမှ ဆိုင်ကယ် ကယ်ရီသမား ကိုမောင်မောင်ကျော် ဆိုင်ကယ်ဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာညွန့်ကျေးရွာမှ မောင်တောသို့ ပြန်လာစဉ် နိုဝင်ဘာလ ၁ ရက်နေ့က ကြိမ်ချောင်းနယ်ခြားစောင့် အမှတ်(၂၄) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ “ကျနော်တို့ စိုးရိမ်တာက ဘယ်နေရာမှာ ဘယ်လိုထားလဲ။ ဘယ်လိုရှိနေလဲ။ ကျန်းကျန်းမာမာရော ရှိရဲ့လား။ ပုံမှန်ရော စားသာက်ရသလားဆိုတာတွေ မသိရတဲ့အခါ တော်တော်စိုးရိမ်ပါတယ်။ မိန်းခလေး ဆိုတော့ အစစအရာရာ စိုးရိမ်ရပါတယ်” ဟု ၎င်းက ပြောသည်။ ယခုကဲ့သို့ တရားရုံးမတင်ဘဲ ဖမ်းဆီးထားသည်မှာ တစ်လကျော် လာပြီ ဖြစ်သဖြင့် ယခုလုပ်ရပ်မှာ လူ့အခွင့်ရေး ချိုးဖောက်သည်နှင့် တူနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။လက်ရှိတွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်ကောင်စီတို့ အလွတ်သဘော အပစ်အခတ်ရပ်စဲထားပြီ ဖြစ်သဖြင့် မတရားအသင်းဆက်သွယ်မူ ၁၇(၁) ဖြင့် ဖမ်းဆီးတရားစွဲခံထားရသူများကို မကြာမီ ပြန်လွတ်ပေးမည်ဟုလည်း သတင်းများထွက်ပေါ်နေကြောင်း သိရသည်။ https://burmese.narinjara.com/…/639161faee079837ab605947

၆။ ဖရူဆိုမြို့တိုက်ပွဲတွင်ရရှိခဲ့သော ဒဏ်ရာဖြင့် ရဲဘော်ဂျေရိုမ်း ကျဆုံး
December 8, 2022

ကရင်နီပြည်နယ် ဖရူဆိုမြို့တွင်းတိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော ရဲဘော်ဂျေရိုမ်း အဆိုပါဒဏ်ရာဖြင့်ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၄)က (ဒီဇင်ဘာ ၈ ရက်)ထုတ်ပြန်သည်။ “နယ်မြေရှင်း တိုက်ပွဲဖြစ် ရင်းနဲ့ မိုင်းနင်းမိတဲ့ဒဏ်ရာကြောင့် ကျဆုံးခဲ့ရတာ”ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။ ထို့အပြင် အာဏာ သိမ်း စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကာလတစ်လျှောက် KNDF တပ်ရင်း (၄)၏ ပထမဆုံးကျဆုံးခဲ့ရသော ရဲဘော်ဖြစ် ကြောင်းလည်း ၎င်းက ဆိုသည်။ ရဲဘော်ဂျေရိုမ်း ဒဏ်ရာရကျဆုံးခဲ့ရသည့် တိုက်ပွဲမှာ ဒီဇင်ဘာ ၄ ရက်က ဖရူဆိုမြို့တွင်း၌ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ စစ်အာဏာရှင်ကိုတော်လှန်ရင်း မြင့်မြတ်စွာကျဆုံးခဲ့သော ရဲဘော် ဂျေရိုမ်းအား ကရင်နီအမျိုး သားများ ကာကွယ် ရေးတပ် တပ်ရင်း(၄)မှ အာဇာနည်သူရဲကောင်း တစ်ဦးအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။ ထို့အပြင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်မှုများနေသော ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ တွင်လည်း ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းလည်း KNDF တပ်ရင်း(၆)က သီး ခြားထုတ်ပြန်ထားသည်။ https://www.facebo ok.com/LuduNwayOo/photos/pcb.529665615889562/529665382556252/

၇။ ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ အရေးပေါ်ရိက္ခာတွေကို အသုံးပြုနေရပြီး မကြာခင် ရိက္ခာပြတ်လပ်လာနိုင်
December 7, 2022

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ အလှူရှင်မရောက်တာ သုံးလကျော်ပြီဖြစ်တဲ့အတွက် အရေးပေါ်ရိက္ခာတွေကို အသုံးပြုနေရပြီး မကြာခင် ရိက္ခာပြတ်လပ်လာနိုင်တယ်လို့ စစ်ရှောင် စခန်း ကော်မတီတစ်ဦးက ပြောပါတယ်။ လူဦးရေ ၁၀၀၀ကျော်နဲ့ အိမ်ခြေ ၁၆၀ ကျော်ရှိတဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ၆ အိမ်လောက်က စားဝတ်နေရေး ခက်ခဲတဲ့အတွက် စစ်ဘေးဒုက္ခသည်စခန်းမှာ သိုလှောင်ထားတဲ့ အရေးပေါ်ရိက္ခာတွေနဲ့ ထုတ်ပေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်စခန်းကော်မတီတစ်ဦးက ဆက်ပြောပါတယ်။ “ ဒီအိမ်ထောင်စု တစ်ခုက သူ့ဟာစားဖို့ လုံးဝမရှိတော့ဘူး။ သူ့ဟာ တစ်ပြည်နှစ်ပြည်ပဲ ကျန်မယ်ဆိုရင် သူက ဒီကော်မတီကို တင်ပြရတယ်ပေါ့နော။ ကော်မတီက သူ့အိမ်အထိ လိုက်ကြည့်ပေးရတယ်။ အဲဒီအချိန်မှာဆိုရင် ဂိုဒေါင်မှာ သိမ်းထားတဲ့ ဆန်အချို့ရှိတယ်။ အဲဒါ ပွဲတော်အတွက် အသုံးပြုဖို့ရယ် ဒီစစ်ရှောင်မှာရှိနေတဲ့လူ အရေးပေါ်အသုံးပြုဖို့ရယ် ဆိုပြီး ထားထားတဲ့ ဆန်တချို့ရှိတယ်ပေါ့နော။ အဲဒါဆိုရင် သူတို့က ဆန်မရှိတော့ဘူးလို့ သူတို့က လာတောင်းခံခဲ့မယ်ဆိုရင် သူတို့ တစ်အိမ်ကို ယာယီအနေနဲ့ နှစ်ပြည်သုံးပြည်နှုန်း အဲဒီလို မျိုး ပေးတာတွေရှိတယ်။” လို့ သူက ပြောပါတယ်။

အလှူရှင်တွေဟာ စစ်ဘေးဒုက္ခသည်တွေကို ဆန်၊ဆီနဲ့ ဆပ်ပြာတွေ အဓိက ပေးလှူနေပြီး လက်ရှိမှာ အလှူရှင်တွေလှူ ထားတဲ့ ရိက္ခာတွေထဲက ပွဲတွေ၊ အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့အတွက် ချန်ထားတဲ့ ရိက္ခာတွေဟာလည်း လက်ရှိမှာ အသုံးပြုလို့ တစ်လစာတောင်မကျန်တော့ပဲ ကုန်လုနီးနေပြီလို့ သူက ဆက်ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေဟာ အလှူရှင် ဆီက လှူဒါန်းမှုတွေ မရတော့တဲ့အတွက် နောက်နှစ်တွေမှာ ကိုယ်တိုင်စိုက်ပျိုးနိုင်ဖို့ တောင်ယာတွေကို သွားရောက်ခုတ်ထွင် နေတာမျိုးတွေ ပြုလုပ်နေတယ်လို့ ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးမောရိုးက ပြောပါတယ်။ “ ဘားမလုပ် ကြဘူး။ သူတို့အိမ်နီးနားချင်းလူ၊ ရွာထဲမှာရှိတဲ့ ဆွေမျိုးတွေဆီမှာပဲ ဟင်းသီးဟင်းရွက် သွားခူးစားကြတာပဲ။ တစ်ရက်နှစ်ရက် တော့ အလှူရှင်တွေသိပ်မလာတော့တဲ့အတွက် ကျနော်တို့တွေ တောင်ယာခုတ်ထားကြတယ်။ မြေပဲခင်းခုတ်တယ်။ တောင်ယာ စပါးလုပ်ဖို့ အဲဒီတောင်ယာစပါးခင်းတွေ ခုတ်ကြတယ်။ ” လို့ ဦးမောရိုးက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည် တွင်းမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်နေသေးတဲ့အတွက် နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ နေရပ်ပြန်တဲ့ အရပ်သားပြည်သူတချို့ဟာလည်း နယ်မြေရှင်းလင်းရေး မပြုလုပ်ရသေးတဲ့အတွက် မြေမြုပ်မိုင်းနင်းမိပြီး သေဆုံး တာတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးရတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။ https://www.kantarawaddytimes .org/%e1%80%86%e1%80%ae%e1%80%b8%e1%80%9e% 1%80%b0%e1%80

၈။ မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ လေယာဥ် ၅ စီးဖြင့် ထိုးစစ်ဆင်
December 8, 2022

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့ PDF ရှိသည့်နေရာကို လေယာဥ် ၅ စီးဖြင့် ထိုးစစ်ဆင်နေကြောင်းသိရသည်။ ဒီဇင်ဘာလ ၇ ရက်တွင် စစ်ကောင်စီ သည် ဂျက်လေယာဥ် ၅ စီးဖြင့် မိုးမိတ်မြို့ အခြေစိုက် ခမရ ၃၄၈ သို့ ရောက်ရှိလာပြီးနောက် ဂျက်လေယာဥ် ၂ စီးက မိုးမိတ်မြို့ နယ် မိုးလိုရွာရှိ တောင်ကြော တစ်လျှောက်ကို လက်နက်ကြီး ၅ လုံး ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “မိုးလို တောင်ကြောဘက်မှာ KIA/PDF တွေ ရှိတယ်လို့ စစ်ကောင်စီတွေကထင်လို့ လေယာဥ်နဲ့လာပြီးတော့ ဗုံးကြဲ တိုက်ခိုက်သွား တယ်၊ ဒါမတိုင်ခင်မှာ စစ်ကောင်စီ နဲ့ KIA/PDF တို့က အဲ့နားတဝိုက်မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ဖူးတယ်၊ အခုလည်း စစ်အင်အားတွေ ထပ်ဖြည့်လာတယ်ဆိုတော့ တိုက်ပွဲပိုဖြစ်မယ်ထင်တယ်” ဟု မိုးမိတ်မြို့နယ်အတွင်း လှုပ်ရှားသည့် SSPP/SSA အရာရှိက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈/၂၉ ရက်နှင့် ဒီဇင်ဘာလ ၃ ရက်နေ့တို့တွင် မိုးမိတ်မြို့နယ် မိုးလိုရွာတောင် ကြော အနီး ပတ်ဝန်းကျင်၌ အာဏာသိမ်း စစ်ကောင်စီ နှင့် KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တပ်ဖွဲ့ အသေအကျများပြား ကြောင်းလည်း သိရသည်။ “ကျနော်တို့ သိရတဲ့ စာရင်းအရတော့ တိုက်ပွဲသုံးရက်မှာ စကစဘက်က ၈၀ ကျော် ကျတယ်၊ ဒဏ်ရာရတဲ့ သူလည်း များတယ်၊ သူတို့ (စကစ)ရဲ့ အသေအပျောက်လူတွေကို လေယာဥ်နဲ့သယ်ပြီး မိုးမိတ် ဆေးရုံနဲ့ ခမရ ၃၄၈ ထဲကို ပို့ပေးတယ်လို့ ပြောတယ်၊ KIA/PDF ဘက်က ၂၀ လောက်ကျတယ်” ဟု မိုးမိတ်မြို့မှ SSPP/SSA အရာရှိက ဆက်ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က စစ်အင်အားနှင့် ရိက္ခာအင်အား တို့ကို မိုးမိတ်အခြစိုက် ခမရ ၃၄၈ သို့ ဖြည့်တင်းနေကြောင်း သိရသည်။ လက်ရှိတွင်လည်း စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် သော်လည်းကောင်း မြေပြင် စစ်အားဖြင့် သော်လည်းကောင်း စစ်သား အင်အားဖြည့်တင်းမှု ဆက်လက်လုပ်ဆောင် နေပြီး နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာနေလျက်ရှိ ကြောင်း သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့သည် နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော် AA နှင့် အပစ်ခတ်ရပ် ငြိမ်းချမ်းရေး ယူပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်မှု ခပ်စိပ်စိပ် ပြုလုပ်လာကြောင်း ပြောဆိုသုံးသပ်မှုများလည်း ထွက်လာသည်။ https://burmese.shannews.or g/archives/31935

၉။ စစ်ရှောင်ဆေးပေးခန်းတစ်ခုမှာ ဆေးဝါးတွေမရှိတော့တဲ့အတွက် ယာယီပိတ်ထားရ
December 9, 2022

ကရင်နီပြည် ဒီးမော့ဆိုမြိုနယ် အရှေ့ဖက်ခြမ်း စစ်ဘေးရှောင်တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ ကျန်းမာရေးဆေးပေးခန်းတစ်ခု အလှူရှင်တွေကို မှီခိုအားကိုးနေရပြီး လက်ရှိမှာ ဆေးဝါးတွေ မရှိတော့တဲ့အတွက် ဆေးပေးခန်း ယာယီပိတ်ထားနေရတယ်လို့ သိရပါတယ်။ ” ဒီဇင်ဘာလ ၈ ရက်နေ့က စတင်ပိတ်တာ အပြင်ကနေ အလှူရှင်မရတော့ ချိတ်ဆက်မှုလည်းမရ၊ နောက်မှာက ဆေးကကုန်နေပြီလေး၊ အခြေအနေအရ လမ်းပိတ်သွားရင် ဆေးလည်ပတ်မှု ပိုဆိုးမှာစိုးလို့၊ ဒါပေမယ့် ပြန်မေးကြည့်မယ်၊ ဆေးမြန်မြန်ပြန်ရရင်တော့ အမြန်ပြန်ဖွင့်မယ်၊ အလှူရှင်က ရှိလာပေမယ့် နည်းလာမယ် ပြောလို၊ အရင်ကလှူလာကြတာ ကုန်သွားလို့၊ ကျနော်က ကြားကနေ ကမကထ လုပ်ဆောင်ပေးတာပါ၊ အခုက ဆေးလည်ပတ်မှု မရှိတော့ ယာယီခဏရပ်တာပါ။ အပြီးတော့ မဟုတ်ဘူးပေါ့။” လို့ စစ်ဘေးရှောင် ရပ်မိရပ်ဖ ဦးယာကိုက ပြောပြပါတယ်။ အခုလို ဆောင်းတွင်းကာလမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးလိုအပ်ချက်မြင့်တက်နေပေမယ့် အလှူရှင်တွေ မရှိတော့တဲ့အတွက် ဆေးပေးခန်း ယာယီပိတ်ထားလိုက်ရတာလို့ ဆိုပါတယ်။

အခုလို ယာယီဆေးခန်း ပိတ်ထားခြင်းမှာလည်း စစ်ဘေးရှောင်ပြည်သူလူထုနဲ့ စစ်ရှောင်လူနာတွေ အပါအဝင် သူတိုရဲ့ သဘောထားကိုခံယူပြီး အသိပေးပြီးမှသာ ယာယီပိတ်ရတာဖြစ်တယ်လို့ သိရပါတယ်။ ” ယာယီဆေးခန်း ပိတ်ထားတာက ဆေး ကုန်နေလို့ ခဏနားတာပါ။ အမြန်ပြန်ဖွင့်ပေးမှာပါ။” လို့စေတနာ့ဝန်ထမ်း ဆေးဆရာမ တစ်ဦးက ပြောပါတယ်။ အဆိုပါ ယာယီ ပိတ်ထားတဲ့ ကျန်းမာရေး ဆေးပေးခန်းဟာ စစ်ဘေးရှောင် အိမ်ခြေ ၁ဝ၀ နီးပါး၊ လူဦးရေ ၇၀၀ ကျော်က စစ်ရှောင်တွေ၊ တခြား သော စစ်ဘေးရှောင်စခန်းနှစ်ခုက စစ်ရှောင်တွေအပါအဝင် ဒေသခံတွေလည်း လာရောက်ပြသနေရတဲ့ ဆေးပေးခန်း တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်း ဆေးအလှူရှင်တွေ ဆေးလာလှူဒါန်းမှု မရှိတော့တဲ့အတွက် စစ်ဘေးရှောင် စခန်းအတွင်း ဖွင့်လှစ်တဲ့ကိုယ်ထူကိုယ်ထ ဆေးပေးခန်း ပထမဆုံး ယာယီပိတ်ထားရတာ ဖြစ်တယ်လို့ သိရပါတယ်။ ကရင်နီ ပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင် လူဦးရေ ၂ သိန်းကျော်ရှိနေတာဖြစ်ပါတယ်။ https://www.kantarawaddytime s.org/%E1%80%85%E1%80%85%E1%80%BA%E1%80%9B%E1%80%BE%E1%80

၁၀။ ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ဆုံးပြန်လွတ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တောင်းဆို
December 9, 2022

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်းကို အမြန်ဆုံး ပြန်လွတ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုလိုက်သည်။ သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမြန်ဆုံးနှင့် ခြွင်းချက်မရှိ မိသားစုထံပြန်လွှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က သူ၏တွီတာလူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားတောင်းဆိုခဲ့ ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံတွင် အလေးစားရဆုံး ဘာသာရေးခေါင်းဆောင်တစ်ဦးနှင့် ငြိမ်းချမ်းရေးအတွက် ရဲရင့်သော သိက္ခာ‌တော်ရ ဆရာကြီး ခလမ်ဆမ်ဆွန်အား မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခြင်းကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန်ရှုတ်ချပါသည်။ ဆရာတော်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပြီး သူ့မိသားစုထံပြန်ပေးဖို့ တောင်းဆိုပါတယ်” ဟု ရေးသားထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဘာသာရေးသင်တန်းများတွင် ပြောခဲ့ သော ပြောကြားချက်များနှင့် ပတ်သက်ပြီး စစ်ဆေးနိုင်ရန် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသော်လည်း လက်ရှိအချိန်အထိ မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုထားသည် မသိရသေးပါ။ ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ လူနည်းစု တိုင်းရင်း သားများအပေါ် ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်မှုနှင့် ပတ်သက်ပြီး သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ၂၀၁၉ ခုနှစ်က တင်ပြခဲ့အပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားလို ပြုလုပ်ကာ တရားစွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အမှုပြန်လည်ရုပ်သိမ်းခဲ့ဖူးသည်။ https://www.facebook.com/The 74Media/photos/pcb.700750644777793/700745394778318/

၁၁။ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရ ဆရာတော်တစ်ပါးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင် ဒဏ်နှစ် ၂၀ ကျော်ချမှတ်
December 8, 2022

မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော်ကြီး သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်း (Rev- Thian Lian Sang) ကို စစ်ကောင်စီက ယမန်နေ့ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။ သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်းကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က မန္တ လေးမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ပုဒ်မ ၅၀၅(က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၄၉ (က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်ကာ စုစု ပေါင်းထောင်ဒဏ် ၂၃ နှစ်အမိန့်ချမှတ်ခံရခြင်းဖြစ်သည်ဟု ဆရာတော်၏ မိသားစုဝင်တစ်ဦးကပြောသည်။ “၅၀၅ (က) ရယ် ၄၉ (က) ရယ် ပုဒ်မနှစ်ခုနဲ့စွဲထားတာ။ ၅၀၅(က) ကဒီနှစ်ဇွန်လ ၁၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချထားတာ။ ၄၉ (က) က မနေ့ကမှ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချထားတာ၊ နှစ်ခုပေါင်းရင်တော့ ၂၃ နှစ်ဖြ စ်သွားတယ်’’ ဟု ဆရာတော်၏ မိသားစုဝင်ကပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိသည့် သိက္ခာတော်ရ ဆရာသျှန်းလျှန်ဆန်းသည် ခရစ်ယာန်ဘာသာဝင်သင်းအုပ်ဆရာတော်များ ၏ သိက္ခာတော်နှင့်အညီ နိုင်ငံရေးလှုပ်ရှားမှုမျာတွင် ပါဝင်ပက်သက်ခြင်းရှိသူမဟုတ်သည့်အပြင် ဓမ္မအမှုကို အေးချမ်းစွာ ဆောင် ရွက်နေသူဖြစ်ပြီး တောင်ပေါ်ဒေသများတွင် ဆင်းရဲနွမ်းပါး သူများကိုလည်း ကျန်းမာရေးကူညီ ထောက်ပံ့ပေး နေသူ ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က သိက္ခာတော်ရ ဆရာတော်ကို မန္တလေးမြို့ ၇၉ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြားရှိနေအိမ်သို့ စစ်ကောင်စီလက်အောက်ခံများ အရပ်ဝတ်နှင့် လက်နက်အပြည့် အစုံဖြင့်ရောက်လာပြီး မေးမြန်း စရာရှိသူဟုဆိုကာဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆရာတော်၏ နေအိမ်အတွင်းမှ ငွေသား ကျပ်သိန်း ၄၀ ကိုလည်း စစ်ကောင်စီလက်အောက်ခံများက ယူဆောင်သွားခဲ့သည်ဟု သိရသည်။ ဆရာတော်ကို ယခုလက်ရှိတွင် မန္တလေးမြို့ အိုးဘိုထောင်တွင် ထိန်းသိမ်းထားကာ ယမန်နေ့က မိသားစုနှင့် ခဏတွေ့ ခွင့်ရခဲ့ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သိရသည်။ https://www.facebook.com/KhonumthungBurmese/photos/a.1811431135791587/3310036955930

December 8, 2022

ထားဝယ်မြို့ပေါ်က နေ့စေ့လစေ့ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့မိသားစုဝင်တွေကို စစ်ကောင်စီတပ်သား တွေက လွန်ခဲ့တဲ့ သုံးရက်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေထံကနေသိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ထားဝယ်မြို့၊ တလိုင်း မရပ်ကွက်က သဲပုံစေတီအနီးမှာနေထိုင်တဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦးတို့ဖြစ်ပြီး အခုလ ၅ရက် ညနေပိုင်းက ဖမ်းဆီးသွား တာ လို့သိရပါတယ်။ သူတို့အလိုရှိတဲ့သူကိုလာရောက်ဖမ်းဆီးချိန်မှာမရှိတာကြောင့် ကိုယ်ဝန်လွယ်ထားတဲ့ အမျိုးသမီး ဖြစ်သူ မမီးမော်နဲ့ သူမရဲ့မိခင်၊ မောင်နှမတော်စပ်သူ နှစ်ဦး တို့ကိုဖမ်းဆီးခဲ့တာပါ။ ” အဲဒီကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အမျိုးသားကို လာရှာတာလို့ကြားတယ်။ ဘာကြောင့်လာရှာလဲတော့မသိဘူးပေါ့။ အခုဖမ်းခံရတဲ့ကိုယ်ဝန်သည်က နောက်သုံးလေးရက် ဆိုရင် ဆရာဝန်ပေးတဲ့ due date (မွေးရက်)ပဲတဲ့” လို့မိသားစုဝင်တွေနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဖမ်းခံရတဲ့ ၄ ဦးထဲက မိခင်နဲ့ မောင်တော်စပ်သူကိုတော့ ဖမ်းပြီးနောက်တရက်မှာ အာမခံနဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် ကိုယ်ဝန်သည်အမျိုးသမီးနဲ့ နောက်ထပ်မောင်နှမတော်စပ်သူကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးထားဆဲဖြစ်တယ် လို့သိရပါတယ်။ သူတို့ကိုဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီတပ်သား နဲ့ရဲတွေဟာ အလိုရှိသူကိုရှာမရရင် သူတို့နဲ့နီးစပ်သူနဲ့ဆွေမျိုးတော်စပ်သူတွေကို ဖမ်းဆီးစစ်ဆေးတာအပြင် ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ချတာအထိပြုလုပ်နေ တာဖြစ်ပါတယ်။ ထားဝယ်မြို့ပေါ်မှာတော့ အခုရက်ပိုင်း အစစ်အဆေး၊ အဖမ်းအဆီးပြန်လည်တင်းကျပ်လာနေပြီး ညဘက် ရှောင်တခင်ဧည့်စာရင်းအကြောင်း ပြစစ်ဆေးတာတွေလည်း ဆက်ရှိနေတယ်လို့သိရပါတယ်။ https://www.facebook.co m/p hoto/?fbid=546649054143172&set=a.501239195 350825

၁၃။ ရခိုင်နှင့်ပလက်ဝမြို့နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ ၉၈၀၀၀ ကျော်ကိုအကူအညီပေးနိုင်ရန် လိုအပ်နေဟု ယူအန်ထုတ်ပြန်
December 8, 2022

ရခိုင်ပြည်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ၄ လကျော်ကြာအောင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲ များကြောင့် နေရပ် စွန့်ခွာ ရသူ ၉၈၅၀၀ ကျော်အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် လိုအပ်နေသည်ဟု ယူအန်အိုချာ (UNOCHA) က ဒီဇင်ဘာလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။ ၎င်းထုတ်ပြန်ချက်ထဲတွင် “ ရခိုင်ပြည်နယ်နဲ့ ချင်းပြည် နယ်တောင်ပိုင်းတို့မှာ တိုက်ပွဲတွေ ၄ လကြာ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးတဲ့နောက် ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့ကြား အလွတ်သဘော အပစ်အခတ်ရပ်စဲကြောင်း နိုဝင်ဘာလ (၂၇) ရက်နေ့မှာ ကြေညာခဲ့ကြောင်း၊ ဒီထုတ်ပြန်ချက်အပြီးမှာ ပြည်နယ် အတွင်းရှိ ရေလမ်းအချို့ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက မြို့နယ်အများအပြား မှာ ကန့်သတ်ခံထားရတဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ အရပ်သားသွားလာမှုတွေ ဖြေလျှော့ပြီး အကူအညီတွေ ပြန်လည် ဝင်ရောက်ပေးနိုင်ခွင့်ရဖို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူတွေက မျှော်လင့်နေပါကြောင်း ” ဟု ဖော်ပြထားသည်။

ရခိုင်ပြည်တွင် ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်း အကူအညီပေးရေးအဖွဲ့များ သွားလာခွင့်ကို လွန်ခဲ့သည့် စက်တင်ဘာလမှစပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ နယ်လုံဝန်ကြီးအမိန့်နှင့် ကန့်သတ် ပိတ်ထားခဲ့ ခြင်း ဖြစ်သည်။ စခန်းများတွင်နေထိုင်သူများမှာ စားသောက်ရေးနှင့်ကျန်းမာရေး အကူအညီများ လိုအပ်နေသည်ဟု ယခုရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းတချို့ကို သွားရောက်ခဲ့သူ လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။ “အခုသစ်ရောက်နေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကဏန်းတောင်က လူတွေမှာဆိုရင် ဖြစ်သလို စားသောက် နေကြရပြီး ယူအန်အဖွဲ့အစည်းတွေကလည်း ဝင်လို့မရသေးတော့ အသစ်ရောက်လာတဲ့ သူတွေ အများကြီးအ ခက်အခဲရှိတယ်။ ကျန်းမာရေးပိုင်းမှာကျတော့လည်း ဆေးတွေကိုလုံး၀ ယူခွင့်မရှိတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေကလည်းမသွားဖြစ်ကြတော့ ကျန်းမာရေးအပိုင်းမှာ တော်တော် အခက်အခဲရှိနေကြပါတယ်”ဟု ဆိုသည်။ လူမှုကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရပ်သား သွားလာမှုများကို ဖြေလျော့ပြီး အကူအညီများပေးသူများ ပြန်လည်ဝင်ရောက်ပြီး လူသားချင်းဆိုင်ရာဆိုင်ရာ အကူအညီပေး နိုင်ရန် မျှော်လင့်နေသည်ဟု UNOCHA ပြောဆိုသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွေကြောင့် ချင်းပြည်နယ် တောင် ပိုင်း ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့၌ အရပ်သားပြည်သူ ၂၃,၇၀၀ ခန့် အိုးအိမ်စွန့်ခွါတိမ်းရှောင် နေရဆဲဖြစ်ပြီး ယခင်နှင့် လက်ရှိ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွါရသူဦးရေစုစုပေါင်း ၉၈,၅၀၀ ကျော် ရှိလာပြီ ဖြစ်‌ကြောင်း၊ နိုဝင်ဘာလ (၂၈) ရက်နေ့ အထိ ကိန်းဂဏန်းတွေအရ သိရှိရကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://burmese.narinj ara.com/… /639196a3ee079837ab60594d

၁၄။ မြစ်ကြီးနား-ဖားကန့်ပြေးဆွဲနေသည့် လိုင်စင်မဲ့ခရီးသည်တင်ကားများအား နန့်ယားပြည်သူ့စစ်ဂိတ်တွင် ဖြတ်သန်းခွင့် ပိတ်ပင်ထားဟုဆို
December 8, 2022

မြစ်ကြီးနား – ဖားကန့် လမ်းမှာ ပြေးဆွဲနေတဲ့ လိုင်စင်မဲ့ခရီးသည်တင်ကားတွေကို စစ်ကောင်စီလက်အောက်ခံ နန့်ယား ပြည်သူ့စစ် ဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်ပင်ထားတာကြောင့် ကားလိုင်စင်မရှိတဲ့ ကားသမားများ အားလုံးနီးပါး လုပ်ငန်းရပ်ဆိုင်း ထားရတယ်လို့သိရပါတယ်။ မြစ်ကြီးနား-ဖားကန့် အတက်အဆင်း ကားတွေအားလုံးကို နန့်ယားပြည်သူ့စစ်ဂိတ်ကနေ ဖြတ်သန်း ခွင့်မပြုဘဲ ပြန်ခေါက်ခိုင်းနေတာကြောင့် ကားလိုင်စင်မရှိတဲ့ လိုင်းကားများအားလုံး ရပ်နားထားရတယ်လို့ အဲဒီလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ “လမ်းမှာဖမ်းတယ်။ နန့်ယာမှာမဖြတ်ခိုင်းဘူး။ ၂၁ မိုင် ဂိတ်မှာလဲမဖြတ်ခိုင်း ဘူး။ နန့်ယာမှာက ဖမ်းတော့မဖမ်းဘူး။ ပြန်ခေါက်ခိုင်းတာ။ အတက်အဆင်းအားလုံးကို ပြန်ခေါက်ခိုင်းတာပေါ့။ လိုင်စင်ရှိတဲ့ ကားတွေပဲ သွားကြတာ။ အဲဒါတောင်မှ သွားရဲတဲ့သူတွေပဲ သွားကြတယ်။” လို့ ပြောပါတယ်။

နန့်ယားဂိတ်မှာ စစ်ဆေးမေးမြန်းမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပြီး လိုင်စင်မဲ့ကားတွေကို ဖြတ်သန်းခွင့် ပိတ်ပင်ထားတာကြောင့် ကားသမား အများပိုင်း မလာကြတော့ဘူးလို့ နန့်ယား ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ ” ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ ပြန်ခေါက်ခေါက် ခိုင်းတာ။ အခုက Without(လိုင်စင်မဲ့) ကားက ဖြတ်ကို မဖြတ်တော့တဲ့ အခြေအနေပေါ့” လို့ ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်ဘက်ကနေ ဆင်းလာတဲ့ကားသမားတွေကို လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေကို ခြေကျင်နဲ့ နန့်ယားကျေးရွာ အထိသယ်ခိုင်းခဲ့တယ်လို့ အထက်ပါ ကားသမားရဲ့ ပြောပြချက် အရ သိရပါတယ်။ နန့်ယာပြည်သူ့စစ်ဂိတ်မှာ စက်သုံးဆီ၊ ဆန် ၊ ဆေးဝါးများ သယ်ယူခွင့် ပိတ်ပင်ထားတာဟာ (၃)လလောက် ရှိလာပြီဖြစ်ပြီး အခုလည်း လိုင်စင်မဲ့ကားတွေကိုပါ ဖြတ်သန်းခွင့် ထပ်မံပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ https://www.face book.com/myitkyinanewsjournal.mm/photos/a.185799768452952/178897 2011469045/

၁၅။ လှည်းကူးမှာ ရိုဟင်ဂျာ ၁၂ ယောက် ထပ်မံ အဖမ်းခံရ
December 9, 2022

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငွေသောင်ယံကျေးရွာနားမှာ ရိုဟင်ဂျာ ၁၂ ယောက်ကို မနေ့က ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းမိတဲ့ အမျိုးသမီး ခြောက်ယောက် နဲ့ အမျိုးသား ခြောက်ယောက်ကို ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခု ဖမ်းဆီးရမိသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေး သလို သူတို့တွေရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီးလည်း အတိအကျ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း လှည်းကူးမြို့နယ် ဘားလားအုပ်စု ငွေနံ့သာကျေးရွာနား အမှတ် ၇ ကားလမ်းမဘေးက အမှိုက်ပုံမှာ ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။ သေဆုံးသူတွေဟာ အသက် ၁၇ နှစ်ကနေ ၃ဝ ဝန်းကျင် အရွယ်တွေ ဖြစ်ကြပါတယ်။ အဲဒီရုပ်အလောင်းတွေကို စစ်ကောင်စီ က မနေ့က သဂြိုလ်လိုက်ပြီလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးမှာ ရိုဟင်ဂျာ ၆၈ ဦး၊ နိုဝင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ရိုဟင်ဂျာ သုံးဦး ဖမ်းဆီးခံခဲ့ရပါတယ်။ https://www.rfa.org/burmese/news/t

၁၆။ အကြမ်းဖက်စစ်ကောင်စီကျူးလွန်သော စစ်ရာဇဝတ်မှုများကို ခွင့်လွှတ်ပေးစရာတစ်ကွက်မှမရှိဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော
December 9, 2022

အကြမ်းဖက်စစ်ကောင်စီကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ ခွင့်လွှတ်ပေးစရာ၊ နားလည် ပေးစရာ တစ်ကွက်မှမရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ က အမျိုးသားညီ ညွတ် ရေးအစိုးရ၏ (၇၇) ကြိမ် မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားသည်။ လွန်ခဲ့သော ဒီဇင်ဘာ (၁) ရက်နေ့၊ REUTER NEXT အစီအစဉ်တွင် ကမ္ဘာ့ခေါင်းဆောင်များ၊ စီးပွားရေး ပညာရှင်များနဲ့ စီးပွားရေးသမားများ ပါဝင်သည့် ညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရေးအချက်(၅)ကို ပြောဆိုခဲ့ရာ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြော ဆိုရာတွင်၎င်းကထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။“ပြည်သူလူထုစိုးရိမ်ပူပန်နေတဲ့ ကိစ္စကိုပြောချင်ပါတယ်။ လူထုဟာစစ်အုပ်စု ကို သူတို့ကျူးလွန်ခဲ့တဲ့ စစ် ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးဖို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရက စဉ်းစားခန်းထုတ်နေပြီလားလို့ ထင်မြင်နေကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေဟာ ခွင့်လွှတ် နိုင်စရာ/ နားလည်ပေးချင်စရာ တစ်ကွက်မှ မရှိပါဘူး။ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒလမ်းစဉ်ကလည်း တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေခြင်း လမ်းစဉ်ဖြစ်တယ်ဆိုတာ သိပြီးဖြစ်ပါတယ်။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် (၁) ပြည်သူကို သတ်ဖြတ်နေမှုများ ချက် ချင်း ရပ်တန့်ရန်၊ (၂) တပ်မတော်က နိုင်ငံရေးမှ လုံးဝစွန့်ခွာရန်၊ (၃)နိုင်ငံတကာအကူအညီများကို အနှောက် အယှက်အတားအဆီး မပြုလုပ်ရန်၊ (၄)၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းရန်၊ (၅)နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ပေးရန် တို့ဖြစ်သည်။ “စစ်တပ် ကို နိုင်ငံရေးထဲက အပြီးတိုင်ထုတ်ပယ်ဖို့ အာမခံချက်ရှိတဲ့ အခြေအနေအထိ ကျွန်တော်တို့ ကြိုး စားလုပ်ဆောင်ဖို့ဖြစ်တယ်။ အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် ဖက်ဒရယ် တပ်မတော်ဟာ ပရော်ဖက် ရှင် နယ်တပ်မတော် ဖြစ်ရလိမ့်မယ်။ ယခု မြန်မာစစ်တပ် လို နိုင်ငံရေးထဲ အမြဲတမ်း ဝင်ပါနေတာမျိုး လုံးဝ လက်မခံနိုင်ပါဘူး။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ စစ်အာဏာရှင်အမြတ်ပြတ်သုတ်သင် ချေမှုန်းရေးအတွက် တော်လှန်ရေးတွင် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင် ခဲ့သည့် သူရဲကောင်းများ၊ အာဇာနည်များကို အမြဲတမ်း အစဉ်တစိုက် ဦးညွှတ်နေမည်ဖြစ်ကြောင်း၊ တော်လှန်ရေးရဲဘော်များ၏ အသက်ပေးစွန့်လွှတ် အနစ်နာခံမှုများကို အကျိုးမဲ့ အလဟဿ မဖြစ်သွား အောင် ကြိုးစား လုပ်ဆောင်နေကြရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်း ပြောဆိုသည်။ https://www.facebook.com/khitthitnews/photos/a.386800725090613/1671203733316966/

၁၇။ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် ဘ.ကကျောင်း ပြန်မဖွင့်နိုင်သေး
December 9, 2022

စစ်ကောင်စီစစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းခံရသည့် ကော့ကရိတ်မြို့ တောင်ပိုင်းရှိ မောင်းမရွာသစ်ဘုန်း တော်ကြီးသင်ပညာရေးကျောင်း (ဘ.ကကျောင်း)သည် ယခုအချိန်ထိ ပြန်လည်မဖွင့်လှစ်နိုင်သေးကြောင်း ဒေသခံများ ကပြော သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့သည့် အတွက် ကော့ကရိတ်တောင်ပိုင်း မောင်းမရွာသစ် ဘ.က စာသင် ကျောင်း‌ ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ကျောင်းဆရာမတစ်ဦး “စစ်ကောင်စီတွေအမြဲလိုလို လက်နက်ကြီး ရမ်းပစ်တယ်။ ကျောင်း ကတော့ ပိတ်လိုက်ဖွင့်လိုက်ပေါ့။ အခုတစ်ခါတော့ ကျောင်းတည့်တည့်ထိသွားတယ်။ ကျောင်းသား တွေကလည်း ထိတ်လန့်ကုန်ကြပြီး။ ကျောင်းတက်မရဲတော့ဘူး။ ကျောင်းပိတ်ဖို့တော့များတယ်။ အခြေအနေတော့ စောင့်ကြည့် ရမှာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပညာရေး ကျောင်းများမှာ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ ကိုယ်ထူကိုယ်ထကျောင်းနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ကရင် ပညာရေးနှင့် ယဉ်ကျေးမှုဌာန သင်ကြားမှုစနစ်ကိုသာ သင်ကြားမှုရှိကြောင်း ဒေသခံများက ပြောသည်။ ကော့ကရိတ် ဒေသခံ တစ်ဦး“မြို့ပေါ်ကကျောင်းလည်း ပိတ်လိုက်ဖွင့်လိုက်ပဲ၊ စာလည်း ကောင်းကောင်းမသင်ရဘူး။ ကလေးတွေလည်း စိုးရိမ်စိတ်နဲ့ ကျောင်းသွားနေရတယ်။ မြို့ပေါ်မှာ ကျောင်းပြန်ဖွင့်တာ တောင်မကြာသေးဘူ။ ရွာက အစိုးရကျောင်းက မဖွင့်ကြဘူးလေ။ ကရင် ကျောင်းတော့ တစ်ချို့ရွာတွေမှာ ဖွင့်တယ်ကြားတယ်။”ဟု ၎င်းဒေသခံက ပြောသည်။ ကော့ကရိတ်တောင်ပိုင်း ကျေးရွာတော် တော်များများတွင် စစ်ကောင်စီ အုပ်ချုပ်မှုအောက်ရှိ စာသင်ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိဘဲ တစ်ချို့ကျေးရွာတွင် ကိုယ်ထူ ကိုယ်ထ ပညာရေးစနစ်ဖြင့်သာ ကျောင်းဖွင့်စာသင်ကြားနေကြသည်။ https://kicnews.org/2022/12/%e1%80 %9c%e1%80 %80%e1%80%ba%e1%80%94%e1%80%80%e1%80%ba%e1

၁၈။ သိန္နီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲဖြစ်၊ အကျအဆုံးရှိ
December 9, 2022

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး- ကွမ်းလုံလမ်း ကြောင်းပေါ်ရှိ သိန္နီမြို့နယ်အတွင်း ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် အာဏာသိမ်း စစ်ကောင်စီကြား တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း MNDAA ဘက်က သတင်း ထုတ်ပြန်သည်။ စစ်ကောင်စီ တပ်အင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းမှ MNDAA တပ်မဟာ၂၁၁ တပ်ရင်းအချို့ထံ ချဉ်းကပ်လာရာမှ သန္နီ မြို့ ဂန်မူးဒေသ၊ နန်လင်းကျေးရွာအနောက် မြောက်ဘက်ရှိ ဘန်ဘူးတောင်ကြော ပေါ်တွင် နေ့လယ် ၁၂ နာရီခန့်မှ စတင်ကာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်အထိ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးသေ ဆုံးကာ ထိခိုက်ဒဏ်ရာရရှိသကဲ့သို့ MNDAA ဘက်ကလည်း တပ်ဖွဲ့ဝင်၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း MNDAA ဘက်က ဆိုထားသည်။ တိုက်ပွဲအတွင်း သေဆုံး ထိခိုက်ဒဏ်ရာရမှု များနှင့် ပတ် သက်ပြီး ဧရာဝတီအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိ သေးပေ။ လတ်တလောတွင် MNDAA နှင့် စစ်ကောင်စီ တို့ကြား စစ်ရေးတင်းမာလျက် ရှိပြီး ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်အတွင်း၌လည်း တိုက်ပွဲများ ပြင်းထန်လာမည့် သတင်းများ ထွက်ပေါ်နေ သဖြင့် ဒေသခံများ တိမ်းရှောင်မှု ရှိနေကြောင်း သိရသည်။ https://www.facebook.com/theirrawaddybur mese/photos/a.68 2210471823108/6275532739157492/

၁၉။ ပုဏ္ဏားကျွန်းတွင်ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ကျော် နုတ်ထွက်သွားသော်လည်း အုပ်ချုပ်ရေးယန္တရားကို ULA က တာဝန်ယူထားပြီဖြစ်၍ စိုးရိမ်စရာမရှိတော့ဟုဆို
December 8, 2022

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ကျော် နုတ်ထွက်သွားသော်လည်း ဒေသတွင်း အုပ်ချုပ်ရေးယန္တရားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က တာဝန်ယူထားပြီဖြစ်၍ စိုးရိမ်စရာမရှိတော့ဟု ဒေသခံများက ပြော သည်။ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက “အုပ်ချုပ်ရေးမှူးမရှိပေမဲ့ ULA အဖွဲ့ရှိတယ်လေ။ အဲဒီ ULA အဖွဲ့က အားလုံးကို အစစအရာရာ အားလုံးကိုင်ဆောင်ပြီးတော့ အမှုကိစ္စကိုပါ အဲဒီ ULA က ကိုယ်တွယ် ဖြေရှင်းနေတယ်လေ။ အဲဒီအုပ်ချုပ်ရေးမှူးက ၂ဝ၂ဝ ကနေ အဲဒီအုပ်ချုပ်ရေးမှူး တစ်ခုမှ မကိုင်တော့ဘူး။ သူ့မှာ လစာထုတ်တယ်၊ စားတယ်။ လစာထုတ်တယ်၊ စားတယ်။ ရွာသားတွေကလည်း သူ့ဆီ ဘယ်သူမှ သွားမတိုင်ကြ တော့ဘူး။ အားလုံး ULA ဆီမှာပဲသွားတိုင်ကြတယ်။ ULA ကပဲ အားလုံးကို ဖြေရှင်းနေရတယ်”ဟု ပြောသည်။ ရခိုင်ရှိ ကျေးရွာများ၏ အုပ်ချုပ်ရေးယန္တရားများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က တာဝန်ယူဆောင်ရွက်နေသည်မှာ ကြာမြင့်နေပြီဟုလည်း ဒေသခံတစ်ဦးက ပြောသည်။ ဒေသတွင်း အမှုအခင်းများဖြစ်ပေါ် လာပါကလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များကို အားကိုးမရသည့်အတွက် ဒေသခံများသည် ULA အဖွဲ့ဝင် များထံကိုသာ သွားရောက်တိုင်ကြားမှုများ ရှိနေကြပြီး ULA ကလည်း အတတ်နိုင်ဆုံး တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးနေသည် ဟု ဒေသခံများက ဆိုကြသည်။

“ဒီမှာကတော့ ULA ကတော့ အရင်ကနေ အစိုးရခန့်ထားတဲ့အုပ်ချုပ်ရေးမှူးတွေထက် လည်ပတ်ပါတယ်။ များသော အားဖြင့် နယ်တွေမှာက အဲလိုပဲ။ ဟိုအုပ်ချုပ်ရေးမှူးတွေကျတော့ အစိုးရနဲ့ဆက်စပ်တဲ့ ဥပမာ ထောက်ပံ့ ရေးပစ္စည်းတွေ၊ အသက် ကြီးတွေကို ပိုက်ဆံထောက်ပံ့တာတို့၊ မွေးကင်းစကလေးတွေ၊ ကိုယ်ဝန်သည်တွေကို ပိုက်ဆံထောက်ပံ့တာတွေမှာသာ အလုပ် ဖြစ်တာ။ တခြား ကျေးရွာဖွံ့ဖြိုးရေးအပိုင်းတွေမှာတော့ သိပ်အလုပ်မဖြစ် တော့ဘူး။ အခု သူတို့ နုတ်ထွက်လိုက်ကြပေမဲ့ ULA မှာတော့ လည်ပတ်ပြီးသားပဲ”ဟု ပြောသည်။ ပုဏ္ဏားကျွန်းမြို့နယ် ရှိ ကျေးရွာအုပ်စု ၉၆ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်ချုပ် ရေးမှူးဦးရေ ၇ဝ ကျော်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်မှစတင်ကာ အစုလိုက်အပြုံလိုက် နုတ်ထွက်စာတင်ခဲ့ကြခြင်း ဖြစ် သည်။ ယင်းနောက် သူတို့ကို ဒီဇင်ဘာလ ၄ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဆင့်ခေါ်ခဲ့သော်လည်း အစိုးရကို အယုံ အကြည်မရှိတော့၍ဟုဆိုကာ တစ်စုံတစ်ဦးမျှ သွားရောက်ခဲ့ခြင်းမရှိခဲ့ဟု နုတ်ထွက်ထားသူများက ပြောသည်။ ပုဏ္ဏားကျွန်းမြို့ နယ် ပဒေသာ ကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် စစ်ကောင်စီကား ၁ စီးကို ရက္ခိုင့် တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က လူနေကျေးရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ၁၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီအပေါ် လူထုယုံကြည်မှု လုံးဝကျဆင်းသွားခဲ့သည်ဟုသိရသည်။ https://burmese.narinjara. com/…/63916a1fee079837ab94b

၂၀။ နမ့်ဆန်တွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲပြင်းထန်၊ ရွာသားများ စစ်ဘေးရှောင်ထွက်ပြေး
December 9, 2022

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး အနီးနားဝန်းကျင်က ဒေသခံရွာသားတွေ ရာနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေဟာ မနေ့ ဒီဇင်ဘာ ၈ ရက်က TNLA တပ်မဟာ-၂ စစ်ဒေသထဲမှာရှိတဲ့ တပ်စခန်းကို မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်သလို ကောင်းကင်မှာလည်း ဂျက်လေယာဉ် ၂ စီးနဲ့ ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် နမ့်ဆန်မြို့နဲ့ မန်တုံမြို့ကနေပြီးတော့လည်း လက်နက်ကြီးနဲ့ ည ၁၀ နာရီထိ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကုန်းသာကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)တို့ ဒီဇင်ဘာ ၉ ရက် ဒီနေ့ မနက်ပိုင်းထိ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် နမ့်ဆန်မြို့နယ် ကုန်းသာရွာက နေအိမ်တချို့တဲ့ သာသနိကအဆောင်အအုံတွေ ပျက်စီးသွားပါတယ်။ ဒါ့အပြင် စစ်ပွဲဧရိယာ ဝန်းကျင်မှာရှိတဲ့ ကုန်းသာ၊ ဟူးမန်း၊ မန်လုံ၊ ပိန်းလုံနဲ့ တာလတ်စတဲ့ကျေးရွာတွေက ရွာသား ၄၀၀ ကျော် နမ့်ဆန်မြို့နယ် ဇယန်းကြီး ကျေးရွာဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေရသူတွေရှိသလို နီးစပ်ရာဆွေမျိုးအိမ်တွေမှာ စစ်ဘေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွား နေတာနဲ့ ပက်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် တာ မရှိသေးပါဘူး။ နမ့်ဆန်နဲ့ မန်တုံမြို့မှာအခြေစိုက် ထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားရာရွာတွေဘက်ကို လက်နက် ကြီးနဲ့ ဆက်တိုက်ပစ်ကူးပေးနေပြီး လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တအာင်းဒေသအတွင်းမှာ တိုက်ပွဲမဖြစ်သလောက် ငြိမ်သက်နေရာက အခုလက်ရှိ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နမ့်ဆန်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြန်ဖြစ်လာတာလို့ ဒေသခံတွေကပြော ပါတယ်။ http s://burmese.dvb.no/archives/568075

၂၁။ နိုဝင်ဘာလအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးထောင်ကျော်ဖမ်းဆီးရမိ
December 9, 2022

နိုဝင်ဘာလအတွင်းမှာဆိုရင် ရောင်းဝယ် နေတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားကို ကရင်နီပြည်ရဲဌာန (KSP) ကနေ ဖမ်းဆီးရမိတာ‌တွေရှိပြီး အရေအတွက် ၅၂၂၅ ပြားအထိ ဖမ်းဆီးရမိတာရှိတယ်လို့ သိရပါတယ်။ လက်ရှိကာလ အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေရှိနေတဲ့အပေါ် KSP အနေနဲ့ မူးယစ်ဆေးဝါး အန္တာရာယ်နဲ့ပတ်သက် ပြီး အသိပညာပေးတာ တွေကို လုပ်ဆောင်နေတာတွေလည်း ရှိတယ်လို့ KSP သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဘိုဘိုက ပြောပါတယ်။ “ ကရင်နီပြည်ရဲ KSP အနေနဲ့ မူးယစ်ဆေး ဝါးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆိုလို့ရှိရင် ဒီဖက်မှာ အများဆုံးဖမ်းမိတဲ့ဟာပေါ့နော။ WY တွေ တွေ့တယ်။ အဲ့ကြောင့်မလို့ ကျနော်တို့ က မူးယစ်ဆေးဝါး အန္တာရယ်ကို လူငယ်တွေက ဒီ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ အန္တာရယ် ဘယ်လောက်ကြီးတယ်ဆိုတာကို သိဖို့အတွက် ကျနော်တို့ စိုးမိုးနယ်မြေထဲမှာရှိတဲ့ စခန်းတွေ ဆိုလည်း စခန်းတွေ အလိုက် ကျနော်တို့ ရုံးချုပ်ကလည်း မှုခင်းနဲ့ ထောက်လှမ်းရေးဌာနကလည်း မူးယစ်ဆေးဝါးအန္တာရယ် အသိပညာပေး ဟောပြော ပွဲတွေ လိုက်လုပ်နေတယ် ပေါ့နော။ နိုဝင်ဘာလအတွင်းမှာဆိုလို့ရှိရင် အမှတ် ၆ ရဲစခန်းတစ်ခုတည်းကို ကျနော်တို့ ၇ ကြိမ် ရွာတွေ၊ ကျောင်းတွေ မှာ မူးယစ်ဆေးဝါး အန္တာရယ် အသိပညာပေးဟောပြောပွဲ လိုက်လုပ်ထားတာရှိတယ်။ “ လို့ KSP သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဘိုဘိုက ပြောပါတယ်။

KSP အနေနဲ့လည်း စိုးမိုးနယ်မြေတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး နယ်မြေအတွင်း ရှောင်တခင် စစ်ဆေး တာတွေ၊ ကင်းလှည့်တာတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်။ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှုတွေလည်း တွေ့ရှိနေရ တဲ့အတွက် လူငယ်တွေ သုံးစွဲလာကြမှာကိုလည်း စိုးရိမ်တယ်လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ နေထိုင်တဲ့ ဒေါ်စိန်ဖိုလျားနာက ပြောပါတယ်။ “ မူးယစ်ဆေးသုံးစွဲတာ ဆိုးကျိုးကတော့ အခုသားသမီးတွေပေါ့နော။ သုံးရင်တော့ ကောင်းကျိုးက တစ်ချက်ပဲ ရှိတယ်။ ဆိုးကျိုးကတော့ ပတ်ဝန်းကျင်လည်း ထိခိုက်တယ်။ မိသားစုလည်း ထိခိုက်တယ်။ စီးပွားရေးလည်းထိခိုက်တယ်။ ဘာဖြစ်လို့လဲဆိုရင် အလုပ်အကိုင်လည်း မလုပ်နိုင်။ အဲ့ဆေးပဲ စွဲ ခါကျတော့ လူငယ်ကို ဖျက်ဆီးတဲ့ ပုံစံမျိုး ပျက်စီးသွားတာပေါ့ လူတွေ။ အလုပ်အကိုင်လည်း မလုပ်ချင်ကြတော့ဘူး။ ဝင်ငွေ မရှိလည်း သူတို့က မသိတော့ဘူး။ မိဘတွေကိုပဲ ပြန်ပူဆာ မရရင်လည်း သူခိုး ကြမ်းပိုး တွေလည်း ဖြစ်လာနိုင်တယ်။ ဆိုးကျိုးတွေ အများကြီး ရှိတယ်။ ပြောရမှာပေါ့နော။ “ လို့ ဒေါ်စိန်ဖိုလျားနာ က ပြောပါတယ်။ လက်ရှိကာလမှာဆိုရင် အုပ်ချုပ်ရေးယိုယွင်းနေတဲ့ ကာလဖြစ်တဲ့အတွက် ကရင်နီပြည်တွင်း မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲတာတွေလည်း ပိုများလာနေသလို စားဝတ်နေရေးခက်ခဲလာတဲ့အတွက် ဘိန်းစိုက်ပျိုးမှုတွေကို လည်း တွေ့ရှိလာနေရပါတယ်။ https://www.kantarawaddyt imes.org/%e1%80%94%e1%80%ad%e1%80%af%e1%

၂၂။ နန်းမားကျေးရွာတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးတရားစွဲဆို
December 9, 2022

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ် ၂ ဦးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် PDF အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးအမှုဖွင့်ခံထားရကြောင်း ဒေသခံများထံမှသိရသည်။ နန်းမား နယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးကျော်(ရဲအမှုစစ်)နှင့် ဒုရဲအုပ်သွင်အောင် (နယ်ထိန်း) ၂ ဦးတို့ကို ပြီးခဲ့သော ၂ ပတ်ခန့်အကြာက မြစ်ကြီးနား ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှမေးမြန်းရန်ရှိသည်ဟု တိုက်ရိုက်ခေါ်ယူဖမ်းဆီးခဲ့ပြီး PDF အဖွဲ့နှင့်ဆက်သွယ်သည်ဟု အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုထားသည်ဟု နန်းမား ဒေသခံအမျိုးသားတစ်ဦး ပြောသည်။ “ဒုရဲအုပ် ၂ ယောက် စလုံးကို ဖမ်းဆီးပြီးမှ အမှုဖွင့်ထားပါတယ် သူတို့ ၂ ယောက် ကို အလုပ်အကြောင်းပြပြီး တိုက်ရိုက်ခေါ်ယူဖမ်းဆီးလိုက် တယ်လို့ သိရတယ်။ ရဲအုပ်မျိုးကျော် ကို အရင်ခေါ် တာ သူ့ကိုခေါ်ပြီး နောက်နေ့ နယ်ထိန်း သွင်အောင် ကိုထပ်ခေါ်တယ်။ ပြန်မလွတ်တော့ ဘူး တစ်ခါတည်းဖမ်းထား လိုက်တာ သူတို့ရဲကားမောင်းသမားတွေတောင် တစ်ပတ်လောက်ကြာမှပြန်လွတ် ပေးတယ် အခုတော့ အမှုဖွင့် ထားပြီးတဲ့”ဟုပြောဆိုသည်။

လက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် ဒုရဲအုပ် ၂ ဦးကို မြစ်ကြီးနားထောင်သို့ ပို့ဆောင်ထားပြီဖြစ်သည်။ ဒုရဲအုပ်သွင်အောင်နှင့် ဒုရဲအုပ်မျိုးကျော်တို့သည် အာဏာမသိမ်းမှီကတည်းက နန်းမားကျေးရွာတွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြပြီး ၂ ဦးစလုံးသည် ဒေသခံပြည်သူများနှင့် လူမှုဆက်ဆံရေး ရရှိသူများဖြစ်ကြသည်ဟု ဒေသခံများပြောသည်။ “ဒုရဲအုပ်မျိုးကျော်က နန်းမားသူနဲ့ အိမ်ထောင်ကျ ထားတာလေ အရင်ကတည်းကလည်း ဒီမှာတာဝန် ကျနေကြတာ မျိုးကျော်တော့ အာဏာသိမ်းပြီး ဆွမ်ပရာဘွမ်ဘက် မှာ ခဏပြောင်းရွှေ့လိုက်တာ ပြန်ရောက်လာတာ တစ်လ လောက်ပဲ ရှိသေးတယ် သူတို့နှစ်ယောက်က ဒေသခံတွေနဲ့ အရမ်းအဆင်ပြေကြတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီဘက်မှ အဆိုပါ ဒုရဲအုပ် ၂ ဦးကို PDF အဖွဲ့နှင့် ဆက်သွယ် သည်ဟု စွပ်စွဲပြောဆိုပြီး ဖမ်းဆီးတရားစွဲထားသော်လည်း PDF အဖွဲ့နှင့် ဆက်သွယ်မှုရှိမရှိ အသေးစိတ်မသိရသေးပါ။ https://burmese.kachinnews.com/2022/12/09/az1-86/

၂၃။ တောင်ကြီးမှာ ဓာတ်ဆီဈေး ကျဆင်း
December 8, 2022

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့ ဓာတ်ဆီ 92 တစ်လီတာကို ၂,၀၅၀ ဝန်းကျင်နဲ့ ရောင်းချနေလို့ ဈေးအနည်းငယ် ကျဆင်းလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက တစ်လီတာကို ၂,၅၀၀ ဝန်းကျင်အထိ ရှိခဲ့တဲ့ ဓာတ်ဆီ 92 ဈေးဟာ အခုလ အတွင်း တစ်လီတာကို ၂,၀၅၀ ဝန်ကျင်းအထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ “ဆီဈေးက အရင်လတွေထက်စာရင် နည်းနည်း ကျလာတယ်လို့ ပြောလို့ရတယ်။ လမ်းဘေးဆိုင်တွေရဲ့ ဈေးက တော့ကြီးတယ်။ ဒီထက် ထပ်ကျဖို့တော့ မရှိလောက် ဘူး။ အခြား မြို့တွေလိုတော့ ၂,၀၀၀ အောက် မဆင်းသေးဘူး။ ဈေးအတက် အကျထက် ပြီးခဲ့တဲ့ ၂ လလောက်တုန်းကလို ဝယ်ယူ လို့ မရမှာ ပိုစိုးရိမ်တယ်။ လျှပ်စစ်မီးကလည်း မမှန်တော့ မီးစက် အသုံးပြုနေရတာတွေ ရှိတော့ ဆီပြတ်လပ်မှာတော့ စိုးရိမ် တယ်” လို့ တောင်ကြီးမြို့က လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုစိုင်းက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ ကော်မတီရဲ့ ဒီကနေ့ သတ်မှတ် လက်ကား ရည်ညွန်းဈေး 92 တစ်လီတာ ၁,၉၄၅ ကျပ်၊ 95 တစ်လီတာ ၂,၀၄၀ ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂,၂၇၅ ကျပ် ဖြစ်ပေမယ့် နယ်တွေမှာတော့ တစ်လီတာကို ကျပ် ၁၀၀ ကနေ ၁၅၀ ဝန်းကျင် ဈေးမြင့်လေ့ရှိတာပါ။ လက်ရှိ နိုင်ငံတဝှမ်း လျှပ်စစ်မီး တစ်နေ့ ၈ နာရီခန့်သာ ရရှိတာကြောင့် မီးစက် တွေ အသုံးပြုကာ လုပ်ငန်း လည်ပတ်နေရတဲ့ အတွက် စက်သုံးဆီ ဈေးနှုန်း ကျဆင်းမှသာ အဆင်ပြေမယ်လို့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်များက ဆိုပါတယ်။ အခုနှစ်အတွင်း စက်သုံးဆီ ကော်မတီ ရည်ညွှန်းဈေး ဓာတ်ဆီ 92 တစ်လီတာ ၂,၆၇၅ ကျပ်အထိ အမြင့်ဆုံးဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ https://www.facebook.com/MeKongNewsMM/photos/a.373965523263

၂၄။ ကျောက်စိမ်း တူးဖော်မှုကြောင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်း ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်
December 8, 2022

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နှင့် အင်းတော်ကြီးဒေသကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်အနီး ဝှေခါကျေးရွာ နှင့် မှော်ကလုံ ကျေးရွာဧရိယာတွင် ကျောက်စိမ်းတူးဖော်မှုကြောင့် လမ်းထိခိုက်ပျက်စီးလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။ အောက်တိုဘာလဆန်းပိုင်းကတည်းက အဆိုပါဒေသတွင် စက်ယန္တာရားကြီးများဖြင့် ကျောက်စိမ်းတူးဖော်လာသည့် အတွက် အင်းတော်ကြီး –ဖားကန့် လမ်းပိုင်းပျက်စီးလာပြီး အသွားအလာ ခက်ခဲသွားမည်ကိုဒေသခံများက စိုးရိမ်နေကြသည်။ “အဲ့ဘက်ဝှေခါဘက်မှာက အခုမှစလုပ်လာတာ မိုးတွင်းဆိုအဲ့ဘက်ကလုပ်လို့မရဘူး။ အခုပွင့်လင်းရာသီ ဝင်လာလို့ သူတို့တွေ စလုပ်လာနေကြတာ တကယ်ဆို အဲ့မှာကလုပ်ကိုမလုပ်သင့်ဘူးဗျ ဘာလို့ ဆိုရင် လမ်းပြိုကျတာတို့ဘာတို့ ဆိုရင် အကုန်လုံး ည အသွားအလာခက်ခဲ သွားနိုင်တယ်။ တခြားအစားထိုး လမ်းတစ်ခုခု ဖောက်ပေးထားတာမျိုးရှိတယ် ဆိုရင်တော့ တမျိုးပေါ့ အခု က အဲ့လိုလည်းမရှိဘူး” ဟု ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ ဝှေခါ ၊ မှော်ကလုံကျေးရွာ ဧရိယာတွင် စက်ယန္တာရားကြီးနှင့် ကျောက်စိမ်း တူးဖော်နေမှုမှာ နေရာကွက်ကျားရှိနေပြီး လမ်းဧရိယာနှင့် ပေ ၅၀၀ အထက်တွင်တူးဖော် နေပြီး ပိုမိုနီးကပ်လာပါက အများပြည်သူ သွားလမ်းမကြီး ပျက်စီးသွားမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အခုတောင်မှ တချို့နေရာတွေက မြေစာတွေ ကျောက်ခဲတွေနှင့် ပြည့်နေတာ ဖုန်ကတထောင်း ထောင်းနဲ့ သွားရလာရ အရင်လို အဆင်မပြေတော့ဘူး။ မိုးတွင်းဆို ပိုဆိုးဖို့ပဲရှိတယ် ရွံတွေထူလာမှာ အခုထက်ပိုပြီး လမ်းဧရိယာထဲ ရောက်လာရင်တော့ စက်ယန္တာရားတွေနှင့် တူးတာဆိုတော့ မြေပြိုဘာညာဖြစ်လာမှာ”ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။ ဝှေခါနဲ့ မှော်ကလုံ ကျေးရွာ ဧရိယာတွင် စက်ယန္တာရားဖြင့် တူးသည့်လုပ်ကွက် ၅ ခု ထက်မနည်းရှိပြီး အထူးသဖြင့် ညဘက် တူးဖော်နေမှုကြောင့် ဆူညံသံများဖြစ်စေခြင်း၊ လူဦးရေ ထူထပ်လာသည်နဲ့အမျှ လောင်ကစားဝိုင်း များလာခြင်း၊ လူမှုရေး ပြသာနာများလာခြင်း စသည့် ပြဿနာများကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။ ထို့အပြင် အဆိုပါလမ်းမကြီးသည် မိုးညှင်းနှင့် ဖားကန့်မြို့ ခရီးသွားများနှင့် ကုန်သွယ်စီးဆင်းမှုအတွက် အဓိကလမ်းပိုင်းဖြစ်သောကြောင့် လမ်းပိုင်းပျက်စီးလာပါကဒေသခံများအခက်အခဲ များစွာ ကြုံတွေ့နိုင်ကြောင်း သိရသည်။ https://burmese.kachinnews.com/2022/12/08/az2-60/

၂၅။ လောက်ကိုင် ကားဂိတ်များ ကားခ ပိုကောက်ပါက အရေးယူခြင်း ခံရမည်ဟု ညွှန်ကြားစာထွက်
December 8, 2022

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ မြို့နယ်ယာဥ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီမှ ကားခ ယာဥ်နှုန်း ထားများ ကို သတ်မှတ်နှုန်းထားဖြင့် ပိုကောက်ပါက အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်လာသည်။ ဒီဇင်ဘာ ၇ ရက်စွဲဖြင့် လောက်ကိုင်မြို့ နယ် ယာဥ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီက ခရီးသည် တစ်ဦးအတွက် ကားခများကို သတ်မှတ် နှုန်းထားအတိုင်း ကောက် ခံရန် နှင့် လိုက်နာမှု မရှိပါက အရေးယူခြင်း ခံရမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းကဲ့သို့ ထုတ်ပြန်လာခြင်းနှင့် ပတ်သက်ပြီး လောက်ကိုင်မြို့ထဲအထိ တိုက်ပွဲဖြစ်မည့် သတင်းထွက် လာပြီး နောက် မြို့ထဲမှ ထွက်လိုသည့် ပြည်သူများ များပြား ပြီး ကားများငှားမလောက် နှင့် ဈေးနှုန်းလည်း တက်လာကြောင်း လောက်ကိုင်မြို့နေ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ “ကားခတွေ တက်လာတဲ့ သတင်းက အရမ်းပေါက်တော့ သက်ဆိုင်ရာကနေ ဂိတ်တွေကို တရားစွဲမယ်လို့ ထုတ်ပြန် ချက် ထွက်လာတယ်၊ ဒါကြောင့် တချို့ဂိတ်တွေက ပုံမှန်စျေးအတိုင်းပဲ ကားလက်မှတ်တွေ ပြန်ရောင်းနေပါပြီ၊ ခရီးသည်တွေကတော့ စျေးပိုပေးပြီး ပြန်ကြတာလို့ သိရတယ်” ဟု လောက်ကိုင်မြို့ခံ အမျိုးသားက ပြောသည်။

လောက်ကိုင် ကားခဈေးနှုန်းများသည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မူရင်းဈေး ၆ သောင်းကျပ်မှ တစ်သိန်း နှစ်သောင်း ကျပ်အထိ မြင့်တက်လာကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ နှင့် ၂၉ နှစ်ရက်တာအတွင်း ချင်းရွှေဟော်ဒေသ နမ့်ဖာ တောင်ဒေသတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့သည် လောက်ကိုင်မြို့ထဲ အထိ တိုက်ပွဲဖြစ်လာမည့် သတင်းကြောင့် လောက်ကိုင်ရောက် အလုပ်သမား အများစုက စိုးရိမ်ကြောက်လန့်ပြီး ဇာတိနေရပ်ပြန်ကြရန် ကားအလုအယက် ငှားရမ်းရာမှ ကားဈေးနှုန်းတက်လာခြင်း ဖြစ်သည်။ “သတင်းက ကောလဟလလား ဘာလားဆိုတာတွေကို မစစ်ကြတော့ပဲနဲ့ ပြည်သူတွေက တိုက်ပွဲဆိုတာနဲ့ ကြောက်ပြီး နေရပ်ကို ပြန်ချင်ကြတာ၊ အဲ့ဒါကြောင့် ကားဈေးနှုန်းတွေက တက်ပြီး ငှားမရ လောက်အောင် ဖြစ်တာ၊ သက်ဆိုင်ရာတွေကတော့ ဒီအခြေအနေကို ထိန်းဖို့ ကြိုးစားနေတယ်” ဟု လောက်ကိုင်မြို့မှ တာဝန်ရှိ သူ ပြောသည်။ ယင်းကဲ့သို့ အလုပ်သမားများ စိုးရိမ်ကြောက်လန့်ပြီး နေရပ်ပြန်ကြခြင်းနှင့် ပတ်သက်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့က တိုက်ပွဲသတင်းသည် ကောလဟလသာ ဖြစ်ကြောင်း မယုံကြည်ကြရန် ထုတ်ပြန် ပြောဆိုထားသည်။ https://burmese.shannews.org/archives/31929

၂၆။ စစ်ကြောရေးတွင် ညှင်းပန်းနှိက်စက်ခံခဲ့ရ၍ ရင်ဘက်နှင့် ဝမ်းဗိုက်နာကျင်သည့် ဝေဒနာခံစားနေရပြီး ဆေးကုသရန် အရေးပေါ်လိုအပ်နေ
December 8, 2022

စစ်ကောင်စီက ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် တရားစွဲခံထားရသည့် ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းက အသက် ၄၀ အရွယ်ရှိ ဦးကျော်ဟိန်းမှာ စစ်ကြောရေးတွင် ညှင်းပန်းနှိက်စက်ခံခဲ့ ရ၍ ရင် ဘက်များအောင့်သည်ဝေဒနာ ဝမ်းဗိုက်နာကျင်ကိုက်ခဲသည့်ဝေဒနာ ခံစားနေရကြောင်း မိသားစုဝင်များက ပြောသည်။ ပြီးခဲ့ သည့် ဇူလိုင်လ ၁၉ ရက်နေ့က ဦးကျော်ဟိန်းမှာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် စစ်ကြောရေးတွင် ၃ လကျော်ကြာ စစ်ဆေးခံခဲ့ရပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင်မှ ကျောက်တော်မြို့မ ရဲစခန်းကို လွှဲပြောင်းခြင်း ခံခဲ့ရခြင်းဖြစ်သည်။ ဦးကျော်ဟိန်း မှာ စစ်ကြောရေးမှာ စစ်ဆေးခံရစဥ်မှာ ညှင်းပန်းနှိက်စက်ခံမှု များကြောင့် ရင်ဘက်များအောင့်သည်ဝေဒနာ၊ ဝမ်းဗိုက်နာကျင် ကိုက်ခဲသည့်ဝေဒနာ ခံစားနေရကြောင်း ဓာတ်မှန်ရိုက် စစ်ဆေးခွင့်များနှင့် အမြန်ဆုံးဆေးကုသရန် လိုအပ်နေကြောင်း ဇနီးဖြစ် သူ ဒေါ်မအေးသန်း ကပြောသည်။”ကိုကျော်ဟိန်းရဲ့ ကျန်းမာရေးအခြေအနေက ရဲစခန်းရောက်ခါစထက်စာရင် တော်တော် လည်းကို တိုးတက်လာ တယ်လို့ဆိုရမယ်။ ရဲစခန်းရောက်ပြီးမှတော့ ရဲစခန်းရဲ့ အစီအစဉ်နဲ့ ဆေးရုံကြီးမှာတော့ နှစ်ကြိမ်ဆေး ကုသခွင့် ပြုခဲ့တယ်။ သူမှာက နဂိုအစာအိမ်အခံလည်းရှိတော့ အခုလည်း ရင်ဘက်တွေက အောင့်နေသေးတယ်။ ဝမ်းဗိုက် နာကျင်ကိုက်ခဲသည့်ဝေဒနာ ခံစားနေရတယ်။ ကျွန်မတို့ကတော့ သူကို ဓာတ်မှန်တွေရိုက်ပြီး စစ်ဆေးကုသခွင့်တွေ ပေးစေချင် တယ်” ဟုပြောသည်။

ဦးကျော်ဟိန်းမှာ ဆေးကုသနေသည့် ဆေးဆရာတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ညက ကံကြီးရှင် စစ်ဘေး ရှောင်စခန်းက ဆေးကုသပြီး ပြန်လာစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ဦးကျော်ဟိန်း နှင့်အတူ ဖမ်းဆီးခံထားရသည့် သရက်တပင်ကျေးရွာက ဦးမောင်စောသာတို့ ၂ ဦးကို စစ်ကောင်စီက မတရားအသင်းဆက် သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)တို့ဖြင့် တရားစွဲဆိုထားပြီး ဒီဇင်ဘာလ ၅ ရက်နေ့က ရုံးချိန်းမှာလည်း တရားလို မရောက်၍ စစ်ဆေး နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း မိသားစုဝင်များကပြောသည်။ https://www.facebook.com/westernnewsagency/photos/a.11928 6173211229/66629 5655176942/

၂၇။ သိန္နီမြို့နယ် အိမ်ဝန်းအတွင်း ဗုံးတစ်လုံးပေါက်ကွဲ မိသားစုလိုက် ထိခိုက်ဒဏ်ရာရ၊ ၂ ဦးသေဆုံး
December 9, 2022

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာတွင် နေအိမ်ဝန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် မိသားစုလိုက် ထိခိုက်ဒဏ်ရာရရှိပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၈ ) ရက် နံနက်ပိုင်းအချိန် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာသို့ ဆိုင်ကယ် စီးလာသည့် အမည်မသိ အမျိုးသား နှစ်ဦးသည် လက်ပစ်ဗုံးကို နေအိမ်ထဲ ပစ်ထည့်လိုက်သဖြင့် အိမ်ရှင် မိသားစုမှ ၂ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ “အိမ်ရှင် အမျိုးသမီးဖြစ်တဲ့ အမေ နဲ့ သူ့သားက ပွဲချင်းပြီး သေသွားတယ်၊ ပြီးတော့ အဖေဖြစ်သူနဲ့ သမီးက ဒဏ်ရာ ပြင်းပြင်း ထန်ထန်ရသွားတယ်၊ သူတို့အဖေက ခါးကျိုးသွားတာတဲ့။ မနေ့ကတည်းက လားရှိုးဆေးရုံကို ပို့ပေးရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ခါးကျိုးသည့် အိမ်ရှင်အမျိုးသား အဖေဖြစ်သူသည် အသက် ၅၀ ကျော် ဝန်းကျင်ရှိပြီး ဒဏ်ရာက စိုးရိမ်ရ အခြေ အနေဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်သူ အမျိုးသားကို မည်သူမည်ဝါဖြစ်ကြောင်း မသိရကြောင်းနှင့် မည်သည့် အကြောင်း ကြောင့် ယခုလို လုပ်ရသည်ကို မသိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။ “အိမ်ဝန်းထဲကို လက်ပစ်ဗုံးနဲ့ လာပစ် တာဆိုတော့ ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်ချင်လို့ပဲ ဖြစ်မယ်၊ ဘယ်သူ က လာလုပ်တာလဲတော့ မသိရဘူး၊ ဘာကြောင့်လုပ်တာလဲ မသိဘူး” ဟု ၎င်းက ပြောသည်။ စစ်တပ်မှ နိုင်ငံတော် သိမ်းယူပြီးနောက်ပိုင်းမှ စတင်ပြီး သိန္နီမြို့နယ်အတွင်းတွင် မူးယစ်ဆေးဝါးများ၊ လောင်း ကစားဝိုင်းများ ပေါများလာသည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပေါများလာကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ လက်နက်ကိုင်များ ပေါများလာသည်နှင့် ဒေသအတွင်း လုံခြုံရေးများလည်း လျော့နည်းလာကြောင်း အမည်မဖော် လိုသူ သိန္နီမြို့ခံ အသက် ၅၀ ဝန်းကျင် အမျိုးသမီးက ပြောသည်။ “လက်နက်ကိုင် အဖွဲ့တွေပေါလာသလို သေနတ်တွေ ဗုံးတွေ လည်း ဝယ်ရလွယ်လာ ကြတာလို့ မြင်တယ်၊ အခုဆို လုပ်ကြံသတ်ဖြတ်တာတွေ လက်နက်ပြ ခြိမ်းခြောက်တာကလည်း များလာ တယ်၊ ဘယ်လိုမှ လုံခြုံမှုမရှိတော့ဘူး၊ ဘယ်သွားသွားကြောက်နေရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ https://bur mese.shannews.org/archives/31948

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button