တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံသတင်း စုစည်းတင်ပြခြင်း

(No. 10, February 2, 2024)

၁။ နိုင်ငံတော်သစ်တည်ဆောက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ နဲ့ NUG တို့ ဘုံသဘောထား ရပ်တည်ချက်ချမှတ်
February 1, 2024

အာဏာသိမ်းကာလ ၃နှစ်အတွင်း စစ်ကောင်စီတပ်ကကျရှုံးမှုတွေများလာပြီး နိုင်ငံတော်ကို အသစ်ပြန်လည်တည်ဆောက်တဲ့ နေရာမှာ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ဘုံသ ဘောထားရပ်တည်ချက်တွေကို ချမှတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။“ကျနော်တို့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ကောင်စီတပ်တွေက ဖွဲ့စည်းပုံတွေ ပျက်ကုန် ပြီ။ သူတို့ရဲ့ အဓိက တိုက်ပွဲတိုင်းမှာ ‌မြေပြင် တိုက်ပွဲတိုင်းမှာ သူတို့ ရှုံးနိမ့်နေကြတယ်။ တပ်ရင်း အလိုက် လက်နက်ချတာတွေ အလင်းဝင်တာတွေက အများကြီးပဲပေါ့။ ဒါ နောက်ပြီးတော့ သူတို့ရဲ့ အမိန့်တွေပေါ့နော်။ အမိန့်တွေက နာခံမှု မရှိတော့ဘူး။ ဒါက စစ်တပ်က ယိုင်လဲလာတဲ့ သဘောရှိတယ်လေ။ အဲ့အတွက်ကြောင့် စစ်တပ်က ယိုင်လဲ သွားပြီ ဆိုလို့ရှိရင် ပြည်သူနဲ့ ကျနော်တို့က ဒါနိုင်ငံတော်အသစ်ကို သွားဖို့ ကျနော်တို့ ပြင်ဆင်ရတာဖြစ်တယ်”လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ “စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘော ထားရပ်တည်ချက်” ကို ထုတ်ပြန်ခဲ့တာပါ။ ထုတ်ပြန်လိုက်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထား ရပ်တည်ချက်တွေဟာ စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဦးအောင်ဆန်းမြင့် က ဆက်ပြောပါတယ်။“အခုက တော်လှန်ရေးက ကြားကာလလေ ပြီးတော့ အသွင်ကူးပြောင်းရေး ကာလ၊ အသွင်ကူးပြောင်းရေးကာလမှာ ကျနော်တို့ က အနာဂတ်ဖက်ဒရယ်ကောင်စီ ပြည်ထောင်စုတည်ဆောက်ရေး ကာလမှာ အပိုင်း ၃ပိုင်းရှိတယ်။ အဲ့တော့ ဒီအချိန် ကာလ ၃ ခုထဲမှာ ကျနော်တို့က ပြင်ဆင်ရမဲ့ဟာတွေကို ပြင်ဆင်တာပဲဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။ https://www.kantaraw addytimes.org/%e1%80%94%e1%80%ad%e1%8 0%af%e1%80%84%e1%80%ba%e1%80
၂။  CDF- ကန်ပက်လက်မှ တပ်ရင်း(၅)ရင်းက “ချင်းညီနောင်”နှင့် အတူလက်တွဲမည်ဟုထုတ်ပြန်
   February 1, 2024

ချင်းပြည်အတွင်း စစ်ရေးနှင့် နိုင်ငံရေးများ အကွဲအပြဲဖြစ်ပွားနေချိန်တွင် CDF – ကန်ပက်လက်မှ တပ်ရင်း (၅)ခုသည် “ချင်းညီ နောင်” မဟာမိတ်အဖွဲ့နှင့် အတူတကွလက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တပ်ရင်း (၅)ဖွဲ့က ဘုံသဘောထား ထုတ်ပြန်သည်။ CDF – ကန်ပက်လက်၏ တပ်ရင်း (၇)ရင်းထဲက တပ်ရင်း (၅) ရင်းဖြစ်သည့် Victoria တပ်ရင်း၊ Vakok တပ်ရင်း၊ Tumee တပ်ရင်း၊ Khonu တပ်ရင်းနှင့် Mahuyar တပ်ရင်းတို့က ဇန်နဝါရီလ ၃၁ ရက်မှာ ပူးတွဲထုတ်ပြန်လာခြင်း ဖြစ်သည်။  CNF/CNA ၊ ချင်းကာကွယ်ရေးအဖွဲ့ (CDF) တချို့နှင့် ချင်းလွှတ်တော်အမတ်တချို့သည် ချင်းလဲန်းကောင်စီ ဖွဲ့စည်းပြီး ချင်းပြည် လူထုနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့ အားလုံးမပါဘဲ မိမိအလိုကျ ဥပဒေရေးဆွဲအတည်ပြုခြင်း၊ သက်ဆိုင်ရာမြို့နယ် ဒေသ၏ သဘောထားမပါဘဲ နီးစပ်ရာလူကိုဆွဲခေါ်ကာ ချင်းပြည်အစိုးရဖွဲ့ရန် ပြင်ဆင်နေသည်ဟု ယင်းတပ်ရင်း (၅) ရင်း၏ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

CDF-Kanpetlet တွင် တပ်ရင်း ၇ ရင်းရှိသည့်အနက် တပ်ရင်း ၅ ရင်းရှိပြည်သူများနှင့် ရဲဘော်များမှ ထိုကိစ္စကို လုံးဝ လက်မခံကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ၂၀၂၁ ဩဂုတ်လ ၂၄ ရက်မှာ အခိုင်အမာ မဟာမိတ်ဖွဲ့ခဲ့သူများဖြစ်သည့် လက်ရှိ ချင်းညီနောင်အဖွဲ့ (CNC- Mindat/ CDF-Mindat၊ ZFU/ PDF- Zoland၊ CNO/CNDF) နှင့် စစ်ရေး၊ နိုင်ငံရေးအရ တရားမျှတရေး၊ တန်းတူရေး၊ မြို့နယ်ဒေသကို အခြေခံသော ဖက်ဒရယ်စနစ်ဖြင့် မြို့နယ်၊ အစုအဖွဲ့အားလုံး ပါဝင်သော ချင်းပြည် ကောင်စီ၊ ချင်းပြည်အစိုးရ ဖွဲ့စည်းတည် ဆောက်ရေး၊ တန်းတူညီမျှမှု ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါ်လာရေးတို့အတွက် အတူတကွ လက်တွဲ တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ဘုံသဘောထား ထုတ်ပြန်သည်။ ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ(MTC/MDF) က “ချင်းညီနောင်” တွင် အဖွဲ့ဝင် အဖြစ် ဇန်နဝါရီလ ၃၀ မှစတင်၍ ပူးပေါင်းပါဝင်ကြောင်း ထုတ်ပြန် ထားသည်။ https://www.facebook.com/photo/?fbid=88 3501727112215&set=pcb.88 3501813778873
၃။ ရွှေကူမြို့နယ်မှာ NUG ထိန်းချုပ်မှုအောက် အခြေခံစာသင်ကျောင်းပေါင်း ၅၀ ကျော်ဖွင့်လှစ်ထား
   February 1, 2024

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအောက်ကနေ ဖွင့်လှစ်ထား တဲ့ အခြေခံစာသင်ကျောင်းပေါင်း ၅၀ ကျော်ရှိတယ်လို့ ရွှေကူမြို့နယ်ပညာရေးဌာနက သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ စတင်ဖွင့်လှစ်ခဲ့တဲ့ ရွှေကူနယ်မှာ ၂ နှစ်ကျော်ကာလအတွင်း အခြေခံကျောင်းပေါင်း ၅၀ ကျော် ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ရွှေကူမြို့နယ်ပညာရေးတာဝန်ခံဆရာမတစ်ဦးက ပြောပါတယ်။ အဲဒီကျောင်းပေါင်း ၅၀ ကျော်ထဲမှာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းဆယ်ကျောင်းအပါအဝင် မူလတန်းကျောင်း ၃၀ ဝန်းကျင်လောက်ရှိပြီး စုစုပေါင်း ကျောင်း  ၅၀ ဖွင့်လှစ်ထားနိုင်ပြီဖြစ်ရာ ကျောင်းသား၊သူအားလုံးစုစုပေါင်း ၅၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

သို့သော် ကလေးတွေကိုအဓိက စာသင်ကြားပေးနိုင်တဲ့ CDM ဆရာမ တွေကတော့ ၈၀ လောက်သာရှိပြီး စေတနာ့ ဝန်ထမ်း ဆရာ/မကတော့ ၃၀၀ ဝန်းကျင်လောက်နဲ့ သင်ကြားပေးနေတာဖြစ်တယ်လို့ ရွှေကူမြို့နယ်ပညာရေးတာဝန်ခံ ဆရာမ တစ်ဦးက ခုလိုပြောပါတယ်။ “မူလတန်းကျောင်းတွေမှာ တစ်ခန်းတစ်ယောက်နှုန်းနဲ့ ခြောက်ယောက်လောက် သင်ရမယ့်ဟာ တွေဆို သုံးယောက်လောက်နဲ့ဘဲ လုပ်လိုက်ရတာတွေရှိတယ် ကျွန်မတို့ကျောင်းက CDM ဆရာ/မတွေနည်းကျတဲ့အခါ ကြတော့ စေတနာ့ဝန်ထမ်းတွေခေါ်ကြတာပေါ့ ဒါပေမယ့်လည်း သင်တန်းအတွေ့အကြုံမရှိတော့ အခက်တွေ့ရတာပေါ့”လို့ သူမကဆိုပါ တယ်။ အခြေခံပညာကျောင်းတွေကို စာသင်တဲ့ကာလက ၆ လတာဖြစ်ပြီး ကလေးတွေရဲ အသက်အရွယ်နေရာဒေသ အခြေ အနေအရ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းစာသင်တဲ့အချိန်တွေက ကွာခြားမှုတွေရှိတယ်လို့ ဆိုပါတယ်။ “ကျွန်မတို့ က ကလေးတွေရဲ့ အသက်နဲ့ အတန်းနဲ့ကိုက်အောင်သွာ.နေရတဲ့ အပိုင်းတွေရှိတယ် ပြီးတော့လုံခြုံရေးအခြေအနေတွေအရ ကျောင်း ဖွင့်တဲ့ချိန်နဲ့ ပြီးတဲ့ချိန်တွေက နှစ်လသုံးလလောက်တော့ ကွာဟသွားတာတွေလည်းရှိတယ်”လို့ ဆိုပါတယ်။ https://www.fa cebook.com/photo/?fbid=782765743884699&set=a.601270185367590

၄။ ဝန်ကြီးဌာန ၁၅ ခုပါဝင်တဲ့ ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်း
   February 2, 2024

ချင်းပြည် (Chinland) ကောင်စီရဲ့ ဒုတိယအကြိမ်အစည်းအဝေးကနေ ချင်းပြည် (Chinland) အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၅ ခုနဲ့ ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ဇန်နဝါရီလ ၃၀ ရက်ကနေ ၃၁ ရက်နေ့ အထိ ချင်းလုံမြို့မှာ ချင်းပြည် (Chinland) ကောင်စီရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ကျင်းပခဲ့ပြီး လူတစ်ရာ တက်ရောက်ခဲ့ပါ တယ်။ ချင်းပြည်ကောင်စီရဲ့ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ချင်းပြည်အစိုးရအဖွဲ့အပါအဝင် မဏ္ဍိုင်သုံးရပ်ကို ဖွဲ့စည်းခဲ့တာလို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ် (Salai Paul) က ပြောပါတယ်။ “ကျွန်တော်တို့အနေနဲ့က ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြည်သူလူထုကို ချပြတယ်၊ ပထမအကြိမ် ချင်းပြည်ကောင်စီ အစည်းအဝေးကနေပြီးတော့ ကြေညာချက်အတိုင်း ဒီညီလာခံကနေ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအရ ရက်ပေါင်းခြောက်ဆယ်အတွင်းမှာ မဏ္ဍိုင်ကြီး သုံးရပ် ကို ဖွဲ့စည်းသွားမယ်ဆိုတဲ့အတိုင်းပဲ ခုချင်းပြည်ကောင်စီ ဒုတိယအစည်းအဝေးကနေ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်တရားရေး၊ တရားလွှတ်တော်ချုပ်နဲ့ ချင်းပြည်လွှတ်တော်တို့ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်” လက်ရှိတော်လှန်ရေးကာလမှာ ပြည်သူတွေကြုံ တွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်အောင် ရည်ရွယ်ဖွဲ့စည်းတာလို့လည်း ဆိုပါတယ်။

ချင်းပြည်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ် ပူပသန် (Pu Pa Thang) က ဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဝန်ကြီးဌာန ၁၅ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ချင်းပြည် (Chinland) ကောင်စီက ချမှတ်ထားတဲ့ ရည်မှန်းချက်အတိုင်း အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်ရှိတဲ့ ချင်းပြည် တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားပိုင်နယ်မြေနဲ့ ချင်းအမျိုးသားတစ်ရပ်လုံးကို ကာကွယ်မဲ့ ချင်းအမျိုးသားတပ်မတော်တည်ဆောက်ရေး စတာတွေကို ချင်းပြည်သူတွေနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာ ထားပါတယ်။ ချင်းပြည် ကောင်စီကနေ ဖွဲ့စည်းလိုက်တဲ့ မဏ္ဍိုင်သုံးရပ်ကိုအခြေခံပြီး တော်လှန်ရေးကာလ ချင်းပြည်သူတွေရဲ့ ကိစ္စအဝဝကို စီမံဆောင် ရွက်သွားဖို့နဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးမှာ စစ်ရေး၊ နိုင်ငံရေးကို ဟန်ချက်ညီညီဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။  https://www.rfa.org/burmese/news/chin-government-format ion-02012024124308.html
၅။ သံဖြူဇရပ်၊ အနင်းနှင့် ထင်းရှူးရွာရှိ စစ်ကောင်စီရဲစခန်း တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်
  February 1, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာတွင် ခြေကုပ်ယူထားသော စစ်ကောင်စီ ရဲစခန်းကို ဇန်နဝါရီလ ၃၁ ရက် နံနက် ၆ နာရီအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အချိန် ၅ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီတပ်၏ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၄ ဖွဲ့ပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းအတွင်းကို ဝင်ရောက်သိမ်းပိုက်ခါနီးအချိန်တွင် စစ်ကောင်စီတပ်၏ စစ်စခန်းကုန်းမှ တော်လှန်ရေး တပ်များရှိရာနေရာသို့ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်ဖွဲ့ များက ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု တိုက်ပွဲအတွင်းပါဝင်သည့် ရေးဘီလူးအဖွဲ့က ပြောသည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ ခန့်မှန်းခြေထိခိုက်သေဆုံးမှု စုစုပေါင်း ၄၀ ခန့်ရှိနိုင်ပြီး မွန်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအနက် ယခု တိုက်ပွဲသည် အကြီးဆုံးတိုက်ပွဲတစ်ခုဖြစ်သည်ဟု ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က ပြောသည်။

“စကစ ဘက်က ထိခိုက်သေဆုံးမှုပေါင်း ခန့်မှန်းခြေ ၄၀ လောက်ရှိမယ်။ ကျနော်တို့က ခြံစည်းရိုးကို လည်းဖောက်ပြီး သွားပြီး ရန်သူကလည်း ကျနေပြီး ဆက်သွယ်ရေးမြောင်းတွေလည်း အကုန်လုပြီးကုန်ပြီး စခန်းကိုလည်း ရခါနီးမှ လေယာဉ် ပစ်ကူကြောင့်ရယ်၊ လက်နက်ကြီးက စက္ကန့်ပိုင်းအတွင်းကို ကျနော်ဘယ်လိုမှ ဆက်ပြီးတောင့်ခံလို့မရ တော့ဘဲ ကျနော်တို့ ပြန် ဆုတ်တယ်။ တိုက်ပွဲက လုံးဝကို အချိန်ကြာ မြင့်တယ်။ သတ်မှတ်ထားတဲ့အချိန်ထက်ကို တိုက်ပွဲကို ဖော်ဆောင်သွား တယ်။ မနေ့ကပွဲက မွန်ပြည်နယ်မှာ အကြီးဆုံးပွဲလို့ သတ်မှတ်လို့ရတယ်။”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။ အနင်း ကျေးရွာတွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်၏ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ၊ ရေးဘီလူးတပ်ဖွဲ့၊ တောင်ညိုစစ်ကြောင်း၊ ပဒဲကောတပ်ဖွဲ့ စသည့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့သလို KNLA တပ်ရင်း ၂၇ မှ ရဲဘော် တစ်ဦးနှင့် တောင်ညိုစစ်ကြောင်းမှ ရဲဘော် ၂ ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။ https://kicnews.org/2024/02/%e1%80%9e%e1%80%b6%e1%80%96%e1%80 %bc%e1%80%b0%e1%80%87%e1
၆။ ဒိုင်ရ်ဒေသတွင် စကစဗိုလ်ကြီးအဆင့်ရှိသူ(၂)ဦးအပါအဝင်၊ စကစတပ်ဖွဲ့ဝင်(၁၅)ဦးကို CDF-DAAI ဖမ်းဆီးရမိ
   February 1, 2024

ဒိုင်ရ်ဒေသအတွင်း၌ စစ်ကောင်စီတပ်၊ တပ်မ ၁၁ – ခမရ၂၁၇၊ ခမရ ၃၇၆၊ ခမရ ၅၃၈၊ ခမရ ၂၂၀၊ ခမရ ၂၁၉၊ ခမရ ၃၈ ၊ ခမရ ၅၈၇ နှင့် ခမရ ၉၀၈ တို့မှ ထွက်ပြေးလာ သုံးပွင့်ဗိုလ်ကြီးအဆင့် (၁) ဉီး ၊ နှစ်ပွင့် ဗိုလ်အဆင့် (၁) ဉီးနှင့်  ထောက်လှန်းရေး အရာရှိ (IO) တစ်ဉီးအပါအဝင် အကြပ်ရဲဘော် စုစုပေါင်း (၁၅) ဦးကို  (၃၀.၁.၂၀၂၄) ရက်နေ့တွင် CDF-Daai မှ ဖမ်းဆီးရမိခဲ့တယ် လို့သိရပါတယ်။ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် စခန်းစွန့်ခွာထွက်ပြေးသူများဖြစ်ကြပြီး CDF – Daai ၏ နယ်မြေအတွင်းတွင် ဖမ်းဆီးရမိတာဖြစ်တယ်လို့ CDF – Daai မှတာဝန်ရှိ သူတစ်ဦးက ပြောဆိုပါတယ်။ ဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီတပ်သားများတွင် ပြင်းထန်ဒဏ်ရာ (၃) ဦးနှင့် သာမာန် ဒဏ်ရာ (၂) ဦး တို့ကို CDF – Daai မှ ဆေးကုသမှုများ ပြုလုပ်ပေးကာကောင်းမွန်စွာ ထိန်းသိမ်းထားပြီး နိုင်ငံတကာ စစ်ဖက်ဆိုင် ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။

ဆက်လက်၍ ဒိုင်ရ်ဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ရေကြောင်းဖြင့်သွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်မှုများကို  ဤသတင်းထုတ်ပြန်သည့် (၁.၂.၂၀၂၄)  ရက်နေ့မှ ( ၄.၂.၂၀၂၄) ရက်နေ့အထိ လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်လည်း CDF – Daai ကအသိပေး ထုတ်ပြန်ထားပါတယ်။ https://www.facebook.c om/photo/?fbid=874790441317397&set=pcb.874790744650700

၇။ ဆီဆိုင်စစ်ရှောင်များ မရောင်းရသေးသည့်ပြောင်းများကို အသက်စွန့်ပြီး ပြန်သယ်နေကြ
   February 1, 2024

တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဆီဆိုင်စစ်ရှောင်တွေဟာ နေအိမ်မှာ မရောင်းရသေးတဲ့ ပြောင်းအိတ်တွေကို စားနပ်ရိက္ခာဖြေရှင်းဖို့ အသက်စွန့်ပြီး ပြန်သယ်နေကြတယ်လို့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။ ဆီဆိုင်စစ်ရှောင်တွေ ရောက်ရှိနေတဲ့ ကက္ကူဘုရား၊ ဟိုပုံးမြို့နယ်က ဘုန်းကြီးကျောင်းနဲ့ တောင်ကြီးမြို့နယ် တဝိုက်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာတွေပြတ်လပ်သွားတဲ့အတွက် စစ်ရှောင်တွေကိုယ်တိုင် နေအိမ်မှာကျန်ရှိနေတဲ့ ပြောင်းတွေကို ပြန်သယ်နေရတာဖြစ်ပါတယ်။“ဒီမှာလည်း စားစရာမရှိဘူးလေ၊ ပိုက်ဆံကလည်းမပါ လာဘူး။ ပြောင်းကမရောင်းရသေးဘဲ အိမ်မှာကျန်ခဲ့တာ၊ အဲ့တာနဲ့ ရွာသား ၁ ယောက် ၂ ယောက်က ကားအကြီးနဲ့ ပြန်သယ် ကြတာ။ အခုက ၁ ပိဿာ ၈၀၀ ပဲ ရတော့တယ်၊ ရတဲ့ဈေးနဲ့ရောင်းပေါ့၊ စားဖို့လိုနေပြီလေ။ အိမ်မှာပဲထားရင်လည်း သူခိုးတွေက တမျိုး၊ ပြီး‌တော့ လက်နက်ကြီးထိရင် မီးထဲပါသွားမှာလည်း ကြောက်တာနဲ့ အဲ့လိုပဲရောင်းရတာ” လို့ လွယ်သောဝ်ကျေးရွာကနေ စစ်ရှောင်လာသူ အမျိုးသမီးတဦးက ပြောပါတယ်။

အခုနှစ်ပြောင်းသီးနှံပေါ်ချိန်မှာ ယခင်နှစ်ဈေးထက်လျော့ပြီး ၁ ပိဿာ ၉၀၀ ကျပ်ပဲ ရရှိတဲ့အပြင် အခုချိန်မှာ မူဆယ်နယ် စပ်မှာ တင်ပို့မှုနှောင့်နှေးတာ၊ အရောင်းကြန့်ကြာတာတွေကြောင့် ပြောင်း ၁ ပိဿာ ၈၀၀ ကျပ်အထိ ဈေးကျသွားတယ်လို့ အောင်ပန်းမြို့က သီးနှံပွဲရုံတခုက ပြောပါတယ်။ သီးနှံရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် တောင်သူတွေဟာ လူငှားရမ်းခ၊ သီးနှံတင်ပို့ ခနဲ့ စက်ပစ္စည်းငှားရမ်းခတွေ အကုန်ကျများနေချိန် တိုက်ပွဲဖြစ်ပွားတဲ့အတွက် လက်ထဲမှာ ပိုက်ဆံမရှိဘဲ ဘေးလွတ်ရာကိုသာ ထွက်ပြေးလာရတာဖြစ်ပါတယ်။ မီရဲ့ကျေးရွာအမျိုးသားတဦးက “ဆီဈေးကလည်း တက်နေတဲ့ကြားက၊ ဝယ်လို့မရဘူး ရွာမှာ ဆိုရင်။ ပြီးတော့ တိုက်ပွဲတွေကြားက မရမကပြန်သယ်ရတယ်။ ပေးတဲ့ဈေးကလည်း မတန်မရာတွေ၊ ဒါပေမဲ့ စားဖို့လိုနေတော့ ရောင်းရတာပဲ”လို့ ပြောပါတယ်။ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင် ၁ သိန်းကျော်ဟာ လက်ရှိမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေပေမဲ့ နေအိမ်မှာရောင်းချရမယ့် ငရုပ်၊ ပြောင်း၊ ပဲစင်းငုံ၊ မြေပဲ စတဲ့ သီးနှံတွေကျန်ရှိနေတဲ့အတွက် စိုးရိမ်ပူပန်နေရပါ တယ်။ https://burmese.dvb.no/post/636690
၈။ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေပြီဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြော
   February 1, 2024

ချင်းပြည်နယ် ဖလမ်းခရိုင် ရိခေါ်ဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီး မြို့တွင်းအခြေအနေ ပုံမှန်လည်ပတ်နေပြီလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ရိခေါ်ဒါရ်မြို့ကို ချင်းပြည်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ CDF ဟွာလ်ငိုးရမ်ထိန်းချုပ် ဒေသဖြစ်တဲ့ ရိခေါ်ဒါရ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းစင်သွားပြီးနောက်ပိုင်း ဒေသန္တရအစိုးရအနေနဲ့ အုပ်ချုပ်ရေးလုပ် ငန်းတွေ ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။“ရိခေါဒါရ်မြို့က ပုံမှန်အတိုင်းပြန်လည်ပတ်နေပါတယ်။ ပြည်သူတွေက ကိုယ့်အိမ်ကို ပြန်နေနေကြပါပြီ၊ ကျောင်းတွေလည်း စဖွင့်နေပြီပေါ့နော်။ နယ်စပ်ကုန်သွယ်ရေး အခြေအနေကတော့ အရမ်းကြီး မလည်ပတ်နိုင်သေးဘူး။ ပြည်သူလူထုကတော့ စားဝတ်နေရေးမှာ တနေ့လုပ်တနေ့စားပေါ့” လို့ CDF ရိခေါဒါရ်မြို့အုပ်ချုပ်ရေး အထွေထွေအတွင်းရေးမှူး ဦးလာလ်ရိုဒိန်းငါက ပြောပါတယ်။

ရိခေါဒါရ်မြို့မှာ လူဦးရေ ၉၀၀၀ ကျော်ရှိပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ မြို့ခံ ၇၀၀၀ နီးပါး မြို့တွင်းမှာ ပြန်လည်နေထိုင်နေပြီဖြစ်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စည်ပင်သာယာလုပ်ငန်းတွေနဲ့ မြို့တွင်း အမှိုက်သိမ်းရေး၊ ရေပေးဝေရေးလုပ်ငန်းတွေကအစ ပြန်လည်လည်ပတ်နေတာဖြစ်ပါတယ်။“ဒေသန္တရအစိုးရအနေနဲ့ ပိုပြီးကျစ်လစ်တဲ့ အုပ်ချုပ် ရေး ဖော်ဆောင်နေပါတယ်။ လိုအပ်တာတွေကို ကျနော်တို့ဒေသက လူဦးရေစာရင်းကတော့ ရှိပြီ၊ ကလေး-ကဘော်ဘက်ကနေ ရိခေါဒါရ်မြို့ကို စစ်ဘေးရှောင်လာတာတွေလည်း ရှိပါတယ်”လို့ မြို့အုပ်ချုပ်ရေးမှူး ဦးလာလ်ဗဲင်ပွီးယာက ပြောပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး အမှတ် -၁ လမ်းကြောင်းပေါ်က ရိခေါ်ဒါရ်မြို့ဟာ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြို့တမြို့ဖြစ်ပါတယ်။ https://burmese.dvb.no/post/636612
၉။ အာဏာသိမ်းကာလအတွင်း အရပ်သား ၄၅၇ ဦး သေဆုံးခဲ့ကြောင်း PKPF ပြော
   February 2, 2024

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည် နယ်အတွင်းမှာ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အရပ်သား ၄၅၇ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ဘေးရှောင်ရင်း သေဆုံးရသူ ၁၄၉ ဦးပါဝင်ပြီး ကျန်တဲ့သူတွေက စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဖမ်းဆီးသတ်ဖြတ်ခံရ တာတွေကြောင့်လို့ PKPF က ဆိုပါတယ်။ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်း အဖွဲ့တွေကြား တိုက်ပွဲပေါင်း ၉၆၀ ဖြစ်ခဲ့ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က ၄၇၇ ဦး သေဆုံးခဲ့တယ်လို့ PKPF ရဲ့ ထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ၂၉၈၆ ဦးအထိ သေဆုံးခဲ့တယ်လို့ PKPF က ဆိုပေမဲ့ သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။ အာဏာသိမ်းသုံးနှစ်တာ ကာလအတွင်း တိုက်ပွဲကြောင့် စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ စစ်ကောင်စီ တပ်က အသုံးပြုတဲ့ ကား ၆၈ စီး ပျက်စီးခဲ့တယ်လို့ PKPF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၂၀၃ ကြိမ် အထိလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းနဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာရေးအဆောက် အအုံ ၄၈ လုံး၊ ဆေးရုံ ဆေးခန်း ၁၄ လုံး၊ စာသင်ကျောင်း ၂၂ လုံးနဲ့ လူနေ အိမ် ၂၃၇၅ လုံး ပျက်စီးခဲ့ရတယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းကာလ အတွင်း အကျဉ်းထောင် တွေထဲမှာ စစ်ကောင်စီက ဖမ်းဆီးတာ ခံထားရသူ ၁၅၂ ဦးရှိပြီး အဲဒီထဲမှာသေဒဏ် ကျခံထားရသူ သုံးဦးနဲ့ ထောင်ဒဏ်တစ်သက် ကျခံထားရသူ ခုနှစ်ဦးအထိရှိတယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ https://www.rfa.org/burmese/news /kareni-resident-dead-02012024140828.html
၁၀။  စစ်တပ်က ဖမ်းဆီးထားသူတွေတစ်ချို့ ပြန်လည်လွတ်မြောက်
   January 31, 2024

ဗန်းမော်မြို့မှာ စစ်‌ကောင်စီတပ်ဘက်က အကြောင်းမဲ့ ဖမ်းဆီခေါ်ဆောင်သွားတဲ့ အရပ်သား ၁၀၀ ဝန်းကျင်ထဲက တစ်ချို့ကို ပြန်ပြီးလွတ်ပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ဗန်းမော်မြို့ ကမ်းနားတစ်လျှောက် ဈေးရောင်းနေတဲ့ဈေးသည်တွေအပါအဝင် လမ်းတစ်လျောက်မှာရှိနေတဲ့ အရပ်သားပြည်သူ ၁၀၀ ဝန်းကျင်ကို စစ်တပ်ကအင်အားအလုံးအရင်းသုံးပြီး ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် သုံးရက်ကြာ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ၁၉ ယောက်လွတ်ပေးခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်မှာ နောက်ထပ်တစ်သုတ်ပြန်လွတ်ပေးခဲ့ ပေမယ့် လူဦးရေတိတိကျကျ မသိရ‌သေးဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။“ကျွန်တော်တို့လည်း နောက်ဒုတိယ အသုတ်ကျတော့ မသိတော့ဘူး၊ လွတ်လာတာတော့ဟုတ်တယ်။ ကျွန်တော်တို့ကိုလည်း လွတ်လာတဲ့သူတွေက အိပ်ပြန်ရောက် ပြီ ဆိုပြီးတော့ ပြောတာတော့ရှိတယ်၊ ဘယ်နှစ်ယောက်လွတ်ပေးသလဲဆိုတာတော့ မသိရဘူး”လို့ဆိုပါတယ်။ ဖမ်းဆီးသွားတဲ့သူ တွေကို ဗန်းမော်မြို့ စကခ ၂၁ တပ်မှာရှိတဲ့ အဆောင်နေရာ၊ လက်ရုံးတပ်နဲ့ ထောက်ပို့တပ်တွေမှာအဖွဲ့ခွဲပြီး ချုပ်ထားတာဖြစ် တယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က ဖမ်းဆီးထားတဲ့ အရပ်သား‌တစ်ချို့ကို ပြန်ပြီးလွတ်ပေးနေပေမယ့် တစ်ဖက်မှာ စစ်ဆေးတာတွေ ဆက် လက် ဖမ်းဆီးတာ‌တွေလုပ်ဆောင်‌နေသေးတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။“လမ်းတွေမှာ တစ်ချို့ သံသယရှိတာမျိုးတွေဆိုမေးတယ် ပြီးတော့ ဗန်းမော်မြို့ရဲ့ မျက်နှာချင်း ရေလယ်ကျွန်းမှာလည်း ၁/ဗမန မဟုတ်တဲ့ သူတွေကို ဖမ်းသွားတာလည်း ရှိတယ်။ သူတို့က အဲ့လို ပြောက်ကြားပြောက်ကြားဖမ်းတော့ ဒေသခံတွေကလည်း ဘယ်သူတွေပါ သွားလဲ ဘယ်နှစ်ယောက်လည်း ဆိုတာ မသိနိုင်ဘူး”လို့ ပြောပါတယ်။ လက်ရှိချိန်ထိ ဖမ်ဆီးခံရသူအရေအတွက် များလွန်း တာကြောင့် မည်သူမည်ဝါ ဖမ်းခံရတယ်ဆိုတာကို အသေးစိတ်သိရှိရဖို့ခက်ခဲနေတယ်လို့ သူကဆက်ပြောပါတယ်။ https://bu rmese.kachinnews.com/2024/01/31/bb1-64/
၁၁။ ထားဝယ်အမျိုးသမီးသမဂ္ဂအဖွဲ့ဝင်ကို စစ်ကောင်စီ ထောင်ဆယ်နှစ်ချ
   February 2, 2024

တနင်္သာရီတိုင်း ထားဝယ်မြို့က ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် မနှင်းအိထွေးကို ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၂ (က)၊ ၅၀ (ည)တို့နဲ့ ထောင်ဒဏ်ဆယ်နှစ်ချ လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။ မနှင်းအိထွေး ကို စစ်ကောင်စီက ထောင်ဆယ်နှစ်ချလိုက်တယ်လို့ သိရ ကြောင်းနဲ့ စိတ်မကောင်းဖြစ်မိကြောင်း သူ့မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ဒီချိန်မှာ သူတို့ပုဒ်မတပ်ချင်သလို တပ် တယ်၊ အမိန့်လည်းချချင်သလို ချတယ်၊ ကျွန်မတို့ ဘာပြောလို့ရမှာလည်း၊ သူ့အတွက် စိတ်မကောင်းဘူး၊ အလုပ်လုပ်ရင်း မဟုတ် ဘဲ သူ့တူလေး ကျန်းမာရေးကြောင့် သွားရင်း အဖမ်းခံရတော့ စိတ်မကောင်းတာပေါ့၊ သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်စေချင်တယ်” ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဆိုင်ကယ်တိုက်လို့ ထားဝယ်ဆေးရုံမှာဆေးကုသနေတဲ့ ဆွေမျိုး တော်စပ်သူကို သွားရောက်တွေ့ဆုံချိန်မှာ မနှင်းအိထွေး အဖမ်းခံခဲ့ရတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းတွေအရ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၂၅၉၃၁ ဦး ရှိခဲ့ပြီး အဲဒီထဲက ၁၉၉၉၃ ဦးက ဒီနေ့အထိ ဆက်လက်ဖမ်းဆီးခံထားရပါတယ်။ https://www.rfa.org/burmese/news/dawei-wom en-jail-02012024132811.html
၁၂။ မိုးမိတ်စစ်ကောင်စီတပ်က ရိက္ခာပြန်ယူသည့် စစ်ရှောင်များကို သေနတ်ပစ်
   January 31, 2024

သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်က ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင်များကို သေနတ်ပစ်ခတ်ပြီး ပြည်သူ နေအိမ်များထဲသို့ ပစ္စည်းဝင်ရောက်ခိုးယူကာ မီးရှို့ဖျက်ဆီးနေကြောင်း စုံစမ်းသိရသည်။ မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၇ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်သို့ ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင်များကို သေနတ်ပစ်ခတ်ခဲ့ ပြီး စစ်ကောင်စီတပ်သားများက လက်ခုပ်တန်းနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ပြည်သူနေအိမ်များထဲသို့ ပစ္စည်းဝင်ရောက်ခိုးယူကာ မီးရှို့ဖျက်ဆီးနေကြောင်း မိုးမိတ်မြို့ စစ်ဘေးရှောင်များက ပြောသည်။“မြို့ထဲကို သူတို့တပ်ဘက်က ပေးမဝင်ဘူး ပိတ်ထား တယ်။ အခုဆို စားစရာမရှိလို့ ကိုယ့်အိမ်ထဲက ဆန်သွားသယ်တာ သေနတ်နဲ့ ပစ်ခံရလို့ ခြေထောက်ကို သေနတ်မှန်သွားတယ်။ တော်တော်ဆိုးဆိုး ဝါးဝါးပဲ။ အခုက တပ်မိသားစု အချင်းချင်းတောင် မရဘူး”ဟု မိုးမိတ်မြို့ဒေသခံ စစ်ဘေးရှောင်အမျိုးသား တစ်ဦးက ပြောသည်။

မိုးမိတ်မြို့ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တို့၏ နှစ်ဘက်ထိတွေ့တိုက်ပွဲ တစ်လအတွင်း စစ်ဘေး ရှောင်ဦးရေ တစ်သောင်းခန့်သည် မန္တလေး၊ ပြင်ဦးလွင်မြို့ဘက်သို့ အများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ခုပ်ပင်နှင့် မိုးဘုံရွာတွင်လည်း စစ်ဘေးရှောင် ၁၀၀၀ ကျော် ခိုလှုံလျက်ရှိကာ စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေကြောင်း မိုးမိတ် ဒေသခံများထံမှ သိရသည်။“မြို့ရှောင်လမ်းနဲ့ ရွှေစာလီဘက်ကနေ သူတို့မသိခင် ဝင်သွားတဲ့အချိန် စစ်ကြောင်းတွေနဲ့ တိုးရင် ကြိုးချည်တုပ်ပြီး ဝမ်းလျားမှောက်ခိုင်းတာ၊ လွတ်စေချင်ရင် ပိုက်ဆံ ၅ သိန်းပေးဆိုပြီးတော့မှ အဲ့လိုလုပ်တာ။ အိမ်ကောင်းတွေဆို လည်း AA စစ်တပ်က သေနတ်နဲ့ ပစ်ဖောက်သွားတယ်၊ ပစ္စည်းတွေ စိတ်ကြိုက်ယူပြီးမှ အိမ်ကို မီးရှို့သွားတာ”ဟု မိုးမိတ်မြို့မှ ၎င်း ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ https://burmese.shannews.org/archives/39831
၁၃။ မတူပီမြို့နယ် ချန်းပြန်းရွာကို စစ်ကောင်စီတပ် မီးရှို့
    February 2, 2024

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ ဖေဖော်ဝါရီ ၂ ရက် မနက် ၇ နာရီက မတူပီမြို့ ခလရ ၃၀၄ တပ်ကနေ ကျေးရွာတွေဘက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်က မီးရှို့ခဲ့တာဖြစ်ပါတယ်။ မီးရှို့ခံရတာကြောင့် ချန်းပြန်းရွာက လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတူပီဒေသခံတဦးက “စစ်ကြောင်းက မနေ့က မတူပီမြို့ထဲက ဆင်းလာတာ၊ CDF တွေနေတဲ့ နေရာတွေ ရှာနေတယ်။ လူနေအိမ်တွေကိုလည်း မီးရှို့တယ်။ မနက် ၈ နာရီကျော်အထိ လောင်နေတုန်းပဲ။ အဝေးကလှမ်းကြည့်တော့ အိမ်အတိအကျ မသိရသေးဘူး။ ဆမီးနဲ့ ထယ်ဘွေးဘက်က ထွက်ပြေးတဲ့ စစ်သားတွေများလို့ ရွာဘက်ကို စစ်ကြောင်းထိုးတာ” လို့ ပြောပါတယ်။ ချန်းပြန်းကျေးရွာဟာ မတူပီမြို့နဲ့ ၆ မိုင်လောက်ဝေးပြီး မင်းတပ်-မတူပီ ကားလမ်းမပေါ်မှာ တည်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကလည်း ချင်းပြည်နယ် ဒိုင်ရ်ဒေသမှာ စခန်းသိမ်းတိုက်ပွဲတွေထဲက ထွက်ပြေးလာတဲ့ ဗိုလ်ကြီး အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကို CDF-Daai က ဖမ်းမိခဲ့ပါတယ်။ https://burmese.dvb.no/post/636804

၁၄။ မံစီမြို့နယ် ဘလောင်ဒိန်ဆာ စစ်တပ်စခန်းကို KIAPDF ပူးပေါင်းတပ် သိမ်းပိုက်
      February 2, 2024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ထဲက ဘလောင်ဒိန်ဆာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတခုကို KIA/PDF ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၂ ရက် မနက် ၇ နာရီခွဲကျော်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။“ဒီထက်ကြီးတဲ့ ကိုက်ထိပ်စခန်းကိုတောင် အလွယ်လေးသိမ်းနိုင်ခဲ့တာမို့ မနေ့က မသိမ်းနိုင်ဘူးဆိုလို့ အံ့သြနေတာ။ သူတို့က ခဏအပစ်နားတုန်း တောင်ပေါ်တက်ပုန်းနေလို့ မနက်မှရတာတဲ့” လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်​ကောင်စီအာဏာသိမ်း ၃ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက် ၈ နာရီခွဲလောက်မှာ ဘလောင်ဒိန်ဆာကျေးရွာ စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက် မနက် ၇ နာရီ ၄၅ မိနစ်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဘလောင်ဒိန်ဆာရွာ ပတ်ဝန်းကျင်က ပြည်သူတွေဟာ စစ်ဘေးရှောင်နေကြရပြီး တောင်ယာလုပ်ဖို့ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။ တောင်သူတဦးက “မိသားစု စားနေရေးအတွက် အရဲစွန့်ပြန်လာ ပြီး တောင်ယာခုတ် ဝမ်းစာရှာနေရတော့ ကြောက်မနေတော့ဘူး။ ပြေးလည်းမပြေးတော့ဘူး။ နားထောင်နေလိုက်တာပဲ။ ထွက် ပြေးလာတဲ့ စစ်သားတယောက်ကိုလည်း ဖမ်းမိတယ်။ အဲဒါကြောင့် တောင်ပေါ်မှာ သွားပုန်းနေတဲ့ အဖွဲ့​ရောကို သိပြီး တိုက်နိုင် ခဲ့တာဖြစ်မယ်” လို့ ပြောပါတယ်။ ဘလောင်ဒိန်ဆာဘွမ်ရင်းဘွမ်တပ်စခန်းဟာ ၂၀၁၁ ခုနှစ်က KIA တပ်ဖွဲ့ဝင်တွေ လက်လွှတ် ထားခဲ့ရတဲ့ စခန်းတခုဖြစ်ပြီး ခုချိန်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ https://burmese.dvb.no/post/636801

၁၅။  လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် မြန်မာကို ဥရောပသမဂ္ဂက ဒေါ်လာသန်း ၂၀ ထောက်ပံ့မည်
   February 1, 2024

မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာရှိတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ အကူ အညီ ယူရို ၁၉ သန်း (ဒေါ်လာသန်း ၂၀) ထောက်ပံ့ပေးသွားမယ်လို့ ဥရောပသမဂ္ဂ(အီးယူ)က ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန် ထားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် အဓိကထားထောက်ပံ့ပေးသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စာရင်းတွေအရ လက်နက်ကိုင် ပဋိပက္ခအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူ ၂.၆ သန်းခန့်ရှိနေတယ်လို့ အီးယူက ထုတ်ပြန်ထားပါတယ်။

မြင့်မားလာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသတွင်း ပြည်သူတွေရဲ့ လိုအပ်တဲ့ အစားအသောက်တွေ၊ အရေးပေါ် နေထိုင်နိုင်ဖို့ ရွက်ဖျင်တဲတွေ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ သောက်ရေသန့် ရရှိရေး တို့အတွက်ကိုလည်း ဦးစားပေးဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ အကူအညီတွေကို ဥရောပသမဂ္ဂနဲ့ပတ်သက်တဲ့ နိုင်ငံတကာ NGO၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ မိတ်ဖက် အဖွဲ့အစည်းတွေကနေတဆင့် စစ်ဘေးရှောင်ပြည်သူတွေဆီ တိုက်ရိုက်ရရှိအောင် ကူညီဆောင်ရွက်သွားမယ်လို့လည်း အီးယူက ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=780680617433 963&set=pcb.780680847433940
၁၆။ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘီးလင်း၊ ဝင်းတာပန်ရွာရှိ နေအိမ် (၉)လုံး ထိခိုက်ပျက်စီးခဲ့
    February 1, 2024

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ရက်၊ နံနက် တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံနေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ဒူးသထူ(သထုံ)ခရိုင်က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် (အမတ-၃၁၄)တပ်ရင်း တပ်စခန်းနှင့် ခြေလျင်တပ်ရင်း (ခမရ-၂၀၈) တပ်စခန်းတို့မှ ထိုနေ့နံနက် နံနက် (၈)နာရီ (၁၀)မိနစ်မှ ည (၆)နာရီ (၂၃)မိနစ်အထိ လက်နက်ကြီးအလုံးပေါင်း (၂၄)လုံး ပစ်ခတ်ရာ ယားမတင်၊ တီးပါသာ၊ စောလိဘော၊ တီးကျောချစ်၊ တီးကာလု၊ ဖီးမမြိုင်၊ တီးခင်မောင်သန်း၊ ယားချယ်နှင့် ယားမော်ဦးအိမ်တို့အား ကျည်စထိမှန်ပျက်စီးခဲ့ပြီး ကွမ်းပင်၊ အုန်းပင်၊ ငှက်ပျောပင်နှင့် သရက်ပင် စသောသီးနှံပင်များ စိုက်ပျိုး ထားသည့် ခြံတစ်ခြံလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၃)ရက်နေ့ ည (၇)နာရီခန့်တွင်လည်း ၎င်း(ခမရ-၂၀၈)တပ်ရင်း တပ်စခန်းမှ ဘီးလင်း မြို့နယ်၊ ဝင်းတာပန်ရွာထဲသို့ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ တီးလေ့လိုဆိုသူ နေအိမ်အား လက်နက်ကြီးကျည်စ ထိမှန် ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ည (၆)နာရီ (၂၆)မိနစ်တွင်လည်း ထိုစစ်တပ်က လက်နက်ကြီး (၁)လုံး ပစ်ခတ်မှု ကြောင့် ဘီးလင်းမြို့နယ်၊ ကျောက်ဖျာရွာဘေးရှိ နို့တလီ(ဒေသခေါ်ဝေါ်)နေရာတွင် ကျရောက်ပေါက်ကွဲ၍ တီးမြသန်းဆိုသူ ပိုင်သော ကောက်ရိုးတဲ (၁)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။ အမြှောက်တပ်(အမတ-၃၁၄) တပ်ရင်း သည် ကေအဲန်ယူ-သထုံမြို့နယ် ဇီးဝန်းတောင်ပေါ်တွင် တပ်စွဲထားပြီး (ခမရ-၂၀၈) တပ်ရင်းမှာမူ ကေအဲန်ယူ-ကမမောင်းမြို့၊ ကွမ်းနဝင်းဘုန်းကြီး ကျောင်းအနီးတွင် တပ်စွဲထားသော စစ်တပ်စခန်းတို့ ဖြစ်သည်ဟု သိရသည်။ https://kicnews.org/20 24/02/%e1%80%85%e1%80%85%e1%80%ba% e1%80%80%e1%80%b1%e1%80%ac%e1
၁၇။ မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA အပြီးသတ်သိမ်းပိုက်
   February 1, 2024

ရခိုင်ဒေသခံပြည်သူများအား လူသားဒိုင်းအဖြစ်ဖမ်းဆီးသတ်ဖြတ်ခဲ့သော စစ်ကောင်စီ၏ မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။“၅၄၀ တပ်ရင်းက မြောက်ဦးမြို့အဝင်မှာ ရှိတာ။ တိုက်ပွဲတွေဖြစ်တိုင်း မြောက်ဦးမြို့ထဲကို လက်နက်ကြီးတွေ လက် နက်ငယ် တွေနဲ့လည်း ရမ်းပစ်တယ်။ မြောက်ဦးမြို့ခံတွေကိုလည်း အကြောင်းအရင်းမရှိ ဒုက္ခတွေပေးတဲ့ အဓိကတပ်ရင်းတစ်ခု ဖြစ်တယ်။ မြို့အဝင်မှာဆိုရင် သူတို့က ဂိတ်ချပြီးတော့ ပြည်သူတွေကို စစ်ဆေးတာတွေနဲ့ မသင်္ကာရင် ဖမ်းတာတွေလည်း လုပ်တယ်။ အခုလို တပ်တော်က သိမ်းလိုက်တော့ မြို့ထဲကို သူတို့ ရမ်းသမ်းပစ်တာတွေ မလုပ်နိုင်တော့ဘူးပေါ့။ ပြည်သူတွေလည်း သူတို့(စစ်ကောင်စီ)ပေးတဲ့ ဒုက္ခတွေကနဲ့ ဝေးသွားတာပေါ့”ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

ခမရ ၅၄၀ တပ်ရင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မြောက်ဦးဒေသခံအမျိုးသား ၃ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသတ်ဖြတ်ခဲ့သဖြင့် ရက္ခိုင့်တပ်တော် AA က အဆိုပါကိစ္စရပ်အပေါ် ပြတ်ပြတ်သားသား လက်စား ချေတုန့်ပြန်သွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ဇန်နဝါရီ ၃၀ ရက်တွင်အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။“အခု တပ်တော်က သိမ်းလိုက်တဲ့ ၅၄၀ တပ်ရင်းက ရခိုင်ပြည်သူတွေကို ဖမ်းဆီးတာတွေ သတ်တာတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို အမျိုးမျိုး ဖျက်ဆီးနေတာ။ ပြီးခဲ့တဲ့ရက်ကလည်း သူတို့ဆီကနေ လက်နက်ကြီးနဲ့ ပစ်လို့ အိမ်တွေမီးလောင်တယ်။ လူ ၄ ယောက်ထက် မနည်း သေပြီးတော့ ဒဏ်ရာရတာတွေလည်း ဖြစ်ခဲ့တယ်”ဟု ၅၄၀ တပ်ရင်းကပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရသည့် မြောက်ဦးမြို့ခံတစ်ဦးကဆိုသည်။  မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းက ရခိုင်တိုက်ပွဲများ အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက် ပြိုကျပျက်စီးကာ ရှေးဟောင်း အမွေအနှစ်များ ပျက်စီးဆုံးရှုံးရခြင်း၊ ရှေးဟောင်းစေတီပုထိုးများ ကျည်ထိမှန်ခြင်းနှင့် မြောက်ဦးမြို့အား လျှပ်စစ်မီးပေးနေသော EPC ရုံး ပြိုကျပျက်ဆီးသွားသည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရသည်။ https:/ /www.facebook.com/photo/?fbid=945328820289 840&set=a.776968607125863
၁၈။  သံတောင်မြောက်ပိုင်းစစ်ရှောင်များ ကူညီထောက်ပံ့မှုမရသဖြင့် စားဝတ်နေရေးကြပ်တည်း
     February 1, 2024

ကရင်ပြည်နယ်-ကရင်နီ(ကယား)ပြည်နယ်အစပ် သံတောင်ကြီးမြို့မြောက်ပိုင်းရှိ သောက်ရေခပ်၊ ကလေထ၊ ဒါးရိုး၊ လိုရာဒို အစရှိသည့်ကျေးရွာများမှ နေရပ်မပြန်နိုင်သေးသော စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ (သုံးထောင်)နီးပါးထံ အလှူရှင် မရောက်သဖြင့် စားဝတ်နေရေးကြပ်တည်းနေကြရကြောင်း သိရသည်။ ဇန်နဝါရီလဒုတိယပတ်မှ သောက်ရေခပ်ကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် နေရပ်မပြန် နိုင်သေးဘဲ တော၊ တောင်နှင့် ချောင်းများနံဘေးတွင် ယာယီနေထိုင်နေရသော အဆိုပါစစ်ရှောင်များမှာ ၎င်းတို့ထံ အလှူရှင်ရောက်ရှိရန် လမ်းခရီးကြမ်းတမ်းသည့်အပြင် အချိန်ကြာမြင့်စွာ သွားလာရသော ကြောင့် အလှူရှင်အရောက်အပေါက်နည်းပါးပြီး နေထိုင်စားသောက်ရေးကြပ်တည်းနေရကြောင်း ထိုနေရာသို့ ခက်ခက်ခဲခဲသွား ခဲ့ရသည့် စစ်ရှောင်ကူတစ်ဦးက ပြောသည်။“ဒီခရီးစဥ်တောင် ကျနော် ပထမဆုံးပဲ လမ်းတော်တော်ကြမ်းတာ ပုံမှန်လမ်းက မဟုတ်ဘဲ တောလမ်း ကနေတောင် ၆ နာရီလောက် မောင်းရတယ်။ ဒါတောင်ကားမောင်းကျွမ်းတဲ့သူမို့လို့။ လိုအပ် တာတော့ ဆန်၊ ဆီ၊ ဆား အကုန်ပဲ ဘယ်လောက်ထိအခြေအနေဆိုးလဲဆို အလှူရှင်မှမရောက်တာ။ အခြေအနေဆိုးတာက မပြောတောင် မပြောပြတတ်တော့ဘူး။” ဟု ၎င်းက ပြောသည်။

သောက်ရေခပ်ကျေးရွာအနီး ပစ်ခတ်မှုများစတင်ဖြစ်ပွားသည့်အချိန်တွင် စစ်ရှောင်ထက်ဝက်ခန့်သည် ကယန်းပြည်သူ့ စစ်ထိန်းချုပ်သည့်နယ်မြေနှင့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂) ထိန်းချုပ်သည့်နယ်မြေအတွင်း ထွက် ပြေးတိမ်းရှောင်ကြရပြီး ဇန်နဝါရီလကုန်ပိုင်းအထိ အဆက် အသွယ်များလည်း ပြတ်တောက်ခဲ့ရကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သူများက ပြောသည်။ ပစ်ခတ်မှုများဖြစ်ပွားရာတွင် စစ်တပ်ဘက်မှလက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အချို့ ကျည်ထိ မှန်ပျက်စီးခဲ့ရသလို ယခုအချိန်ထိ နေအိမ်ပြန်မရသေး၍ တော၊ တောင်များ၌ ကြုံသလို အိပ်စက်နေရသည့်အနေအထားတွင် ယာယီစစ်ရှောင်စခန်းတစ်ခု ဆောက်လုပ်ပေးရန် စစ်ဘေးရှောင်များက အကူအညီတောင်းခံထားသော်လည်း လက်ရှိအချိန်ထိ ဆောက်လုပ် ပေးနိုင်ခြင်းမရှိသေးဟု စစ်ရှောင်ကူညီနေသူက ပြောသည်။ https://kicnews.org/2024/02/%e1%80%9e%e1 %80%b6%e1%80%90%e1%80%b1 %e1%80%ac%e1%80%84%e1
၁၉။ နမ့်ဖတ်ကာမှ စစ်ဘေးရှောင်အသက် ၇၀ ရွယ် အဖိုး ဆေးကုသဖို့ အကူအညီ လိုအပ်နေ
   February 2, 2024

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဖတ်ကာမှာ စစ်ရှောင်နေတဲ့ အသက် ၇၀ အဖိုးတစ်ဦး စစ်ရှောင်ရင်း ခြေထောက်တိုက်မိပြီး ခြေထောက်တစ်ဖက် ဒဏ်ရာရခဲ့တာကြောင့် ဆေးကုစရိတ် လိုအပ်နေတယ်လို့ သိရပါတယ်။ “ဆေးကုပေးဖို့ ပိုက်ဆံမရှိ။ သူဆို လဲ ဘယ်သူကိုအကူအညီတောင်းရမှန်မသိတော့ ဒီအတိုင်းထားလိုက်တော့ အနာကပိုဆိုးလာတယ်။ တအာင်းအမျိုးသမီးအဖွဲ့ စည်းတော့ အရေးပေါ် ဆေးရုံးတော့ပို့ပေးတယ်။ လက်ရှိတော့ ဆေးဆက်ကုဖို့ ဆေးစရိတ်တွေ လိုနေတယ် ” လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။ အဲဒီ့အဖိုးဟာ အသက် ၇၀ ရှိပြီး တာဆမ်းထွမ်းဖြစ်ပါတယ်။ နမ့်ဖတ်ကာ ဒေသခံတစ်ချို့ဟာ တောထဲက လွယ်တော် လယ်ကွင်းမှာ စစ်ရှောင်ပြီး နေထိုင်ခဲ့ရတယ်လို့ ၎င်းကဆိုပါတယ်။ အဖိုးအတွက် ကူညီလိုပါက စစ်ဘေးရှောင်ကူညီ နေသူတွေကတဆင့် လှူဒါန်းကူညီနိုင်ပါတယ်။ https://www.facebook.com/photo/?fbid=412136167839500&set=pc b.412136264506157
၂၀။ ဒီးမော့ဆိုက စာသင်ကျောင်းတခုမှာ ကျောင်းဆရာ/မတွေ လိုအပ်နေ
   February 1, 2024

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းတကျောင်းမှာ စာသင်ကြားပေးနေတဲ့ ဆရာ /မ လိုအပ်နေတယ်လို့ အထက်တန်းကို သင်ကြားပေးနေတဲ့ဆရာ/မ တွေက ပြောပါတယ်။ စာသင်ကျောင်းမှာ စနစ်သစ်နဲ့ KG တန်းကနေ Grade 11အထိ ဖွင့်လှစ်ထားပြီး ကျောင်းသားအရေအတွက် ၁၃၀ ကျော်ကို ဒေသခံနဲ့ စစ်ရှောင် ဆရာ/မ ၁၄ ယောက်က ပညာသင်ကြားပေးနေတယ်လို့သိရပါတယ်။ “ခုလက်ရှိအထက်တန်းမှာဆိုရင် ဆရာတယောက်ကို သုံး ဘာသာကိုင်ရ တယ်ပေါ့နော်။ အထက်တန်းနှစ်တန်းမှာ ဆရာ/မ ၄ ယောက်ပဲရှိတယ်။ အဲ့ပုံစံပေါ့။ လုံးဝအဆင်မပြေဘူးပေါ့နော်။ အလယ်တန်း မှာလည်းအဲ့လိုပဲ ဆရာတွေက နားချိန်လုံးဝမရှိဘူး။သူတို့အတွက်လည်း အရမ်းဖိအားများစေတယ်”လို့ အထက်တန်းကိုသင်ကြား ပေးနေတဲ့ ဆရာမတဦးက ပြောပါတယ်။

ဒါ့အပြင် စာသင်ကျောင်းအနီးကို နိုဝင်ဘာလအတွင်းက ဗုံးကြဲခံရမှုကြောင့် ကျောင်းသား အယောက် ၂၀၀ ကျော်ရှိရာ ကနေ ခုလက်ရှိမှာတော့ ၁၃၀ ကျော်ပဲရှိတော့တယ်လို့ သိရပါတယ်။ “ဆရာ/မ တွေ ကိုယ်တိုင်ကလည်း ကိုယ့်မှာရှိတဲ့ အရည် အချင်းတွေကို ကလေးတွေဘက် ကူးစက်သွားနိုင်အောင်လို့ ကိုယ်တိုင် ပြည့်အောင် ဖြည့်ရတာမျိုးလည်းရှိပါတယ်။ စာမသင်ခင် အစစအရာရာပြင်ဆင်ရတာလည်းရှိပါတယ်”လို့ ဆရာမော်ကွန်းက ပြောပါတယ်။ သင်ထောက်ကူပစ္စည်းတွေအနေနဲ့လည်း လိုအပ်နေပြီး လက်တွေ့အနေနဲ့ ပြုလုပ်ပေးဖို့အတွက် အခက်အခဲရှိနေပေမယ့် ကျောင်းသူ ကျောင်းသားတွေအပေါ် စေတနာ အဓိကထား  သင်ကြားပေးနေပြီး စာသင်ကြားပေးလိုတဲ့ ဆရာ/မ တွေ ကိုလည်း ဖိတ်ခေါ်ပါတယ်လို့ဆိုပါတယ်။ စာသင်နှစ် တနှစ်ကိုတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လကစဖွင့်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လမှာ အတန်းတင်စာမေးပွဲတွေနဲ့ စာသင်နှစ်တနှစ်ပြီး ဆုံးမယ်လို့ သိရပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ကိုတော့ ကျောင်းပိတ်ထားတယ်လို့ သိရပါတယ်။ https://www.facebook.com /photo/?fbid=412099367843180&set=pcb.412099561176494
၂၁။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်တွေကို သောင်းကျန်းသူအဖြစ် စစ်ကောင်စီဥက္ကဌ စွပ်စွဲပြစ်တင်
   February 1, 2024

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က ပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ ၁၀၂၇ စစ်ဆင်ရေးဆင် နွဲခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ အပါအဝင် ချင်း၊ ကရင်၊ ကရင်နီ၊ ကချင်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အကြမ်း ဖက်သမား၊ သောင်းကျန်းသူအဖြစ် ပြောဆိုသုံးနှုန်းကာ ပြစ်တင်စွပ်စွဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးမှာ အာဏာသိမ်းစစ် ခေါင်းဆောင်က မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့တို့အကြောင်းကို အဓိကထား ပြောဆိုခဲ့ပြီး ကိုးကန့် တပ်မတော် MMDAA ဟာ ကိုးကန့်ဒေသအတွင်း အထူးဒေသ (၁) အနေနဲ့ ဩဇာအာဏာပြန်လည်တည်ဆောက်လိုခြင်းကြောင့် တိုက်ခိုက်တာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ကိုးကန့်တပ်မတော် MMDAA ၊ တအာင်းတပ်မတော် TNLA တို့ဟာ မဟာမိတ်တပ်တွေ ဖြစ်ကြပြီး ပြည်သူတွေဆီက လုယက်တာ၊ လူသစ်စုဆောင်းတာတွေကို လုပ်ဆောင်နေတဲ့အပြင် စစ်ဘုရင်ဝါဒကို အသက်သွင်း နေသူတွေအဖြစ် အာဏာသိမ်းခေါင်းဆောင်က စွပ်စွဲထားပြန်ပါသေးတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော် AA ကိုလည်း အာဏာရရှိရေးတစ်ခုတည်းအတွက်နဲ့ ရခိုင် တိုင်းရင်းသားတွေ၊ အရွယ်မရောက် သေးတဲ့ ကျောင်းသားတွေကိုပါ လက်နက်နဲ့ အကြောက်တရားဖန်တီးပြီး လူသစ်စုဆောင်းမှု လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုထား ပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေ ဖြစ်တဲ့တယ်လီဂရမ်တွေမှာ အဆိုပါ ပြောဆိုရေးသားမှုမျိုးကို တောက်လျှောက် ရေးသားနေခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီဘက်ကနေ ULA/AA ကို ဂုဏ်သိက္ခာကျဆင်းစေတဲ့ စွပ်စွဲချက် တွေ လုပ်ကြံပြောဆိုရေးသားနေတဲ့အပေါ်  AA က ငြင်းဆိုထားပြီး ဒါဟာ နိုင်ငံတကာက အထင်အမြင်လွဲမှားစေဖို့ နိုင်ငံရေးထိုး နှက်မှုသာ ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။ စစ်ကောင်စီဥက္ကဌ စွပ်စွဲပြောဆိုတဲ့ တပ်ဖွဲ့တွေထဲမှာ ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်တဲ့ ကိုးကန့်တပ် MMDAA ၊ တအာင်းတပ်မတော် TNLA ၊ ရက္ခိုင့်တပ် AA အပါအဝင် စစ်ရေးအရ စစ်ကောင်စီကို ဖိအားပေး နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကရင်နီတပ်ဖွဲ့တွေဖြစ်တဲ့ KNPP နဲ့ KNDF၊ ချင်းတော်လှန်ရေးတပ်တွေဖြစ်တဲ့ CNF နဲ့ CDF ၊ SSPP/SSA နဲ့ တနိုင်ငံလုံးမှာ တော်လှန်တိုက်ပွဲဝင်နေတဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တို့ ပါဝင်ပါတယ်။ https://www.facebook.com/photo/?fbid=408800804871008&set=a.12682796489
၂၂။ ဒေသတွင်း မိုင်း ရှင်းလင်းရေး လုပ်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေ
  February 1, 2024

တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ ရှမ်းမြောက် မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ စတဲ့မြို့နယ်တွေမှာ မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ စစ်လက်နက်အကြွင်းအကျန်နဲ့ မိုင်းတွေကို သက်ဆိုင်ရာ တာဝန် ရှိသူတွေအနေနဲ့ ရှင်းလင်းပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ TNLA သိမ်းပိုက်ထားတဲ့ မြို့တွေမှာ ဒေသခံတွေ အဓိက အသုံးပြုသွားလာနေတဲ့ လမ်းနဲ့ လုပ်ကိုင်စားသောက်တဲ့ တောင်ယာ၊ လယ်ယာ၊ လက်ဖက်ခြံနဲ့ ကျေးရွာပတ်ဝန်းကျင်မှာ ကျန်ရှိနေသေးတဲ့ မိုင်းတွေကို TNLA အနေနဲ့ ရှင်းလင်းပေးစေချင်တယ်လို့ နမ့်ဆန်မြို့နယ် မန်ခိုက်ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ “အဆင်ပြေမယ်ဆိုရင် လက်ကျန်မိုင်းတွေ ရှင်းပေးစေချင်ပါတယ်။ ခြံထဲမှာရော မြို့ပတ်လည်မှာကော တပ်ကုန်းနဲ့ ကပ်လျက်နေရာတွေမှာတို့ မိုင်း တိုင်းတဲ့ ကိရိယာလေးရှိရင် အဲကောင်နဲ့ တိုင်းတာပြီးမှ တစ်ချက်လောက် လာရှင်းပေးရင် ကောင်းမယ်လို့ ထင်ပါတယ်။ ကျနော်တို့ လက်ဖက်ခြံက ပေါင်းမြက်တွေရှင်းဖို့ ရာသီကလည်း တစ်ဖြေးဖြေးနဲ့ကုန်လာပြီ။ မြန်မြန်ရှင်းပေးနိုင်ရင် ကောင်းလေပဲ” တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေကို ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါမှာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ပစ္စည်းတွေကို ပထမဦးစားပေး ရှင်းလင်းပေးဖို့ လိုအပ်တယ်လို့ ​တအာင်းအမျိုးသမီးအဖွဲ့အစည်း- TWO ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးချှီ,ဆငါးက ပြောပါတယ်။

“မြို့သိမ်းနိုင်တဲ့နေရာမှာက လုပ်ဆောင်ရမယ့်အပိုင်းတွေ အများကြီး ရှိတယ်ဆိုပေမဲ့ ဒီမိုင်းရှင်းလင်းရေးနဲ့ မပေါက်ကွဲ သေးတဲ့ လက်နက်တွေ ရှင်းလင်းဖို့ ပထမဦးဆုံးအနေနဲ့ လုပ်သင့်တယ်လို့မြင်တယ်။ အဲဒါလုပ်ပေးဖို့လည်း ကျမတို့ ဒီကနေဆင့် ပြည်သူလူထုကိုယ်စား တောင်းဆိုချင်ပါတယ်” ဒေသခံတွေ မိုင်းနင်းမိတဲ့ နေရာအများစုဟာ တိုက်ပွဲ ဖြစ်ပွားတဲ့ ဧရိယာအပြင် လုပ်ငန်းခွင်မှာ ပုံမှန်အသုံးပြုသွားလာနေကြလမ်းနဲ့ စစ်ကြောင်းတွေ ဖြတ်သန်းသွားလာတဲ့နေရာအနီးမှာ ဖြစ်တယ်လို့ လွေးချှီ,ဆငါးက ဆက်ပြောပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေမှာ စစ်လက်နက် အကြွင်းအကျန်နဲ့ မိုင်းတွေကိုတွေ့ရင် လာရှင်းပေးဖို့ အကူအညီ တောင်းလို့ရပေမဲ့ မသိမ်းပိုက်နိုင်တဲ့ မြို့နယ် တွေမှာတော့ သိမ်းပေးမဲ့သူ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ၊ နမ္မတူ၊ ​နမ့်ဆန်၊ မန်တုံနဲ့ ကိုးကန့်ဒေသ တုန်ရှမ်းမှာ ဇန်နဝါရီလအတွင်း မိုင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ https://www.facebook.com/photo?fbid=712099464430654& set=a.404503215190282
၂၃။ စစ်တွေမြို့တွင် ညမထွက်အရအမိန့် ထုတ်ပြန်
   February 2, 2024

စစ်ကောင်စီရုံးစိုက်ရာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်အရအမိန့် ထုတ်ပြန် လိုက်တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က ညမထွက်အရအမိန့်ကို ဖေဖော်ဝါရီ ၁ ရက်က စတင်ကြေညာခဲ့ပြီး ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတဆင့် ရပ်ကွက်အလိုက် ကြေညာခဲ့ကာ ညမထွက်အရအမိန့် ထုတ်ပြန်ပြီးတာနဲ့ စစ်တွေမြို့က ရပ်ကွက်တိုင်းမှာ လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတယ်လို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။ “ညမထွက်အရအမိန့်ကို ရပ်ကွက်အလိုက် ပတ်ပြီးတော့ ကြေညာသွားတာရှိတယ်။ ဒီရက်ပိုင်းထဲ ရပ်ကွက်တိုင်းမှာ လုံခြုံ‌ရေးတွေပါ ပိုတိုးပြီး ချထားတာရှိ တယ်။ နေ့တိုင်းလည်း သူတို့ ကင်းလှည့်တာတွေရှိတယ်။ ညဘက်ဆိုရင်လည်း လုံခြုံရေးစခန်းတွေကနေ သေနတ်ပစ်သံတွေ ကြားနေရတယ်။” ညမထွက်အရအမိန့် ထုတ်ပြီးတာနဲ့ စစ်တွေမြို့ပေါ်က ရပ်ကွက်တိုင်းလိုလိုမှာ စစ်ကောင်စီဘက်က လုံခြုံရေး ကင်းစခန်းတွေ တိုးချထားတဲ့အပြင် မြို့လယ်က ဦးဥတ္တမပန်းခြံ၊ မေယုလမ်းနဲ့ အစိုးရဌာနရုံးစိုက်ရာ နေရာတွေကိုပါ အသွား အလာ ကန့်သတ်ထားလိုက်ပါတယ်။

မင်းဂံရပ်ကွက်မှ ဒေသခံအမျိုးသမီးတဦးက “တအိမ်တက်တအိမ်ဆင်း ညမထွက်အရအမိန့် ကြေညာသွားတာရှိတယ်။ ညမထွက်ရအမိန့် ထုတ်လိုက်လို့ မလိုက်နာရင် ပစ်မိန့်ပါ တစ်ခါတည်းရှိပြီးသားလို့ ကြေညာသွားတယ်။ ကျန်းမာရေးအခြေ အနေကြောင့် အရေးပေါ်ထွက်ရမယ်ဆိုရင်လည်း ခွင့်ပြုချက်ရမှ ထွက်ခွင့်ပေးမယ်ပါ ပြောသွားတယ်” လို့ ပြောပါတယ်။ စစ်‌တွေမြို့ ပေါ်မှာ စစ်ကောင်စီဘက်က ကမ်းနားလမ်း၊ မြို့တွင်း၊ ကိုရီးယားဆိပ်ကမ်း၊ မေယုလမ်း၊ ကျေးတောဆင်းလမ်း၊ ဟိုတယ်ဆင်း လမ်းနဲ့ မြို့အဝင်အထွက် ဂိတ်တိုင်းမှာ တပ်စွဲထားပြီး စစ်တွေမြို့ကို တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေနဲ့ ဘုတ်သမား၊ ရေလုပ်ငန်းသမားတွေနဲ့ ပြည်သူတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးနေတာတွေ ရှိပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ စစ်တွေမြို့ပေါ်က ရပ်ကွက်တချို့မှာ ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီးတော့ ခြိမ်းခြောက်ငွေညှစ်တာတွေကိုပါ လုပ်နေ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ https://burmese.dvb.no/post/636789
၂၄။   ကန်ပက်လက်ရှိစစ်ဘေးရှောင် ၅၀၀၀ ကျော်အတွက်ရန်ပုံငွေရရှိရန် ကန်ပက်လက် freedom fund website တည်ထောင်
  February 2, 2024

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ဘေးရှောင် ၅၀၀၀ ကျော်အတွက် အကူ အညီများရရှိရန် ရည်ရွယ်ပြီး Kanpetlet Freedom Fund Website ကို တည်ထောင်ခဲ့ပြီး စစ်‌အာဏာရှင်တော်လှန်ရေးမှတ် တမ်းဗီဒီယို ( Documentary video )များနှင့် မှတ်တမ်းဓာတ်ပုံများ ကိုပြသွားမည်ဖြစ်ကြောင်း Kanpetlet Freedom Fund Team (KFF Team) ထံက သိရသည်။ တော်လှန်ရေးမှတ်တမ်းဗီဒီယိုများကို ရန်ပုံငွေရရှိရန်ရည်ရွယ်ပြီး Video Ticket များဖြင့် ဝယ်ယူ ကြည့်ရှုရမည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာသာကျသင့်မည်ဖြစ်ပြီး ငွေပေးချေရာတွင်လည်း Spring Development Bank၊ NUG Pay၊ Zelle စသည့် မိမိအဆေင်ပြေမည့် ငွေပေးချေရေးလမ်းကြောင်းဖြင့်ပေးချေကာ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ပြည်ပမှာရောက်နေတဲ့ ကျွန်တော်တို့လူတွေ ဥပမာ တစ်ဒေါ်လာ၊ နှစ်ဒေါ်လာလောက် တော့ ဒီလိုပဲ လမ်းဘေးမှာ သူတောင်းစားတွေကိုလည်း ဒီတိုင်း‌ပေး လိုက်ကြတယ်။ ကျွန်တော်တို့ သားသမီးတွေကိုလည်းပဲ နှစ်ကျပ်၊ သုံးကျပ်၊ လေးငါးကျပ်အဲ့ဒီလိုတွေပေးလိုက်ကြတယ်ပေါ့ဗျာ။ ဆိုတော့ သိပ်ပြီးတန်ဖိုးမထားကြဘူး‌ပေါ့ဗျာ။ အဲ့ဒီ သိပ်တန်ဖိုးမထားတဲ့ တစ်ကျပ်ဟာ မြေပြင်မှာ ဒုက္ခရောက်နေတဲ့ သူတွေရဲ့ ထမင်းတနပ်စာဖြစ်သွားပါတယ်။ အဲ့ဒီ တနပ်စာ အတွက်‌ကို လူသားချင်းစာနာ‌ထောက်ထားတဲ့အနေနဲ့ သူတို့လည်းပဲ ထမင်းငတ်နိုင်ပါလား၊ ဗိုက်ဆာပါလား၊ ရေငတ်နိုင်ပါလား ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်အပြည့်အ၀နဲ့ စေတနာရှိသလောက်လှူဒါန်းပေးပါ။ လှူဒါန်းရ လွယ်ကူအောင်လဲ ကျတော်တို့က လုပ်ပေးထားတယ်” ဟု Kanpetlet Freedom Fund Team(KFF Team) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

Website အတွင်း Documentary Ticket အပြင် ငွေကြေးလှူဒါန်းချင်ပါကလည်း အဆင်ပြေရာ Bank များကိုရွေးချယ် ကာ လှူဒါန်းနိုင်ပြီး သိရှိလိုသည့်အကြောင်းအရာများကို Website အတွင်းရှိ Help Menu တွင် အသေးစိတ်ရှင်းပြထားကြောင်း လည်းသိရသည်။ “Donation လုပ်မယ် ဆိုလို့ရှိရင်လည်း donation နှိပ်မယ်၊ ပြီးတော့ ဘယ်ဟာနဲ့ ပိုက်ဆံပေးမလဲ ပေးမယ့် နည်းလမ်းကိုရွေးမယ်။ ရွေးပြီးလို့ရှိရင် OR Code ကိုပိုက်ဆံလွှဲမယ်။ လွှဲပြီးရင် လွှဲပြီးတဲ့အထောက်ထား Screenshot ကို Website မှာ တင်လိုက်ပြီဆိုတာနဲ့ ချက်ချင်းပဲ ကျွန်တော်တို့ telegram group မှာလည်းပဲ  ပေးပို့လိုက်တဲ့ အချိန်နေ့ရက် အတိအကျကို ရောက်လာမယ်။ အဲ့ဒါအားလုံးကိုလည်း Helpထဲမှာ တင်ထားပါတယ်ဗျ။ အသုံးပြုလည်း လွယ်ကူပါတယ်” ဟု အဆိုပါတာဝန် ရှိသူက ဆက်လက်ရှင်းပြထားသည်။ https://www.facebook.com/photo/?fbid=713133737622315&set=pcb.713133887 622300
၂၅။ ဆားမှော်စစ်ရှောင်ပြည်သူများ မြေနေရာအသစ်မှာ ရွှေ့ပြောင်းနေထိုင်
    January 1, 2024

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာက စစ်ရှောင်တွေဟာ စစ်ရေးအခြေအနေ၊ အခက်အခဲတွေကြုံ လာတဲ့အတွက် ရပ်ရွာဒေသခံတွေ၊ အသင်းတော်လူကြီးတွေ ဝိုင်းဝန်းပူပေါင်းပြီး စစ်ရှောင်တွေအတွက် သတ်မှတ်ထားတဲ့ နေရာ မှာကိုယ်ထူကိုယ်ထစနစ်နဲ့ နေထိုင်ဖို့စီစဉ်ခဲ့ကြတာဖြစ်တယ်လို့ ရပ်ရွာတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။“သူတို့တွေ လည်း အရင်နေရာကို ပြန်ဖို့ဆိုတာလည်း မဖြစ်နိုင်သေးဘူး၊ စစ်ရှောင်စခန်းမှာနေထိုင်တာလည်း အရမ်းကြာလာတော့ အခက် အခဲတွေ ရှိလာတာကြောင့် အကုန်လုံးရဲ့ သဘောတူညီမှုနဲ့ အခုလိုနေရာတွေ စီစဉ်ပေးခဲ့တာပေါ့” ဆောက်လုပ်ပြီးစီးထားတဲ့ အိမ်ယာဟာ ဆားမှော်ကျေးရွာ ဆေးရုံကြီးဘေးမှာတည်ရှိတာဖြစ်ပြီး စစ်ရှောင်တွေအနေနဲ့ အခုတစ်ပတ်အတွင်းကနေစပြီး ပြောင်းရွေ့နေထိုင်ကြပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းလုပ်ဆောင်ထားတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ၊ အကူအညီတွေ လိုအပ်နေသေးတယ်လို့ သူကဆက်ပြောပါတယ်။

“အခုက အိမ်နဲ့ ရေတွင်းဘဲ ပြီးသေးတာ ကျန်တဲ့ မီးဖိုချောင်၊ အိမ်သာ၊ မီးတွေ အများကြီးလိုနေသေးတယ်၊ မီးကတော့ အရေးကြီးဆုံးပေါ့ အဲ့ဘက်မှာက အခုမီးလည်းမရဆိုတော့”လို့ ပြောပါတယ်။ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအတွက် ကမ္ဘာ့စားနပ်ရိက္ခာ World Food ကနေ ၆ လ ထောက်ပံ့ပေးအုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး လုံခြုံမှုမရှိတာတွေကြောင့် နေရပ်မပြန်နိုင်သေးပေမဲ့ အခုလို ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေထိုင်ရတာဟာ စိတ်လုံခြုံ ပျော်ရွှင်ရတယ်လို့ စစ်ရှောင်အမျိုးသမီး တစ်ယောက်က အခုလိုပြောပါတယ်။“နေရပ်ကို ပြန်ချင်တာပေါ့၊ ဒါပေမဲ့ လုံးဝပြန်လို့မရတဲ့အခြေအနေဖြစ်နေတယ်၊ ဒါပေမဲ့ အခုလို ဆားမှော်ကျေးရွာအတွင်းနေထိုင်လို့ရတယ်၊ အသင်းတော်တွေနဲ့လည်း နေရတယ်ဆိုတော့ ဟိုမှာထက်စာရင် ဒီမှာက အများကြီး လုံလုံခြုံခြုံနေရတယ်၊ စိတ်ပျော်ရတယ်” လက်ရှိ အိမ်ယာမှာ အိမ်ထောင်စု ၁၇ စုနဲ့ လူဦးရေ ၁၀၀ ကျော်နေထိုင်ပြီး ၂၀၁၄ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ စစ်ကောင်စီတို့ကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ၂၀၁၅ ခုနှစ်မှာ ဆားမှော် ကျေးရွာအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ https://burmese .kachinnews.com/2024/01/31/bb1-66/
၂၆။ တိမ်းရှောင်နေတဲ့ ရွာသစ်မြို့ခံ ၇၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေ
    February 1, 2024

ကရင်နီပြည်၊ ရွာသစ်မြို့ကနေ တိမ်းရှောင်သွားတဲ့ မြို့ခံလူထု ၇၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။ လက်ရှိမှာ စားနပ်ရိက္ခာ လက်ကျန်မရှိတော့တဲ့ မိသားစုဝင် တွေလည်းရှိတယ်လို့ သိရပါတယ်။“စားဖို့သောက်ဖို့တွေက တခါမှ သူတို့ဆီ သူများလာကြည့်တာ မရှိသေးဘူးလေ။ ပြီးခဲ့တဲ့ရက် ပိုင်းလောက်ကဘဲ ကျနော် သူတို့ထဲက တစ်ယောက်နဲ့ တွေ့တော့ သူတို့ဆီကို ဘယ်သူမှ မလာကြည့်သေးဘူး ပြောတယ်လေ။ ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်။ တချို့ကတော့ နည်းနည်းရှိသေးတယ်။ တချို့ကတော့ လုံးဝမရှိတော့ဘူး လို့ ပြောတယ်လေ။ သူတို့ရှောင်လာတာ တစ်လလောက်ရှိပြီလေ။ သူတို့ကိုလည်း ဘယ်သူမှ လာမကြည့်သေးဘူး။” လို့ တိမ်း ရှောင်နေတဲ့ ရွာသစ်မြို့ခံလူထုတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ လူဦးရေ ၇၀၀ ဝန်းကျင်ဟာ သံလွင်အရှေ့ဘက်ခြမ်းတနေရာမှာ တိမ်းရှောင်ခိုလှုံနေကြပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ စတင်တိမ်းရှောင်ကြတာဖြစ်ပါတယ်။ တိမ်းရှောင်နေတဲ့ တစ်လအတွင်း အလှူရှင်တွေ၊ ကူညီပံ့ပိုးသူ တွေနဲ့ အချိတ်အဆက်မရတာကြောင့် တစ်စုံတစ်ရာ အကူအညီတွေလည်း မရရှိသေးဘူးလို့ သိရပါတယ်။ “သူတို့သွားနေတဲ့ နေရာလည်း ဝေးတော့လေ၊ အကူအညီပေးနေသူတွေကလည်း သူတို့ဆီကို လက်လှမ်းမမီနိုင်သေးဘူး ဖြစ်နေတယ်။ သူတို့ထဲမှာ မသန်စွမ်းတွေလည်းပါတယ်၊ သက်ကြီးရွယ်အိုတွေလည်းပါတယ်။”လို့ နီးစပ်သူတစ်ဦးက ဆက်ပြောပါတယ်။ တိမ်းရှောင် လာတဲ့အချိန်က သယ်ယူလာနိုင်တဲ့ ဆန်၊ ဆီ စတဲ့ အရေးပေါ် စားနပ်ရိက္ခာတွေဟာလည်း အချိန်ကြာလာတာနဲ့အမျှ နည်းပါးလာ သလို ကုန်သွားတဲ့ မိသားစုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ရွာသစ်မြို့ခံတွေဟာ မတိမ်းရှောင်ရခင် မြို့တွင်းမှာနေက တည်းက စစ်ကောင်စီတပ်ဝင်ရောက် တပ်စွဲထားမှုကြောင့် နေအိမ်မှာနေထိုင်ခွင့်မရဘဲ မြို့တွင်းက ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းနေထိုင်ကြတာ ဖြစ်ပါတယ်။ https://www.kantarawaddytimes.org/%e1%80%90%e1%80%ad%e1%80%99%e 1%80%ba%e1%80%b8%e1%80
၂၇။ ကော့သောင်း သတင်းတပ်ဖွဲ့ရုံးမှ တပ်ကြပ်နှင့်ဖခင်ဖြစ်သူတို့ ပစ်သတ်ခံရ
    February 1, 2024

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ မာရမ်းကျေးရွာ ကားလမ်းပေါ်မှာ ဒီနေ့ မနက် ၁၀ နာရီခွဲက မြို့နယ်သတင်းတပ်ဖွဲ့ရုံးမှ တပ်ကြပ်နဲ့ဖခင်ဖြစ်သူ စီးလာတဲ့ အိမ်စီးကား ပစ်ခတ်ခံရပြီး နှစ်ဦးလုံး သေဆုံးသွားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ ဒီနေ့ မနက် ၁၀ နာရီက ကော့သောင်းမြို့ သတင်းတပ်ဖွဲ့ရုံးမှ တပ်ကြပ်တဦးဟာ ဖခင်ဖြစ်သူကို ခမောက် ကြီးမြို့ မာရမ်းကျေးရွာရှိ နေအိမ်ကိုလိုက်ပို့ရာမှ ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။ “မာရမ်းရွာကားလမ်းဘေးမှာ ပစ်ခံရတာ၊ နှစ်ဦးစလုံးပွဲချင်းပြီးပဲ။ လမ်းသွားလမ်းလာတွေ ဖုန်းဆက်မှ လူနာတင်ယာဥ်နဲ့ အုပ်ချုပ်ရေးနဲ့ရဲတွေက ရောက်လာ တာ။”  သေနတ်နဲ့ ပစ်ခတ်ခံရသူမှာ သတင်းတပ်ဖွဲ့ (SB) မှ တပ်ကြပ်နေစိုးဦး နဲ့ ဖခင်ဖြစ်သူ ဦးစိုးတင့်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ခမောက်ကြီးမြို့ မာရမ်းကျေးရွာမှာ အသွင်ယူလှုပ်ရှားနေသူတဦးဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဆိတ်ဖူးကျေးရွာကနေ မာရမ်းကျေးရွာကို ပြန်တဲ့အချိန် လမ်းမှာပစ်ခံရတာ။ Dead Body တွေကို ဆေးရုံပို့ပြီး စစ်ဆေး မှုတွေ လုပ်နေတယ်။” ကော့သောင်း မြို့နယ်သတင်းတပ်ဖွဲ့ရုံးမှ တပ်ကြပ်နဲ့ဖခင်ဖြစ်သူတို့အား ဘယ်အဖွဲ့က ပစ်သတ်သွားတယ် ဆိုတာတော့ မသိရသေးပါဘူး။ စစ်တပ်ကအာဏာသိမ်းပြီးနောက် ကော့သောင်းမြို့မှာ အာဏာရှင်စနစ်ကိုရတဲ့နည်းနဲ့ တော်လှန် ကြပြီး သုံးနှစ်တာကာလအတွင်း နှစ်ဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ https://burmese. dvb.no/post/636722
၂၈။ လဲချားတွင် အမျိုးသား ၁ ဦး ခြံရှင်းရာက မိုင်းပေါက်ကွဲပြီး သေဆုံး
   February 1, 2024

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်ထဲမှာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက လူရွယ် ၁ ဦး ခြံရှင်းရာက မိုင်း ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ စိုင်းပီး ခေါ် စိုင်းစံထွန်း (၂၆ နှစ်) ဆိုသူမှာ လဲချားမြို့ ရပ်ကွက် ၂ မှာ နေထိုင်ပြီး မတ်လန်း ကျေးရွာမှာ ထော်လာဂျီပြင်ဆိုင်ဖွင့်ဖို့ မနေ့က ခြံနေရာသွားရှင်းစဉ် မိုင်းပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ လဲချားဒေသခံတဦးက ပြောပါတယ်။“သူက အဲဒီရွာမှာ ဆိုင်ကယ်ပြင်ဆိုင်သွားဖွင့်မလို့ ခြံသွားရှင်းတာ။ ခြုံပင်တွေ မြက်ပင်တွေကို မီးရှို့ပစ်တယ်၊ ညနေ ၆ နာရီလောက်မှာ ခြံရှင်းပြီးသွားပေမဲ့ မီးစအကြွင်းအကျန်တွေကို သိမ်းနေတုန်း အဲဒီမီးပုံထဲကနေ မိုင်းထပေါက်တာ။ သူ့မျက်နှာတွေရော၊ လည်ပင်းမှာရော၊ ကိုယ်ခန္ဓာမှာရော မိုင်းစတွေထိသွားတယ်။ ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ မြေကြီးတွေပါတုန်တယ်တဲ့၊ ရွာထဲကလူတွေသွားကြည့်တော့ သူက အသက်မရှိတော့ဘူး။” အဆိုပါရွာထဲမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စစ်ကောင်စီနဲ့ SSPP ရှမ်းတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး ပေါက်ကွဲတဲ့မိုင်းဟာ တိုက်ပွဲရဲ့ အကြွင်း အကျန်လို့ ယူဆရကြောင်း ဆိုပါတယ်။

သေဆုံးသူလူရွယ်မှာ အိမ်ထောင်မကျသေးဘဲ ကားဝပ်ရှော့ပညာနဲ့ မိဘကိုလုပ်ကျွေးနေသူ ဖြစ်ကြောင်း၊ အလုပ်ကြိုး စားပြီး အနာဂတ်အလားအလာကောင်းတဲ့ လူငယ်တဦး ဆုံးရှုံးသွားတာ နှမျောဖို့ကောင်းတယ်လို့ လဲချားဒေသခံက ပြောပါတယ်။ https://burmese.dvb.no/post/636618
၂၉။ မြစ်ဆုံ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား လုပ်ငန်းရှင်တစ်ချို့ရွှေတူးဖို့ပြင်ဆင်နေ
  February 1, 2024

မြစ်ဆုံဒေသ တန်ဖရဲကျေးရွာ သမိုင်းဝင်နေရာ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြားက လုပ်ငန်းရှင် တချို့ စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်ရေး လုပ်ငန်း ဝင်ရောက်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေပြောပါတယ်။ တန်ဖရဲချောင်းစီး ဝင်တဲ့နေရာ ဧရာ၀တီမြစ်ဘေး လုပ်ငန်းရှင်တွေဘက်က ဇန်နဝါရီ ၃၁ မနေ့က ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIA/KIO ရဲ့ခွင့်ပြု ချက်နဲ့ဟုဆိုကာ ရက်ပိုင်းအတွင်း လုပ်ငန်းစဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။“တန်ဖရဲချောင်းရှိလို့ တန်ဖရဲရွာဖြစ်လာ တယ်။ တန်ဖရဲချောင်းနဲ့မြစ် ဆုံရာမှာ အခုရွှေတူးဖို့လုပ်နေတယ်။ ရွာသားတချို့စုပေါင်းပြီး ဒီသမိုင်းဝင်နေရာမှာ ရွှေမတူးဖို့ ကန့်ကွက်ပြောဆိုခဲ့တယ်။ ဒါပေမဲ့ လက်မခံဘူး။ လုပ်ငန်းရှင်တွေဘက်က ရွာကိုယ်စားလှယ်တစ်ယောက်ရှာပြီး ရွာသားတချို့ရဲ့ လက်မှတ်လိုက်ယူပြီး KIA ဆီ တင်ပြတယ်။ ဟိုဘက်ကလည်း ရွာသားတွေလက်ခံရင်တော့ တူးကြတော့ဆိုပြီး ခွင့်ပြုလိုက်တာ တဲ့။ ဒီနေရာဟာ လုံး၀ရွှေမတူးဖို့ ကန့်ကွက်ထားတဲ့နေရာဖြစ်တယ်” ဟု မြစ်ဆုံဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက တန်ဖရဲကျေးရွာအနီး တန်ဖရဲချောင်းနဲ့မြစ်ဆုံတဲ့ ကမ်းစပ်တစ် လျှောက် ရွှေတူးဖော်ဖို့ လုပ်ငန်းရှင်တွေက KIA တပ်ရင်း ၁၁ ထံ အရင်ဦးဆုံး ခွင့်ပြုချက်တောင်းခဲ့ကြောင်း သူကပြောပါတယ်။ ထို့သို့ KIA ထံခွင့်ပြုချက်တောင်းချိန် ရွာသားတွေနဲ့ အရင်ပြေလေအောင်လုပ်ဖို့ လုပ်ငန်းရှင်တွေကို KIA ဘက်ကပြောဆိုလိုက် တာကြောင့် လုပ်ငန်းရှင်တွေက ရွာလူကြီးတွေထံ စတင်ချဉ်းကပ်ခဲ့တယ်လို့ ရွာသားတွေပြောပါတယ်။ “ပထမတွေ့ဆုံတဲ့အခါ ရွာလူကြီးက ဒီနေရာမှာ ရွှေတူးဖော်မှာဖြစ်တာကြောင့် ကယ်..ရွာသားတွေဘာတောင်းဆိုချင်တာလဲ။ RC တွေ၊ KBC တွေ၊ AG ၊ ဗုဒ္ဓ စသဖြင့် ဘာသာရေးအဖွဲ့တွေဘက်ကရော ဘာတောင်းဆိုချင်တာလဲ ဆိုပြီး တင်ပြခိုင်းတယ်။ ရွာအတွင်း လမ်းတွေ ပြုလုပ် ပေးမယ်တဲ့။ အောင်မြင်သာရွာတွေမှာ လမ်းတွေပြုလုပ်ပေးမယ်တဲ့ အဲ့လိုစည်းရုံးတယ်။အဲ့လိုနဲ့ ရွာသားတချို့ကို စည်းရုံးပြီး လက်မှတ်တချို့ယူတယ်”လို့ သူကဆက်ပြောပါတယ်။ လက်ရှိမှာတော့ ရွာသားအားလုံးရဲ့ သဘောတူညီမှု မယူပဲ ကန့်ကွက်တဲ့ ရွာသားတချို့ ကို လျစ်လျူရှူကာ လုပ်ငန်းရှင်တွေဘက်က KIA နဲ့ ထပ်မံသွားတွေ့ကာ ရွာသားတွေနဲ့အဆင်ပြေကြောင်း ခွင့်ပြု ချက်ယူခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ ရွာခံတွေပြောပါတယ်။ https://burmese.kachinnews.com/2 024/02/01/ld1-112/
၃၀။ ဆီဆိုင်မြို့တိုက်ပွဲ စစ်ကောင်စီ အလောင်း ၅၀ တွေ့၊ လက်နက် ၅၀ သိမ်းပိုက်ရရှိ
  January 31, 2024

သျှမ်းပြည် ဆီဆိုင်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ အလောင်း ၅၀ တွေ့ပြီး လက်နက် ၅၀ ခန့်သိမ်းပိုက်ခဲ့ရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ပြောဆိုလိုက်သည်။ (ဇန်နဝါရီ လ ၃၀ ရက်)တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLAမှ ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စကို ဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်နှင့် မြို့မြောက်ဘက် တစ်နေရာတွင် တိုက်ပွဲခဲ့ကြောင်း PNLA က ထုတ်ပြန်သည်။ ယင်း တိုက်ပွဲဖြစ်ပွားပြီးနောက် PNLA မှသွားရောက် နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်သား၏ အလောင်း ၅၀ ခန့်တွေ့ ပြီး လက်နက် ၅၀ ခန့် သိမ်းပိုက်ရရှိခဲ့ကြောင်း ဆိုသည်။ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ PNLA တပ်ဖွဲ့များလှုပ်ရှားခြင်းမရှိသည့် လွယ်ထွဲကျေးရွာထဲကို လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ယင်းကျေးရွာရှိ ဘုန်းကြီးကျောင်းဆောင် ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားလာချိန်မှစ၍ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNA တို့ သည် ပအိုဝ်းကျေးရွာများအား လက်နက်ကြီးများ၊ လေယာဉ်များဖြင့် အသုံးပြုပြီး ပစ်ခတ်ကာ ဖျက်စီးနေလျက်ရှိကြောင်း PNLA က ပြောဆိုထားသည်။“အခုထိတော့ အိမ်ကိုမပြန်ရဲသေးဘူး။ ရွာတွေဘက်မှာ ခဏစစ်ရှောင်နေတုန်းပဲ။ ဒီမှာနေတာတောင် အသံတွေက တစ်ချက်ချက်ကြားနေရသေးတယ်။ လေယာဉ်သံတွေလည်း ကြားနေရသေးတယ်” ဆီဆိုင်မြို့နယ် ဒေသခံ အမျိုး သမီးတစ်ဦးက ပြောသည်။ အလားတူ တောင်ကြီးမြို့နယ် ကျောက်တလုံးဒေသနှင့် ဟိုပုံးမြို့နယ်တွင်လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ၏နာမည်ကို စစ်ကောင်စီနှင့် PNA တို့က အလွှဲသုံးစားပြုပြီး တပ်ဖွဲ့ဝင်အသစ်များကို လိမ်လည်စုဆောင်းနေသည်ဟု ထပ်လောင်းပြောဆိုထားသည်။ PNLA တပ်ဖွဲ့အနေဖြင့် အဆိုပါကျေးရွာများတွင် တပ်ဖွဲ့ဝင် အသစ်များ စုဆောင်းခြင်းမရှိကြောင်း အသိပေးထားသည်။ https://burmese.shannews.org/archives/39826
၃၁။  နေအိမ်တွင်တစ်ဦးတည်းရှိနေသည့် အမျိုးသမီးတစ်ဦးကို အမျိုးသားကိုးဦး ဝင်ရောက်ရိုက်နှက်မှုဖြစ်ပွား
  February 1, 2024

နေအိမ်တွင်တစ်ဦးတည်းရှိနေသည့် နောင်နန်းဒေသခံသက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးကို မျက်နှာဖုံးဝတ်ဆင်ထား သည့် အမျိုးသားကိုးဦး ယနေ့ညနေ ၆ နာရီခန့်က ဝင်ရောက်ရိုက်နှက်သွားကြောင်း သိရသည်။ မြစ်ကြီးနားမြို့၊ နောင်နန်း ကျေးရွာရှိနေအိမ်ကို ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ထင်းချောင်းများဖြင့် ရိုက်နက်သွားခြင်းဖြစ်သည်ဟု အိမ်နီးချင်း အမျိုးသားတစ်ဦးက ပြောသည်။“ထင်းတွေနဲ့လာရိုက်သွားတာ။ သူတို့က လာသတ်တဲ့သဘောတောင်ဟုတ်တယ်။ ခေါင်းလည်း ထိသွားတယ်။ အခုလူနာကအငြိမ်တောင်မနေနိုင်တော့ဘူး။ ကိုင်ရင်တောင်ရုန်းပဲရုန်းနေတယ်” ဟုပြောသည်။ ရိုက်ခံထားရ သည့် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ဒေါ်အင်ခွန်လုအောန်မှာ တစ်ကိုယ်လုံးတွင် ညိုမဲစွဲဒဏ်ရာနှင့် ဖူးယောင်ဒဏ်ရာများရရှိ ထားပြီး KBC မှ ဖွင့်လှစ်ထားသည့် ဆမာရိဆေးခန်းတွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“နေရာတကာသွေးတွေပဲ လက်တွေကိုကိုင်ထားပြီးဝိုင်းရိုက်တာတဲ့။ တုတ်တွေ၊ ထင်းတွေ၊ ကျောက်ခဲတွေနဲ့ ဝိုင်းရိုက် တယ်လို့ပြောတယ်” ဟုပြောသည်။ ဒေါ်အင်ခွန်လုအောန်သည် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး မြစ်ကြီးနား မြို့အမှတ် (၂) ရဲစခန်းတွင် ဝရမ်းထုတ်ခံထားရသည့် ကက်သလစ်ရဟန်း ဖာသာမုန်မိုင်၏ မိခင်ဖြစ်သည်။ ဖာသာမုန်မိုင်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန်ဘုရားကျောင်းနှင့် နောင်နန်းကျေးရွာအုပ်စုရှိ နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများက ဝင်ရောက်ရှာဖွေခဲ့​သော်လည်း လက်ရှိအချိန်ထိထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ https: //www.facebook.com/photo?fbid=704019831925688&set=pcb.703768098617528
၃၂။  ရခိုင်စစ်ပွဲကာလ ၃ လအတွင်း သေဆုံးသူ ၈၀ ကျော်ရှိ
   February 1, 2024

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီကြားက နှစ်ဖက်တိုက်ပွဲတွေ ကြောင့် ရခိုင်ပြည်အနှံ့မှာ သေဆုံးသူ ၈၁ ဦးအထိ ရှိပြီဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်လိုက်ပါတယ်။ HDCO ရဲ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည် စစ်ပွဲစဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှာ သေဆုံးသူ ၂၈ ဦး၊ ဒီဇင်ဘာလမှာ သေဆုံးသူ ၂၇ ဦးနဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့အထိ သေဆုံး သူ ၂၆ ဦးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ ထုတ်ပြန်ချက်ဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့အထိ ပြုစုထားတာဖြစ်လို့ သေဆုံးသူဦးရေဟာ ပိုတိုးလာနိုင်ခြေ ရှိတယ်လို့ ရခိုင်ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးကပြောပါတယ်။

“တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတော့ သေဆုံးသူဦးရေက ပိုတိုးလာနိုင်ခြေရှိတယ်။ ကူညီကယ်ဆယ်ရေး လုပ်ကိုင် နေတဲ့ အဖွဲ့တွေကိုလည်း ပိတ်ထားတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရတာနဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေနဲ့ မရကြတော့ သေဆုံးသူတွေက ပိုတိုးလာတယ်။” ရခိုင်ပြည် စစ်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက်ကနေ ပြည်သူတွေကို အဓိကဦးစားပေး ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ပြုလုပ်နေတာကြောင့် သုံးလတာကာလအတွင်းမှာ ဖမ်းဆီးခံရသူ ဦးရေ ၂၇၇ ဦးနဲ့ ဒဏ်ရာရသူ အရေအတွက် စုစုပေါင်း ၂၆၀ အထိ ရှိပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ သေဆုံးသူ၊ ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူတွေ တိုးပွားနေပြီး မြောက်ဦးမြို့နယ်မှာ သေဆုံးသူ အများဆုံး ဖြစ်ကာ စုစုပေါင်း သေဆုံးသူ ၂၅ ဦးအထိရှိပြီလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မင်းပြားမြို့နယ်မှာ ထိခိုက်ဒဏ်ရာရသူ အများဆုံး ဖြစ်ကာ သုံးလတာအတွင်း ဒဏ်ရာရသူ ၆၁ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။ https://burmese.dvb.no/post/636696

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 

Related Articles

Back to top button