တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 26, March 29, 2024)

၁။ “လက်နက်ကိုင် ပဋိပက္ခများရပ်တန့်နိုင်ရေး” ကိစ္စ NCA (၇)ဖွဲ့နှင့် NSPNC တွေ့ဆုံ ဆွေးနွေး
  March 29, 2024

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ညှိနှိုင်းရေး ကော်မတီ (NSPNC)တို့သည် လက်နက်ကိုင် ပဋိပက္ခများရပ်တန့်နိုင်ရေးဆိုင်ရာကိစ္စများကို နေပြည်တော်တွင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် (မတ် ၂၉)ရက်တွင် နေပြည်တော်၌  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသးလက်နက်ကိုင် (၇)ဖွဲ့၏ ကိုယ်စားလှယ်များနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်ညှိနှိုင်းရေး ကော်မတီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တွေ့ဆုံစဥ်တွင် ပြောဆိုခဲ့ခြင်းဖြစ် သည်။ ထို့အပြင် (၇၉)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနား၌ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြားခဲ့သည့် NCA နှင့်စပ် လျဥ်းသည် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဥ်များ၊ လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ရေး ဆိုင်ရာကိစ္စများ၊ တပ်မတော်၏ ငြိမ်း ချမ်းရေးဆိုင်ရာ မူဝါဒ ၆ ရပ်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များနှင့်ပတ်သက်ပြီး ညှိနှိုင်ရေး ကော်မတီ ဥက္ကဌ က ဆွေးနွေးပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန နှင့် INGO အဖွဲ့ တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် “ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် အတွက် လိုအပ်သော အကူအညီများ ပေးအပ်နိုင်ရေး စီမံကိန်း”လျားထားဆောင်ရွက်နိုင်မည့်အခြေအနေကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစက်များစဥ်ဆက်မပြတ်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေး ကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့(PPST) အားပြင်ဆင်ဖွဲ့စည်းခြင်း ကိစ္စများ နှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ စောမြရာဇာလင်း က ပြောကြားခဲ့သည်။ ထို တွေ့ဆုံဆွေးနွေးပွဲ တွင် NCA (၇)ဖွဲ့ဘက်မှ ပအိုဝ်းအမျိုးသးလွတ်မြောက်ရေးပါတီ (PNLO) နာယက ဦးခွန်ဥက္ကာ၊ ALP ဥက္ကဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ်အစည်းအဝေး (LDU) မှ ဒုတိယဥက္ကဌ ကျာဖူး၊ ဒီမိုကရေစီအကျိုး ပြု ကရင်တပ်မတော် (DKBA) မှ စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောမောင်မောင်၊ မွန်ပြည်သစ် ပါတီ (NMSP) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စဝ်ဆောင်းဟန် တို့ တက်ရောက်ခဲ့သည်။  Read in full

၂။ စစ်ရှောင်ရင်း စားဝတ်နေရေးခက်ခဲလာသဖြင့် စစ်ဘေးရှောင်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်
   March 28, 2024

စစ်ဘေးရှောင်ရင်း စားဝတ်နေရေး ခက်ခဲလာသဖြင့် ကောင်တောင်းရွိုရွာနေ ဖြားခွန်စိန်သည် ရွာပြန်ပြီး မိမိကိုယ်ကို အဆိပ်သောက် အဆုံးစီရင်ခဲ့ကြောင်း ရွာသားထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကောင်တောင်းရွိုရွာ ဖြားခွန်စိန် သည် မတ်လ တတိယပတ်အတွင်းတွင် စစ်ဘေးရှောင်ရင်း စားဝတ်နေရေးခက်ခဲလာသဖြင့် မိမိကိုယ်ကို အဆိပ်ဆေး သောက်အဆုံးစီရင်ခဲ့သည်။ “သူက စစ်ဘေးရှောင်ရင်း ခက်ခဲနေလို့ ရွာပြန်ပြီး ပိုးသတ်ဆေးသောက်သေတာ။ တစ်ပတ်လောက်ရှိ ပြီ ရက်အတိကျတော့မသိဘူး”ဟု ရွာခံတစ်ဦးက ပြောသည်။

ကောင်တောင်းရွိုရွာသားများသည် ယာမြေအပါအဝင် သင်းချိုင်းမြေကိုပါဗမာစစ်တပ်က သိမ်းထားသည့်အတွက် သေဆုံးသူ ဖြားခွန်စိန်ကို ဆွေမျိုးများက ကောင်မူဗွာရွာ သင်းချိုင်းကုန်းတွင် သင်းဂြိုလ်ပေး ခဲ့ရကြောင်း ၄င်းကဆက်ပြောသည်။ ဖြားခွန်စိန် သည် သား၊ သမီး ၅ ဦးနှင့် အမျိုးသမီး ကျန်ခဲ့ပြီး ကျန်ရှိမိသားစုသည် ဆီဆိုင်မြို့နယ် တစ်နေရာတွင် စစ်ရှောင်နေဆဲ ဖြစ်ကြောင်း သိရသည်။ ကောင်တောင်းရွိုရွာသည် ခမရ ၄၂၃ တပ်အရှေ့ဘက်တွင်တည်ရှိပြီး ဖြားခွန်စိန် တို့မြေယာအပါအဝင် ကျေးရွာရှိရွာသားများမြေကို စစ်တပ်က သိမ်းယူထားသဖြင့် စားဝတ်နေရေးအတွက် နေ့စားအလုပ်လိုက်ပြီး ဖြေရှင်းတာမျိုးရှိ သလို မိုးရာသီတွင် မိုရှာ၊မျှစ်ရှာဖြေရှင်းနေကြရကြောင်း လက်ရှိတွင်အားလုံးကစစ်ဘေးရှောင်နေရသည့်အတွက် စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်၊၊ Read in full

၃။ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကွဲပြီး ဓမ္မသရွာတွင် နေအိမ် ၃၀၀ ခန့် မီးလောင်ပြာကျ
   March 28, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာတွင် ဂျိုးမြစ်အတွင်းရှိ စစ်ကောင်စီရေတပ်စစ်သင်္ဘောက ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အလုံး ၃၀၀ ခန့် မီးလောင်ပြာကျသွားကြောင်း ဒေသခံတို့ က ပြောသည်။ စစ်သင်္ဘောက မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဓမ္မသရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက် နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး မီးစတင်လောင်ကျွမ်းကြောင်း ဒေသခံတို့က ဆိုသည်။ မီးသည် ည ၈ နာရီ ဝန်း ကျင်အထိ လောင်ကျွမ်းခဲ့ပြီး နေအိမ်အလုံး ၃၀၀ ခန့် မီးလောင်ပြာကျသွားကြောင်း ၎င်းတို့က ပြောဆိုသည်။

ယင်းအခြေအနေတွင် မီးလောင်ကျွမ်းရာ မီးကို အချိန်မီငြှိမ်းသတ်နိုင်ခြင်းမရှိသလို မီးသတ်ကားများကို စစ်ကောင်စီတပ်က တားဆီးထားခြင်းကြောင့်လည်း ယခုကဲ့သို့ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့ကပြော သည်။ “ရွာမှာက လူလည်းသိပ်မရှိဘူး။ ထွက်ပြေးနေကြတယ်။ လေက တအားတိုက်နေတယ်။ မီးသတ်ကားတွေလည်း ရောက် မလာဘူး။ မီးသတ်ကားတွေကို စစ်တပ်က ပေးမဝင်ဘူး။ တားထားတယ်၊ အဲဒါကြောင့် အခုလို အကြီးအကျယ် လောင်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ မီးလောင်သွားသည့် အိမ်အများစုသည် တိုက်အိမ်၊ သစ်သားအိမ်များဖြစ်ပြီး ဆုံးရှုံးမှုများပြား ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။ လက်ရှိတွင် မီးဘေးသင့် ပြည်သူ ၁၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီ လိုအပ် နေကြောင်း အကူအညီပေးနေသူတို့က ပြောဆိုသည်။ ဓမ္မသရွာတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော် နေထိုင် သည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ Read in full

၄။ စစ်ရေးအရအရေးပါသည့် ယော်ယုံစခန်းအပါအဝင်စခန်းခြောက်ခုထက်မနည်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်
 March 28, 2024

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မိုးမောက်-လွယ်ဂျယ်လမ်းမပေါ်ရှိ ယော်ယုံတောင် စစ်ကောင်စီတပ်စခန်းအပါအဝင် တပ်စခန်းခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။  လက်နက် ကြီးရမ်းသမ်းပစ်ခတ်လေ့ရှိသည့် လွယ်ဂျယ်မြို့အထက် ယော်ယုံတောင်တပ်စခန်းကို KIA ပူးပေါင်း တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ ကြောင်း ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။“ယော်ယုံစခန်းတော့ သိမ်းပြီလို့ပြောတယ်၊ အခုလေယာဉ်ပြန်လာနေတယ်။ ပစ္စည်းသိမ်းရတာတော့ ကားနဲ့သွားသယ်နေတာ ဒါပေမဲ့ လေယာဉ်လာတော့ ဘယ်လိုအခြေ အနေဖြစ်နေပြီလဲတော့ သတင်းမရ သေးဘူး။ ဘာတွေ သိမ်းရလဲဆိုတာ အသေးစိတ်မသိရသေးဘူး။ ဖလန်းဘွမ် (Hpalang Bum) ဆိုတဲ့ တပ်စခန်းလည်း ခုနကပဲ သိမ်းထားပြီ” ဟု ပြောသည်။

ယော်ယုံတောင်ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးခဲ့ပြီး KIA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပစ်ခတ်နေကြောင်း တခြား KIA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။“ယော်ယုံတောင် သိမ်းပြီ၊ အဲဒီနေရာက စစ်သားတွေက လွယ်ဂျယ်မြို့ထဲ ပြေးဝင်နေကြပြီ၊ ပြေးသွားတဲ့သူတွေကို နောက်ကနေဝိုင်းပစ်နေကြတယ်”ဟုပြောသည်။ မိုးမောက်-လွယ်ဂျယ် လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းအများပိုင်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရမိခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ မိုးမောက်-လွယ်ဂျယ်လမ်းမ၊ စိန်လုံတောင်ကြောရှိ ဖလန်းဘွမ် (Hpalang Bum)၊ လော့မွန် (Law Mun)နှင့် ယော်ယုံတောင်ရှိ စစ်ကောင်စီတပ်စခန်းတို့ကို ယနေ့နံနက်ပိုင်းက တိုက် ခိုက်သိမ်းပိုက်ခဲ့ပြီး ဘန်ယောင် (Bang Yau)တပ်စခန်း၊ လောဒန်ကျေးရွာရှိ အူဒန်ဘွမ် (Udang Bum)တပ်စခန်းနှင့် ရှန်တိုင် (Shang Tai) တပ်စခန်းတို့ကို ယမန်နေ့က KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ Read in full

၅။ ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
   March 28, 2024

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်က တင့်ကားနဲ့ ထိုးစစ်ဆင်နေလို့ နေ့စဉ်တိုက်ပွဲ ဆက်လက် ပြင်း ထန်နေတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- PNLO/PNLA က ထုတ်ပြန်ထားပါတယ်။ စစ်တပ်ဟာ မြို့တွင်းထဲ တင့်ကားနဲ့ ထိုးစစ်ဆင်နေတဲ့အပြင် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် ဒေသခံရဲ့အိုးအိမ်တွေ ပျက်စီးခဲ့တယ်လို့ PNLO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဆိုပါတယ်။“ဆီဆိုင်မြို့အခြေအနေကတော့ မြို့တွင်းမြို့ပြင် နေရာစုံဘဲ။ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ စစ်ကောင်စီဘက်ကလည်း တင့်ကားတွေသုံးပြီး ထိုးစစ်ဆင်နေတာ တွေ့ရတယ်။ တင့်ကားကတော့ သုံးစီး တွေ့ရတယ်” ဆီဆိုင်မြို့ဟာ စစ်ဇုန် ဖြစ်နေတဲ့အတွက်​ လူထုတွေအနေနဲ့လည်း အရဲစွန့် ပြီး မဝင်လာကြဖို့ PNLO ရဲ့ ထုတ်ပြန်ချက်ကို သတိထားစောင့်ကြည့်ဖို့ ခွန်ရိန်းယံက တိုက်တွန်းထားပါတယ်။

“ဆီဆိုင်မြို့က စစ်ဇုန်ထဲ ရောက်နေတယ်။ တိုက်ပွဲလည်း ပြင်းထန်တဲ့အတွက်ကြောင့်မို့လို့ ဒေသခံ ပြည်သူလူထုတွေ အနေနဲ့ သတင်းတု သတင်းမှားတွေကို ယုံကြည်ပြီးတော့ မဝင်ကြဖို့ မေတ္တာရပ်ခံပါတယ်” လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ မြို့ထဲ ကို ဝင်လာဖို့ ကြိုးစားတဲ့‌ ဒေသခံတချို့ကို စစ်တပ်နဲ့ အပေါင်းအပါတွေက ဖမ်းဆီးသတ်ဖြတ်တာရှိသလို အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ဝ ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ လက်ရှိ ဆီဆိုင်မြို့ရှိ ရပ်ကွက် ၆ ရပ်ကွက်ကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ် ပစ်ခတ်နေလို့ အားလုံးနီးပါး ပျက်စီးတဲ့ အနေအထားဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က စစ်တပ်ဟာ စစ်ကြောင်းထိုးပြီး လုံးဒါရွာထဲ ဝင်ရောက်လာပြီးတော့ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူသွား ခဲ့တဲ့အပြင် လွယ်မောတောင်ဒေသကိုလည်း လက်နက်ကြီးနဲ့ ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။ Read in full

၆။ ဆွမ်ပရာဘွမ်က နောက်ဆုံးတပ်စခန်းကို စစ်ကောင်စီ အပြင်းအထန်ခုခံနေ၊ တစ်ရက်အတွင်း ဗုံး ၁၀၀ ကျော်ကြဲချဟုဆို
   March 28, 2024

ဆွမ်ပရာဘွမ်မြို့တွင် နောက်ဆုံးကျန်ရှိသည့် တပ်စခန်း အသိမ်းမခံရရေးအတွက် စစ်ကောင်စီတပ်က အပြင်းအထန်ခု ခံနေပြီး နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်းသိရသည်။ ဆွမ်ပရာဘွမ်မြို့ကိုမူ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး နောက်ဆုံးကျန်ရှိသည့် ပူတာအိုအခြေစိုက် ခြေလျင်တပ်ရင်း ခ.လ.ရ (၄၆) လက်အောက်ခံ တပ်စခန်းကို ဆက်လက်တိုက်ခိုက် နေခြင်းဖြစ်သည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။“မနေ့ညမှာ အကြိမ် ၂၀ ကျော် လာကြဲသွားတယ်။ မနေ့ကပဲ အားလုံး ပေါင်းရင် ဗုံးအရေအတွက်က ၁၀၀ ကျော်မယ်ထင်တယ်။ သူတို့လာကြဲတာက ဆွမ်ပရာဘွမ်မြို့အနီးမှာတောင်မဟုတ်ဘူး။ အနီး က ရွာတွေကိုလည်းလာကြဲတယ်။ အပြင်းအထန်ကိုခုခံနေတာ။ လေယာဉ်ကနေ့တိုင်းကိုလာနိုင်တယ်။ လေယာဉ်ကြောင့်လည်း ကျွန်တော်တို့ကြန့်ကြာနေတာ” ဟုပြောသည်။

စစ်ကောင်စီတပ်က ၎င်းတို့စခန်းအတွက် Y 12 လေယာဉ်ဖြင့် ရိက္ခာနှင့်လက်နက်ပစ္စည်းများလာကြဲချသွားကြောင်း KIA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။“ဒီနေ့လည်းလာချတယ်။ ဒီနေ့ကလေသိပ်မတိုက်လို့ ဒီဘက်တော့မကြဲ လာဘူး။ အရင်နေ့ကတော့ ကျွန်တော်တို့ဘက်ကတောင်ရသေးတယ်။ သူတို့ရဲ့အစားအစာတွေ၊ ပေါ့တဲ့ဟာတွေဆိုရင် လေတိုက် ရင် ကျွန်တော်တို့ဘက်ကျလာတာဟုတ်တယ်။ သူတို့ကဗုံးတစ်ခါလာကြဲရင် နှစ်နာရီလောက်ကြာတယ်”ဟုပြောသည်။ ဆွမ်ပရာ ဘွမ်မြို့တွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး မြို့အတွင်းရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ ကို မတ်လ ၁၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ရက် ၂၀ ကျော်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုများရှိသည်။  Read in full

၇။  ကျင်ဒွေးမြို့၌ တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်နေ
  March 29, 2024

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေ အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က  လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့  ကျင်ဒွေး ဒေသခံတွေ က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်ကစလို့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး စစ်ကောင်စီတပ်သား အင်အား ၃၀၀ လောက်က ကျင်ဒွေးအထက်တန်းကျောင်းဝန်းထဲကနေ ခုခံပစ်ခတ်နေတာဖြစ်ပါတယ်။ ကျင်ဒွေးမြို့မှာနေ့တိုင်း တိုက်ပွဲတွေဖြစ် နေပြီး စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်နဲ့ ရိက္ခာချတာ၊ စစ်သားအင်အား ထပ်တိုးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ မတ် ၂၇ ရက် ညနေပိုင်းကလည်း ကန်ပက်လက်မြို့နယ်၊ မောချောင်းရွာနဲ့ လှိုင်ဒုတ်ရွာ အကြားကို လေကြောင်း ကနေ ၁၀ ကြိမ် ပစ်ခတ်ခဲ့ပြီး လူနေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကန်ပက်လက်ဒေသခံတဦးက “လေကြောင်းကတော့ နေ့တိုင်းလာတယ်၊ ကျင်ဒွေးနဲ့ ၁၀ မိုင်ပတ်လည် ရွာတွေလည်း ကြဲတယ်။ တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ဖြစ်နေတယ်။ ၂၄ ရက်နေ့က ကျင်ဒွေးနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ တောင်ကုန်းမှာ အင်အား ၁၁၀ လောက် လာချထားတယ်။ ဂျက်ဖိုက်တာနှစ်စီး၊ ဟက်စကီးသုံးစီး၊ Y-12 တွေရော စုစုပေါင်း ၁၂ စီးလောက်နဲ့ ရွာတွေကို ပစ်ပြီးမှ အင်အားချသွားတယ်” လို့ ပြောပါတယ်။ ကျင်ဒွေးတိုက်ပွဲကြောင့် ကျင်ဒွေးမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူ ၃,၀၀၀ ကျော် တိမ်းရှောင်နေရတာ ၃ လကျော်ပြီလို့လည်း သိရပါတယ်။ ကျင်ဒွေးတိုက်ပွဲအခြေ အနေနဲ့ ပတ်သက်ပြီး CDF-ကန်ပက်လက်ဘက်က တစုံတရာ ထုတ်ပြန်တာနဲ့ သတင်းမီဒီယာတွေကို ဖြေကြားတာ မပြုလုပ်သေးပါဘူး။ Read in full

၈။ AA ထိုးစစ်ကြောင့်အမ်းမြို့ တိုင်းစစ်ဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်အချို့ဆုတ်ခွာပြေး
   March 28, 2024

အမ်းမြို့နယ်မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ခွဲတွေကို ရက္ခိုင့်တပ်တော်(AA)က စတင်ထိုးစစ်ဆင်နေပြီး ခမရ(၃၇၂)နဲ့ ထောက်ပို့တပ်ခွဲတို့ တပ်ဆုပ်ပြေးသွားပြီလို့ စစ်ရေး နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ AA ဟာ အမ်းမြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်း၊ တပ်စခန်းတွေကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ၂၇ ရက်နေ့မှာတော့ အမ်း-တပ်တောင်လမ်းပေါ် နပခအနီးရှိ အမှတ်(၉၂၆) ထောက်ပံ့၊ ပို့ဆောင်ရေးတပ်ခွဲကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ “၃၇၂ ရော၊ ထောက်ပို့တပ်ရော နပခထဲ ဝင်ပြေး သွားကြပြီ၊ မနေ့ညကတည်းက ဆုပ်သွားတာ၊ အသေးစိတ်တွေတော့ မသိရသေးဘူး၊ တပ်တော်(AA)ဘက်က ထုတ်ပြန်မှပဲ ပြော နိုင်မယ်”လို့ ဒေသတွင်းစစ်ရေးအခြေအနေတွေကို လေ့လာနေတဲ့ အမ်းဒေသခံသတင်း ရင်းမြစ်တဦးက ပြောပါတယ်။ ဒါ့အပြင် မနေ့က မတ်လ ၂၇ ရက်နေ့မှာပဲ နပခနဲ့တမိုင်ကျော်အကွာမှာရှိတဲ့ ပြောင်သေရွာနဲ့ လုံးရွာအနီးဝန်းကျင်တွေမှာလည်း AA နဲ့ စစ်ကောင်စီတပ်တို့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က အင်အား ရှစ်ဆယ်ဝန်းကျင် သေဆုံးခဲ့တယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“အင်အားတရာ့ငါးဆယ်လောက် စစ်ကြောင်းထွက်သွားတာမှာ ခုနှစ်ဆယ်လောက်ပဲ ပြန်လာနိုင်တာတွေ့တယ်၊ ကျန် တာအကုန်သေသွားတယ်၊ သူတို့အခု လုံးရွာဘက်ကို ဆုပ်လာကြပြီ”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီ တပ်ဟာ တိုင်းစစ်ဌာနချုပ်ကနေ ပြောင်သေရွာဘက်သို့ စစ်ကြောင်းထိုးခဲ့တာမှာ ဖြတ်တိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲ တွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ပြီး လူနေကျေးရွာတွေအတွင်းသို့ ကျရောက် ပေါက်ကွဲကာ နေအိမ်အပျက်အစီးတွေလည်း ရှိနေတယ်လို့ဒေသခံတွေက ပြောကြပါတယ်။ “မနေ့ကတရက်လုံး ပစ်ကြတယ်၊ ညလည်းပစ်တယ်၊ လူတွေတော့ ထိတယ်မကြားသေးဘူး၊ ရွာသားတွေလည်း ထွက်ပြေးနေကြရတာမို့လို့လေ၊ အိမ်တွေတော့ အပျက်အစီးရှိတယ်”လို့ အမ်းဒေသခံလူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။ မတ်လ ၂၈ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ မြို့ပေါ် တမိုင်ကုန်းစခန်းအပါအဝင် တပ်ရင်းတွေဆီကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဆိုပါတယ်။ “အခုက တပ်ရင်းဌာနချုပ်တွေပါ တခုပြီး တခု ဆုပ်လာနိုင်တယ်၊ နပခထဲမှာ စုခံကြမယ့်သဘောတွေ့နေရတယ်၊ မနေ့ကတပ်ရင်း တွေ ဆုပ်တာလည်း နပခကို ကာကွယ်ဖို့ ဆုပ်ကြတာ”လို့ အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။ Read in full

၉။ ဖာပွန်မြို့ကို KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်
    March 28, 2024

ကရင်ပြည်နယ် ဖာပွန်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် တွေက ထိန်းချုပ်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တောင်ပိုင်းတိုင်း အမှတ် (၂) ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက‌ပြောပါတယ်။ “ဖာပွန် တစ်မြို့လုံးကို ထိန်းချုပ်ထားပြီးပါပြီ၊ ခဏထိန်းတဲ့ သဘောမျိုးမဟုတ်ပါဘူး၊ မြို့တွင်းမှာတော့ စစ်ကောင်စီတပ်တွေမရှိတော့ပါဘူး၊ အလုံးစုံ ထိန်းချုပ်ထားပြီးပါပြီ” စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိတယ်လို့လည်း ဦးတင်ဦးက ပြောပါတယ်။

ဖာပွန်မြို့ထဲကို KNLA တပ်ဖွဲ့တွေ နေရာယူထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်ဆေး က ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ စစ်ရေးရည်ရွယ်ချက်ရှိထားတဲ့အတိုင်းပေါ့လေ၊ ကျွန်တော်တို့ နယ်မြေ ထဲမှာရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို တွန်းထုတ်ဖို့အတွက် ကျွန်တော်တို့ အဓိက စဉ်းစားထားချက် ဖြစ်တာပေါ့၊ ဒီစဉ်းစားချက်နဲ့အညီ ကျွန်တော်တို့ ရှိသမျှစခန်းတွေကိုလည်း လုပ်သင့်လုပ်ထိုက်တဲ့ စစ်ဘက်ဆိုင်ရာပေါ့နော် ကျွန်တော်တို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်၊ တစ်ချိန်ထဲမှာလည်း လက်ရှိဖာပွန်မြို့ထဲမှာတော့ ကျွန်တော်တို့တပ်ဖွဲ့အားလုံး နေရာယူထား ပြီးဖြစ်တယ်လို့ ပြောလို့ရပါတယ်” ဖာပွန်မြို့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ လှုပ်ရှားရာ ဒေသဖြစ်သလို စစ်ကောင်စီရဲ့ စစ်ဗျူဟာအခြေချ (စဗခ) တစ်ခုရှိပြီး ခလရ (၁၉)၊ ခမရ (၃၄၀)၊ ခမရ (၃၄၁) နဲ့ ခမရ (၄၃၄) တပ်ရင်းတွေလည်း ရှိပါတယ်။ Read in full

၁၀။ ထားဝယ်အကျဉ်းထောင်မှာ နိုင်ကျဉ်းအမျိုးသားတစ်ဦးကို အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်
    March 28, 2024

တင်္နသာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို မတ်လ ၁၆ ရက်နေ့က အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က မတ်လ ၂၈ ရက်နေ့ မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ထောင်ဒဏ် ၇ နှစ်ချမှတ် ခံထားရတဲ့ ကိုဝင်းသီဟကို သက်သေခံပစ္စည်းတွေလိုက်ပြဖို့ အကြောင်းပြချက်နဲ့ အကျဉ်းထောင်ထဲကနေ စစ်ကောင်စီ လက် အောက်ခံ ရဲတပ်ဖွဲ့က ခေါ်ထုတ်သွားတာလည်း ဖြစ်ပါတယ်။ ခေါ်ထုတ်သွားပြီးနောက် သက်သေခံပစ္စည်း လိုက်ပြခိုင်းတဲ့အချိန် ထွက်ပြေးဖို့ကြံစည်တာကြောင့် ခြောက်လန့်ပစ်ခတ်ရင်း သေဆုံးခဲ့တာဖြစ်တယ်လို့ ထားဝယ်အကျဉ်း ဦးစီးဌာနကနေ သိရှိရ ကြောင်း PPNM က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“မိသားစုဆီကို အခုထိအလောင်းလည်း မရသေးဘူး။ ကြည့်ခွင့်မရသေးပါဘူး။ အကျဉ်းဦးစီးက တာဝန်ရှိသူကတော့ မိသားစုကို အကြောင်းကြားထားတယ်။ သေဆုံးသွားပြီးဆိုပြီးတော့ပေါ့။ သူရဲ့ရုပ်အလောင်းကို မြင်တွေ့ခွင့်မရသေးဘူး”လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုဝင်းသီဟကို စစ်ကောင်စီ ၂၀၂၂ ခုနှစ်ဇန်နဝါရီလထဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ထားဝယ်ဇာတိဖြစ်တယ်လို့ သိရပါတယ်။ အကျဉ်းထောင်ပြင်ပကို ခေါ်ဆော င်ပြီး မတရားသတ်ဖြတ်ခံရတာကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း UN က လူအခွင့်ရေး အဖွဲ့အစည်းတွေအနေနဲ့ ပြင်းထန်တဲ့ဖိအားပေးမှုတွေ လုပ်ဆောင်ပေးဖို့လည်း PPNM က ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါ တယ်။ Read in full

၁၁။ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်က လေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်နေ
    March 28, 2024

ချင်းပြည်နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ် တို့တွင် စစ်ဘေးရှောင်စခန်းများအပါအဝင် လူနေအိမ် (၁,၀၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူ အညီများလိုအပ်နေသည်ဟု သိရသည်။ မတ်လ ၂၁ ရက်နေ့က တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၁၊ ၂၊ ၃၊ ၄  တို့တွင်ရှိသော ကျေးရွာပေါင်း (၇၀) မှ စစ်ဘေးရှောင်စခန်းများအပါအ၀င် လူနေအိမ်များ အမိုးလန်၊ ပြိုကျပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင်ပြုပြင်ရေးအတွက် အကူညီများလိုအပ်နေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေး ရှောင်စခန်းမျာ စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်သူ ကိုလောရင့်က ပြောသည်။ “မုန်တိုင်းကြောင့် စစ်ဘေးရှောင်နေအိမ်များ ပျက်စီးဆုံးရူံးမှုများတယ်၊အမိုးလန်တာ များတယ် ၉၀ ရာခိုင်နှုန်း၊ အခုက မမျှော်လင့်ပဲရောက်လာတယ် ပျက်စီးဆုံးရူံးမှုက မိုခါ ထက် ပိုများတယ်၊ သို့သော်လည်း အခုထိ တဖွဲ့မှလည်း အကူအညီ တစ်စုံတရာရောက်ရှိလာတာမရှိသေးပါဘူး။ တချို့ဆိုရင် အိမ် တွေလေထဲပါသွားတယ်၊ အမိုးလန်တယ်ဆိုတော့ သူများ အိမ်မှာသွားနေကြရတယ်၊ သွပ်တွေ၊ သံတွေဝယ်ရမယ်၊ မှာလိုက်ရင် လည်း ချက်ခြင်းရောက်တာ မဟုတ်ဘူး၊ ဘေးနားမှာ လည်းအသင့်ဝယ်လို့မရဘူး ပြန်မှာနေကြတုန်း အခုက ငွေကြေးထောက် ပံ့မူ၊ ပစ္စည်းတွေလိုအပ်နေဆဲဖြစ်တယ်” ဟု ကိုလောရင့်ကပြောသည်။

မင်းတပ်မြို့နယ် တိုက်နယ် အမှတ် (၂) နှင့် အမှတ် (၄) တွင်ရှိသော စစ်ရှောင်နေအိမ်များပိုမိုပျက်စီးခဲ့ရပြီး လက်ရှိအထိ မင်းတပ်မြို့နယ်တစ်ခုလုံးတွင် နေအိမ်ပေါင်း (၅၀၃) အိမ် ပျက်စီးခဲ့ရကြောင်း  မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ မှု ကော်မတီ၏ စာရင်းအရ သိရသည်။ အလားတူ ကန်ပက်လက်မြို့နယ်တွင်လည်း လေပြင်းမုန်တိုင်းကြောင့် ဘာသာရေး အဆောက် အအုံများ ၊ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများ အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းများရှိခဲ့ကြောင်း ကန်ပက်လက် မြို့ ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ကဆိုသည်။“တညထဲတိုက်တဲ့ထဲမှာ ဆုံးရှုံးမှုကတော်တော်ကို ကြီးတယ်၊ အိမ်ထောင်စု (၇၀၀) ကျော်ဖြစ်နေတယ်၊ မြို့နယ်ဘ တ်ဂျက်ကနေပြီး အရမ်းခက်ခဲတဲ့ လုံးလုံးပျက်စီးတဲ့ ပြန်ဆောက်ဖို့လိုတဲ့ နေအိမ်တွေကို ပေးဖို့အစီစဉ်ရှိတယ်။ လူသား ချင်းစာနာရေးဌာနကိုတင်ထားတာရှိတယ်။ ကျန်တဲ့ဖွဲ့စည်း NGO တွေက နေပြီး မုန်တိုင်း အတွက် ကူညီပေးချင်တာတွေ ဆက်သွယ်လာတာမရှိသေးဘူး” ဟု ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တဦးက ပြောသည်။ Read in full

၁၂။ AA ထိုးစစ် မကွေးတိုင်းအထိ ရောက်လာ
   March 29, 2024

ရခိုင်ပြည်နယ်အတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေသော ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်သည် နယ်မြေ ချင်း ထိစပ်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်အထိ ရောက်ရှိလာခဲ့ပြီး မတ် ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် စစ်ကောင်စီနှင့် တိုက်ပွဲ ဖြစ်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ အရှေ့မြောက်ဘက် မီတာ ၁,၅၀၀ ခန့်အကွာ၌ မတ်လ ၂၆ ရက်နံနက်ပိုင်းတွင် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၈ ဦးခန့်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယင်းနေ့တွင်ပင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ရခိုင်ပြည် နယ်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ အနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာ၌ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်- စကခ-၅ လက်အောက် ခံ ခြေမြန်တပ်ရင်း ခမရ-၃၄၆ နှင့် အခြားတပ်များမှ ထုတ်နုတ်အင်အားများ စုပေါင်းထားသည့်စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲဖြစ် ပွားခဲ့သလို စစ်ကောင်စီဘက်က ၁၅ ဦး ခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့ပြီး AA ဘက်ကလည်း တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် မတ်လ ၂၈ ရက်ကလည်း ငဖဲမြို့နယ်၊ ချောင်းဖျားကျေးရွာတောင်ဘက် မီတာ ၇၀၀ ခန့်အကွာတွင် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရခဲ့ပြီး လက် နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း AA က ဆိုသည်။ AA အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် လျက်ရှိရာ မတ်လ ၂၅ ရက်တွင် တောင်ဘဇာကျေးရွာအခြေစိုက် ခမရ-၅၅၂ တပ်ရင်း အား သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ဘူးသီးတောင်-မောင်တောလမ်းပိုင်း၊ ကျောက်ဖြူတောင်ကျေးရွာတောင်ဘက် ၄ ကီလိုမီတာခန့် အကွာ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ ခလရ-၂၃၄ တပ်နှင့် တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း AA က ပြောသည်။  Read in full

၁၃။ အိမ်ထောင်စုစာရင်းသွားပေးတဲ့ မိုင်းကိုင်မြို့နယ်ထဲက ဒေသခံတွေကို SSPP တပ်က ရိုက်နှက်ပြီး အမျိုးသား ၆ ဦးကို ဖမ်းဆီးထား၊ စစ်သားကောက်ဖို့ သံဃာတော်တွေရဲ့ စာရင်းပါ ထပ်တောင်းထား
  March 28, 2024

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ဟိုခဲအုပ်စု လုံစံကျေးရွာက အိမ်ထောင်စုစာရင်း သွားပို့တဲ့ ရွာခံတွေကို ရှမ်းပြည်တိုးတတ် ရေးပါတီ(SSPP) က ရိုက်နှက်ပြီး အဲထဲက ဒေသခံ အမျိုးသား ၆ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က SSPP တပ်ဖွဲ့ဟာ လုံစံကျေးရွာသားအားလုံးကို အိမ်ထောင်စုစာရင်း လာပို့ခိုင်းတာဖြစ်ပြီး အမျိုး သမီးနဲ့ ရွာသူကြီးအပါအဝင် ဒေသခံ ၁၄ ယောက်ကို ရွေးထုတ်ပြီး ကျန်တဲ့ရွာသားတွေကို ပြန်လွတ်‌ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်သိရှိသူ မိုင်းကိုင်ဒေသခံ အမျိုးသားတစ်ဦးက “ သွားပြတဲ့ အရပ်သားတွေရဲ့ အိမ်ထောင်စုကို သူတို့ မကြည့်ဘူး။ သူတို့ ရွေးထုတ်ထားတဲ့ ၁၄ ယောက်ထဲမှာ မိန်းကလေးလဲ သုံးယောက် ပါတယ်။ ရွာသူကြီး အပါအဝင် အရပ်သားတွေကို တုပ်နဲ့ရိုက်တယ်။ ခြေနဲ့ကန်လို့ကန် မေးမြန်နေတာ။ နောက်ဆုံးတော့ ရွာသူကြီးနဲ့အရပ်သား ၉ ယောက်ကိုပြန်လွတ်ပေးတယ်။ အဲထဲက ၆ ယောက် ကို ဖမ်းထားတယ်” ဖမ်းဆီးခံရသူတွေဟာ မိုင်းအိုက်လောဝ် အသက် (၂၅)နှစ်၊ ကွန့်အေးနိုင် အသက် (၄၀)နှစ်၊ ကွန့်အေးယင်း အသက် (၅၀)နှစ်၊ မိုင်းအိုက်မောင် အသက် (၁၈)နှစ်၊ ကွန့်မှိုင် အသက် (၃၅)နှစ်နဲ့ မိုင်းစန္ဒ အသက် (၃၅)နှစ်ဖြစ်ပါတယ်။

ဒါ့အပြင် လုံစံကျေးရွာထဲက ဘုန်းကြီးနဲ့ ကိုရင်ဝတ်ထားသူတွေရဲ့ စာရင်းအတိအကျကို ဓာတ်ပုံနဲတကွ လာပြပေးဖို့ လည်း SSPP က ပြောလိုက်တယ်လို့ ဆိုပါတယ်။“ မင်းတို့ တစ်ရွာလုံး ယောက်ကျားကလေးငယ် ကိုရင် လေးတွေရဲ့ စာရင်း အသိ အကျ ဓာတ်ပုံနဲ့တကွ လာပြပေးဆိုပြီး ထပ်မှာလိုက်တယ်။ ဖမ်းထားတဲ့ အရပ်သား ၅ ယောက်ကိုလည်း သူတို့ ဘယ်လိုများ နှိပ်စက်မလဲ ဆိုတာ မသိရဘူး။ ရွာသားတွေက သူတို့ရဲ့ မိသားစုတွေကို စိုးရိမ်းနေကြတယ်။ အခုဆို တစ်ရွာလုံးလည်း အခက် အခဲနဲ့ ကြုံတွေ့နေရပြီ” လို့ အထပ်ပါ အမျိုးသားက ဆိုပါတယ်။ ရိုက်နှက်ခံရတဲ့ ဒေသခံတွေထဲမှာ အမျိုးသမီးနဲ့ သက်ကြီး ရွယ်အို တွေလည်းပါဝင်ပြီး လုံခြုံရေးကြောင့်  ဒေသခံတွေဟာ မီဒီယာမှာပြောပြဖို့ စိုးရိမ်နေကြပြီး သတင်းတက်သွားတဲ့အတွက်ကြောင့် ကျေးရွာတာဝန်ရှိသူတွေ မကြာခဏရိုက်နှက်စစ်ဆေးမေးမြန်ခံနေကြရပါတယ်။ Read in full

၁၄။ မြစ်ကြီးနားတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်သဖြင့် နေအိမ်နှစ်လုံးပျက်စီး၊ ဒေသခံနှစ်ဦးဒဏ်ရာရ

      March 28, 2024
 

မြစ်ကြီးနားမြို့ပြင်တွင် အထိုင်ချထားသည့်စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက် ၇ နာရီခန့်တွင် ကချင်လွတ် မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သော ကြောင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။ အကျဲကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သွားရောက်ပစ်ခတ် တိုက်ခိုက်ရာမှ တစ်နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။“ခဏပဲပစ်တာက၊ အကျဲမှာစခန်းချနေထိုင်တဲ့ စစ်ကောင်စီစခန်းကို ပစ်တာဟုတ်တယ်” ဟုပြောသည်။ KIA တပ်ရင်း ၁၁ က သွားရောက်ပစ်ခတ်ခဲ့ ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သော ကြောင့် အမျိုးသမီးနှစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အိမ်နှစ်အိမ်ထိတာ တစ်အိမ်ကလုံးဝ အကုန်လောင်သွားတယ်။ နောက်တစ်အိမ်က ဇကာပေါက်တွေ ဖြစ်သွားတယ်။ အမျိုးသမီးက ဗိုက်မှာလက်နက်ကြီးစစိုက်ဝင်သွားလို့ အခုဆေးရုံခွဲခန်းရောက်နေပြီ။ အိမ်မီးလောင်သွားတဲ့ အိမ်ကသက်ကြီး ရွယ်အိုအမျိုးသမီးကတော့ ခြေဖဝါးမှာနည်းနည်းလေးထိသွားတယ် စိုးရိမ်စရာတော့မလိုဘူး” ဟု ပြောသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လှုပ်ရှားသွားလာနေပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“ရွာသစ်မြစ်ကမ်းနားဘေးဘက် လက်နက်ကြီးကျတာတွေ အစစင်တာတွေရှိတယ်တဲ့။ အခုရွာထဲမှာ စစ်သားတွေလှုပ်ရှားသွားလာနေတာမျိုးရှိတယ်။ လက်နက်ကြီးသံကလည်း တစ်ချက်၊ တစ်ချက်ထွက်သေးတယ်” ဟုပြောသည်။ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းချ တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။ Read in full

၁၅။ မယ်စဲ့မြို့တွင် အများပြည်သူသုံးစွဲနိုင်ရန်  Starlink အင်တာနက်ဖွင့်လှစ်ပေး
   March 29, 2024

ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့မှာ ပြည်သူလူထု အင်တာနက် အသုံးပြုနိုင်ဖို့အတွက် ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) က ဂြိုဟ်တုကရရှိတဲ့ Starlink အင်တာနက်ကို ဖွင့်လှစ်ပေးထားပါတယ်။ မယ်စဲ့မြို့သိမ်းတိုက်ပွဲ မစတင်ခင် ရက်အနည်းငယ်ခန့်ကတည်းက မယ်စဲ့မြို့မှာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ မရရှိတော့တာဖြစ်ပြီး တခြားမြို့ တွေအထိ သွားရောက်အသုံးပြုနေရတာကြောင့် ဖွင့်လှစ်ပေးခဲ့တာလို့ KNPP တပ်ဖွဲ့မှ ဗိုလ်လုလူက ပြောပါတယ်။

“အဓိကကတော့ ပြည်သူလူထုလည်း မိသားစုနဲ့ အဆက်သွယ်ပြန်ရဖို့ လိုအပ်တယ်။ နောက်ပြီး မီးလည်းမရတော့ အပျင်း ဖြေစရာ ဘာမှမရှိဘူး ဖြစ်နေတာလေ။ အဲဒါကြောင့် ကျနော်တို့တိုင်ပင်ပြီး Starlink ဖွင့်ပေးလိုက်တာ။ ဘယ်အချိန်တွေ သုံးလို့ရတယ် ဆိုတာမျိုးပါ သတ်မှတ်ပေးထားတယ်။ အနည်းအကျဉ်းဖြစ်ဖြစ် သူတို့(ပြည်သူ)တွေ အဆင်ပြေရင်ပဲ ကျနော်တို့က ကျေနပ်ပါပြီ။” အင်တာနက်ကိုမနက်ပိုင်းနဲ့နေ့လယ်ပိုင်း၊ ညနေပိုင်းတွေမှာနာရီကန့်သတ်ချက်နဲ့ဖွင့်လှစ်ပေးထားပြီး အင်တာနက် အသုံးပြုချိန် တနာရီကို ငွေကျပ် ၁,၀၀၀ ပေးဆောင်ရကာ ပေးဆောင်ရတဲ့ငွေက အင်တာနက်ဖွင့်တဲ့အခါ အသုံးပြုရတဲ့ စက်သုံး ဆီဖိုးနဲ့ လစဉ်ကြေး ပေးဆောင်ရာမှာ ပြန်လည်အသုံးပြုနေတာ ဖြစ်တယ်လို့ သူကပြောပါတယ်။ ဒေသခံတဦးက “အင်တာနက် က အခု မြို့ထဲ သုံးနေရာလောက်တော့ ရနေပြီ။ ဒီမှာတော့ သက်သာတယ်။ ၁,၀၀၀ ပဲပေးရတယ် တနာရီကို၊ မိသားစုတွေနဲ့ အဆက်သွယ်ရတော့ ပျော်တာပေါ့။ ကျနော်တို့ ဒီစက်တွေဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဖွင့်ပေးလို့ပဲ ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ Read in full

၁၆။ လွယ်ဂျယ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက် ထိန်းချုပ်
   March 29, 2024

တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကို  မတ် ၂၉ ရက် ဒီမနက် ၄ နာရီကျော်ကစပြီး  KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေနဲ့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒေသခံ တဦးက “စစ်ကောင်စီတွေ မပစ်ခိုင်းဘူးတဲ့။ သူတို့ဘာသာ သူတို့ ပစ်ပြီး သူတို့ကို ဒီမနက် တရုတ်ဘက်က ခေါ်သွားလိုက်ပြီတဲ့။ တရုတ် တွေ ဘယ်ဘက် ထုတ်ပေးမလဲမသိဘူး။ အဲဒီ မူဆယ်ဘက်လား၊ ဘယ်ဘက်ကနေ ထုတ်ပေးမလဲမသိဘူး” လို့ ပြောပါတယ်။ မနေ့က ဝိုင်းဝန်းပိတ်ဆို့ထားတာမှ စစ်ကောင်စီတပ်က သူတို့ကို မပစ်ဖို့နဲ့ သူတို့ ဘာသာ ထွက်သွားမယ်ဆိုပြီး တောင်းပန်လို့ ဒီမနက်ကျတော့ တရုတ်ဘက်က သူတို့နယ်စပ်ဘက် ခေါ်သွားလိုက်ပြီလို့ သူက ပြောပါတယ်။ KIA သတင်းရင်းမြစ်တဦးက” ဒီမနက် ၄ နာရီ၊ ၄ နာရီခွဲလောက်မှာ သူတို့ ဘာသာ သူတို့ ထွက်သွားတာ။ တရုတ်ဘက် အကုန် ဝင်သွားပြီ လို့ပြောတယ်” လို့ ပြောပါတယ်။

လွယ်ဂျယ်ကနေ စစ်ကောင်စီတွေနဲ့ အစိုးရ ဝန်ထမ်းတွေအားလုံးကို တရုတ်အစိုးရဘက်ကနေ ကျန်းဖုန်းကို အကုန်ဝင် ဖို့ နယ်စပ်ဂိတ်တံခါးကြီး ဖွင့်ပေးတယ်လို့ ဆိုပါတယ်။ နောက်ထပ် KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက “မနေ့ည အဲဒီ လွယ်ဂျယ်က ဝန်းထမ်းတွေ၊ ရဲတွေ၊ လဝကတွေ၊ စစ်သားမိန်းမတွေ၊ စစ်သားတွေ အကုန်လုံး ဒီလာရင်းကနေ မူဆယ်ဘက် ပို့ပေးလိုက်ပြီ။ လွယ်ဂျယ်မှာ ကျနော်တို့ KIA တွေ အကုန်ထိုင်လိုက်ပြီ။” လို့ ပြောပါတယ်။ စစ်ကောင်စီဘက်က မတိုက်ဖို့ ညှိလာပြီး မနေ့ည ၄ နာရီမှာ စစ်ကောင်စီတွေရဲ့ လက်နက်ခဲယမ်းပစ္စည်းတွေ အကုန်လုံးဖောက်ခွဲပစ်ခဲ့တယ်လို့ ဆိုပါတယ်။ Read in full

၁၇။ ဘူးသီးတောင်မြောက်ပိုင်း စစ်ကောင်စီ တောင်ဘဇာတပ်စခန်းကို AA သိမ်းပိုက်
    March 29, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းတောင်ဘဇာကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကိုသိမ်းပိုက်လိုက် ကြောင်း ရက္ခိုင့်တပ်တော် (AA)က မတ်လ ၂၈ ရက်နေ့ကထုတ်ပြန်ပါတယ်။ တစ်ချိန်တည်းမှာပဲ မောင်တောမြို့နယ်၊ ကြိမ်း ချောင်နယ်ခြားစောင့်တပ်စခန်းကိုလည်း အပြီးသတ်သိမ်းယူဖို့ စစ်ရှိန်မြှင့်ပြီး တိုက်ခိုက်နေတယ်လို့လည်း AA အဖွဲ့ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ CDM ဗိုလ်ကြီးဇင်ယော် ကတော့ ခမရ – ၅၅၂ အထိုင်ချထားတဲ့ တောင်ဘဇာ စခန်းသိမ်းပိုက်ပြီး နောက် ရက္ခိုင့်တပ်တော် AA က ဘူးသီးတောင်တစ်မြို့နယ်လုံးကိုမကြာခင်ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယူဆကြောင်းပြောပါတယ်။

“တောင်ဘဇာ စခန်းက ဘူးသီးတောင်မြို့ပေါ်က အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရဲ့ ရှေ့တန်းလို့တောင် ပြော လို့ရတယ်။ တောင်ဘဇာက ကာပေးထားရတာ။ အခုအဲဒီစခန်းကျပြီဆိုတော့ ဒါက စစ်ဗျူဟာအရ အရေးကြီးတယ်။ အဲဒီမှာ တပ်မိသားစုဝင်တွေကိုလည်း ထွက်ခွာဖို့ စစ်ကောင်စီကပြင်နေပြီ။ ဆိုတော့ ဘူးသီးတောင်ကိုမကြာခင်ရလိမ့်မယ်” တောင်ဘဇာ စခန်းကို တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ ရခိုင်ပြည် နယ်အတွင်း လက်နက်ချ အညံ့မခံတဲ့ စစ်ကောင်စီတပ်သားတွေကို ရက္ခိုင့်တပ်တော် AA က လိုက်လံချေမှုန်းနေတယ်လို့လည်း AA အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ Read in full

၁၈။  တအာင်းဒေသတစ်ခုလုံးကို တအာင်းတပ်နဲ့ ပြည်သူလူထုတွေ ပူးပေါင်းကာကွယ်စောင့်ရှောက်ရမယ်လို့ PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်းပြော
  March 28, 2024

တအာင်းဒေသ နမ့်ဆန်မြို့နယ်အပြင် တအာင်းဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နဲ့ ပြည်သူလူထုတွေ ပူးပေါင်း ကာကွယ်စောင့်ရှောက်ရမယ်ဆိုပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ရဲ့ ဥက္ကဌ တားအိုက်ဘုန်း လူထုတွေ့ဆုံ ပွဲမှာ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက “ အသက်သွေးခြွေးစွန့်ကာ တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့တဲ့ နမ့်ဆန်မြို့အပြင် တအာင်းလူမျိုးတွေရဲ့ ဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နဲ့ ဒေသအတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေ စုပေါင်းပြီး အတူတကွကာကွယ်စောင့်ရှောက်ရမယ် “လို့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က နမ့်ဆန်မြို့မှာကျင်းပပြီး လူထုတွေ့ဆုံပွဲမှာ PSLF/TNLA ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်း ရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်နဲ့ နမ့်ဆန်မြို့နယ်အတွင်းက ကျေးရွာအုပ်စု (၂၃) စုထဲက  ဒေသခံ (၃၀၀)ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် TNLA အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော် ကလည်း နမ့်ဆန်မြို့အပြင် မိမိတို့တအာင်းဒေသ အတွင်း လက်ဖက်လုပ်ငန်း ပိုမိုအဆင့်မြှင်တင်သွားရန်နဲ့ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကိုလည် အကောင်းဆုံး ဖြစ်အောင် စနစ်တကျစီမံသွားမယ်ဆိုပြီး မိန်းခွန်းပြောချိန်မှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မဟာလူမျိုးကြီးဝါဒ ကျင့်သုံးပြီး မိမိတို့ရဲ့ လူမျိုးအပေါ်နှစ်ပေါင်း(၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရတဲ့ အမြစ်ဆိုးကို ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဖြစ်ပြီး မိမိတို့ စည်းစည်းလုံးလုံးနေထိုင်သွားကြဖို့လည်း TNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က မှာကြားသွားခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။ လူထုတွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ ဒေသခံပြည်သူလူထုတွေကလည်း ၎င်းတို့လိုအပ်တဲ့ လိုအပ်ချက်တွေကို ရှင်းလင်းတင်ပြခဲ့ပြီး နားမလည်တဲ့ အခန်းကဏ္ဍတွေအပေါ်မှာလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ Read in full

၁၉။ တော်လှန်ရေးကာလ ပညာရေးထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေရန်ကြိုးပမ်းမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်
  March 28, 2024

ချင်းပြည်တွင် တော်လှန်ရေးကာလအတွင်း ပညာရေးထိခိုက်နစ်နာ ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် အားထုတ်ကြိုးပမ်း သွား မည်ဖြစ်ပြီး ချင်းပြည် ပညာရေးမူဝါဒကနေဦးမူကြမ်းကို ပထမအကြိမ် ပညာရေးအလုပ်ရုံးဆွေးနွေးပွဲက ရေးဆွဲအတည်ပြု နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ပထမဆုံးအကြိမ် ချင်းပြည်ပညာရေးအလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်မှ ၂၄ ရက်အထိ ချင်းလုံမြို့တွင် ချင်းပြည်သူများ ကိုယ်တိုင်က ဦးဆောင်ကျင်းပပြီးစီးခဲ့ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။“ချင်းပြည်သမိုင်းတလျှောက်မှာ ကိုယ်ပိုင်ပြဌာန်းပြီး ကိုယ်တိုင်ရေးဆွဲတဲ့ ပညာရေးစနစ်မပေါ် ပေါက်ခဲ့ဖူးပဲ သူတပါးရေးဆွဲပြဌာန်းပေးတဲ့ ပညာရေးစနစ်ကိုပဲ ကိုယ့်ချင်းပြည်နဲ့ လိုက်လျောညီထွေမှု ရှိရှိ၊ မရှိရှိ လိုက်နာ အကောင်အထည်ဖော်ခဲ့ကြရပါတယ်။ ကျနော်တို့ ဆရာဆရာမတွေ၊ ကလေးတွေ၊ လူငယ်တွေကို အစွမ်းရှိရင် ရှိသလောက် တော်ခွင့်ပေးနိုင်မယ့် ပညာရေး ဘတ်ဂျတ်မျိုး နောင်တချိန်မှာ ဖန်တီးပံ့ပိုးနိုင်ဖို့ တော်လှန်ရေးအောင်နိုင်မှ ဖြစ်ပါမယ်။ အဆိပ် သင့်ပြီးသား ပညာရေးဝန်းကျင် မြေဆီလွှာကို စိုက်တိုင်းဖြစ်ထွန်းနိုင်တဲ့ မြေဆီဩဇာဖြစ်အောင်လုပ်နိုင်ဖို့ ဒီတော်လှန်ရေး အောင်နိုင်မှ ဖြစ်ပါမယ်”ဟု ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး Salai Cross Thang က ပြောသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို ချင်းပြည်၊ မြို့နယ်နှင့် ဒေသအသီးသီးက ပညာရေးဌာန ကိုယ်စားလှယ်ပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ပြီး ချင်းပြည်ပညာရေးတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုမှုရရှိခဲ့ကြောင်း ချင်းပြည်ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။ ပညာရေးမူဝါဒ ကနေဦးမူကြမ်း၊ ပညာရေးလုပ်ငန်း စီမံချက် နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရ မည့် ရှေ့လုပ်ငန်းစဉ်များကို ချင်းပြည် ပညာရေးစနစ်အတွက် ရေးဆွဲ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။ တော်လှန်ရေးအလွန် ကာလအတွက်လည်း ချင်းပြည်ပညာရေးစနစ် အားကောင်းခိုင်မာလာစေရန် အစွမ်းကုန် အားထုတ် ကြိုးပမ်းသွားမည်ဟု သိရ သည်။  Read in full

၂၀။ ဖယ်ခုံစစ်ရှောင်စခန်းများတွင် သောက်သုံးရေပြတ်လပ်နေ
   March 29, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေတွေ ပြတ်လပ်နေတာကြောင့် ဂါလံ ၁,၀၀၀ ဆံ့ ရေကားတွေနဲ့ မတ် ၂၀ ရက်ကနေ  မတ် ၂၈ ရက်အထိ စစ်ရှောင်စခန်း ခုနှစ်ခုမှာ ရေသွားရောက်လှူဒါန်းခဲ့ တယ် လို့ Dreams- အိပ်မက်များ အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။“ကျနော်တို့ အခုလှူနေတာဆို ခုနှစ်ရက်ဆက်တိုက်ရှိပြီ။ ရေဂါလံ အနေနဲ့ဆိုရင် ဂါလံပေါင်း ၂၁,၀၀၀ အထိ လှူပြီးပါပြီ။ နွေရာသီကာလဆိုတော့ ရေကရှားပါးနေတာကြောင့် ကျနော်တို့အနေနဲ့ ရေ ကို အဓိကလှူဖြစ်ပါတယ်။ စစ်ရှောင်တွေကလည်း ရိက္ခာနဲ့ ရေကို အဓိက အကူညီတောင်းတော့ ကျနော်တို့လည်း ပြည်တွင်း ပြည်ပ အလှူရှင်အားနဲ့ လက်လှမ်းမီသလောက် လုပ်ပေးနေပါတယ်။” ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းက ပြည်သူတွေဟာ မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့နယ်တွေကနေ စစ်ဘေးရှောင်ကြရပြီး စစ်ရှောင်ကာလ သုံးနှစ်ထိ ရှိနေတဲ့သူတွေလည်း ရှိနေပါတယ်။

မိုးဗြဲကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးတဦးက “နွေဆိုတော့ ရေက မရှိမဖြစ်ပဲပေါ့နော်။ စခန်းက ရေဘုံပိုင်မှာ သူများ လှူထားတဲ့ရေနဲ့ ဝေပုံကျ မျှသုံးရတာမျိုးပေါ့။ အလှူရှင်တွေ မရှိတော့ရင် ကျမတို့ဘဝတော့ မလွယ်ပါဘူး။ တွေးလည်းမတွေးရဲ ဘူး”လို့ ပြောပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေက အလှူရှင်တွေ မလာရောက်နိုင်တဲ့အခါ တအိမ်ထောင်ကို ၁,၀၀၀ နှုန်း ကောက်ခံပြီး ရေကို ဝယ်ယူသုံးစွဲရတယ်လို့ ဆိုပါတယ်။ ခုလက်ရှိ မိုးဗြဲမြို့၊ ဖယ်ခုံမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး တပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်နိုင်တာအပြင် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် ပြည်သူတွေ နေရပ်မပြန်နိုင်သေးပါဘူး။ Read in full
၂၁။ ဘီးလင်းတွင် အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
   March 28, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် သပြေနီကျေးရွာမှာ အမျိုးသားတယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ် ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ခဲ့ပါတယ်။ ကျိုက်ထိုမြို့နယ်၊ ညောင်ထာင့်၊ ရှမ်းစုကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ကိုရှိန်းကိုကိုဟာ သပြေနီကျေးရွာကိုအသွားမှာ စစ်ကောင်စီတပ် ခမရ ၃ နဲ့ ခလရ ၈ တို့က မတ် ၂၂ ရက်‌ မနက် ၁၁နာရီကျော်မှာ ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ကိုရှိန်းကိုကို ဟာ နွားဝယ်ယူဖို့အတွက် ရှမ်းစုကျေးရွာကနေ သပြေနီကျေးရွာကို ဆိုင်ကယ်နဲ့အ သွားမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့တိုးပြီး ဖမ်း‌‌ဆီးခံရခဲ့တာဖြစ်ပြီး နွားဝယ်ဖို့အတွက် ယူသွားတဲ့ ပိုက်ဆံ သိန်း ၂၀ နဲ့ ဆိုင်ကယ်ကိုလည်း စစ်ကောင်စီ တပ် သွားတွေက သိမ်းဆည်းသွားခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ စစ်ကောင်စီ တပ်မ ၄၄ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃ နဲ့ ခလရ ၈ ပူးပေါင်းတပ်တို့က ရန်ကုန်-မော်လမြိုင်လမ်းမတလျှောက်မှာ လုံခြုံရေးယူနေတဲ့တပ်ဖွဲ့ဖြစ်ပါ တယ်။ Read in full
၂၂။ ကမြောကင်းတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
   March 28, 2024

ထားဝယ်မြို့အဝင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေ အလစ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်လ ၂၈ ရက်နေ့ မနက် ၄ နာရီလောက်မှာ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးတပ်တွေက လာရောက်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ပြီး နာရီဝက်ခန့်အကြာ လက်နက်ကြီးအသံနဲ့ စက်သေနတ်ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံကဆိုပါတယ်။“ဖြစ် ဖြစ်ချင်း ၁၅ မိနစ်‌လောက်ကတော့ ဆက်တိုက်ပစ်တာ။ ကမ်းနားကစျေးသည်တွေတောင် မြို့သိမ်းတိုက်ပွဲဖြစ်ပြီထင်ပြီး အကုန် ပြန် ပြေးလာကြတယ်” လို့ ကမြောကင်းရွာခံတစ်ဦးကပြောပါတယ်။

အလစ်ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေဘက်က သုံးဦးခန့်ထိခိုက်သေဆုံးမှုရှိတယ်ဆိုပြီး ကြားရတယ် လို့ ဒေသခံကဆိုပါတယ်။ အခုတိုက်ခိုက်မှုကိုဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့ တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုတော့ မသိရ သေးပါဘူး။ ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာတော့ ကမြောကင်းတံတားရဲ့ တဖက်တချက်စီမှာရှိနေတဲ့ လမ်းသွားလမ်းလာနဲ့ စျေးသည် တွေ ပိတ်မိနေကြတယ်လို့ ဒေသခံရဲ့‌ပြောပြချက်အရသိရပါတယ်။ ကမြောကင်းတံတားဟာ ထားဝယ်မြို့နဲ့ လောင်းလုံးမြို့နယ် ကို ဆယ်သွယ်ထားတံတားဖြစ်ပြီး တနင်္သာရီတိုင်းဝန်ကြီးအိမ်ရာနဲ့ မိုင်ဝက် ခန့်သာအကွာအဝေးရှိပါတယ်။ Read in full

၂၃။ ပူတာအိုမြို့ ကားလမ်းမကြီးပေါ်မှာ အရပ်သား ၂ ဦးကိုဖမ်းဆီးခံရ
  March 28, 2024

ကချင်ပြည်နယ် ပူတာအိုမြို့ထဲမှာ လမ်းသွားရင်း အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ မတ်လ ၂၈ ရက်နေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နဲ့ကောင်ကထောင်ရပ်ကွက်ကြား ဒေသအခေါ် (သံဘောင်တံ တား) ပေါ်ကနေ အရပ်သားနှစ်ဦးကိုအဖွဲ့တစ်ဖွဲ့က ကား ၂စီးနဲ့ ဖမ်းဆီးသွားတဖြစ်တယ်လို့ ပူတာအိုမြို့ နေ အမျိုးသားတစ်ဦးက ပြောပါတယ်။“မနက်အစောကြီးမှာဖြစ်သွားတာဟုတ်တယ် အမျိုးသား ၂ ယောက် ကလမ်းသွားနေတာ အဲ့ကားက အနောက်က နေ အသာလေးလာပြီး ဖမ်းပြီးချက်ချင်းကား ပေါ်တင်လိုက်တာ ရှောင်တဲ့အချိန်တောင် မရလိုက်ဘူးတဲ့ တခါထဲတပ်ဘက်ကို ခေါ်သွားတယ်”လို့သူကပြောပါတယ်။

အဖမ်းခံလိုက်ရတဲ့ အမျိုးသား ၂ ဦးဟာ အသက် ၃၀ ကျော်အရွယ်ခန့်ရှိတဲ့အမျိုးသားတွေလို့သိရပြီး ဘယ်သူသယ်ဝါတွေ ဖြစ်တယ်ဆိုတာကိုတော့အတည်ပြုနေဆဲ ဖြစ်ပါတယ်။ “အဲ့သတင်းက အရမ်းပျံ့နေပြီတချို့တွေလည်း ကြောက်နေကြတာ သား ရှိတဲ့ မိဘတွေက ပြောတာကတော့စစ်သားတွေပဲဖမ်းသွားတာဖြစ်နိုင်တယ်တဲ့ပြောကြတယ် တပ်ဘက်ကို ခေါ်သွားတာ ခက်တာက အစောကြီးဆိုတော့ ကားကိုကောင်းကောင်းမမြင်လိုက်ကြဘူးစစ်ကားလားအရပ်ကားလားဆိုတာ မြူကနည်းနည်း ထူနေတာ အဲ့အနီးပတ်လည် ပေ ၁၀၀၀ ကျော်ဝန်းကျင်လောက်က အိမ်မရှိဘူးလေ”လို့ ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက် နေအမျိုးသားတစ်ဦးက ပြောပါတယ်။ အရပ်သား ၂ ဦးကို ဖမ်းဆီးသွားတဲ့နေရာဟာ ကောင်ကထောင်နဲ့လုံးစွတ် ကြား လယ်တော စပ်မှာဖြစ်သွားတာဖြစ်ပြီး အနီးဝန်းကျင် ပေ ၂၀၀၀ ဝန်းကျင်လောက်က လူနေအိမ်တွေမရှိတာကြောင့် ဘယ်အဖွဲ့က ဖမ်းသွား တယ်ဆို အတိအကျသိရှိဖို့ခက်ခဲနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ Read in full

၂၄။ PNLA ကို ပစ္စည်းပို့ဆောင်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတချို့ ဖမ်းဆီးစစ်ဆေးခံနေရ
   March 28, 2024

တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း စတဲ့မြို့နယ်အတွင်းမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ကို ပစ္စည်းတွေ ပို့ဆောင်ပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတချို့ ဖမ်းဆီး စစ်ဆေးခံနေရတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါအရပ်သားတွေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် (PNO) က ဖမ်းဆီးတာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ကနေ မတ်လ(၂၃)ရက်နေ့အထိ ရက်ပေါင်း (၆၃)ရက်အတွင်း အရပ်သား(၂၀)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကုန်ပစ္စည်းလာ ရောင်းတဲ့လမ်းပေါ်မှာ ဖမ်းဆီးရတာတွေ၊ အိမ်ပြန်လမ်းမှာ အဖမ်းဆီးခံရတာ၊ PNLA ပစ္စည်း ပို့ဆောင် ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာ၊တချို့ကျတော့ အကြောင်းရင်းကတော့ သေချာမသိရတဲ့အပိုင်းတွေလည်း ရှိတာပေါ့နော်”လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဖမ်းဆီးခံရသူ ၂၀ ဦး ထဲမှာ ပြန်လည် လွတ်မြောက်လာသူ ၁၁ ဦး၊ သေဆုံးခဲ့သူ ၂ ဦး ၊ ဖမ်းဆီးထိန်းသိမ်း ခံရဆဲ ၆ဦးနဲ့ အခြားအခြေအနေ မသိရသေးသူ ၁ဦး ရှိပြီး အဆို ပါ အချက်အလက်တွေဟာ လက်လှမ်းမီအတည်ပြုနိုင်တဲ့ စာရင်းတွေသာဖြစ်တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းကဆိုပါတယ်။ Read in full
၂၅။ စုကလိစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန် KNLA နှင့် KNDO အသိပေးစာပေးပို့
  March 28, 2024

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ၊ မြဝတီမြို့တောင်ဘက် စုကလိတပ် စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချလာရောက်ပူးပေါင်းမှုလုပ် ဆောင်ကြရန် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA (၁၀၃)နှင့် ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၈)တို့၏ အသိပေးစာတစ်စောင် လူမှု ကွန်ရက်စာမျက် နှာပေါ်တွင် ထွက်ပေါ်လာသည်။ KNLA တပ်ရင်း (၁၀၃) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောသေဂေးနှင့် KNDO တပ်ရင်း(၈)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအယ်မြထူးတို့ လက်မှတ်ရေးထိုးထားသည့် အဆိုပါ အသိပေးစာတွင် စုကလိစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တက်ရောက် တိုက်ခိုက်ခြင်း မပြုမီ လက်နက်ချ လာရောက်ပူးပေါင်းရန်၊ ၎င်းတို့နှင့်လာရောက်ပူးပေါင်းပါက အသက်အန္တရာယ်များကို အာမခံပေးနိုင်သလို ပူးပေါင်းခြင်း မလုပ် ဆောင်ပါက စခန်းကိုရရှိအောင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။

ထိုအသိပေးစာကို စုကလိစခန်းတွင် အခြေချသည့် ခြေမြန်တပ်ရင်း -ခမရ(၅၆၀)တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သူရိန်ဦး (စုကလိလှုပ်ရှား)နှင့် ခြေလျင်တပ်ရင်း -ခလရ(၃၂) စုကလိစခန်းထိုင် တပ်မှူး၊ တပ်သားများအား ပေးပို့ပေးခြင်းဖြစ်ကာ တပည့်သားသမီးများ၏အသက်လုံခြုံရေးကို ထည့် တွက်စဉ်းစားရန်အတွက် ယခုလို အသိပေးခြင်းလည်းဖြစ်ကြောင်း ဆိုသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အမည်မဖော်လိုသည့်တာဝန်ရှိသူတစ်ဦးက“ဒါကပူး ပေါင်းတပ်ဖွဲ့အားလုံးတိုင်ပင်ပြီးတော့ သတိ ပေးခိုင်းတာဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့ကတော့ နာမည်တော့မဖော်ဘူး။ အားလုံးဆုံးဖြတ်ချက်နဲ့ ပေးပို့တာဖြစ်ပါတယ်။ သတိ ပေးတဲ့အတိုင်းမလုပ်ရင်တော့ ဒီဘက်ကတော့ စခန်းကို တိုက်မှာပါ”ဟု ပြောသည်။ စုကလိတပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်အင်အား ၅၀ ဝန်းကျင်ခန့်ရှိပြီး အဆိုပါ တပ်ရင်း၏ ဗျူဟာမှူးမှာ ကျိုက်ဒုံမြို့ဗျူဟာကုန်းစခန်းမှ ဗိုလ်မှူးကြီး အောင်ကျော်စိုး ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပြုလုပ်သော ကျိုက်ဒုံ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သည့် ၆၆ ဦးထဲတွင် ဗျူဟာမှူး အောင်ကျော်စိုး လည်း အပါအဝင်ဖြစ်သည်။ Read in full

၂၆။ လုံးဒါကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်ဝင်ရောက်ပြီး ပြည်သူနေအိမ်ရှိ ပစ္စည်းများခိုးယူနေဟုဆို
   March 28, 2024

မဲနယ်တောင်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့က လုံးဒါကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံပြည်သူများ၏ နေအိမ်ကိုဖောက်ထွင်း ပစ္စည်းသယ်ယူနေကြောင်းဒေသခံပြောပြချက်အရ သိရသည်။ ဆီဆိုင်မြို့နယ် မဲနယ်တောင်ဒေသ လုံးဒါကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့က မတ်လ ၂၆ ရက်နေ့တွင်ဝင်ရောက်လာခဲ့သည်၊၊ “သူတို့ရွာထဲရောက်လာတယ် သူများဟာဖျက်ဆီးပြီး အိမ်ဖောက်တာတွေ ပစ္စည်းယူတာတွေ ရှိတယ် (ဖဲ့ကွဥ်းသား PNLA) ကမရှိ ဘူး ရှိရင်တိုက်ပွဲဖြစ်ပြီ ခုကဘယ်သူရှိရှိ ရွာကိုထိခိုက်မှာတော့မလိုလားဘူး”ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နှင့်လက်အောက် ခံပြည်သူ့စစ်မှ လုံးဒါကျေးရွာတွင် တပ်စွဲနေထိုင်နေကြောင်းသိရ သည်၊၊ ဒေသခံများသည် ကျေးရွာအတွင်းရှိနေအိမ်များမီးလောင်ပျက်စီးခြင်း ပြည်သူများ အသက်အိုးအိမ်စည်းစိမ် ပျက်စီးမည် ကို မလိုလားသည့်အတွက် တိုက်ပွဲများကို ကျေးရွာအတွင်းနှင့်အနီးပတ်ဝန်း ကျင်တို့တွင် မပြုလုပ်ကြရန်တောင်းဆိုချင်ကြောင်း ဒေသခံများ ပြောဆိုသည်။ Read in full

၂၇။  မင်းတပ်မြို့နယ်အတွင်း စစ်သားစုဆောင်းရာတွင် ပါဝင်သူများကို လုံခြုံရေးအာမခံမည်မဟုတ်ဟုဆို
  March 28, 2024

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား အသက်သွင်းရန်ကြိုးစားနေခြင်းကို လက်မခံ ကြောင်းနှင့် စစ်သားစုဆောင်းရေးတွင် ပါဝင်ပတ်သက်သူများ၏ လုံခြုံရေးကို အာမခံမည်မဟုတ်ကြောင်း ချင်းအမျိုးသား ကောင် စီ – မင်းတပ်(CNC – Mindat)က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့် တစ်နိုင်ငံလုံးရှိလူငယ် များကို အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှု ပြုလုပ်နေသည့်နည်းတူ မင်းတပ်မြို့ပေါ်ရပ်ကွက်များတွင်လည်း စစ်သား၊ ရဲနှင့် စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများက အိမ်ထောင်စုစာရင်းများ ကောက်ခံစစ်ဆေးလျက် ရှိနေခြင်းကြောင့် ယခုလို သတိပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်း  CNC(Mindat) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။

“ကျွန်တော်တို့ CDF(မင်းတပ်)အနေနဲ့ တကယ့်တကယ်မြို့ပေါ်ဆိုတာ အချိန်မရွေးဝင်ထွက်လို့ရတယ်။ အဝင်အထွက် လွယ်တယ်ပေါ့နော်။ ရဲဝန်းထဲ၊ စစ်တပ်ဝန်းထဲမနေတဲ့ စကစလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ ကျွန်တော်တို့တကယ့် တကယ် အရေးယူမယ်ဆိုရင်တော့ အချိန်မရွေးဆွဲစိလို့ရတဲ့အခြေအနေပဲ။ ဒါပေမယ့်ကြိုတင်သတိပေးထားတဲ့ သဘောမျိုးပေါ့”ဟု ၎င်းက ရှင်း ပြသည်။ စစ်ကောင်စီက ထိုသို့လုပ်ဆောင်နေသော်လည်း မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည် ပတ်နိုင်မှုနည်းပါးပြီး ဒေသခံလူငယ်များအပေါ် ကြီးမားသည့်သက်ရောက်မှုမရှိကြောင်း မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက သုံးသပ်သည်။ “မင်းတပ်မြို့ကအဝင်အထွက်လွယ်တယ်။ တကယ်လို့အဲ့ဒီလိုစုဆောင်းလာရင်လည်း ရှောင်လို့ရတယ်။ ဒါပေမယ့် မြို့ပေါ်မှာလူငယ်က မရှိသလောက်ပဲပေါ့နော်။ အိန္ဒိယဘက်သွားတဲ့လူသွား၊ ရွာတွေဘက်တောင်ယာလုပ်တဲ့လူလုပ်ပေါ့။ CDF ထဲဝင်တဲ့လူလည်း ရှိတယ်” ဟု ၎င်းကဆိုသည်။ Read in full

၂၈။ ချောင်းဆုံ စစ်မှုထမ်း  ၃၅ ဦးကို  ရတခ သို့ အမြန် ပို့ဆောင်ရန် ညွှန်ကြား
  March 28, 2024

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အဓမ္မစစ်မှုထမ်းရန် ရွေးချယ်ထားသူအချို့ကို မတ်လ၃၀ ရက်တွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်(ရတခ)သို့ ပို့ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။ ချောင်းဆုံမြို့နယ်အတွင်း ပထမအသုတ် အဓမ္မ စစ်မှုထမ်းရန် ၇၅ ဦး ခွဲတမ်းချခံရပြီး ယင်း ၇၅ ဦးအနက် ၃၅ ဦးကို မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ မတ်လ ၃၀ ရက် ပို့ဆောင်ရန် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ထံ မတ်လ ၂၇ ရက်က ညွှန်ကြား လိုက် ခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။“အရင်က မေလကျမှ တပ်ထဲပို့မယ့် ၇၅ဦး ဆေးစစ်ရ မယ်။ ဆေးအောင်တဲ့သူ ခေါ်မယ်လို့ပြောထားတယ်။ အခုကတော့ (မတ်လ၂၇ရက်)ကမှ စာဝင်လာတယ်။၇၅ဦးထဲက ပထမ အသုတ် ၃၅ ဦး မတ်လ ၃၀ ရက် ပို့ရမယ်တဲ့။ ရေးဘက်မှာရော ကရင်ပြည်နယ်ထဲမှာရော ကရင်နဲ့မွန်အစပ်မှာရော တိုက်ပွဲတွေပို များလာလို့ စစ်တပ်မှာ လူမရှိတော့လို့  မြန်မြန်စစ်သင်တန်းပေးပြီး သွားအသေခံခိုင်းဖို့ အခု ဖုတ်ပူမီးတိုက် အမြန်လူပို့ခိုင်းတာ ထင်တယ်” ဟု ၎င်းက ပြောသည်။

မတ်လ ၃၀ ရက် ပို့ရမည့် ၃၅ဦးကို ဆေးမစစ်ဘဲ စစ်သင်တန်းတန်းပို့မည်ဖြစ်ပြီး ကျန် အယောက်၃၀ ပို့ရမည့်အချိန်ကိုမူ မသိသေးကြောင်း ၎င်းကဆိုသည်။“ရတခ(အရှေ့တောင်တိုင်းစစ်ဌာနချုပ်)ကို ၃၅ ဦးပို့ရမယ်လို့ပဲ သိရတယ်။သူတို့ကို စစ်သင် တန်း ဘယ်နေရာမှာပေးမလဲဆိုတာ လျှို့ဝှက်ထားလို့ မသိရသေးဘူး။ ချောင်းဆုံအုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်း ကိုယ်တိုင် ဘယ်မှာ သင်တန်းပေးမလဲဆိုတာ မသိသေးဘူး” ဟု ချောင်းဆုံမြို့အုပ်ချုပ်ရေးဝန် ထမ်းက ဆိုသည်။ “ကိုယ့်ရွာက ခွဲတမ်း ၂ ယောက်ဆို အဲဒီ ၂ ယောက်အတွက် ရွာကအိမ်ထောင်စုတွေ တစ်အိမ်ဘယ်လောက်ဆိုပြီး အချိုးကျထည့်ပြီး စစ်ထဲလိုက်မယ့်လူကို ဌားရ တယ်။ ပြောရရင်ပြည်သူတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဌားပြီး ကိုယ့်ပြည်သူကို သွားအသေခံခိုင်းသလို ဖြစ်နေတယ်”ဟု ချောင်းဆုံ အရှေ့၊ ဘုရားကြီးကုန်းနေ ပြည်သူတစ်ဦးကပြောသည်။ “အစက မေလမှ ပို့ရမှာဆိုတော့ အေးဆေးလုပ်နေကြတာပေါ့။ အခု ၃၀ ရက် ပို့ရမှာဆိုတော့ အဲဒီ ၅ ရွာ ကအခုမှ ရွာကလူတွေ ပိုက်ဆံစုရတယ်။လူဌားလည်း လိုက်ရှာနေရတယ်” ဟု ၎င်းကပြော သည်။ ချောင်းဆုံမြို့နယ်အတွင်း စစ်တပ်ထဲ အဌားလိုက်သည့်ပေါက်ဈေးမှာ ကျပ်သိန်း ၃၀ မှ သိန်း ၅၀ အထိ ဖြစ်ကြောင်း သိရ သည်။ Read in full

၂၉။ တနိုင်းမြို့နယ်၊ ပိန္နက်ကျေးရွာအတွင်း အသက်အရွယ် နှစ်ပိုင်းခွဲပြီး လူဦးရေစာရင်း ကောက်ယူနေ
   March 28, 2024

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ပိန္နက်ကျေးရွာအတွင်း အသက်အရွယ် နှစ်ပိုင်းခွဲပြီး လူဦးရေစာရင်း ကောက်ယူတာတွေ ရှိတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။ မတ်လ ၂၇ ရက်နေ့မနက်က မြို့နယ်ပညာရေးရုံးက ညွှန်ကြား ချက်နဲ့ဆိုပြီး အသက် ၁၈ နှစ်ကနေ ၄၆ နှစ်ကြားက အမျိုးသား/သမီးစာရင်းနဲ့ လေးနှစ်ကနေ ၈ နှစ်အရွယ် ကလေးတွေရဲ့ စာရင်း ကို ကောက်ယူသွားတာဖြစ်တယ်လို့ ဆိုပါတယ်။  အခုလို စာရင်းကောက်ခံမှုနဲ့ ပတ်သက်ပြီး အကြောင်း အရင်းကို မသိရှိရတဲ့ အတွက် စိုးရိမ်မိတယ်လို့ ဒေသခံက အခုလို ပြောပါတယ်။  “အမျိုးသား/သမီး ကျား/မ မရွေး ဘူးပေါ့။ ဘာလို့ ကောက်ခိုင်းလဲ တော့မသိဘူး။ စစ်မှု မထမ်းမနေရလည်း ပြောနေကြတော့ စိုးတော့ စိုးရိမ်တာပေါ့”လို့ ဆိုပါတယ်။ အိမ်ခြေ ၂၀ ကျော်လောက် သာရှိတဲ့ ပိန္နက်ကျေးရွာဟာ လူဦးရေ ၁၄၀ ကျော် နေထိုင်ပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုပဲ အဓိကထား လုပ်ကိုင်ကြတာပါ။

ပူတာအိုခရိုင်မှာလည်း လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက)က ကောက်ယူထားတဲ့စာရင်းထဲ လုံရှာယန်ကျေးရွာ အုပ်စုအတွင်းက အသက် ၃၀ ကနေ ၃၅ နှစ်အရွယ်ကြား အမျိုးသား ၈၀ ကျော် ပါဝင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အထက်ပါ  လဝက ကောက်ယူထားတဲ့ စာရင်းထဲသေဆုံးသူတွေရဲ့ နာမည်စာရင်းတွေသာမက ပညာရေးဝန်ထမ်း၊ မသန်စွမ်းသူတွေနဲ့ ဘာသာရေးဆရာတွေပါ ပါဝင်နေတယ်လို့လည်း သိရပါတယ်။ Read in full

၃၀။  ရေဖြူမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွား
  March 28, 2024

ရေဖြူမြို့နယ်၊ ဥဿရံ (အရှေ့)ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာထဲကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခု အခုလ ၂၆ ရက်နေ့က ရောက်လာပြီး အုပ်ချုပ်ရေးမှူး ဦးဖေသန်းကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ဆိုပါတယ်။ “စစ်မှုထမ်းခေါ်တာနဲ့ပတ်သက်ပြီး သူက ကြားက နေညှိပြီး လုပ်နေတယ်ဆိုတာမျိုးတော့ ကြားရတာပဲ။ အခုက တိုင်လိုက်လို့ ဖမ်းခံရတာမျိုးဖြစ်နိုင်တယ်” လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဦးဖေသန်းဟာ စစ်မှုမထမ်းချင်တဲ့နေအိမ်တွေကို တစ်အိမ် ငါးသောင်းအထိ ကောက်ခံ တာတွေ အခုလအတွင်း လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေကဆီက သိရပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကတော့ ဦးဖေသန်းဟာ စစ်ကောင်စီတပ်သားတွေနဲ့ ဆက်သွယ်ပြောဆိုနေတာမျိုးရှိပြီး ဖမ်း ဆီးခံရတဲ့ အချိန်ကလည်း ကျောက်ကညာရွာက စစ်ကောင်စီအမြောက်တပ်ကိုဝါးလုံးတွေ ပို့ဆောင်ပြီးပြန်လာတဲ့အချိန် ဖမ်းဆီး ခံရတာလို့ ပြောပါတယ်။ အဲဒီပြောဆိုချက်အပေါ်မှာ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးသလို ဘယ်အဖွဲ့ကဖမ်းဆီးသွား တယ်ဆိုတာကိုလည်း မသိရသေးပါဘူး။ရေဖြူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကတော့ မြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက် တာတွေမလုပ်ကြဖို့နဲ့ ပူးပေါင်းလုပ်ဆောင်နေသူတွေကိုလည်း တားဆီးနှိမ်နင်းပြီး အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်သွား မယ်လို့ အခုလ ၂၄ ရက်နေ့က ကြေညာထားပါတယ်။ Read in full

၃၁။ ရခိုင်စစ်ဘေးဒုက္ခသည်စခန်းတွေ သောက်သုံးရေရှားပါးမှု စိုးရိမ်စရာဖြစ်လာ
   March 29, 2024

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ထောက်ပံ့မှာတွေ လျော့နည်းလာပြီး သောက်သုံးရေးရှားပါးမှုဟာ စိုးရိမ်စရာဖြစ်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိ နှိုင်းရေးရုံး (UNOCHA) က မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ယာယီစစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေဟာ အခြေခံလိုအပ်ချက်တွေ ထောက်ပံ့ပေးဖို့ လိုအပ်နေပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်ပြီးရှိ နေတယ်လို့ ဆိုပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းပြားမြိုနယ်ထဲက စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦးကတော့ နေရပ်စွန့်ခွာထွက်ပြေးလာရတာ သုံးလနီးပါးကြလာပြီးနောက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

“ဒီဘက်မှာက ကူညီပေးတဲ့အဖွဲ့တွေကလည်း မရှိပါဘူး၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အခက်အခဲဖြစ်တာပေါ့နော်။ စားနပ်ရိက္ခာဆိုလည်း ကျွန်မတို့ စစ်ရှောင်နေရတဲ့ ရွာကထွက်တဲ့ စပါးတွေကိုပဲ စားကြရတယ်။ လူများတော့ မလုံလောက်ဘူး။ သောက်သုံးရေကလည်း ရွာမှာ ရေကန်တစ်ကန်ပဲရှိတယ်။ အဲဒီကန်ကလည်း ရေခမ်းခြောက်လာပြီ” ပေါက်တောမြို့နယ်ထဲက ဒေသခံတစ်ဦးကလည်း နေရပ်စွန့်ခွာထွက်ပြေးရတာ အချိန်ကြာလာတာနဲ့အမျှ စစ်ဘေးဒုက္ခသည်တွေရဲ့ နေရေးစားရေး အပါ အဝင် ကျန်းမာရေးအတွက်လည်း စိုးရိမ်မှုတွေရှိလာတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ သုံးသိန်းကျော်ရှိတယ်လို့ UN OCHA ရဲ့ မတ်လ ၁၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Read in full

၃၂။ ရွှေကုက္ကိုလ်တွင် ကျားဖြန့်လုပ်ငန်းတချို့ပြန်လည်ပတ်လာပြီး တရုတ်များပြန်ဝင်ရောက်လာ
  March 29, 2024

အွန်လိုင်းကျားဖြန့်လုပ်ငန်းအများစု ရပ်နားထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၂၀ ကီလိုမီတာ အကွာအ ဝေးရှိ ရွှေကုက္ကိုလ်မြို့တွင် ယခုတလော ကျားဖြန့်လုပ်ငန်းတချို့ပြန်လည်ပတ်မှုရှိလာပြီး ထွက်သွားသည့် တရုတ်အလုပ်သမား များလည်း ပြန်လည်ဝင်ရောက်လာကြောင်း ရွှေကုက္ကိုလ်မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ရွှေကုက္ကိုလ်ဒေသ ကို ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး၊ အင်တာနက် WIFI လိုင်းဖြတ်တောက်ခဲ့ပြီး  တရုတ်အွန်လိုင်း လူလိမ်ကုမ္ပဏီပိုင်ရှင်တချို့ ဖမ်းဆီးခံရပြီးနောက် ယခု မြို့တွင်းသို့ တရုတ်လူမျိုးအလုပ်သမားများ ပြန်လည်ဝင်ရောက်လာပြီး ပိတ်ထားသည့် အွန်လိုင်း လူလိမ်ကုမ္ပဏီလုပ်ငန်းတချို့လည်းဖွင့်လှစ်နေကြောင်း ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “အခုကုက္ကိုလ်မှာ လူတွေရော တရုတ်တွေအများကြီးပြန်ဖြစ်နေပြီး။ လောက်ကိုင်ကလူတွေလည်း ဒီမှာအလုပ် လာ လုပ်ကြတယ်။ ဆောက်နေတဲ့ တိုက်တွေကော ပိတ်ထားတဲ့အွန်လိုင်း ကုမ္ပဏီလုပ်ငန်းတွေတောင်ပြန်ဖွင့်ကုန်ပြီး။ တရုတ်တွေလည်းပြန်လာကြတယ်။ အခုရက် ပိုင်းမှ ပိုများလာတာ မီးလည်းမှန်နေပြီး။ မီးက ဝမ်းခဘက်ကနေ ယူထား တယ်ကြားတယ်။ ၅ လပိုင်းလောက်ကျရင် အကုန်မီး ပြန်ရမယ်တဲ့။ အခုတောင် တရုတ်ဆိုက်ဘက်ရော စျေးထဲရော မီးပြန်ရနေပြီး”ဟု ၎င်းက ပြောသည်။

၎င်းအပြင် ယခုနှစ်မတ်လအစတွင် ရွှေကုက္ကိုလ်မြို့ရှိ အွန်လိုင်းကျားဖြန့်ကုမ္ပဏီမှ လုပ်ငန်းဦးစီးသူ တရုတ်နိုင်ငံသားများ က ၎င်းတို့၏ အလုပ်သမားများနှင့်အတူ မြို့အပြင်နှင့် မြဝတီမြို့ဘက်သို့ အလုပ်ပြောင်းရွှေ့လုပ်ကိုင်ခဲ့သေးသည်။ ထို့အတူ လက်ရှိ ရွှေကုက္ကိုလ်မြို့တွင် သင်္ကြန်ကာလအတွက် မဏ္ဍပ်များဆောက်လုပ်နေပြီး စတိတ်ရှိုးပွဲများလည်း ပြုလုပ်သွားမည့်အပြင် ကမ်းနားတွင်ရေကစားသည့်နေရာများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ တဆက်တည်းတွင် လက်ရှိ ရွှေကုက္ကိုလ်မြို့ကို ထိန်းချုပ်ထားသည့် နယ်ခြားစောင့်တပ်-BGF အနေဖြင့် စစ်ကောင်စီလက်အောက်မှ ခွဲထွက်ပြီး ကရင်အမျိုး သားတပ်မတော် (Karen National Army -KNA) အဖြစ် ပြောင်းလဲဖွဲ့ စည်းရပ်တည်ရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုထားသည့် အတွက် ရွှေကုက္ကိုလ်တွင် စစ်ရေးပဋိပက္ခဖြစ်ပွားလာမည်ကို ဒေသခံပြည်သူလူထုများအနေဖြင့် စိုးရိမ်မှုမြင့်တက်လျက်ရှိသည် ဟု ဒေသခံများက ပြောသည်။ Read in full

၃၃။မိုးကောင်းတွင် လူငယ်နှစ်ဦးစကားများရန်ဖြစ်နေစဉ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးပစ်ခတ်သဖြင့် လူငယ်တစ်ဦးသေဆုံး
  March 28, 2024

ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး၏ တူတော်စပ်သူနှင့် စကားများရန်ဖြစ်သည့် လူငယ်တစ်ဦး ယနေ့ နံနက် ၉ နာရီခန့်က မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာတွင် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။ မြဇေယျာရပ်ကွက်ရှိ ရွှေပြည်သာ ဘုန်းကြီးကျောင်းရှေ့တွင် စကားများရန်ဖြစ်နေချိန် ပြည်သူ့စစ်တပ်ဖွဲ့ဝင်က သေနတ်နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသား တစ်ဦး က ပြောသည်။“ပြည်သူ့စစ် မျိုးသူ ဆိုတဲ့သူရဲ့ တူဖြစ်သူနဲ့ အခုပစ်ခံရတဲ့သူနဲ့ ရွှေပြည်သာဘုန်းကြီးကျောင်း မုခ်ဦးမှာ စကားများ ကြရင်း ပြည်သူ့စစ် မျိုးသူ ကပစ်လိုက်တာ။ နှစ်ချက်ပစ်ခံရတယ်။ မိုးကောင်းဆေးရုံပို့တာ မမှီလိုက်ဘူး” ဟုဆိုသည်။

သေဆုံးခဲ့သူမှာ အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ကိုသားငယ် ဆိုသူဖြစ်ပြီး ဝမ်းဗိုက်နှင့် နှလုံးတို့တွင် ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။“သေနတ်နဲ့ပစ်သတ်တဲ့သူ ပြည်သူ့စစ်ရဲ့အိမ်ရှေ့လမ်းပေါ်မှာ တခြားသူနဲ့သေတဲ့ကလေး စကားများကြတာ။ ၁၁ နာရီ လောက်မှာ ဆားမှော်ကို အလောင်းပြန်ယူလာခဲ့ပါပြီ” ဟုပြောသည်။အဆိုပါသေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်မှာ ကျေးရွာအတွင်းသွာလာချိန်နှင့် ဈေးထွက်ဝယ်ချိန်တို့တွင် သေနတ်ကိုင်ဆောင်သွားလေ့ရှိပြီး ကြမ်းတမ်းစွာပြောဆို ဆက်ဆံ တတ်သူ ဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။  Read in full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button