တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 77, October 21, 2022)

 

၁။ ကလေးများကောက်ယူလာသည့် မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် လူငယ် တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရ
October 20, 2022
ရွှေကူမြို့နယ် ရေလဲကျေးရွာတွင် ကလေးငယ်များ ကောက်ယူလာသည့် မိုင်းတစ်လုံး မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ သောကြောင့် လူငယ် တစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရှိခဲ့သည်ဟုသိရသည်။ အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်း ၈နာရီဝန်းကျင် ရေလဲကျေးရွာအပြင်ဘက်တွင် စစ်ကောင်စီအဖွဲ့ ထောင်ထားသည့် မိုင်းဟုယူဆရသော မိုင်းတစ်လုံး ကလေးငယ်များ ကောက်ယူလာခဲ့ရာ ယင်းမိုင်းကို လူငယ် ၂ ဦးက သိမ်းယူပေးလိုက်ပြီးနောက် ညအချိန်ပေါက်ကွဲမှုဖြစ်ပွားခဲ့ သည်ဟု ဖြစ်စဉ်သိသူ ဒေသခံတစ်ဦးက ပြောသည်။ “ကလေးတွေက ရွာအပြင်ဘက်ကနေ ကောက်လာတာ ဘယ်ကနေတွေ့ပြီး ကောက်လာမှန်းမသိဘူး။ ကလေးတွေလက်မှာ ကိုင်နေတာတွေ့လို့ လူငယ် ၂ ယောက်က အကိုတို့ကိုပေးပေါ့ ဆော့စရာမဟုတ်ဘူးဆိုပြီး သိမ်းယူသွားတာ။ အဲ့လူငယ် ၂ ယောက်ကလည်း သူတို့ရဲ့ ခေါင်းရင်းမှာပဲ ထားရင်း အိပ်ပျော်သွားတဲ့။ အိပ်ပျော်နေတဲ့အချိန်မှာပဲ အဲ့ဒီမိုင်းကို လက်နဲ့ သွားထိလိုက်တော့ ပေါက်ကွဲမှုဖြစ်သွားတာ။ အဲ့နေရာမှာတင် တစ်ယောက်က ဆုံးသွားတယ်”ဟုပြောဆိုသည်။

အဆိုပါ အိမ်နေရင်းမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လူငယ် ၂ ဦးသည် အသက် ၂၀ ဝန်းကျင်ရှိသူများသာ ဖြစ်ကြပြီး တစ်ဦးမှာ ဗန်းမော် ရွှေကြီးနားရပ်ကွက်မှဖြစ်ကာ တစ်ဦးမှာ ရွှေကူမြို့ ကုန်းရပ်ကွက်မှ ဖြစ်ကြောင်းသိရသည်။ လူငယ် ၂ ဦး အနက် ထိခိုက်ဒဏ်ရာရရှိထားသည့် တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ယနေ့နံနက်ပိုင်းအထိ သတိလစ်နေဆဲဖြစ်ပြီး လက်ရှိတွင် ဆေးကုသခံယူနေရကြောင်းသိရသည်။

၂။ ရိုဟင်ဂျာအမျိုးသမီးကို အဓမ္မကျင့်သည့် AA တပ်သား ၂ ဦး ထောင် အနှစ် ၂၀ ကျ
October 21, 2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် အသက် ၃၀ အရွယ် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံသည့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင် ၂ ဦးကို ကြိမ်ဒဏ်၊ ထောင်ဒဏ်များ ချမှတ်လိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန် သည်။ တပ်သား ၂ ဦးသည် အောက်တိုဘာ ၁ တွင် ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင် ကျေးရွာ အုပ်စုမှ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကို နေအိမ်၌ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ကာယကံရှင်က တိုင်ကြားလာ၍ စစ်ခုံရုံးဖွဲ့ ၍ တပ်သား ၂ ဦး၊ ကျူးလွန်ခံရသူမိသားစု၊ အခင်းဖြစ်ပွားရာအနီး ပတ်ဝန်းကျင်မှ သက်သေအချို့တို့ကို သေချာစစ်ဆေးခဲ့ရာ တပ်စည်းကမ်းချိုးဖောက်ခဲ့ကြောင်း၊ အရက်သေစာသောက်စားထားကြပြီး ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုကြသည်ဟု ULA ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ကြောင့် ကျူးလွန်သူတို့ကို AA ၏ စစ်ဥပဒေနှင့်အညီ အောက်တိုဘာ ၂၀ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ပြီး ကြိမ်ဒဏ်ကြီး အချက် ၃၀ ကိုပါ စီရင်ခဲ့သည်ဟု ဆိုသည်။

ရခိုင်ဒေသအတွင်း “တရားမျှတ၊ ပြည်အာရက္ခ” ဆောင်ပုဒ်နှင့်အညီ ရခိုင်ပြည်သူ့အစိုးရအနေဖြင့် လူထု၏ တရားမျှတမှု ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်လျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်နေပြီး ဒေသအတွင်း ၂၀၁၂ က ဘာသာရေးပဋိပက္ခများ ဖြစ်ပွားခဲ့ကာ ၂၀၁၇ အတွင်း စစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာ သိန်းချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။

၃။ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲစတင်၊ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
October 21, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၁ ရက် ဒီမနက် ၇ နာရီခွဲလောက်က KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ တခြားသောကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲ စနေပြီလို့ တိုက်ပွဲမှာ ပါဝင်တဲ့တပ်မှူး တယောက်က ပြောပါ တယ်။ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့အင်အား ထောင်ချီ ပါဝင်တိုက်ခိုက်နေတာဖြစ်ပြီး မြို့အပြင် ဘက်မှာလည်း လှည့်ကင်းနဲ့ လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေရှိသလို ကျုံဒိုးဘက် ကလည်း လုံခြုံရေး အပြည့်ယူထားကြောင်းနဲ့ မြို့ကို သိမ်းပိုက် ရရှိတဲ့အထိ တိုက်သွားမယ်လို့ တပ်မှူးက ပြောပါတယ်။ ဒီမနက် ၇ နာရီခွဲမှာ မြို့ထဲကိုစတင် ဝင်ရောက်ရာမှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပြီး အခုအချိန်အထိ နှစ်ဘက်တပ်တွေ ပစ်ခတ်နေဆဲဖြစ်ကာ ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ပန်းခြံအနီး ဆောင်းနဒီထမင်းဆိုင်အရှေ့နားမှာ လက်နက်ကြီးကျလို့ အရပ်သား တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာ ရသွားတယ်လို့ ဒေသခံထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားဘယ်လောက်ရှိလဲဆိုတာ မသိရသေးဘဲ မှော်ဘီလေတပ်ကနေ တိုက်လေယာဉ် ၂ စီးနဲ့ မနက် ၁၀ နာရီ ကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီဘက်က မြဝတီ-ကော့ကရိတ် အာရှလမ်း ကိုပိတ်ထားပြီး မြဝတီမြို့မြောက်ဘက် ထို့ကော်ကိုးလမ်းဘက်ကို ပြန်တဲ့ခရီးသည်အားလုံးကိုလည်း မြဝတီရဲတပ်ဖွဲ့က ပိတ်ထား တာကြောင့် အရေးပေါ် သွားလိုသူတွေကတော့ တယောက်ကို ကျပ် ၅၀၀၀၀ ပေးပြီး သွားကြရတယ်လို့ ခရီးသည် တယောက်က ပြောပါတယ်။ အာရှလမ်းမကြီးကို ၄ ရက်တာ ပိတ်ထားတာကြောင့် ခရီးသည်တင်ကားတွေရော ကုန်တင်ကားတွေပါ သောင် တင်နေပြီး ကုန်စည်စီးဆင်းမှု ရပ်တန့် မရှိသလောက်ဖြစ်နေပါတယ်။

၄။ ဘောလခဲမြို့ရှိ စစ်ကောင်စီ ကင်းပုန်းဂိတ်စခန်း ၃ နေရာ တိုက်ခိုက်ခံရ၊ စစ်ကောင်စီ (၇) ဦးသေ
October 20, 2022
အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဘောလခဲမြို့ရှိ စစ်ကောင်စီရဲ့ ကင်းပုန်းဂိတ်စခန်း ၃ နေရာကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ ၊ ၂၁ နဲ့ ကရင်နီတပ်မတော် (KA) တို့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ၇ ဦး သေဆုံးကာ ၇ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF တပ်ရင်း ၁၀ က သတင်းထုတ်ပြန်ပါတယ်။ မနက် ၆ နာရီခွဲ အချိန် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၃နာရီကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဘောလခဲမြို့ အဝင် လေးထပ်တိုက်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၊ လမ်းမကြီးဘေး မှာ ပြုလုပ်ထားတဲ့ ကင်းပုန်းဂိတ်စခန်း နဲ့ ပွန်ချောင်းတံတားထိပ် ဂိတ်စခန်း တို့ကို သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဘောလခဲမြို့ အခြေစိုက် စစ်ကောင်စီတပ် ဖက်ကနေ လက်နက်ကြီး ပစ်ခတ်တာ တွေရှိခဲ့တယ်လို့ သိရပါတယ်။ ထို့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီး ပြည်သူလူထုတွေအနေနဲ့ သတိထားသွား လာကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ တစ်နေ့တည်းမှာ ဘောလခဲတိုက်ပွဲအပြင် ဒီးမော့ဆိုမြို့နယ်မှာလည်း သေးဆူလဲ ကျေးရွာထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေါငံခါးကျေးရွာ တိုက်လေးထပ်ပေါ် တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဖက် ၃ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်ချက်အရ သိရပါတယ်။

၅။ ကျောက်မဲမှာ အိမ်မှုကိစ္စကြောင့် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံး
October 20, 2022
ရှမ်းမြောက် ကျောက်မဲမြို့ အမှတ်(၁) ရပ်ကွက် ပြိန်းနင်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနက် ၉ နာရီမှာ ဒေါ် အေးယုံ (၄၄ နှစ်)ဆိုသူဟာ သူမရဲ့နေအိမ်မှာ ကြိုးဆွဲချ သေဆုံးပြီး နမ့်ခုံးရှမ်းများ ပရဟိတ အသင်းခွဲ (ကျောက်မဲ)က အလောင်းကို သွားရောက် သယ်ဆောင်ပေးခဲ့ပါတယ်။ နမ့်ခုံးရှမ်းများ ပရဟိအသင်းခွဲမှ တာဝန်ရှိသူ တစ်ဦးက “ဖြစ်စဥ်ကတော့ မသိရပါဘူး။ အဲဘေးပတ်ဝန်းကျင် ပြောတာက ညက သူ့အမျိုးသားနဲ့ ပဋိပက္ခဖြစ်ကြတယ် လို့ပြော တယ်။ ဒီအချိန်မှာ အလုပ်အကိုင်တွေ မရှိကြတော့ စကားများကြတာလေ” လို့ ပြောပါတယ်။ ဒေါ်အေးယုံ ရဲ့ ရုပ်အလောင်း ကိုတော့ နမ့်ခုံး ရှမ်းများ ပရဟိတအသင်းခွဲက ကျောက်မဲ ပြည်သူ့ဆေးရုံရဲ့ ရင်ခွဲရုံကို ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါးမှုနဲ့အတူ ကုန်စျေးနှုန်းတွေလည်း အဆမတန် တက်လာတာကြောင့် စားဝတ်နေရေး အကြပ်အတည်း ကြုံနေကြရတဲ့ လူထုတွေက အဆုံးစီရင်မှုတွေ ရှိလာနေပါတယ်။

၆။ ကန်ပက်လက်တိုက်ပွဲ စကစစစ်သား ၄ ဦးသေဆုံး၊ ပုန်းခိုကျင်းများကြိုတင်တူးဖေါ်ရန် CDF တိုက်တွန်း
October 20, 2022
အောက်တိုဘာ ၂၀ ရက်၊ မနက်ပိုင်း ၈ နာရီမှ နေ့ခင်း ၁၂ နာရီအထိ CDF-Kanpetlet နှင့် စကစတပ်ဖွဲ့အကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စကစဖ စစ်သား ၄ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိကြကြောင်း CDF-Kanpetlet က ထုတ်ပြန် သည်။ အထိနာသော စကစ တပ်သည် လက်နက်ကြီးဖြင့် ကန်ပက်လက်မြို့တွင်းသာမက အနီးအနားရှိ ကျေးရွာများကိုပါ တရ စပ်ပစ်ခတ်ခဲ့ရာ လူနေအိမ်များထိခိုက်မှူရှိကြောင်း ဖော်ပြထားသည်။ စကစ တပ်သည် ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့ များကို လေကြောင်းဖြင့် လက်နက်အင်အား၊လူအင်အားများဖြည့်တင်းလျက်ရှိပြီး တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်တာ‌ကြောင့် ကန်ပက်လက်မြို့အနီးအနားရှိ ကျေးရွာများအနေဖြင့် စကစတပ်၏ မဆင်မခြင် လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် လေကြောင်း ပစ်ခတ်မှုများ ရှောင်ရှားနိုင်ရန် ပုန်းခိုကျင်းများကြိုတင်တူးဖော်ပြင်ဆင်ကြရန် CDF-Kanpetlet က တိုက်တွန်း ထားပါတယ်။

၇။ ရခိုင်နဲ့ ပလက်ဝမှာ စစ်ဘေးကြောင့် ထွက်ပြေးနေရသူ ကိုးသောင်းကျော်ရှိလာ
October 20, 2022
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ကိုးသောင်းကျော်အထိ ရှိလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကစလို့ အောက်တိုဘာ ၁၁ နေ့အထိ အသစ်တိုးလာတဲ့ စစ်ဘေးဒုက္ခ သည် ၁၆,၀၀၀ ကျော် အထိရှိနေပြီး ယခင်နဲ့ လက်ရှိ ဒုက္ခသည် စုစုပေါင်း ကိုးသောင်းကျော် ရှိလာနေတာလို့ ဆိုပါတယ်။ အဲဒီလို နေရပ်စွန့်ခွာထွက်ပြေးရသူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့လည်း UN OCHA က ပြောဆိုထားပါ တယ်။ ရခိုင်ပြည်နယ် စစ်ကောင်စီက အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့စည်းအားလုံးကို အဲဒီ မြို့နယ်တွေဆီ သွားလာထောက်ပံ့ခွင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ ပိတ်ပင် ထားတာပါ။

စစ်ကောင်စီကလည်း စားနပ်ရိက္ခာမထောက်ပံ့တော့သလို နိုင်ငံတကာအဖွဲ့စည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကိုလည်း ထပ်ပြီးပိတ်ပင်ထားမယ်ဆိုရင် ဒုက္ခသည်စခန်းတွေမှာ တော်တော်လေးကို အခက်အခဲ ဖြစ်လာမယ်လို့ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးဦးသန်းအေးက ပြောပါတယ်။ အဲဒီညောင်ချောင်းဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၈၀၀ ကျော်နဲ့ လူဦးရေ သုံးထောင် ကျော် ခိုလှုံနေတာပါ။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်နေတာ အခုဆိုရင် သုံးလအထိရှိလာနေပြီး တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ ဒေသခံ တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေဟာလည်း နေ့စဉ်အနဲ့အမျှ တိုးလာနေပါတယ်။

၈။ ထောက်လှမ်းရေးခိုးလုပ်နေသည့်ကယ်ရီသမားအသွင်ယူ ထားတဲ့ ဒုအရာခံဗိုလ် စိုးမြင့်ကို ပစ္စတိုသေနတ်၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့်အတူ ဖမ်းဆီးထား
October 20, 2022
ကရင်ပြည်နယ်အတွင်းသို့ ကယ်ရီသမား ဟန်ဆောင်ပြီး ထောက်လှမ်းရေး လာလုပ်သည့် ဒုအရာခံဗိုလ်စိုးမြင့် ဆိုသူကို ပစ္စတို၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း Lion Battalion Commando Special Force က သတင်း ထုတ်ပြန်ချက်အရ BWN မှအတည်ပြုသိရသည်။ နာမည်ကျော်ဖိုက်တာဗိုလ်မှုး အယ်ဆေးဝါးဦးဆောင်သည့် Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်းနှင့် KTL Army မဟာမိတ်ပူးပေါင်းစစ်ကြောင်းများ စစ်ရေး လှုပ်ရှားနေသည့် နယ်မြေအတွင်းသို့ကယ်ရီသမားအသွင်ယူထားသည့် စစ်ကောင်စီထောက်လှမ်းရေးမှုးတစ်ဦးကို ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရ မိကြောင်း၊ သက်သေခံဆက်စပ်ပစ္စည်းများနှင့်စစ်ဆေးတွေ့ရှိချက်များအရ ၎င်း ၏အမည်မှာ စိုးမြင့်ဆိုသူဖြစ်ပြီး ခလရ ၉၇တွင် အရာခံဗိုလ်ရာထူးဖြင့်နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ကြောင်းအထောက်အထားများနှင့်တစ်ကွ သိရှိရပါသည်။ ဖမ်းဆီးရမိသူ ကို စစ်သုံ့ပန်း ဥပဒေနှင့်အတူ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းကိုလည်းထုတ်ပြန်ချက်အရ သိရှိရသည်။

၉။ မော်ချီး ကိုယ်ထူကိုယ်ထကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းများ လိုအပ်မှုရှိနေ
October 21, 2022
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာရှိတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းများ လိုအပ်မှုရှိနေတယ်လို့ ဒေသခံ ဆရာမတစ်ဦးကပြောပါတယ်။ ကိုယ်ထူကိုယ်ထကျောင်းဖြစ်တဲ့အတွက် သင်ထောက်ကူ ပစ္စည်း တွေနဲ့ ပတ်သက်ပြီး ကျောင်းသူ၊ ကျောင်းသားမိဘတွေဖက်ကလဲ ပံ့ပိုးပေးနိုင်ခြင်းမရှိသလို တခြားအစည်းတွေဖြစ်တဲ့ (NGO) တို့လဲ ဝင်ရောက်လာတာမရှိဖူးလို့ ကိုယ်ထူကိုယ်ထကျောင်းမှ စာသင်ပေးနေတဲ့ ဆရာမတစ်ဦးကခုလိုပြောပါတယ်။ “သင်ထောက်ကူ ခါကျတော့ ဒီ ကျောင်းက ကိုယ်ထူ ကိုယ်ထဖွင့်ရတဲ့အတွက် ကြောင့်မလို့ပေါ့နော်၊ ကျောင်းသားမိဘတွေကလဲ သင်ထောက်ကူတွေအတွက်ကို သူတို့လဲမပံ့ပိုး‌နိုင်ဖူးပေါ့။ နောက် တခြားအဖွဲ့အစည်း NGO အဖွဲ့အစည်းတွေလဲ ကူညီပံ့ပိုးပေး တာ ဝင်တာမျိုးတွေမရှိလို့ပေါ့နော်” လို့သူက ဆိုပါတယ်။

ဖားဆောင်းမြို့မော်ချီးဒေသမှာ COVID 19ရောဂါ စဖြစ်ကတည်းက အစိုး‌ရကျောင်းများပိတ်ထားပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကိုယ်ထူကိုယ်ထကျောင်းများဖွင့်ကာ ကလေးများအတွက် ပညာဆက်လက်သင်ကြားနေကြတာဖြစ် ပါတယ်။ မော်ချီးဒေသ မှာ ကိုယ်ထူကိုယ်ဖွင့်လှစ်ထားတဲ့ ကျောင်းစုစုပေါင်း ၅ ကျောင်းခန့်ရှိပြီး စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ကျောင်း တစ်ကျောင်းလည်းရှိပါတယ်။

၁၀။ အင်းလေးမှာ စစ်ကောင်စီ မှ ပြည်သူ့စစ် ထဲဝင်ရန် လိုက်လံစည်းရုံးနေ
October 20, 20220
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်းရှိ ပြည်သူများထံ ပြည်သူ့စစ်ထဲဝင်ရန် စစ်ကောင်စီ လက်အောက်ခံများက လိုက်လံစည်းရုံးနေကြောင်းသိရှိရသည်။ ယခု အောက်တိုဘာလ ပထမပတ် မှစတင်ပြီး အင်းလေးဒေသ အင်းပေါခုံကျေးရွာရှိ စစ်ကောင်စီသည် ပြည်သူများကို ပြည်သူ့စစ်ထဲ ဝင်ရန်အတွက် တစ်ယောက်လျှင် ကျပ်ငွေ တစ်သိန်းခွဲ နှင့် ဆန်တစ်အိတ် ထောက်ပံ့ကြေးပေးမည်ဟု လိုက်လံစည်းရုံးနေကြောင်း အင်းလေးဒေသခံ တစ်ဦး က ပြောသည်။ လက်ရှိ ရွှေဘို ပေါ်ဆန်းမွှေး ဆန်တစ်အိတ် တန်ဖိုးသည် တစ်သိန်း ဝန်းကျင်ရှိပြီး စစ်ကောင်စီမှ ထောက်ပံ့မည့် ဆန်သည် မည်သည့် ဆန် အမျိုးအစားဖြစ်သည်ကို မသိရှိရသေးပေ။ “အင်းပေါခုံရွာ နဲ့ တချို့ရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကို လာစည်းရုံးတာ တွေ့ရ တယ်။ ပြည်သူ့စစ်ထဲဝင်ဖို့ လူရှာခိုင်းတယ်။ ပြည်သူ့စစ်ထဲ ဝင်ရင် တစ်ယောက်ကို ပိုက်ဆံတစ်သိန်းခွဲ နဲ့ ဆန်တစ်အိတ် ထောက်ပံ့ ကြေး ပေးမယ်လို့ ပြောတယ်။ တချို့က အင်းထဲမှာ ရှာစားဖို့ ခက်ခဲတော့ ပြည်သူ့စစ်ထဲ ဝင်ဖို့ နာမည်စာရင်းသွား ပေးကြတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ အင်းပေါခုံရွာတွင် ပြည်သူ့စစ် ထဲဝင်ရန် နာမည်စာရင်းပေးထားသူမှာ (၂၀) ဦးထက်မနည်း ရှိနေပြီး စစ်သင်တန်း ကို တောင်ကြီးမြို့သို့ သွားတက်ရောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အင်းလေးဒေသရှိ ပြည်သူများသည် စားဝတ်နေရေးအတွက် ပိုမိုကြပ်တည်းလာ သဖြင့် စစ်ကောင်စီက အခွင့်ကောင်းယူကာ ယခုလို ပြည်သူ့စစ်ထဲ ဝင်ရန် လိုက်လံစည်းရုံးနေကြောင်း အင်းလေး ဒေသခံတစ်ဦးက ပြောသည်။ “စစ်အာဏာသိမ်းပြီးတော့ အရမ်းရိုက်ခတ်သွား တယ်။ စက်လှေမောင်းတဲ့သူတွေ၊ ယက်ကန်းလုပ်တဲ့သူတွေ၊ ဆိုင်ခန်းဖွင့်ထားတဲ့သူတွေ စတဲ့ စီးပွားရေး လုပ်တဲ့သူတွေက ခက်ခဲသွားတယ်။ အင်းထဲက အခြေခံအလုပ်သမားတွေဆို ပိုပြီးတော့ ခက်ခဲသွားတာပေါ့ ။ အဲ့ဒါကို စစ်ကောင်စီက အခွင့်ကောင်း ယူပြီး ထောက်ပံ့ကြေးပေးမယ် ဆိုပြီး လာစည်းရုံး နေတယ်လို့တော့ မြင်တယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

၁၁။ စစ်တွေတွင် စစ်ကောင်စီတပ်က ၁၅ နှစ်အရွယ် လူငယ် ၁ ဦးကို ပစ်သတ်
October 20, 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက ဆိတ်ကျောင်းနေတဲ့ လူငယ်တယောက်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ စစ်တွေမြို့နယ် ဒေသခံတယောက်က ပြောပါတယ်။ “စစ်တွေမြို့အခြေစိုက် ထောက်ပို့တပ်ရင်းရဲ့နောက်က ဆင်းလမ်းနားမှာရှိတဲ့ သဲကွင်းက စစ်(…)တယောက်က ဒီနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာ ဆိတ်ကျောင်းနေတဲ့ မွတ်စလင်လူငယ်တယောက်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်တယ်။” အဲဒီလူငယ်လေး ဟာ စစ်တွေမြို့နယ် မယ်ဇလီကုန်းကျေးရွာက ဦးရွှေမောင်ရဲ့သား အသက် ၁၅ နှစ်အရွယ် မောင်ဆာခမောက်ဖြစ်ပြီး သူ့ရဲ့ အလောင်းကို စစ်တွေစစ်ဆေးရုံကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

“စစ်(…)တွေဟာ အသိဉာဏ်ကင်းမဲ့ပြီး လူစိတ်ပျောက်နေကြပြီ။ ပြည်သူတယောက်ရဲ့အသက်ကို ကြက်ကလေး ငှတ်ကလေးတွေ သတ်သလို သတ်နေကြပြီး ဥပဒေဆိုတာလည်း ဘာမှ မရှိတော့ဘူး။ ဒါကြောင့်မို့ ဒီစစ်(…)တွေကို ရခိုင်မြေပေါ် ကနေ အပြီးပိုင်မောင်းထုတ်ပစ်မှသာ တိုင်းပြည်အေးချမ်းတော့မယ်။” ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ် တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်လကစတင်ကာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြား မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

၁၂။ ဖရူဆိုစစ်ဘေးရှောင်တစ်နေရာမှာ စစ်ရှောင်တွေ ဖျားနာမှုများနေ
October 21, 2022
ကရင်နီပြည် ဖရူဆိုမြို့ အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တစ်နေရာမှာ ရာသီဥတုပိုမိုအေးလာတဲ့အတွက် အောက်တိုဘာလ ပထမအပတ်မှ စတင်၍ စစ်ရှောင်တွေ ဖျားနာမှု များလာနေတယ်လို့ စစ်ရှောင်တွေကို ဆေးကုသပေးနေတဲ့ ကျန်းမာရေး ဆရာမတစ်ဦး ထံကနေ သိရပါတယ်။ ” ဒီနေရာကတော့ ရာသီဥတုပြောင်းလို့ ပိုအေးတာ။ စက်တင်ဘာလမှာတော့ ဆေးကုန်သွားတယ်၊ လူနာအရမ်းများနေတော့ အောက်တိုဘာလ ၁၀ ရက်လောက်မှာပဲ ဆေးနည်းနည်း ပြန်ရောက်လာလို့ အဆင်ပြေသွားတယ်၊ ဒါပေမယ့် လူနာများတယ်၊ ဘာအဖျားလဲဆိုတော့ ကိုဗစ်လားဆိုတော့ စစ်ကြည့်တော့လည်း ကိုဗစ် မဟုတ်ဘူး၊ တုပ်ကွေးလားဆိုတော့လည်း တုပ်ကွေး မဟုတ်ပြန်ဘူး၊ တုပ်ကွေးနဲ့ နည်းနည်းတူတယ်၊ အများအားဖြင့် ခေါင်းကိုက်၊ ချမ်းတုန် အဲ့တာတွေ ဖြစ်နေတယ်။ စုံနေတာပဲ ” လို့စစ်ရှောင်တွေကို ဆေးကုသပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေဟာ တစ်နှစ်ကျော် စစ်ရှောင်နေရပြီဖြစ်ပြီး အခက်အခဲအမျိုးမျိုးနဲ့ လိုအပ် ချက်တွေ များပြားနေတဲ့အတွက် ဆေးဝါး လိုအပ်ချက်တွေ ရှိနေပါတယ်။

ရာသီဥတုအကူးအပြောင်းကာလ တောတောင်ထဲ နေထိုင်နေတဲ့ စစ်ရှောင်တွေအတွက် အခက်အခဲတွေ ရှိလာနေ တယ်လို့ ဆိုပါတယ်။ ” အေးတယ်လေး၊ဒီလိုတောတောင်ထဲ ချိုင့်ဝှမ်းမှာ ပိုအေးတယ်လေး၊ ဒီအနောက်ဘက်ခြမ်း ရာဧပရားဘက် ပိုဆိုးတယ်၊ ရာသီပြောင်းချိန်မှာတော့ ရေစိမ့်ထွက်တဲ့ ဒေသဖြစ်နေလို့ ပိုအေးတာ၊ ခုလို စစ်ဘေးရှောင်တွေက မိုးကာရဲ့ အောက် မှာ တဲထိုးပြီးနေရတော့ ကျန်းမာရေးနဲ့လည်း ကိုက်ညီမှူနည်းတာပေါ့၊ အေးရင် ပိုအေးတယ်၊ ပူရင်လည်း ပိုပူတယ်ဆိုတော့ ပိုဆိုး တာပေါ့ “လို့ ဖရူဆိုမြို့ စစ်ရှောင်အမျိုးသားတစ်ဦး ကပြောပါတယ်။ ဖရူဆိုမြို့အတွင်း စစ်ဘေးရှောင်တွေဟာ လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူတွေရှိတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိနေပြီး ဒေသအတွင်း စစ်ရှောင်တာ အချိန်ကြာလာတာနဲ့အမျှ ဝင်ငွေမရှိသလို အလှူရှင်လှူဒါန်းမှုကိုပဲ မှီခိုနေရတယ်လို့ သိရပါတယ်။

၁၃။ လားရှိုးမှာ ၂ ရက်ဆက်တိုက် ပုတ်ပွပြီးသေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့
October 20, 2022
ရှမ်းမြောက် လားရှိုးမြို့နယ် ကောင်းကြဲကျေးရွာအုပ်စု ဖာလျံရွာရှိ ပြောင်းဖူးခြံတစ်နေရာမှာ ပုတ်ပွပြီး သေဆုံးနေတဲ့ အမျိုးသားအလောင်းတလောင်း ထပ်တွေ့ခဲ့တယ်လို့ သိရပါတယ်။ မနက် ၉ နာရီမှာ ဖာလျံရွာက ပြောင်းဖူးခြံတစ်ခြံရဲ့ တောင်ပေါ်မှာ နေရပ်လိပ်စာမသိရတဲ့ အမည်မသိအမျိုသားတစ်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့တာပါ။ သွားရောက် သယ်ဆောင် ပေးခဲ့တဲ့ လားရှိုးလူငယ်များ လူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “ရဲက ဖုန်းဆက်အကြောင်းကြားလာလို့လေ။ ဖြစ်စဉ် ကိုတော့ မသိဘူး။ ရဲတွေကပဲ အကြောင်းစုံ သိမယ်ဗျ။ ရွာက ပြောင်းခြံတောင်ပေါ်မှာ အလောင်းတလောင်း တွေ့တယ်ဆိုလို့။ ရုပ်အလောင်းက ခန့်မှန်းချိန်တော့ ငါးရက်လောက်တော့ ကျော်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်အလောင်းက ပုတ်နေပြီး လောက်တွေတောင် ထွက်ပြီဆိုတော့။ ဘာဒဏ်ရာတွေ ရှိလဲတော့ မကြည့်မိဘူးဗျ။ ဓာတ်ပုံရိုက်ပြီး အလောင်းကို အိတ်ထဲ ထည့်လိုက်တယ်လေ” လို့ ဆိုပါတယ်။

သေဆုံးနေတဲ့ အမျိုးသားဟာ ဘယ်သူမှန်း မသိရသလို သေဆုံးသွားသူရဲ့ ရင်ဘတ်ထဲမှာတော့ ရဲသက်ဆိုတဲ့ ဆေးမင်ကြောင်တစ်ခု ပါရှိထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လားရှိုးမြို့ ရပ်ကွက်(၅)ဘက်မှာ ပုတ်ပွနေတဲ့ ပိုင်ရှင်မဲ့ အလောင်း တစ်လောင်း ထပ်တွေ့ခဲ့ပါတယ်။

၁၄။ ဟားခါးမြို့မှာ ခြောက်နှစ်အရွယ် ကလေးငယ်နှစ်ဦးလက်နက်ကြီး ကျည်ထိပြီး သေဆုံး
October 21, 2022
ချင်းပြည်နယ်၊ဟားခါးမြို့နယ်၊ ဘွန်လုန်ကျေးရွာက အသက်ခြောက်နှစ်အရွယ် ကလေးနှစ်ဦးဟာ အောက်တိုဘာ (၁၉) ရက်က ကျောင်းကပြန်လာချိန်မှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ချင်းမျိုးနွယ်စု တော်လှန်ရေး တပ် တခုဖြစ်တဲ့ CDF ဆန်ထန် ပြောရေးဆိုခွင့် ရှိသူ ကိုဂျိုးဇက်က ပြောပါတယ်။ “လက်နက်ကြီးက ဘယ်အဖွဲ့ကပစ်တယ်ဆိုတာ အတိအကျ မသိပေမယ့် စကစဘက်ကပဲဖြစ်ဖို့များတယ်၊ သူတို့ တပ်ရှိတဲ့ ဟားခါးမြို့ဘက်က ရုန်းတောင်နှင့် လက်နက်ကြီး ကျတဲ့နေရာကို မျက်နှာချင်းဆိုင်ဖြစ်နေတယ်” လို့ ကိုဂျိုးဇက်ကပြောပါတယ်။ သေဆုံးသွားတဲ့ကလေးငယ်နှစ်ဦးဟာ KG-2 အတန်း တက်ရောက် နေကြတဲ့ မောင်ဟင်နရီဘွေဇလျန်းနဲ့ မောင်ဂျဲမ်း ရှဲဇအုပ်တို့ဖြစ်ပြီးညနေပိုင်းကျောင်းကနေအိမ်အပြန်လမ်းမှာ လက်နက်ကြီး ထိမှန်ခဲ့တာ ဖြစ် တယ်လို့သိရပါတယ်။ လက်နက်ကြီးထိမှန်တဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘူးလို့ ဆိုပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ဘွန်လုန်ရွာဟာ ဟားခါးမြို့နဲ့ မိုင်နှစ်ဆယ်ဝန်းကျင်အကွာမှာရှိပြီး ဆန်ထန်နယ် အဖြစ် ဒေသတွင်း‌တော်လှန်ရေး အင်အားစုတွေက သတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်းက ကျေးရွာ တရွာဖြစ်တယ်လို့ သိရပါ တယ်။ ကလေးနှစ်ဦးသေဆုံးခဲ့တာဟာ လက်နက်ကြီးကြောင့်ဖြစ်နိုင်သလို ဒရုန်းကနေ ကျဲချလိုက်တဲ့ ဗုံးသီးထိမှန်တာကြောင့် လည်း ဖြစ်နိုင်တယ်လို့ CDF ဆန်ထန် ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးသွား တဲ့ကလေး ငယ် နှစ်ဦးနဲ့အရွယ်တူ အတန်းတူ တခြား ကလေးတဦးလည်း အပြင်းအထန်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံမီဒီယာတွေ ကဖော်ပြ ထားပါတယ်။

၁၅။ မော်ချီးဒေသမှာ မြေပြိုနိုင်တဲ့ အန္တာရယ်ကြောင့် ဖောက်ခွဲရေးနဲ့ မီးစက်အသုံးပြုခြင်းကို အောက်တိုဘာလကုန်ထိ ရပ်နားထား
October 21, 2022

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသက ခဲကျင်းလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဖောက်ခွဲရေး နဲ့ မီးစက်အသုံးပြု တွေကို မြေပြိုနိုင်တဲ့ အန္တာရယ်ရှိနေတာကြောင့် အောက်တိုဘာလ ကုန်ထိ ရပ်နားထားခိုင်းတာတွေရှိနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ က အန္တာရယ်များတဲ့ “ပေါင်မုန့်တောင်” ဟာ အနည်းငယ်ပြိုကျပြီး ကျောက် တောင်ဟာ အက်ကွဲကြောင်းကြီးလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ယခင်က ၃ပေကျော်ခန့်သာအက်ကွဲခဲ့တဲ့ ပေါင်မုန့် တောင်ကြီးဟာ ယခုဆိုလျှင် ၁၅ပေ အထိ အက်ကွဲလာခဲ့ပြီလို့သိရပါတယ်။ အဲဒါကြောင့် မော်ချီးဒေသမှာရှိတဲ့ အမှတ် (၃) ခဲကျင်းမှာ ဖောက်ခဲရေးနဲ့ မီးစက်အသုံးပြုတာကို (၁၀)လပိုင်းကုန်အထိ ရပ်နားထားကြတာဖြစ်ပါတယ်။ ခုလို‌ဖောက်ခွဲရေး ရပ်နားခြင်းဟာ တောင်ရဲ့တုန်ခါမှုသက်သာစေသလို မီးစက်နိုးခြင်းရပ်နားတာကလဲ တောင်ပြိုကျတဲ့အခါ အချိန်မှီ အသံများ ကြား နိုင်ရန်အတွက်ဖြစ်တယ်လို့ ကျင်း ဦးစီးမှူး တစ်ဦးက ပြောပါတယ်။

ခဲကျင်းလုပ်ငန်းတွေကိုတော့ နိုဝင်ဘာလ မှာ ပြန်လည် လည်ပတ်သွားမယ်လို့ လည်းဆိုပါတယ်။ မြေပြိုနိုင်တဲ့ အန္တာရယ်တွေကြားက ခုလိုပြန်လည် လည်ပတ်ရတာဟာ ခဲကျင်းကိုမှီခို ပြီး လုပ်ကိုင်စားသောက်နေရ ဒေသခံတွေနဲ့ နယ်ဝေးက လာရောက်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေအတွက် ဝမ်း‌စာရေးများအဆင်ပြေဖို့ ဖြစ်တယ်လို့ လည်းသူက ထပ်ပြောပါတယ်။ လက်ရှိမှာတော့ ခဲကျင်းတွေမှာ မြေစာတွေ သယ်ထုတ်ခြင်းနဲ့ ကျောက်ပုပ်များထုတ်ခြင်း တို့ကိုသာ လုပ်ကိုင်ခွင့်ပြုထားပါတယ်။

၁၆။ ၂၀၂၂ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် အဆိုပြုလွှာလျှောက်ထားနိုင်ပြီဟု ဖန်းဖောင်ဒေးရှင်း ထုတ်ပြန်
October 21, 2022
ယခု ၂၀၂၂ ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုကို အဆိုပြုအမည်စာရင်း စတင် ပေးသွင်းနိုင် ပြီဖြစ်‌ကြောင်း ယမန်‌နေ့ အောက်တိုဘာလ ၂၀ ရက်‌နေ့တွင် ဖန်း‌ဖောင်‌ဒေးရှင်း (Phan foundation) က ထုတ်ပြန်‌ ကြေညာ လိုက်သည်။ အဆိုပါ ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုမှာ ကရင်အမျိုးသားများ၏ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူ့အခွင့်အ‌ရေး၊ သဘာဝပတ်ဝန်းကျင်တည်တံ့‌ရေး နှင့် စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာများတွင် ကိုယ်ကျိုးမငဲ့ဘဲ ဦး‌ဆောင်လှုပ်ရှား‌ ဆောင်ရွက်‌နေ သည့် မည်သည့်လူငယ်မဆို Phan Foundation မှ နှစ်စဉ်‌ရွေးချယ်ဂုဏ်ပြုသည့် ဆုတစ်ခု လည်းဖြစ်သည်။ “ဒီခေါင်းဆောင် ဆုကနေ ဖန်းဖောင်ဒေးရှင်းအနေနဲ့ ကရင်လူငယ်ခေါင်းဆောင်များစွာကို ဖောင်ဒေးရှင်း စတည်ထောင်တဲ့ ၂၀၀၈ ခုနှစ်ကတည်း က လုပ်ပိုင်ခွင့်တွေ အထောက်အကူများစွာကို ပေးလာနိုင်ခဲ့တယ်။ ကျမတို့ အဖေဖြစ်တဲ့ ပဒို မန်းရှာလားဖန်းကို ဂုဏ်ပြုရည်ရွယ် ထားပြီးတော့ တစ်ချိန်ထဲမှာပဲ ကျမတို့ရဲ့ ကရင်ပြည်သူတွေအတွက် ပိုပြီးတော့မှ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို ကူညီယူဆောင်ပေး လာနိုင်တဲ့ကွန်မြူနတီထဲက ခေါင်းဆောင်တွေကို လက်တွေ့ပံ့ပိုးပေးပေးခြင်းဖြစ်ပါတယ်” ဟု ဖောင်ဒေးရှင်း ၏ ဒါရိုက်တာဖြစ်သူ နန့်ဇိုယာဖန်းက ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထိုဆုအတွက် မိမိတို့လုပ်‌ဆောင်နိုင်ခဲ့သည့် အောင်မြင်မှုရလဒ်များကို အဓိကထားကာ အသက် ၃၅ နှစ်‌အောက် မည်သည့်‌နေရာတွင် နေထိုင်သည့် ကရင်လူငယ်မဆို၊ အဖွဲ့အစည်းမဆို‌လျှောက်ထားနိုင်သလို အဖွဲ့အစည်းများ အ‌နေဖြင့်လည်း ဆုအတွက် မိမိတို့၏ အဖွဲ့ဝင်များကို ထောက်ခံအဆိုပြုနိုင်သည်။ ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆု ၂၀၂၂ ခုနှစ်အတွက် ရွေးချယ်ခံရပါကဆုအတွက် အ‌မေရိကန် ဒေါ်လာ ၄၀၀ဝ ချီးမြှင့်သွားမည်ဖြစ်သည်ဟု Phan Foundation က ထုတ်ပြန်ထားပြီး အဆိုပြု‌ လျှောက်လွှာများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်‌နေ့တွင် နောက်ဆုံးထားကာ လက်ခံသွားမည်ဟု သိရသည်။ ထို့အပြင် လျှောက်လွှာများကို ကရင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် အမည်၊ အသက်၊ မွေးသက္ကရာဇ်၊ နေရပ်နှင့် အဖွဲ့အစည်း စသည့် အချက်အလက်များဖြင့် bwabwa.phan@phanfoundation.org တွင် ပေးပို့ လျှောက်ထားနိုင်ပြီး ၂၀၂၃ ခုနှစ် အ‌စော ပိုင်းတွင် ယင်းဆုအတွက် ရွေးချယ်ခံရသူကို ထုတ်ပြန်‌ကြေညာသွား မည်ဟုလည်း Phan Foundation က ထုတ်ပြန်ထားသည်။

၁၇။ မူဆယ်တွင်စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ခေါင်းဆောင်အိမ်ကိုTNLAနှPDFပူးပေါင်းတိုက်ခိုက်
October 21, 2022
မူဆယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် အိမ်ကို TNLA နှင့် PDF များက ယနေ့နံနက် အစောပိုင်းတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောသည်။ မူဆယ်မြို့နယ်၊ ခိုဝိန်း ရပ်ကွက် ရှိ ပြည်သူ့စစ်ခေါင်းဆောင်အိမ်ကို ယနေ့( အောက်တိုဘာလ ၂၁ ရက်) နံနက် လေးနာရီခန့်တွင် TNLA နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲမှာ နှစ်နာရီခန့်ကြာခဲ့ပြီးထိခိုက်သေဆုံးမှုအခြေအနေကိုမူမသိရသးပေ။ “မူဆယ်က မြို့မပြည်သူ့စစ်အိမ်ကို တိုက်ခိုက်ခဲ့တယ်။ အပြန်အလှန်တိုက်ပွဲပဲ။ ကျတော်တို့ဘက်က ထိခိုက်မှုမရှိဘူး။ သူတို့ဘက် က ထိခိုက်မှုကို မသိရသေးဘူး” ဟု PDF တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့စစ်ဘက်ကပစ်ခတ်သော သေနတ်ကျည်များသည် အနီးဝန်းကျင်ရှိ နေအိမ်အချို့နှင့် ဘုန်းကြီး ကျောင်းကို ထိမှန်ခဲ့သည်ဟု ဒေသံ ခံများကပြောသည်။ ” သူတို့(စစ်ကောင်စီ)ဘက်က တပ်ရင်းမှုးထိထားလို့ လုံခြုံရေးတိုး ထားတဲ့ကြားထဲက ပြည်သူ့ဘက်တော်သားတွေက ဆော်နေတာ”ဟု ဒေသခံတစ်ဦးကလည်းပြောသည်။ အောက်တိုဘာလ ၁၈ ရက် ညနေက စစ်ကောင်စီ၏ တပ်မ (၉၉)လက်အောက် ခမရ (၄၂၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့် အတူ အရာရှိတစ်ဦးအား ရှမ်းပြည်နယ်‌ မြာက်ပိုင်းပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ -PSDA က ၁၀၅ မိုင်စီးပွားရေးဇုံနယ်မြေ တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်။

၁၈။ စစ်တပ်ဟာ ပြည်တွင်းမှာ ဓာတုအဆိပ်တွေ ထုတ်ဖူးကြောင်း ဦးကျော်မိုးထွန်းပြော
October 20, 2022
မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာ ဓာတုအဆိပ်တွေ စမ်းသပ်ထုတ်လုပ်ခဲ့ဖူးတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ မနေ့က ပြောဆိုလိုက်ပါတယ်။ ပဲခူးတိုင်း၊ ထုံးဘိုမှာရှိတဲ့ ဓာတုလက်နက်ထုတ်စက်ရုံကနေ ဆာလဖာ ဓာတု အဆိပ် (sulfur mustard)တွေကို ၁၉၈၀ ခုနှစ်တွေတုန်းက ထုတ်လုပ်စမ်းသပ်ခဲ့တာလို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရ တက်လာချိန်မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်တပ်ကို မေးခွန်းထုတ်ခဲ့ ပေမယ့် စစ်တပ်ဘက်ကတော့ ပွင့်လင်းမြင်သာမှု လုံးဝ မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

ဒါကြောင့် ရုရှားနိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ စာချုပ်ချုပ်ဆို ထားတဲ့ စစ်တပ်ကို နိုင်ငံတကာက မျက်ခြည် မပြတ်စောင့်ကြည့်ကြဖို့လည်း သူကတိုက်တွန်းပါတယ်။ ကုလသမဂ္ဂမှာ နိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်တွေကို စိစစ်ရွေးချယ်ပေးရမယ့် UN Credentials Committee (ကုလသမဂ္ဂ ကိုယ်စားပြု စိစစ်ရေး ကော်မတီ)က မြန်မာနိုင်ငံအတွက် ဒီနှစ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားပြု ဦးကျော်မိုးထွန်းကို ဆက်ခန့်မလား၊ စစ်ကောင်စီကို ကိုယ်စားပြုခွင့်ပေးမလားဆိုတာ အဆုံးအဖြတ်မပေးသေးပါဘူး။ ဒါပေမဲ့ ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားပြုသံအမတ်အဖြစ် ကော်မတီအစည်းအဝေးတွေ ဆက်လက်တက်ရောက်ခွင့် ရနေတာလည်း ဖြစ်ပါတယ်။

၁၉။ ကော့ကရိတ်တိုက်ပွဲ အရပ်သား သေဆုံးသူ သုံးဦးနဲ့ ဒဏ်ရာရသူ ၁၇ ဦးထိရှိလာ
October 21, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၁ ရက် ဒီနေ့ မနက် ၈ နာရီလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ KNLA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေရာ ဒီနေ့ ညနေ ၄ နာရီထိ အရပ်သား သေဆုံးသူ သုံးဦးအထိ ရှိလာနေပြီ လို့ ဒေသခံတွေက ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း ဒဏ်ရာသူ အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၂၀ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက သုံးဦးက ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ဒေသခံ လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သေဆုံးသူတွေက ဒေသခံ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ တိုက်ပွဲစတင်ခဲ့တဲ့အချိန်မှာ ကော့ကရိတ်မြို့က ကိုမန်းအောင်ကြိုင်အိမ်အနီး လက်နက်ကြီး ကျည်ကျ ရောက်ပေါက်ကွဲလို့ အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ၉ နာရီ ၃၅ မိနစ်အချိန်မှာ စံပယ်ဖြူလမ်းမှာ လက်နက်ကြီးကျည်ကျရောက်တဲ့အတွက် နောက်ထပ် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့တာပါ။ ကော့ကရိတ်မြို့ ခနေးပူလမ်းထဲကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲတဲ့အတွက်နံနက် ၁၀ နာရီခွဲမှာ တော့နောက်ထပ် အမျိုးသား သုံးယောက်ဒဏ်ရာရရှိခဲ့ပြီး နေ့လယ် ၁၂ နာရီမှာ သီလရှင်ကျောင်းတစ်ခုထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့ အတွက် အမျိုးသမီးတစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ် ၁၂ နာရီ မိနစ် ၄၀မှာတော့ ဘုန်းကြီးကျောင်းသစ်အနီးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရကြသလို နေ့လယ် ၁ နာရီမှာတော့ စံပယ်ဖြူလမ်းထဲကို လက်နက်ကြီးကျည် ထပ်ကျတဲ့အတွက် အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် နေ့လည် ၁ နာရီမှာပဲ ရုံးကြီးနောက်ပိုင်းကို လက်နက်ကြီး ကျည်ကျတဲ့အတွက် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထပ်မံဒဏ်ရာရတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ဒီနေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်မှာတော့ ကော့ကရိတ်မြို့ကို ဝင်ရောက်တိုက်ခိုက်တာဟာ KKO ခွဲထွက်အဖွဲ့နဲ့ PDF တွေဖြစ်တယ်လို့ ပြောဆိုပြီး ဒီနေ့ မနက် ၇ နာရီခွဲကစလို့ မြို့မြောက်ဘက် ကနေ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ် ဝင်ရောက်လာတဲ့အတွက် အရပ်သား ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိမှုတွေရှိခဲ့ တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ ရဲစခန်းအချုပ်ကို လာရောက်ပစ်ခတ်ခဲ့တာတွေရှိပေမယ့် ရဲစခန်း အချုပ် ပွင့်ထွက်သွားမှုတော့ မရှိဘူးလို့လည်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

၂၀။ တန့်ယန်းမြို့ အမျိုးသမီးတစ်ဦး ဓားထိုးသတ်ခံရ
October 20, 20220
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ရှိ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး မြေး နှင့် နေအိမ်တွင်းရှိနေစဥ် အမျိုးသား တစ်ဦး ဝင်လာပြီး ဓား နှင့် အချက်ပေါင်းများစွာဖြင့် ထိုးသတ်ခံရကြောင်း သိရသည်။ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် တန့်ယန်းမြို့ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သည့် နိုင်းလွတ် အမည်ရှိ အသက် ၆၀ ကျော် အမျိုးသမီး သည် မြေးဖြစ်သူကို ပုခက်ထဲ ချော့သိပ်နေစဥ် ဓားဖြင့် ထိုးသတ်ခြင်း ခံလိုက်ရကြောင်း သတင်းသိရသည်။ “အိမ်မှာက သူ (နိုင်းလွတ်) နဲ့ သူ့မြေးလေး နှစ်ယောက်တည်းရှိနေတာပါ၊ နေ့ခင်း ၂ နာရီလောက်မှာ သူ့မြေးလေး ကို ပုခက်ထဲ ထည့်သိပ်နေတဲ့အချိန်မှာ ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ အမျိုးသားတစ်ယောက်က ဓား နဲ့ နိုင်းလွတ် ကို ထိုးသတ်သွားတာ၊ ခန္ဓာကိုယ်မှာ ဓါးအချက် ပေါင်း ၂၉ ချက် တွေ့ရတယ်” ဟု အိမ်နီးချင်း အမျိုးသားတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားသည့် အချိန်သည် နိုင်းလွတ်၏ သမီး နှင့် သားမက်တို့ တန့်ယန်းမြို့နယ် ကွန်လုံကျေးရွာသို့ စပါးရိတ်သိမ်း ရန် ရောက်ရှိနေကြသဖြင့် အိမ်တွင် မြေးလေး နှင့် နိုင်းလွတ်တို့ နှစ်ဦးတည်းသာရှိနေသည့် အချိန် ဖြစ်ကြောင်း သိရသည်။ “မူးယစ်ဆေးကြောင်တဲ့ သူလည်းဖြစ်နိုင်တယ်။ နိုင်းလွတ်ကတော့ ဘယ်သူ့ကိုမှ ရန်ငြိုး ရန်စ မရှိဖူးဘူး။ ကလေး အော်ငိုလို့ အိမ်ဘေးက လူတွေ သွားကြည့်တာ။ သွားကြည့်တော့ အဲ့ဒီ အမျိုးသားက အိမ်နောက်ဖေးထဲ ပြေးသွားတာပဲ တွေ့လိုက်ရတယ်။ အဲ့ချိန် နိုင်းလွတ် က ဓားဒဏ်ရာ တွေနဲ့ သေဆုံးနေပြီ။ ကလေးတော့ ဘာမှ ထိခိုက်ဒဏ်ရာ မရရှိဘူး။ အိမ်ထဲက ပစ္စည်းတွေ ပျောက်တာတော့ မကြားရဘူး” ဟု အိမ်နီးချင်း အမျိုးသား တစ်ဦး ကပြောသည်။ စစ်ကောင်စီ မှ နိုင်ငံတော် အာဏာသိမ်းပြီး (၁) နှစ်ကျော် ကာလအတွင်း သျှမ်းပြည်တွင်း တရားဥပဒေ စိုးမိုးမှု ကင်းမဲ့လာပြီး သူခိုး ဓားပြ များပြားလာသည့်အတွက် ဒေသခံ ပြည်သူများ စိုးရိမ် ထိတ်လန့်နေကြသည်။

၂၁။ စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်း ထိမှန်၍ ဝေါလေရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရ
October 20, 2022
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်းရှိ ဝေါလေကျေးရွာတွင် အောက်တိုဘာလ(၂၀)ရက်၊ နံနက်(၁၁) နာရီ အချိန် ခန့်က ဒေသခံတစ်ဦး စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းထိမှန်၍ ဒဏ်ရာအများအပြားရရှိခဲ့သည်ဟု ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဝေါလေကျေးရွာ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင် သည့် အသက် ၃၉ နှစ်အရွယ် ဦးကျော်သူဆိုသူသည် မီးသွေးဖုတ်ရန်သွားရာတွင် ကျေးရွာနှင့် ကိုက် (၁၀၀)အကွာအဝေး၌ စစ်ကောင်စီတပ်က ထောင်ထားသည့် တိုက်မိုင်းထိ၍ ကျောကုန်း၊ ပေါင်၊ ဦးခေါင်း၊ နားရွက်အပါအဝင် တစ်ကိုယ်လုံးနီးပါး ဒဏ်ရာရရှိခဲ့သည်ဟု (KNLA)တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။ “ဒီမနက် (၁၁)နာရီကျော်လောက်မှာ ထိတာ။ အောင်မင်္ဂလာရပ်ကွက်မှာနေတာ။ နာမည်က ကျော်သူ အသက် ၃၉ နှစ်။ စစ်ကောင်စီဗျူဟာကုန်းနဲ့ ကိုက် ၃၀၀ အကွာအဝေးမှာ ရှိတယ်။ သူက မီးသွေးသွားဖုတ်မလို့ သွားတဲ့လမ်းမှာ ရွာနဲ့ကိုက် ၁၀၀ ကျော်မှာ မိုင်းထိတာ။ အဲ့ဒီနေရာက အရင်က သူတို့သွား နေကျနေရာပဲ။ အဲ့ဒီဗုံးက တိုက်ဗုံးထိတာက ကျောကုန်း၊ အောက်ပိုင်းအကုန်လုံးထိတယ်။ ခေါင်းရော၊ နားရွက်ရော အချက်(၂၀) လောက်ရှိတယ်။ သူမသေတာက တိုက်ဗုံးနေရာနဲ့ နည်းနည်းဝေးသွားလို့မသေတာ။”ဟုပြောသည်။

အဆိုပါ ဗုံးထိမှန်သူ ဦးကျော်သူသည် လက်ရှိ ဝေါလေကျေးရွာ ပြည်သူ့ဆေးခန်းတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရှိရသည်။ ယခုနှစ် မတ်လ (၂၁)ရက်နေ့တွင် မောခီးအခြေစိုက် စစ်ကောင်စီစစ်တပ် ခြေမြန်တပ်ရင်း ခမရ(၅၅၅)စစ်ကြောင်း (၂)စစ်ကြောင်းမှူး ဗိုလ်မှူးစန်းယုအား (KNLA)တပ်ဖွဲ့များ ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအနီးဝန်းကျင်များ တွင် ယခုလို မိုင်းများထောင်ထားခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ၎င်း KNLA တာဝန်ရှိသူက ဆက်ပြောသည်။ “(KNLA) ကလည်း စစ်တပ်ရှိတဲ့ရွာတွေကို မသွားဖို့ ရွာသားတွေကို မှာထားတယ်။ မိုင်းထောင်ရင် ရွာသားတွေကို အသိပေးသင့် တယ်လေ။ စစ်တပ်က အရင်တုန်းက ဒီလိုမျိုးမိုင်းထောင်တာမရှိဘူး။ မော်ခီးစခန်းတက်သိမ်းတော့ အဲ့ဒီမှာ ဗိုလ်စန်းယု ဖမ်းမိ ပြီးတာနဲ့ မကြာဘူး မိုင်းတွေထောင်တာ”ဟု KNLA တာဝန်ရှိသူက ပြောသည်။

၂၂။ အမ်းတွင် စစ်ကောင်စီတပ်သားတစ်ဦးကို အေအေဖမ်းဆီး
October 21, 2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် အမ်းမြို့နယ်တောင်ပိုင်းမှ ကျေရွာတစ်ရွာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။ “ဖမ်းတာတော့ သေချာပါတယ်။ သူ့မှာ စစ်တပ်နဲ့ဆိုင်တဲ့ အထောက်အထားတွေ အကုန်ပါ တယ်။ ဒါပေမယ့် ဘယ်တပ်ရင်း၊ နာမည်၊ အသက်တွေကတော့ ကျနော်တို့အတိအကျမသိရပါဘူး။ အဲ့ဒီစစ်သားဟာ တာဝန်ထမ်း ဆောင် ဆဲလား။ ထွက်ပြေးလာတာလား အတိအကျတော့မပြောနိုင်ဘူး”ဟု ပြောသည်။

ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သားမှာ အသက် (၃၀) ကျော်အရွယ်ဖြစ်ပြီး ဖမ်းဆီးခံရစဉ် လက်နက်မပါသော်လည်း စစ်တပ်နှင့်သက်ဆိုင်သည့် အထောက်အထားများပါရှိကြောင်း သိရသည်။ ၎င်းသည် အမ်းမှခြေကျင်လျှောက်လာကာ ကျေးရွာ များတွင် အရပ်သားများထံမှ အရက်အကြွေးဝယ်သောက်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့သည့် အတွက် ယခုကဲ့သို့ ဖမ်းဆီး သွားခြင်းဖြစ်ကြောင့် နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။ “သူက ရွာမှာ အရက်အကြွေးသောက်တယ်။ နေရာတွေကို ပုံတွေရိုက်တယ်။ လူတွေ၊ နွားတွေကို ပုံတွေရိုက်တယ်။ ဟိုလူကို ခြိမ်းခြောက်၊ ဒီလူကို ခြိမ်းခြောက်နဲ့ လုပ်နေလို့ ဖမ်းသွား တာပါ”ဟု ပြောသည်။

၂၃။ တအာင်း(ပလောင်)စာပေပြန်လည်အသက်ဝင်ရေး တအာင်းဘုံစာ(ရုံးသုံးစာ)ကိုနေရာအနှံ့အသုံးပြုနိုင်ရန်ကြိုးပမ်း
October 20, 2022
တအာင်း(ပလောင်)မျိုးနွယ်စုသည် တအာင်းစာပေကို ပြန်လည် အသက်ဝင်လာရေးအတွက် တအာင်းဘုံစာ (ရုံးသုံးစာ) ကိုနေရာဒေသအသီးသီးရှိတအာင်းလူမျိုးများသင်ကြားပေးပြီးပြန်လည်အသုံးပြုနိုင်ရန်ကြိုးပမ်းနေဆဲဟု သိရသည်။ ရုံးသုံးစာ အသုံးပြုလာနိုင်ရန်ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ ၂၀၂၂ မှ အောက်တိုဘာ ၁၅ ရက် ၂၀၂၂ ခုထိ တအာင်းစာပေ သင်ကြားရေး အဖွဲ့(ဖုင်ပနောဘေဲ,တအာင်း) TLTA မှ အင်အား ၂၀ ဖြင့် ရုံးလုပ်ငန်းနဲ့ ပတ်သက်သည့် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်းသိရသည်။ “ကျွန်တော်တို့ တအာင်းစာပေကို ရုံးသုံးစာတွေ သင်တန်းသုံးခုခွဲပြီး သင်ကြားပေးပါတယ် အဓိက ကျွန်တော်တို့ ငွေအင်အား ဝန်ထမ်းအင်အား ပညာရေးအင်အား ထောက်ပံ့ကြေးအင်အား ရရှိထားသမျှကို ဒီတအာင်းဘုံစာ (ရုံးသုံးစာ) ပြန့်ပွားစေရန် မပျက်မကွက် လုပ်ဆောင်လျက်ရှိတယ်”လို့ တအာင်းဘုံစာပေသင်ကြားရေး ဥက္ကဋ္ဌ မိုင်းနော;ဇာရ် ကပြောသည်။ လက်ရှိရုံးသုံးစာသင်ကြားနေသည့် အမျိုးသမီးတစ်ဦးက “TNEC ကျောင်းတွေမှာလည်းသင်ပေးနေပြီ ခုကျွန်မတို့ တက်နေတာက TOT ဆရာဖြစ်တော့မဟုတ်ဘူးပေါ့နော်၊TOTဆိုရင် အကြိမ်ရေရှိပါတယ် ပထမသုတ် ဒုတိယသုတ်စသည် ပေါ့နော် ခုကျွန်မတက်နေတာက အလုပ်လုပ်ချိန် ရုံးမှာသုံးတတ်အောင်လို့ သင်ယူနေပါတယ်”ဟုပြောသည်။

တအာင်းစာပေကို တအာင်းဘုံစာ(ရုံးသုံးစာ)စာပေကော်မရှင်အဖွဲ့အစည်းမှ ရုပ်ပုံ၊ ပုံနှိပ်စာအုပ်နှင့် တအာင်း အဘိဓာန် ကို ရေးသားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိတအာင်းဒေသအသီးသီးမှာ ၂၀၁၇ ခုနှစ်ကစပြီး ကျေးရွာဒေသအချို့တွေ တအာင်း အခြေခံစာစတင်သင်ကြားခဲ့ကြောင်းသိရသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တအာင်းတပ်မတော် TNLA စာပေအဖွဲ့ အစည်းနှင့် မန်တုံမြို့နယ် တအာင်း စာပေယဥ်ကျေးမှု၊ မန်တုံမြို့နယ် တအာင်းသံဃနာယကအဖွဲ့အစည်းတို့ အပါပူးပေါင်းပြီး တအာင်း အခြေခံသင်တန်း တက်ရောက်ဖူးသူကိုစုစည်းပြီး ဆရာဖြစ်သင်တန်းဖွင့်လှစ်နိုင်ရန်ကြိုးပမ်းလာခဲ့သည်။ “ကျွန်တော် TOT ဆရာဖြစ်သင်တန်းကို အခြေခံတက်ပြီးသူစုစည်းပြီး မန်တုံမြို့ ဟိုခိုရပ်ကွက် သမိုင်းဝင်လွယ်ဆိုင်ကျေးရွာ လွယ်ဆိုင် ဘုန်းတော်ကြီးကျောင်းမှာ ဆရာဖြစ်သင်တန်းကို သင်တန်းသူသင်တန်းသား ၅၄ ဦးနှင့် တစ်လတိတိ ပထမကြိမ် သင်တန်းဖြစ် ဖွင့်လှစ်ခဲ့ပါတယ်”ဟု၎င်းမိုင်းနော;ဇာရ်ကဆက်ပြောသည်။ တအာင်းစာများကို TNEC ပညာရေးတွင် သင်ကြားပေး လျက်ရှိပြီး လက်ရှိတွင် တအာင်းစာကို Grade-1 မှGrade -4 ထိစာအုပ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

၂၄။ KNU ၏ တော်လှန်ရေးအထောက်အကူပြု သူးလေထီ ထိုးသူ နည်းပါးနေသေး
October 21, 2022
ကရင်အမျိုးသားအစည်းအရုံး KNU ၏ တော်လှန်ရေးအထောက်အကူ ရံပုံငွေအတွက်် ရည်ရွယ်ဖွင့်လှစ်ထားသော သူးလေထီကို ထိုးသူ အရေအတွက်နည်းပါးနေသေးကြောင်း သိရသည်။ သူးလေထီကို မေလ ၃၀ ရက်၊ ၂၀၂၂ခုနှစ်တွင် တရား၀င်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အချိန် ၅ လခန့် ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ သူးလေထီကို အောက်တိုဘာလအထိ အွန်လိုင်းစနစ်ဖြင့် ထိုးနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး တစ်လလျှင် ၂ ကြိမ် ပုံမှန်ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် လာမည့် နိုဝင်ဘာမှ စတင်ကာ တစ်လလျှင် တစ်ကြိမ်သာ ဖွင့်လှစ်တော့မည်ဖြစ်ပြီး အွန်လိုင်းစနစ်ကို ပုံမှန်ရောင်းချသွားမည်ဖြစ်ပြီး အွန်းလိုင်းစနစ် အသုံးပြုရန်ခက်ခဲ့သည့် အခြေအနေများတွင် နေထိုင်သူများအတွက်လည်း ရိုးရိုးထီလက်မှတ်များကို ရောင်းချပေးသွားနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထီတစ်စောင်ကို မြန်မာကျပ်ငွေ ၄၀၀၀ (သို့မဟုတ်) ထိုင်းဘတ်ငွေ ၆၀ ဖြင့် ရောင်းချ ပေးလျှက်ရှိသည်။

သူးလေထီသည် ကရင်အမျိုးသားအစည်းရုံး (KNU)၊ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနအောက်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်း တော်လှန်ရေးကာလအတွင်းစတင်‌ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး http://thooleilottery.com/ တွင် ဝင်ရောက် ထီထိုးနိုင် မည်လည်းဖြစ်သည်။ “သူးလေထီဟာဆိုရင် မိခင်ကေအန်ယူ အဖွဲ့အစည်းတွက် ရန်ပုံငွေရရှိရန်ရည်ရွယ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေသာမက ထောက်ပို့လုပ်ငန်းတွေမှာ တစ်ဖက်တစ်လှမ်းမှနေ၍ ထောက်ပံ့နိုင်ဖို့အတွက် ဖန်တီးရခြင်းဖြစ်ပါ တယ်” ဟု သူးလေထီ တာဝန်ခံ စောဝယ်ကိုးက ပြောသည်။ သူးလေထီကို အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် ထီကို၀င်ရောက် ထိုးနည်းကို မသိရှိခြင်း၊ Softwareဖြင့် ၀င်ရောက်ထိုးရခြင်း၊ အင်တာနက်အခက်ခဲဖြင့်ကြုံရခြင်းကြောင့် ထီဖွင့်လှစ်ရောင်းချခဲ့ သည့် အကြိမ်ရေမှာ (၇) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သော်လည်း‌ ထီထိုးသူဦးရေမှာနည်းပါးနေဆဲ ဖြစ်သည်။

၂၅။ ဖယ်ခုံမြို့နယ်ရှိ Non-CDM ဝန်ထမ်း ၃၅ ဦး ထပ်မံ အလင်းဝင်လာဟု ပအဖ ထုတ်ပြန်
October 21, 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ Non – CDM ဝန်ထမ်း ၃၅ ဦး ထပ်မံအလင်းဝင်ထားကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် အလင်းဝင်ရောက်ရန် ဖယ်ခုံ၊ မိုးဗြဲ PDF များနှင့် KNDF က ဇွန်လ ၃၀ ရက်နေ့တွင် သတိပေးချက် ထုတ် ပြန်ပြီးနောက် အဆိုပါ ဝန်ထမ်းများသည် ဝန်ခံကတိဖြင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း ဖယ်ခုံ ပအဖက ထုတ်ပြန်သည်။ မတရား စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း၌ စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူနှင့်ပူးပေါင်းသည့် ဌာနဆိုင်ရာ အသီးသီးမှ CDM ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဖယ်ခုံ ပအဖ ထံမှ သိရှိရသည်။

၂၆။ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ပို့ကုန် မြင့်တက်
October 21, 2022
ရခိုင်ပြည်နယ်၊ မောင်တောဒေသ ကုန်သွယ်မှုပိတ်ထားတာကြောင့် စစ်တွေ (ရွှေမင်းဂံ) နယ်စပ်ကုန်သွယ်ရေးစခန်း ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့မှု ပိုမိုမြင့်တက်လာခဲ့ကြောင်း စစ်တွေကုန်သွယ်မှုအသင်း တာဝန်ရှိသူတွေဆီက သိရပါ တယ်။ စစ်တွေကုန်သွယ်မှုအသင်း တာဝန်ရှိသူတယောက်က “မောင်တောဘက်က ကုန်သွယ်မှုတွေအားလုံး ရပ်ထားလိုက်တော့ စစ်တွေဘက်က ကုန်သွယ်မှုပိုလာတာ။ အရင်လထက် ဒေါ်လာ ၈ သိန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့တယ်။ မောင်တောနယ်စပ် ကုန်သွယ်မှု ကတော့ ကျဆင်းသွားရတာပေါ့လေ”လို့ ပြောပါတယ်။ ၂၀၂၂ ခုနှစ် သြဂုတ်လက စစ်တွေ(ရွှေမင်းဂံ)စခန်းမှ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၉၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး အခု စက်တင်ဘာလမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၈ သန်းဖိုး တင်ပို့ခဲ့တာကြောင့် ဒေါ်လာ ၈ သိန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ စစ်တွေကုန်သည်များအသင်းရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လမှာ မောင်တော(ကညင်ချောင်း)စီးပွားရေးဇုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၈ သန်းအထိ ကုန်တင်ပို့နိုင်ခဲ့ပြီး စက်တာဘာလမှာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၂၃ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ လက်ရှိ မောင်တောဒေသကို စစ်ကောင်စီက ကုန်းလမ်း ရေလမ်းတွေ အားလုံး အကန့်အသတ်မရှိ ပိတ်ထားတာကြောင့် အောက်တိုဘာလမှာ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အခုထက် ပိုကျဆင်းလာနိုင်ပြီး စစ်တွေဘက်မှ ပို့ကုန်တန်ဖိုး မြင့်တက်လာနိုင်ကြောင်း ကုန်သည်တွေက ခန့်မှန်းပြော ပါတယ်။ မောင်တောခရိုင်ကို ကုန်းလမ်း၊ ရေလမ်း အကန့်အသတ်မရှိ ပိတ်ထားတာ ၂ လကျော်အထိ ရှိလာနေတာကြောင့် ပြည်သူတွေ စားနပ်ရိက္ခာလိုအပ်မှု များပြားလာနေပြီး ဒေါ်လာတခုတည်းနဲ့သာ ကုန်သွယ်နေတဲ့ မောင်တောနယ်စပ် ကုန်သွယ်မှု ပါ ကျဆင်းလာနေရတာလည်း ဖြစ်ပါတယ်။

၂၇။ မူဆယ်မြို့နယ် တပ်ရင်းမှူး ပစ်ခတ်ခံရပြီးနောက် စစ်ဆေးမှု တင်းကြပ်နေ
October 20, 20220
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မူဆယ်မြို့နယ်တွင်း လုံခြုံရေး အင်အား ပိုမိုတင်းကြပ်လာကြောင်း ဒေသတွင်း ကားသမားများထံမှ သိရှိရသည်။ မူဆယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ် မှ စတင်ပြီး မူဆယ်မြို့ ဝင်နားအထိ စစ်ကောင်စီ တပ်သား နှင့် ရဲတို့ စောင့်ကြပ် စစ်ဆေးနေသည့် စစ်ဆေး ရေး ဂိတ် ၃ နေရာရှိနေပြီး ခရီးသွား ယာဥ်များကို တင်းကြပ်စွာ စစ်ဆေးနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “သူတို့ တပ်ရင်းမှူး ပစ်ခတ်ခံရပြီးကတည်း လုံခြုံရေး အင်အားပိုတင်းကြပ်လာတယ်၊ ၁၀၅ မိုင်ကနေ မူဆယ်မြို့ အဝင်နားထိ စစ်ဆေးတဲ့ နေရာ ၃ နေရာရှိပြီးတော့ ကားတွေဆို အောက်ပိုင်းထိ အကုန်စစ်တယ်၊ မှတ်ပုံတင်တွေပါ ပြရတယ်၊ တခါတလေ လည်း ပိုက်ဆံတောင်းတယ်၊ တောင်းတဲ့ ပမာဏတော့ တခါ နဲ့ တခါမတူဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ၁၀၅ မိုင်ရှိ ကားဝပ်ရှော့ဆိုင်တစ်ခုသို့ ကားလာပြင် သည့် မူဆယ်မြို့ ၄၂၁ ခြေလျင် တပ်ရင်း တပ်ရင်းမှူး ဒု – ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်ကို အမည်မသိ လက်နက်ကိုင် လူနှစ်ဦး က သေနတ်ဖြင့် ၈ ချက်ထက်မနည်း လာရောက် ပစ်သတ်ခဲ့ပြီးနောက် စစ်ဆေးမှု တင်းကြပ်လာခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ယခုလ အောက်တိုဘာလအတွင်း မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်းမှူးများကို အခြား ဒေသသို့ ပြောင်းရွှေ့ခြင်း ရှိသည့်အပြင် မူဆယ်မြို့သို့ ပြောင်းရွှေ့လာသည့် တပ်ရင်းမှူးက မူဆယ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ် အင်အား နှင့် လက်နက်စာရင်းများကို တောင်းယူထားကြောင်း သိရသည်။ လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း နေထိုင်သည့် ပြည်သူများကို ည ၈ နာရီ မှ မနက် ၄ နာရီအထိ ညမထွက်ရ ကာဖျူးအမိန့်ကို အောက်တိုဘာ (၁၉) ရက် ညအချိန်တွင် ထပ်မံကြေညာလိုက်ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

၂၈။ ကော့ကရိတ်တွင် တနှစ်စာ လျှပ်စစ်မီးတိုင်ပြုပြင်ထိန်းသိမ်းခ တစ်အိမ်လျှင် ၂၄၀၀၀ ကျပ် ကောက်ခံမှုရှိနေ
October 21, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များက တနှစ်စာ လျှပ်စစ်မီးတိုင် ပြုပြင် ထိန်းသိမ်းခဟုဆိုကာ အောက်တိုဘာလအတွင်း အိမ်ခြေတစ်လုံးလျှင် ၂၄၀၀၀ ကျပ်စီ ကောက်ခံနေကြောင်းသိရှိရသည်။ ပြီးခဲ့ သည့် ဩဂုတ်လ ၂၀ ရက်နေ့က ပျက်စီးသွားသည့် လျှပ်စစ်မီးတိုင်များကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြုပြင် ပြီးစီးခဲ့ပြီး နောက်ပိုင်း ယခုလို ပြုပြင်ထိန်းသိမ်းခအတွက် အိမ်တိုင်း ကောက်ခံနေကြောင်း မြို့ခံများက ပြောဆိုသည်။ “တစ်အိမ်ကို ၂၄၀၀၀ ပေးရတယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ပေးရမှာကို ပြည်သူတွေက ပေးနေရတယ်။ မပေးရင်လည်း ကြောက်နေရတော့ ပြည်သူတွေ အားလုံးတော့ မပေးချင်ဘဲ ပေးနေရတယ်။”ဟု ကော့ကရိတ်မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။ အောက်တိုဘာလ ပထမပတ်က မြို့နယ် မီးလင်းရေးအဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူတွေ့ဆုံပြီး အဆိုပါသတ်မှတ်နှုန်းထားဖြင့် ငွေကောက်ခံ ရန် ညွှန်ကြားခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများထံမှ သိရသည်။

အမည်မဖော်လိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “ပြီးခဲ့တဲ့အပတ်က ချောင်းတောင်ကျောင်းမှာ အစည်းအဝေး ခေါ် တယ်။ မီးတိုင်ပြုပြင်ခအတွက် ကောက်ခိုင်းတယ်။ သူတို့(ထွေအုပ်၊ EPC)တွေတော့ ကိုယ်တိုင်မကောက်ဘူး။ ငါတို့ပဲ ကောက် ပေးရတယ်။”ဟုလည်း ပြောသည်။ ကော့ကရိတ်မြို့တွင် အောက်တိုဘာလ ၁၇ ရက်နေ့က စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယနေ့ အထိ ဆက်လက်၍ လျှပ်စစ် မီးပြုပြင်ထိန်းသိမ်းခကို ကောက်ခံနေဆဲဖြစ်ကြောင်း၊ တချို့အုပ်‌ချုပ်ရေးမှူးများမှာ ကိုယ်တိုင် လိုက်လံကောက်ခံသူ များရှိသော်လည်း တချို့မှာ ၎င်းတို့နေအိမ်သို့သွားရောက်ပေးဆောင်ခိုင်းကြောင်း ငွေကောက်ခံရန် တာဝန် ပေးခံရသူတစ်ဦးက ပြောသည်။ “အခု ကောက်ခံတာက အဖွဲ့တွေတရားဝင်ဖွဲ့စည်းတာလည်းမရှိဘူး။ သက်သက်လုပ်စားမှာ လည်းစိုးတယ်။ ဒါကြောင့် ပြည်သူတွေ အိမ်မှာ လိုက်လံမကောက်ခံဘူး။ ငါ့အိမ်မှာပဲ လာထည့်ခိုင်းတယ်။ လာထည့်ချင်လည်း ထည့်၊ မထည့်ချင်လည်းနေပေါ့။ အိမ်မှာလိုက်ကောက်ရင် မျက်နှာပူပြီး ထည့်‌ပေးမှာစိုးလို့။”ဟု ပြောသည်။ ယင်းသို့ လျှပ်စစ်မီး ပြုပြင်ထိန်းသိမ်းခ တနှစ်စာကောက်ခံမှုကို မြို့နယ်ထွေအုပ်နှင့် လျှပ်စစ်ရုံး(EPC)တို့က တရားဝင် စာထုတ်ညွှန်ကြားခြင်းမရှိ သဖြင့်ကောက်ခံရန် မလုပ်ဆောင်ရဲသေးကြောင်း ထိုအခြေအနေကို သိရှိနေသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့ထံမှသိရသည်။

၂၉။ ထားဝယ်ထောင်တွင် ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိပိတ်
October 20, 2022
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဥ်းထောင်မှာ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းကစပြီး ထောင်ဝင်စာ ပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြောပါတယ်။ ရန်ကုန်မြို့ အင်းစိန် အကျဥ်းထောင်မှာ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေကြောင့် နိုင်ငံရေးအကျဥ်းသား မိသားစု တွေအပါအဝင် လူ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးနောက် နယ်ကအကျဥ်းထောင်တချို့မှာ အခုလိုထောင်ဝင်စာပို့ခွင့် ပိတ်လိုက်တာပါ။ ထားဝယ်က နိုင်ငံရေးအကျဥ်းသူဟောင်းတယောက်က အခုလိုထောင်ဝင်စာပို့ခွင့် မရတာကြောင့် အကျဥ်းသား တွေအတွက် စားရေးသောက်ရေး အဓိက အခက်အခဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ အပတ်စဥ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနဲ့ တနင်္ဂနွေနေ့တွေမှာ အသား၊ ကြက်ဥနဲ့ ငါးဟင်းကို တလှည့်စီကျွေးပေမဲ့ ဟင်းတွေက ရေနဲ့ပြုတ်ထားရုံလောက်ပဲရှိပြီး ကျန်တဲ့ရက်တွေမှာတော့ အသီးအရွက်ဟင်းတွေ ကျွေးတယ် လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ဆိုပါတယ်။ စစ်အာဏာသိမ်းမှု အစောပိုင်းက ထားဝယ်အကျဥ်းထောင်မှာ ထောင်ဝင် စာ ပို့ရတာ လွယ်ကူပေမဲ့ နောက်ပိုင်းမှာတော့ ကန့်သတ်တာတွေ ရှိလာတယ်လို့လည်း သိရပါတယ်။ ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေအတွက် ထောင်ဝင်စာပို့ဖို့ ကူညီပေးနေသူတယောက်က “အရင်က ပို့ချင်တာ လွယ်လွယ်နဲ့ပို့လို့ ရတယ်။ နောက်ပိုင်းမှာတော့ ပို့တဲ့သူရဲ့ နေရပ်လိပ်စာတွေ၊ အကျဥ်းသားနဲ့ ဘယ်လိုတော်စပ်လဲဆိုတာတွေ အကုန်ပြောရတယ်။ မိသားစုဝင်မဟုတ်ရင် ပို့ရတာအဆင်မပြေဘူး။ ပစ္စည်းထုပ်တွေကို ဖောက်ပြီး သူတို့လိုချင်တာ ယူခဲ့တာတွေလည်းရှိတယ်” လို့ ပြောပါတယ်။ လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော်နဲ့ နိုင်ငံရေး အကျဥ်းသူ ၅၀ လောက်ရှိပြီး စုစုပေါင်း အမှုရင်ဆိုင်ဆဲသူကတော့ ၁၀၀ ကျော်လောက်ရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသား များကွန်ရက် (DPPN) ထံကနေ သိရပါတယ်။

၃၀။ TNLA နှင့် PDF တို့ ပူးပေါင်းပြီး မူဆယ် – မန္တလေး ကားလမ်းမပေါ် ပိုက်ဆံကောက်
October 20, 20220
သျှမ်းပြည်မြောက်ပိုင်း မူဆယ် – မန္တလေး ကားလမ်းမပေါ်တွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ပူးပေါင်းပြီး အရင်ထက် ပိုမို အခွန် (ဆက်ကြေး) ကောက်ခံနေကြောင်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်တွင် မူဆယ် – မန္တလေး ကားလမ်းမပေါ် ခရီးသွားပြည်သူများထံ ကုန်တင်ကား တစ်စီးလျှင် ကားဘီး အရေအတွက်ဖြင့် တစ်ဘီးကို ကျပ်ငွေ (တစ်သိန်း မှ နှစ်သိန်း) အထိ ကောက်ခံနေကြောင်း နောင်ချိုဒေသခံ ကားဆရာ တစ်ဦးက ပြောသည်။ “ TNLA နဲ့ PDF တို့ပေါင်းပြီး ကားတိုင်းပဲ သူတို့ စောင့်ပြီး ဆက်ကြေးကောက်တာ။ ကား အသေးတွေဆို ကုန်တင်ကားကြီးလို ဘီးတော့ မရေတွက်ဘူး။ အဲ့လို ၁ သိန်း ကနေ ၂ သိန်း ထိ ကောက်လိုက်တာ။ မနေ့က ကားဆရာတစ်ဦးက ၁ သိန်း ၂ သောင်းပေးလိုက်ရတယ်။ ဒါပေမယ့် ဖြတ်ပိုင်းထဲက ၁ သိန်းပဲ ရေးထားတယ် “ ဟု ၎င်း ဒေသခံ တစ်ဦးက ပြောသည်။

ထို့အပြင် မူဆယ် – မန္တလေး ကားလမ်းမပေါ်တလျောက် ခရီးသွား ပြည်သူများထံ ဆက်ကြေးကောက်ခံမှုများ ၁၀ ခုထက် မနည်း ရှိပြီး စစ်ကောင်စီ၊ တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင် လွှတ်မြောက်ရေးတပ်မတော် (KIA/KIO) တပ်ဖွဲ့များဖြစ်ကြကြောင်း ဒေသခံများက ဆိုသည်။

၃၁။ မိုးဗြဲမှာ စစ်ဆင်ရေးလုပ်နေတဲ့ ခလရ-၁၄ တပ်မှ တပ်သား ၂ ဦး ဖယ်ခုံ PDFတပ်ရင်း(၂) ထံ CDM ပြုလုပ်
October 20, 2022
မိုးဗြဲမှာ စစ်ဆင်ရေးပြုလုပ်နေပြီး ခလရ – ၁၄ တပ် ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၂ ဦး ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) ထံ CDMပြုလုပ်ခဲ့တယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အောက်တို ဘာလ ၁၇ ရက်နေ့မှာ CDM ပြုလုပ်ခဲ့ကြတာဖြစ်ပြီး သင်တန်းဆင်းပြီး လုပ်သက် တစ်လကျော်သာရှိသေးတယ်လို့ သိရပါတယ်။ “ အဓိက သူတို့ ဆန္ဒကတော့ စစ်တပ်ကနေ လွတ်ရင်ပြီးရော ဆိုပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ဖိနပ်တွေဘာ တွေတောင် မပါဘူးလေ သူတို့ပြေးလာတာ။ လောလောဆယ်ကတော့ စစ်တပ်ကနေ လွတ်ရင်ပြီးရောပေါ့။ လောလောဆယ်တော့ ကျနော်တို့ စားသလိုစားတယ်။ ကျနော်တို့ ဆီမှာ နေသလိုနေတယ်ပေါ့။“လို့ ဖယ်ခုံPDF တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

CDM ပြုလုပ်တဲ့ တပ်သား ၂ ဦးကတော့ ခိုင်မျိုးဦးနဲ့ ချစ်ရင်ထူး ဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်ဖြစ်တယ်လို့ သိရပါ တယ်။ သူတို့ ၂ ဦး ဇာတိကတော့ ဧရာဝတီတိုင်းဒေသကြီး ကဖြစ်ပြီး စစ်သားအဖြစ် ဆန္ဒမပါပဲ တာဝန်ထမ်းဆောင်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ CDM ပြုလုပ်ခဲ့တဲ့ တပ်သား ၂ ဦးကတော့ တပ်တွင်း တာဝန်ထမ်းဆောင်နေစဉ် တပ်တွင်းတွေမှာ အုပ်ချုပ်မှုပိုင်း ယိုယွင်းတာတွေ၊ တပ်တွင်း ထွက်ပြေးသူတွေ များပြားလာတာတွေ ရှိနေတယ်လို့ သိရကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ ဖယ်ခုံ PDF ကနေပြီးတော့လည်း စစ်ကောင်စီလက်အောက် တာဝန် မထမ်းဆောင်လိုတဲ့ တပ်သားများ CDM ပြုလုပ်လာတဲ့ သူတွေကို ကူညီပေးသွားမှာဖြစ်သလို လက်နက်ပါ CDM ပြုလုပ်ပါက ငွေသား သိန်း ၅၀ ပေးအပ်တာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဖယ်ခုံ PDF ထံ စစ်ကောင်စီတပ်သားတွေ CDM ပြုလုပ်တာတွေရှိပြီး တပ်ခွဲတွေမှာ PDF အနေနဲ့ ပြန်လည်တာဝန်ထမ်းဆောင်နေတာတွေ၊ နည်းပြအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်တာတွေ ရှိတယ် လို့ ဆိုပါတယ်။

၃၂။ ဝေးခယ်ပေး ငွေလွဲးဝန်ဆောင်မှုက ပအိုဝ်းဒေသ လူငယ် ၄၀၀ ကျော်ထံ ငွေကြေးလိမ်လည်သွားဟုဆို
October 21, 2022
ဝေးခယ်ပေး ပြည်တွင်းပြည်ပငွေလွဲးဝန်ဆောင်မှုမှ ရှမ်းတောင် ပအိုဝ်းဒေသ လူငယ် ၄၀၀ ကျော်ကို မလေးရှာသို့ ပို့ပေးမည်ဟုဆိုကာ မပို့ပေးဘဲ ငွေကြေး လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ စက်တင်ဘာလတွင် ဝေးခယ်ပေး ငွေလွဲ ဝန်ဆောင်က လိမ်လည်သည်ဟုလိုင်းပေါ်ပျံ့နှံ့ခဲ့သော်လည်း အောက်တိုဘာ ၂ ရက်နေ့တွင် ဝေးခယ်ပေးက လူကြိုလူပို့ စာချုပ် ကိစ္စ အပြင် အကုန်လုံးတာဝန်ယူ ဆောင်ရွက်ပေးမည့်အကြောင်းနှင့် မဟုတ်က ဟုတ်ကလိုင်းပေါ်တင်သည့် အကောင့်ကိုလည်း အရေးယူမည့်အကြောင်း ပြောထားခဲ့သော်လည်း ယနေ့အချိန်ထိ တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိပဲ သွင်းငွေ ပြန်တောင်း သည့် သူကိုလည်း ပြန်ပေးခြင်းမရှိသေးကြောင်း သိရသည်။ “ကျွန်မတို့သွားဖို့ သွင်းထားတဲ့ငွေက သူများဆီ ၅ ကျပ်တိုးနဲ့ ချေးထားတာ ခုက မသွားဖြစ်ဘူးပြောတယ်၊ အစသွင်းငွေကိုသူက ပြန်ပေးမယ် ပြောတယ် နောက်တော့ဖုန်းခေါ်တာ သူမကိုင် တော့ဘူး ”ဟု နောင်တရားဒေသခံတစ်ဦးက ပြောသည်။ ဘယ်ချိန်သွားရမယ် ဆိုတာလည်းအကြောင်းမကြားသည့်အပြင် ဖုန်းဆက်တာလည်းမကိုင်တော့တဲ့အတွက် သူလိမ်သွားပြီဆိုတာ သေချာတယ်ဟု ၄င်းကဆက်ပြောသည်။

ပင်လောင်းမြို့နယ် ဒေသခံတစ်ဦးကလည်း”သွင်းငွေပြန်မပေးချင်ရင်လည်း ရှင်းရှင်းပြောပေါ့နော်သူက ပြန်ပေးမယ် ပြန်ပေးမယ် ပါစပ်ကပဲ ပြောနေတာ ဟိုချိန်းလိုက်ဒီချိန်းလိုက်ပဲပြောနေတာ အဆင်မပြေလို့ နိုင်ငံခြား ထွက်ဖို့ လုပ်တာလေနော် ခုလိုကြုံတော့လည်း မပြောပြတတ်အောင်စိတ်ညစ်ရတယ်”ဟုပြောသည်။ အရင်ကတာဝန်ယူပေးသောအဆိုတော် ခွန်ချစ်ပိုင်ဦး နှင့် နန်စန်းစန်းအေးတို့ကိုဆက်သွယ်တော့လည်း စာရင်း၊ ငွေအစ ဝေးခယ်ပေးပဲ ကိုင်တာမို့ သူတို့လည်း မသိကြောင်းပြော သည်ဟု ၄င်းကဆက်ပြောသည်။ အလိမ်ခံရသူများသည် ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ နောင်တရား၊ တောင်ကြီးမြို့နယ်က လူငယ် များဖြစ်ပြီး စုစုပေါင်းငွေကြိုသွင်းသူ ၄၀၀ ကျော်ရှိပြီး တစ်ယောက်လျှင်ငွေ ၇ သိန်း သွင်းထားကြောင်း သိရသည်။

၃၃။ တောင်ကုတ်မှ သွားဆရာဝန်ကို ယနေ့ရုံးထုတ်၊ နိုဝင်ဘာလ ၄ရက်နေ့ ရုံးပြန်ချိန်း
October 21, 2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်တပ်ကဖမ်းဆီးခြင်းခံရသည့် သွားဆရာဝန် ဒေါက်တာကျော်သူရထွန်းကို ယနေ့ ရုံးထုတ်ပြီး နောက်လ နိုဝင်ဘာ ၄ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်သည်ဟု သတင်းရရှိသည်။ ဒေါက်တာကျော်သူရထွန်းကို တောင်ကုတ်မြို့မရဲစခန်း၌ စစ်တပ်က ဖမ်းဆီးထားခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၁ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံး ၌ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်ဟု သိရသည်။ “ရုံးထုတ်တာက ဒီနေ့ပထမဆုံးအကြိမ် ရုံးထုတ်တာပါ။ ရုံးထုတ်တယ် ဆိုပေမယ် အခြေအနေက ဘာမှမထူးပါဘူး။ ရှေ့နေ့ငှားထားပါတယ်။ ရုံးထုတ်ပြီး နောက်လ ၄ရက်နေ့ကို ရုံးပြန်ချိန်းတာပါ” ဟု ဒေါက်တာကျော်သူရထွန်း၏ ဇနီးဖြစ်သူ မမို့မို့ဝါ က ပြောသည်။ ဒေါက်တာကျော်သူရထွန်းကို ပြီးခဲ့သည့် စက်တင်ဘာလ( ၆) ရက်နေ့က ရက္ခိုင့်တပ်တော် (အေအေ)နှင့် ဆက်စပ်သည့် စွပ်စွဲချက်ဖြင့် တောင်ကုတ်မြို့ ဆေးရုံကွက်သစ် (၁)လမ်းထဲမှ အရပ်ဝတ် စစ်သားများက ဆိုင်ကယ်များ၊ ကားများဖြင့် ဖမ်းဆီးသွားခဲ့ခြင်းသည်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button