ရခိုင်မျိုးနွယ်စု အသုံးအနှုန်းနှင့် လူမျိုးစု အမှတ်သားသရုပ် နိုင်ငံရေး
- ───── ๑۩۩๑ ─────●
- ရခိုင်မျိုးနွယ်စု အသုံးအနှုန်း
– ဆလိုင်းထွန်းလှကျော် (သူ့အတွေး သူ့အမြင်)
“မျိုးနွယ်စုဝင်” ဆိုတဲ့ အသုံးအနှုန်းကို ရခိုင် သတင်းမီဒီယာတွေရော ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းတွေထဲမှာပါ မကြာမကြာ သုံးနှုန်းခဲ့ကြတာတွေကို တွေ့တွေ့နေရတယ်။
အဓိပ္ပာယ်ကတော့ “လူမျိုးစု”တစ်စုရဲ့ “မျိုးနွယ်စုတွေ”လို့ အဓိပ္ပာယ်ရတယ်။ ဒီအယူအဆဟာ အားကြီးတဲ့ လူမျိုးစုတစ်စုကနေ အားနည်းတဲ့ လူမျိုးစုတွေကို နိုင်ငံရေးအရ “အတင်းအဓမ္မ ဝါးမျိုဖို့ ကြိုးစားခြင်း”ဖြစ်တယ်လို့ပဲ ဆိုရမှာပါ။
နောက်ထပ် အယူအဆတစ်ခုကတော့ ရခိုင်ပြည်နိုင်ငံရေးအသိုင်းအဝိုင်းတွေ ကိုယ်တိုင်က “ရခိုင်လူမျိုးကြီးဝါဒတွေ ကျင့်သုံးနေပြီး အားနည်းတဲ့ လူမျိုးစုတွေကို အသိမှတ်ပြု လက်ခံပေးဖို့ ခတ်ခဲနေသေးတယ်” ဆိုတဲ့ အချက်ပါ။
- အမှတ်သားသရုပ်
ရခိုင်ဒေသဟာ အိုင်ဒင်ဒတီလို့ ခေါ်တဲ့ အမှတ်သားသရုပ်တွေစုံပါတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးနဲ့ ပါတ်သတ်ပြီးတော့ ဖြစ်ပါတယ်။
လူမျိုးရေးအားဖြင့်ဆိုရင် ရခိုင်လူမျိုးစု၊ ချင်းလူမျိုးစု၊ မြိုလူမျိုးစု၊ ခမီလူမျိုးစု၊ သက်လူမျိုးစု၊ ဒိုင်းနက်လူမျိုးစု၊ မရာမာကြီး လူမျိုးစု၊ ကမန်လူမျိုးစုနဲ့ မူဆလင်လူမျိုးစု ဆိုပြီး လူမျိုးစု (၉)မျိုး ရှိတယ်လို့ ပြောလို့ရတယ်။
တိုင်းရင်းသားလူမျိုးစုတွေထဲမှာဆိုရင် ရခိုင်ပြီးရင် ချင်းက ဒုတိယ လူဦးရေအများဆုံး ဖြစ်ပါတယ်။
(ဒီထဲမှာ ချင်း နဲ့ မူဆလင်ကလွဲပြီး ကျန်တဲ့လူမျိုးစုတွေကို ရခိုင်မျိုးနွယ် စုဝင်တွေဆိုပြီး ရခိုင်နိုင်ငံရေး အသိုင်းအ ဝိုင်းတွေက တွင်တွင်ကျယ်ကျယ် သုံးကြပါတယ်။ နောက်ပိုင်းတွေမှာ တော့ ချင်းမျိုးနွယ်စုတွေကိုပါ တခြားရခိုင်မျိုးနွယ်စု ဝင်တွေနဲ့ ရောနှော သုံးနှုန်းလာကြတာ မျိုးကိုလည်း တခါတလေ တွေ့ရတယ်။
ဒါကို မတုန့်ပြန်ဘဲ ငြိမ်ခံနေကြတဲ့ အုပ်စုတွေရှိနေကြသလို လက်ခံဖို့ ခက်ခဲနေကြတဲ့ အုပ်စုတွေလည်း ရှိကြပြန်ပါတယ်။ ဒီအချက်ဟာ အနာဂတ်မှာ ဖြေရှင်းလာရမယ့် ရခိုင်ပြည်နယ်တွင်း နိုင်ငံရေးကိစ္စ တစ်ခုလို့လည်း မြင်မိပါတယ်။)
ဘာသာရေးအားဖြင့် ဆိုရင်တော့ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာတွေ ရှိတယ်။ ဒီအချက်တွေက ရခိုင်ဒေ သထဲမှာ အမှတ်အသား သရုပ်သကန် စုံလင်မှုတွေရဲ့ ပြယုတ်ပဲ ဖြစ်တယ်။
- ULA/AA ရဲ့ တိုင်းပြည်၊ နိုင်ငံတည်ဆောက်ရေးနဲ့ မှုန်ဝါးဝါး လူမျိုးစု အမှတ်သားသရုပ်နိုင်ငံရေး
AA တပ်မှူးချုပ်/ ULA ဥက္ကဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုင်းပြည် တည်ဆောက်ရေးနဲ့ နိုင်ငံတည်ဆောက်ရေးဆိုတဲ့ စကားလုံးကို ကျွန်တော်အမှတ်မမှားဘူးဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ စပြီးသုံးနှုန်းခဲ့တယ်။
ဒါပေမယ့် ရခိုင် ဒေသထဲက လူမျိုးစုတွေရဲ့ နိုင်ငံရေး အာမခံချက်နဲ့ ပါတ်သတ်ပြီးတော့ တော်တော်များများပြောဆိုခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။ ဒီမှာ ULA ကိုမေးခွန်းတွေ ထုတ်ရပါလိမ့်မယ်။ အဲ့တာတွေ ကတော့ –
၁။ တကယ်လို့ တိုင်းပြည်တစ်ခု တည်ဆောက်မယ်ဆိုရင် “တစ်ပြည်ထောင်”ပုံစံနဲ့ သွားမှာလား “ပြည်ထောင်စု” ပုံစံနဲ့ သွားမှာလား။
၂။ အဲ့ဒီတိုင်းပြည်ကို ဗဟိုချုပ်ကိုင်မှုကဲတဲ့ စနစ်နဲ့သွားမှာ လား။ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ စနစ်နဲ့ သွားမှာလား။
၃။ ရခိုင်တိုင်းပြည်ရဲ့ နိုင်ငံရေးကို ရခိုင်လူမျိုးစုက အဓိက ဦးဆောင်ပြီး အားနည်းတဲ့ လူနည်းစုတွေက ရခိုင်လူမျိုးစု ရဲ့ ဦးဆောင်မှုကို ရောယောင်လိုက် ဆိုတဲ့ ပုံစံမျိုးနဲ့ သွားမှာ လား။
၄။ (ဒါမှမဟုတ်) ရခိုင်မဟုတ်တဲ့ တစ်ခြား လူမျိုးစုတွေ အတွက် နိုင်ငံရေးအရ ဘယ်လိုမျိုး ရက်ရောမှုတွေ၊ ဘာအာမခံချက်တွေ ပေးမယ်လို့ ဆုံးဖြတ်ချက်တွေ ရှိပြီလဲ။ စတဲ့ မေးခွန်းတွေပဲ ဖြစ်တယ်။
တစ်ဆက်တည်းအနေနဲ့ AA ထိန်းချုပ် နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားရေးနဲ့ အခွန်တုတ် ကောက်ခံရေးတွေကို ULA ကနေ ပြီးခဲ့တဲ့ ၂၀၂၀ နောက်ပိုင်းမှာ စတင်ခဲ့တယ်။
ဒီထဲမှာ လူနည်းစုငယ်တွေထဲက အချို့ ULA/ AA နဲ့ နီးစပ်တဲ့သူတွေနှင့် နိုင်ငံရေးနားမလည်တဲ့ အခြေခံလူတန်းစား အချို့တွေ ULA ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ထဲမှာ ပါဝင်လာကြတာ ရှိတယ်။
ဒီ့ပြင် ULA က ရခိုင်ဒေသထဲက တစ်ချို့သော လူမျိုးစု စာပေအဖွဲ့ခေါင်းဆောင်တွေနဲ့ လူမျိုးစု နိုင်ငံရေး အကြောင်းတွေအပေါ် ဆွေးနွေးမှုအချို့ကို ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရတယ်။
တစ်ဖက်မှာလည်းပဲ ULAကနေ ဒီလို နိုင်ငံရေးနားမလည်တဲ့ အခြေခံလူတန်းစားတွေ၊ ULA/AA နဲ့ နီးစပ်သူတွေ၊ နိုင်ငံရေး အဖွဲ့အစည်းမဟုတ်တဲ့ အဖွဲ့တွေနဲ့ လူမျိုးစုနိုင်ငံ ရေးကို ပြောဆိုဆွေးနွေးမှုမျိုးဟာ ULA ရဲ့ လူမျိုးစုနိုင်ငံ ရေးအပေါ် သံသယဖြစ်စရာ ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေကြတာကို တွေ့လာရတယ်။
နိဂုံး
ဖရင်ဆစ် ဖူကူယားမားရဲ့ အမှတ်သားသရုပ်နဲ့ပါတ်သတ်ပြီး သီအိုရီတစ်ခုနဲ့ နိဂုံးချုပ်ချင်တယ်။ အဲ့တာကတော့ “သိုင်းမို့စ်”။ “ဂုဏ်သိက္ခာအရ အသိအမှတ်ပြု ခံလိုမှု” လို့ ဘာ သာပြန် ရမယ်ထင်တယ်။ သိုင်းမို့စ်မှာမှ အိုင်ဆိုသိုင်းမို့စ် (အများတန်းတူ အသိမှတ်ပြု ခံလိုမှု)နဲ့ မက်ဂလိုသိုင်းမို့စ် (သူများထက် ခေါင်းတစ်လုံးပိုသာပြီး အသိမှတ်ပြုခံလိုမှု) ဆိုပြီး နှစ်မျိုးကွဲသေးတယ်လို့ ဆိုတယ်။ အဲ့ဒီ ၂ ခုထဲမှာမှ မက်ဂလိုသိုင်းမို့စ်က အမှတ်အသားသရုပ် နိုင်ငံရေးမှာ ပြဿနာ ရှိတယ်လို့ သူက ထောက်ပြထားတယ်။