လားရာမတူတဲ့ ဖက်ဒရယ်အစိုးရစနစ်နဲ့ တစ်ပြည်ထောင်စနစ်(Unitary System of Government) အစိုးရ
ဟန်နရီမင်း | အတွေးအမြင်
နိဒါန်း
အခုတလော လိုင်းပေါ်မှာ နာမည်ထွက်လာတဲ့ Unitary System of Government နဲ့ ပတ်သက်ပြီး အနည်းငယ်ရေးသားလိုက်ရပါတယ်။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်သူများအနေနဲ့ ဖက်ဒရယ်+ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို ကြိုးစားနေကြတဲ့ လမ်းခုလပ်တစ်ခုကို ရောက်ရှိနေတဲ့ အနေအထားဆိုရင် မှားမယ် မထင်ပါဘူး။ အမှန်တော့ ဒီနိုင်ငံရေးဝေါဟာရ စကားလုံးက အရင်ကတည်းကနေ ကမ္ဘာပေါ်မှာ ရှိနေပြီးသား စကားလုံးပါ။ ဒါပေမဲ့ ဝါရှင်တန်ဒီစီအခြေစိုက် The Diplomat သတင်းဌာနနဲ့ ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်အား အင်တာဗျူးပြီးတဲ့အခါမှာ ဒီဝေါဟာရက မြန်မာပြည်အနှံ့ လူသိပိုများ လာပါတယ်။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က အမှား၊ အမှန် မဟုတ်ဘဲ ဖက်ဒရယ်စနစ်နဲ့ တစ်ပြည်ထောင်စနစ်တို့ရဲ့ ကွဲပြားခြားနားချက်တွေကို သိရှိလာဖို့ပဲ ဖြစ်ပါတယ်။
၁။ Unitary Government System ဆိုတာ ဘာလဲ?။
တစ်ပြည်ထောင်စနစ်အစိုးရ(A unitary system of government)ဆိုသည်မှာ နိုင်ငံတော် အာဏာတစ်ခုတည်းတွင် ဗဟိုချုပ်ကိုင်ထားသည့် နိုင်ငံရေးဖွဲ့စည်းပုံ ဖြစ်သည်။ ဒေသဆိုင်ရာနှင့် ဒေသန္တရအစိုးရများ တည်ရှိနေသော်လည်း နိုင်ငံတစ်ဝှမ်းရှိ အုပ်ချုပ်ရေးပိုင်းများနှင့် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များအားလုံးနဲ့ ပတ်သက်ပြီး အဆုံးစွန်သော ထိန်းချုပ်မှုကို ဗဟိုအစိုးရထံမှ ထိန်းသိမ်းထားကိုင်တွယ်ထားကာ ၎င်းတို့အားလုံးအပေါ် အာဏာအရှိဆုံးမှာ ဗဟိုအစိုးရအဖွဲ့ ဖြစ်သည်။
ဤစနစ်တွင် တိုင်းဒေသကြီး သို့မဟုတ် ဒေသန္တာရအစိုးရများသည် ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုနှင့် ညွှန်ကြားချက်များအောက်တွင် လုပ်ဆောင်နေကြရပြီး၊ ယင်းအောက်အဆင့်များ(ပြည်နယ်၊ အထူးဒေသ)ကို လုပ်ပိုင်ခွင့်များပေးခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းများ ပြုလုပ်နိုင်သည်။
၂။ ဒီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံဘယ်လောက်ရှိသလဲ?။
ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀)ကျော်လောက်ထဲမှ (၁၆၀) နီးပါးခန့်က ဒီစနစ်ကို ကျင့်သုံးကြပါတယ်။ ဒါမေပဲ့ နိုင်ငံတစ်ခုနဲ့ တစ်ခုက လက်တွေ့ ကျင့်သုံးမှုအခန်းကဏ္ဍမှာ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ တချို့က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ကိုင်တွယ်ပြီး၊ တချို့က နဂိုနိယာမတွေထက် လျှော့ပြီး ကိုင်တွယ်ကြပါတယ်။
ဒီနေရာမှာ အစိုးရဲ့ မဏ္ဍိုင်ကြီးသုံးရပ်တည်ရှိမှုနဲ့ ဒီတစ်ပြည်ထောင်စနစ်တို့ မတူကြောင်းကို ရှင်းလင်းစွာ နားလည်ထားရပါမယ်။ ဆိုလိုတာက မဏ္ဍိုင်ကြီးသုံးရပ်တည်နေခြင်းသည် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ၎င်းအားပေးထားတဲ့ ဥပဒေမကျော် လွန်သမျှကာလပတ်လုံး ကျန်နှစ်ခုက ဝင်မစွက်ဖက်ရတဲ့အတွက် ဒီတစ်ပြည်ထောင်စနစ်ကို အုပ်ချုပ်ရေးမဏ္ဍိုင်အား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားပြီးသားဖြစ်တဲ့အတွက် သူက လက်တွေ့အကောင်အထည်ဖော်ဆောင်တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်နယ်တစ်ခု /နိုင်ငံတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုအစိုးရအနေနဲ့ ဒေသန္တရအစိုးရတွေအပေါ် ဘယ်လောက်အတိုင်းအတာအထိ ထိန်းချုပ်မှု၊ လွတ်လပ်သောလုပ်ပိုင်ခွင့်တွေ ပေးထားသလဲ ဆိုတာက ဖတ်ရှုလေ့လာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တစ်ပြည်ထောင်စနစ်ကို ပြင်သစ်၊ ဂျပန်၊ ယူကေ နှင့် ဖက်ဒရယ်စနစ်ကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဂျာမနီနှင့် အိန္ဒိယတို့က ကျင့်သုံးကြပုံကို လေ့လာသင့်ပါသည်။
၃။ ဖက်ဒရယ်အစိုးရစနစ်နဲ့ ဆန့်ကျင်ဘက် တစ်ပြည်ထောင်စနစ်တို့ရဲ့ ကွဲပြားချက်များ။
တစ်ပြည်ထောင်စနစ်နှင့် ဖက်ဒရယ်စနစ်၏ အကျဉ်းချုပ် နှိုင်းယှဉ်ချက်တွေပဲ ဖြစ်ပါတယ်။
တစ်ပြည်ထောင်စနစ်။
– နိုင်ငံတော်၏ အာဏာကို ဗဟိုချုပ်ကိုင်ထားသည်။
– ဒေသဆိုင်ရာ/ ဒေသဆိုင်ရာ အာဏာပိုင်များသည် ဗဟိုမှ အာဏာကို ရယူသည်။
– တနိုင်ငံလုံးအတိုင်းအတာနှင့် ဥပဒေများနှင့် မူဝါဒများ တူညီရမည်။
– ဗဟိုအစိုးရသည် ဒေသဆိုင်ရာ ယူနစ်များကို ပြောင်းလဲ/ဖျက်သိမ်းနိုင်သည်။
ဖက်ဒရယ်စနစ်။
– နိုင်ငံတော်နှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများအကြား အာဏာခွဲဝေပေးသည်။
– ပြည်နယ်များတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် အရေးပါသော ကိုယ်ပိုင်
အုပ်ချုပ်ခွင့် ရှိသည်။
– ပြည်နယ်များအကြား ဥပဒေများ ကွဲပြားနိုင်သည်။
– နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ထားသော အာဏာခွဲဝေမှု
အဓိကကွာခြားချက်များအပေါ် ထပ်ဆင့်နှိုင်းယှဉ်ချက်။
၁။ အာဏာခွဲဝေမှုတွင် တစ်ပြည်ထောင်စနစ်က ဗဟိုချုပ်ကိုင်မှုဖြစ်ပြီး၊ ဖက်ဒရယ်စနစ်က
၎င်းကို မျှဝေပေးသည်။
၂။ ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တစ်ပြည်ထောင်စနစ်က အကန့်အသတ်နှင့်သာ ခွင့်ပြုပေးပြီး၊ ဖက်ဒရယ်စနစ်တွင်မူ သိသိသာသာ လုပ်ပိုင်ခွင့်/ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိသည်။
၃။ ဥပဒေတူညီမှုအခန်းကဏ္ဍတွင် တစ်ပြည်ထောင်စနစ်က တစ်နိုင်ငံလုံးအတိုင်းအတာရ တသမတ်တည်းအဖြစ် ကျင့်သုံးစေပြီး၊ ဖက်ဒရယ်စနစ်တွင် ဗဟိုအစိုးရ သို့မဟုတ် ပြည်နယ် တစ်ခုချင်းစီအရ ကွဲပြားနိုင်ချေရှိသည်။
၄။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖွဲ့စည်းပုံအဆင့်တွင် တစ်ပြည်ထောင်စနစ်က တစ်ခုတည်းသာရှိပြီး၊ ဖက်ဒရယ်စနစ်တွင် (၂) ခု (နိုင်ငံနှင့် ပြည်နယ်)ရှိနိုင်သည်။
၅။ ပြောင်းလွယ်ပြင်လွယ်ရှိမှု တစ်ပြည်ထောင်စနစ်တွင် အစိုးရယန္တရားလည်ပတ်မှု ပြောင်းလဲ ရန် ပိုမိုလွယ်ကူပြီး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင်မူ ပိုမိုတောင့်တင်းခိုင်မာတတ်သည်။
မြန်မာနိုင်ငံအနေအထားနှင့် ရခိုင်ပြည်မှာကော လက်တွေ့ အသုံးချနိုင်ခြေရှိသလား?။
အနာဂတ်မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံမှာ ဖြစ်တဲ့အတွက် ဒီစနစ်ကို ကျင့်သုံးခြင်းက သဟဇာတကျမယ့်အနေအထားတော့မရှိနိုင်လို့ သုံးသပ်ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အများစုက ဖက်ဒရယ်+ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စုကြီး ကို ဖော်ဆောင်ချင်ကြလို့ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့လို့ ပြည်ထောင်စုထဲက ပြည်နယ်အသီးသီးဟာ လက်ရှိတိုင်းနှင့်ပြည်နယ်(၁၄)ခု အနေနဲ့ မဟုတ်တော့ဘဲ လူမျိုးစုအရ ဖြစ်စေ၊ ပြည်နယ်/တိုင်း တချို့ကို ပေါင်းစပ်ပြီးဖြစ်စေ ပြန်လည်ဖွဲ့စည်းတဲ့အခါ ၎င်းပြည်နယ်/ တိုင်းဒေသကြီးတွေရှိ အများပြည်သူတွေရဲ့ သဘောထားကို ရယူပြီး အများစုသဘောတူခဲ့ရင် အသုံးပြုလို့ ရကောင်းရနိုင်ပါတယ်။ နောက်တစ်ချက်က တကယ်လို့ ဝပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSA)လိုမျိုး ပြည်ထောင်စုထဲက နိုင်ငံ/ပြည်နယ် အသေးစားအဖြစ် သီးသန့်ရပ်တည်ဖို့ ကြိုးစားတယ်၊ ဗဟိုအစိုးရကလည်း ဖွဲ့စည်းပုံအခြခံ ဥပဒေအရ ခွင့်ပြုတယ်ဆိုရင် ရခိုင်ဒေသမှာ ကျင့်သုံးနိုင်တဲ့ အဆင့်မှာ ရှိပါတယ်။ ဖြစ်နိုင်ခြေကတော့ အရမ်းနည်းပါတယ်။
မြန်မာနိုင်ငံ မြေပုံအတွင်းရှိ မည်သည့်ပြည်နယ်၊ တိုင်းဒေသကြီးဖြစ်စေ၊ ပြည်ထောင်စုအစိတ်အပိုင်း ဖြစ်တဲ့အတွက် ဖက်ဒရယ်စနစ်အရ အုပ်ချုပ်ရေးစနစ် ဖော်ဆောင် ခြင်းသည် အသင့်လျော်ဆုံးဖြစ်နိုင်ပြီး၊ ၎င်းထက်ကျော်လွန်သည့် တစ်ပြည်ထောင်စနစ်သည် ခွဲထွက်ရေးကို ပိုမိုတွန်းအားပေးကြောင်း (သို့) လုံးဝ ခွဲထွက်ရေးစနစ်ဖြစ်ကြောင်း သတိပြုကြရမှာပဲ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု/ဗဟိုအစိုးရအဆင့်မှာ တစ်ပြည်ထောင်စနစ် မကျင့်သုံးဘဲ၊ ပြည်နယ်အဆင့်မှာမှ ဤကဲ့သို့ ကျင့်သုံးခြင်းသည်၊ အုပ်ချုပ်ရေးယန္တရားပိုင်းမှာ ဗဟိုအစိုးရနဲ့ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မလိုအပ်ကြောင်းနှင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ငွေကြေးစနစ်တို့အထိ အကျိုးသက်ရောက်မှုရှိ သွားနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ဒီတစ်ပြည်ထောင် စနစ်ကျင့်သုံးခြင်းထက် Confederate စနစ်ကျင့်သုံးခြင်းက ပိုကောင်းမွန်နိုင်တယ်လို့ ယူဆိုနိုင်ပါတယ်။
နိဂုံး
တစ်ပြည်ထောင်စနစ်အစိုးရမှာ ဖက်ဒရယ်စနစ်နှင့် ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ဖက်ဒရယ် စနစ်တွင် ဗဟိုအစိုးရနှင့် သေးငယ်သော ဒေသဆိုင်ရာ အစိုးရများအကြား အာဏာကို ပိုင်းခြားထားတယ်။ အစိုးရအဆင့်တိုင်းတွင် ၎င်းတို့၏ အခွင့်အာဏာ နယ်ပယ်အသီးသီး ရှိကြပြီး၊ နိုင်ငံတော်ကို အုပ်ချုပ်ရန် အတူတကွ လုပ်ဆောင်ကြရပါတယ်။
သို့သော် တစ်ပြည်ထောင်စနစ်တွင် ဗဟိုအစိုးရသည် ပင်မအာဏာနှင့် အဆုံးအစွန်သော အာဏာအားလုံးကို ချုပ်ကိုင်ထားတယ်။ ဒေသဆိုင်ရာ အစိုးရများ ရှိနိုင်သော်လည်း ၎င်းတို့တွင် လုပ်ပိုင်ခွင့် အကန့်အသတ်ရှိပြီး ဗဟိုအစိုးရမှ ချမှတ်ထားသော မူဝါဒများကို အကောင် အထည်ဖော်ရန် အဓိက တာဝန်ရှိတဲ့ အဆင့်ငယ်အဖွဲ့အစည်းမျှသာ ဖြစ်ကြပါတယ်။
ကိုးကားချက်များ။
OpenAI. 2024. ChatGPT (September 15 version). Large language model. https://chat.openai.com/chat.
GoogleAI. 2024. Gemini (September 15 version). Large language model. https://gemini.google.com/chat.
ClaudeAI. 2024. Claude (September 15 version). Large language model. https://claudeai.com/chat.
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူး – ဒီပလိုမတ် သတင်းဌာန
www.britannica.com / unitary-state-government.