တိုင်းရင်းသားများသတင်း

စစ်ကောင်စီက အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်လို့ ဒေသခံများ ထိခိုက်မှုရှိ

ဓါတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၄

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ ဒုံရင်းမြို့နယ်မှာ စစ်‌ယဉ်တန်းနှင့်အတူ ဇာသပြင်ဘက်မှ ဖားအံသို့ပြန်လာသည့် စစ်ကောင်စီ တပ်သားများဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၂ရက်နေ့ နံနက် ၉နာရီခွဲ ဝန်းကျင် ခန့်က ကော့ပရံ ကျေးရွာအရောက် လမ်းမကြီးတစ်လျှောက် ‌‌လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ တာကြောင့် ဒေသခံ တချို့ ထိခိုက်မှု ရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

“ကားက ၁၀စီးလောက်ရှိတယ်၊ စစ်သားလည်းပါတယ်၊ သေနတ်မိုးပေါ်ထောင်ပြီးပစ်တာ၊ စိတ်လှုပ်ရှားပြီး ကြောက်လို့ ပေါ်တင်မကြည့် ရဲဘူး၊ အစက ဗြောက်ဖောက်သံလို့ထင်တယ်၊ အဖိုးက‌ ‌ဗြောက်ဖောက်သံ မဟုတ်ဘူး သေနတ်သံတဲ့၊ မယုံဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမက သေနတ်သံ တစ်ခါမှ မကြားဖူးဘူးလေ”ဟု မျက်မြင်ကိုယ်တွေ့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကောက်စိုက်ရာမှ ပြန်လာပြီး အနားယူသည့် မူးကဝါ ရွာသားတစ်ဦး ထိခိုက်တာပါ။

“ဟုတ်တယ်၊ မူးကဝါမှာ အဖွားတစ်ယောက်ကျည်ထိတယ်၊ တင်ပါးမှာ ထိတယ်ပေါ့နော်၊ အဖွားက ကောက်စိုက်ပြီး ပြန်လာအနားယူတုန်းထိတာ၊ ခုလောလောဆယ်တော့ ဆေးရုံပို့ထားတယ်၊ အဖွားရဲ့ အခြေအနေ မသိရ သေးဘူးပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မောက်မောက်လာကျေးရွာမှာလည်း စစ်ကောင်စီတပ်က သေနတ် ရမ်းသမ်းပစ်ခတ်လို့ ရွာသား တစ်ဦးနှင့် ကလေးငယ်တစ်ဦး ကျည်ထိမှန် ခဲ့သေးတယ်လို့ သိရပါတယ်။

၎င်းဖြစ်စဉ်တို့ကြောင့် ဖားအံ-ဇာသပြင် လမ်းမကြီးအနီးအနားရွာမှ လူကြီး(၂)ဦး၊ ကလေး(၃)ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အတိအကျကိုသိရှိနိုင်ဖို့ KNU မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိ သူများက ဆက်လက်အတည်ပြုဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ပါတယ်။

အလားတူ ကော့ပရံ ကျေးရွာဘက်မှာလည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်လို့ အလက ကော့ပရံ စာသင်‌ကျောင်းတွင် လက်နက်ကြီး ကျ‌ရောက် ပေါက်ကွဲခဲ့တာကြောင့် အဆောက်အဦးများ ထိခိုက် ပျက်စီးခဲ့ တယ်လို့ ဆိုပါတယ်။

“စာသင်ကျောင်းက လက်နက်ကြီးမှန်လို့ ပျက်စီးမှုအနည်းငယ်တော့ရှိတယ်၊ သီတင်းကျွတ်ကျောင်း ပိတ်ရက် ကာလမို့ ကံကောင်းတယ်လို့ပြောရမယ်၊ ဒီအခြေအနေနဲ့ဆို ကျောင်းပြန်ဖွင့်ပါ့မလား မသိဘူး”ဟု ကျောင်းသား မိဘတစ်ဦးက ပြောပြတာပါ။

စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုဖြစ်ပြီးနောက် ထုံးအိုင်ရဲစခန်းမှ ရဲများ လာရောက် စစ်ဆေးသေးတယ်လို့ ဆိုပါတယ်။

ကော့ပရံကျေးရွာဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ ဒုံရင်းမြို့နယ် မော်လမြိုင်-ဖားအံ ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး အဲဒီ ကျေးရွာဝန်းကျင်ဘက်မှာ KNU တပ်ဖွဲ့ ဘက်က စစ်ရေး လှုပ်ရှားမှု မရှိသလို စစ်အာဏာသိမ်းပြီးနောက် ယမန်‌နေ့ပစ်ခတ်မှု မဖြစ်ခင်အထိ အေးအေး ချမ်းချမ်း ရှိသည့် ရွာကြီးတစ်ရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Related Articles

Back to top button