သတင်း

နန်းဖယ်ခုံမြို့နှင့် အနီးတဝိုက်ရှိကျေးရွာများအတွင်း ပြန်လည်နေထိုင်ခြင်းမပြုလုပ်သေးဘို့ KNDF က ပြည်သူများသို့ အသိပေးနှိုးဆော်

ဓါတ်ပုံ – KNDF

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၉

ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှပြီး စစ်ကောင်စီတပ်များဟာ နန်းဖယ်ခုံမြို့မှ  ဒေါငံခါး  ကျေးရွာများအထိ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ တပ်စွဲထားလျက်ရှိခဲ့တာကြောင့် ကျေးရွာများအတွင်း မြေမြုပ်မိုင်းများနှင့်တိုက်မိုင်းများ ထောင်းထားခြင်း၊ နေရပ်ပြန်လာတဲ့ ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်များဟာ နေရပ်ပြန်နေသောပြည်သူများအား အကာအကွယ်ယူပြီး ပြည်သူ့ ကာကွယ် ရေးတပ်များကို တိုက်ခိုက်ခြင်းများလည်း ပြုလုပ်လျက်ရှိတာကြောင့် စစ်ရေးအရ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ အတွက် အခက်အခဲ ဖြစ်စေတာလို့ ဆိုပါတယ်။

တဖက်မှာတော့ ၄င်းကျေးရွာများမှာ စစ်ကောင်စီတပ်များက ငြိမ်းချမ်းရေးအဖွဲ့အစည်းများကို အသုံးချကာ ကျေးရွာများအတွင်း ပြည်သူများကို  ပြန်လည်နေထိုင်ရန်အတွက် နယ်မြေ ငြိမ်းချမ်းနေ သယောင်ဝါဒဖြန့်ပြီး စစ်အုပ်ချုပ်ရေးကို အသက်သွင်းရန် ကြိုးစားနေတာလို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် နန်းဖယ်ခုံမြို့မှ ဒေါငံခါးရပ်ကွက်များဟာ လက်ရှိအချိန်မှာ စစ်ဇုန်ဖြစ်နေတာကြောင့် တိုက်ပွဲများအချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်တာကို ပြည်သူများအနေဖြင့် နားလည်သဘောပေါက်ဖို့ လိုအပ် သလို ကျေးရွာများအတွင်း ပြန်လည်နေထိုင်ပါက တိုက်ပွဲများအတွင်း ကြားညပ် ပိတ်မိနိုင်တယ်လို့ သတိပေး ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ပြည်သူများအနေဖြင့် နန်းဖယ်ခုံမြို့မှ ဒေါငံခါးရပ်ကွက်များအထိ ကျေးရွာများအတွင်း ပြန်လည် နေထိုင်ရန်အတွက် အစောတလျင် မဆုံးဖြတ်ရန်နှင့် ကျေးရွာအတွင်း ပြန်ရောက်နှင့်နေပြီးဖြစ်ပါကလည်း လုံခြုစိတ်ချရမှုမရှိသည့်အတွက် ဘေးကင်းရာသို့ အမြန်ဆုံးပြောင်းရွေ့နေထိုင်ရန် အလေးနက် တွေးတောကာ ဆောင်ရွက်နိုင်ကြပါရန် အထူးတိုက်တွန်း နှိုးဆော်အပ်တယ်လို့ KNDF က သတိပေး ထုတ်ပြန်ပါတယ်။

Related Articles

Back to top button