ဓါတ်ပုံ – CNO
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၁
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ ကုတင် ၅၀ ဆံ့ Suangdawn လို့အမည်ပေးထားတဲ့ ဆေးရုံကို ဖွင့်လှစ်နိုင်လိုက်ပြီဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီဆေးရုံဟာ CNO/CNDF ကို ၂၀၂၁ ခုနှစ်မှာ စတင်ဖွဲ့စည်းတဲ့အချိန်ကစလို့ ဆေးကုသရေးတွေ လုပ်ပေးနေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ဆေးရုံအဖြစ် တိုးချဲ့ကာ ကလေးဒေသ ကာကွယ်ရေးတပ်ဖွဲ့က ဆရာဝန်တွေနဲ့ လက်တွဲပြီး ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ခွဲစိတ်ကုသတာ၊ ကလေးမီးဖွားပေးတာနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်တဲ့ ဝန်ဆောင်မှုတွေ ပေးနေတာလို့ CNO သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။
ဆေးရုံဖွင့်ပွဲကို မနေ့ သြဂုတ်လ ၂၀ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီအခမ်းအနားမှာတော့ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(CNDF)နဲ့ CNO တာဝန်ရှိသူတွေ အပါအဝင်၊ ချင်းလဲန်း ကာကွယ်ရေးပူးပေါင်း ကော်မတီအတွင်းရေးမှူး၊ PDF-kalay စစ်ဦးစီးချုပ် တို့လည်း
တက်ရောက် အမှာစကားပြော ဖွင့်လှစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အဲဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)တို့ကလည်း သဝဏ်လွှာပေးအပ်ခဲ့ပါတယ်။