သတင်း

မြဝတီ-ဝေါ်လေ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြား၊ နှစ်ဦး အရှင်ဖမ်းမိ

ဓာတ်ပုံ – Cobra Column

ဖက်ဒရယ်ဂျာနယ်မြန်မာ၊ သြဂုတ် ၁၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါ်လေတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူ များပြားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ် ၁၉ ရက်နေ့ မနက် ၃ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံ ခမရ (၁၀၂) က ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ မြဝတီ-ဝေါ်လေ ကားလမ်းရှိ ဘုရားကုန်းကို ကျုးကျော်သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

စစ်ကောင်စီတပ်နဲ့ တစ်နေ့ကုန်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ ဒုတပ်ကြပ်ထင်ကျော်နဲ့ တပ်သား မင်းသူတို့ ဖြစ်ပြီး ကော်ဘရာစစ်ကြောင်းက စစ်သုံ့ပန်း စည်းမျဉ်း ဥပဒေတွေနဲ့ အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်းဘက်က တပ်ဖွဲ့ဝင် ၃ ဦး (မစိုးရိမ်ရ) ဒဏ်ရာတွေ ရရှိထားပြီး ည ၇ နာရီအချိန်ထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ မှော်ဘီ လေတပ်အခြေစိုက်စခန်းကနေ Yak (130) လေယာဉ် နှစ်စီးနဲ့ ၃ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ MA (1)သေနတ် တစ်လက်၊ MA (2) သေနတ် (၁)လက်၊ ကျည်ကာ စစ်ခမောက် (၂) လုံး၊ RPG ဗုံးသီး (၂)လုံး၊ RPG ပို့ယမ်း (၂)တောင့်၊ ကျည်ကာ အီကွေ့မန့် (၂) ခု၊ ၅.၅၆ ကျည် (၁၀၀၀)တောင့်၊ ကျည်ဘောက် (၇)ခု၊ ၄၀ မမ ဗုံးသီး (၆) လုံး၊ ၆၀ မမ ဗုံးသီး (၄)လုံး အား သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button