သတင်း

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဥပဒေနည်းလှမ်းဖြင့် ထိန်းကျောင်းကြပ်မတ်နိုင်ဖို့ KIO တရားသူကြီးအဖွဲ့ ဖွဲ့စည်း

ဓါတ်ပုံ – The Kachin Net

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၈ ရက်၊ ၂၀၂၃။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဥပဒေနည်းလှမ်းဖြင့် ထိန်းကျောင်းကြပ်မတ်နိုင်ဖို့ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီရဲ့ ဦးဆောင် အစီအမံနဲ့ ဝါရင့် ဥပဒေရေးရာကျွမ်းကျင်သူ (ဥပဒေသမား) ၄ ဦး ပါဝင်တဲ့ တရားသူကြီးအဖွဲ့ တစ်ခုကို ယမန်နေ့ ဇွန် ၇ ရက်နေ့က ကချင်ပြည်လွတ်လပ်ရေး အတိုင်ပင်ခံ ကောင်စီ(KIC) ရုံး၏ အစည်းအဝေးခန်းမတွင် စတင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

တရားသူကြီးအဖွဲ့ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး ကချင်ပြည်လွတ်လပ်ရေး အတိုင်ပင်ခံ ကောင်စီ(KIC) ဥက္ကဌ(၁)လည်းဖြစ်၊ ယခုအစီအစဉ်ကို ကမကထ ဦးဆောင်သူလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော် ပြောတာက “တရားစီရင်ရေးမှာ အာဏာပါဝါနဲ့ လွှမ်းမိုးထိန်းမှုတွေ ကင်းမဲ့ဖို့ လိုအပ်သလို တရားဥပဒေ နည်းလှမ်း တကျဖြစ် တရားစီရင်နိုင်ရေးအတွက် ကျနော်တို့အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းမှုပုံသဏ္ဍာန်တို့ကို ပြောင်းလဲလာဖို့ ရည်ရွယ်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာလည်း ဥပဒေ နည်းလှမ်း၊ ဥပဒေ လုပ်ထုံး လုပ်နည်းတို့ဖြင့်သာ ထိန်းကျောင်း ကြပ်မတ်နိုင်ဖို့လည်း ရည်ရွယ်တားတာ ဖြစ်တယ်လို့ ပြောပါတယ်။

တရားသူကြီးအဖွဲ့ ဖွဲ့စည်းမှုကိုတော့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ တရားရေးဝန်ကြီးဌာနက ဝါရင့် ဥပဒေ ကျွမ်းကျင်သူများ ပါဝင်သလို ပြင်ပက ဥပဒေရေးရာ ကျွမ်းကျင်သူများကလည်း ပါဝင်ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုဖွဲ့စည်းလိုက်တဲ့ တရားသူကြီးအဖွဲ့ဟာ တရားရေးဝန်ကြီးဌာနနဲ့ တရားရုံးများတို့ဖြင့် ပူးပေါင်း အစီအမံ ချမှတ် လုပ်ဆောင်သွားမယ် ဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ တရားသူကြီးအဖွဲ့ ဖွဲ့စည်းမှုအပေါ် လူမှုကွန်ရက် (Facebook) အသုံးပြုတဲ့ ကချင်လူထုတွေကြားမှာတော့ အခုအစီအမံနဲ့ ပတ်သက်ပြီး အားပေးထောက်ခံမှုတွေကို ရေးသား ဖော်ပြနေကြတာလည်း တွေ့ရပါတယ်။

Related Articles

Back to top button