ဓာတ်ပုံ – KNDF
ဖက်ဒရယ်ဂျာနယ်၊ သြဂုတ် ၉
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း နေရပ်ပြန်လာကြတဲ့ စစ်ရှောင်တွေအနေနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာတွေကနေ ထွက်ခွာကြဖို့ အပါအဝင် သတိပေးချက် ၄ ချက်ကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)တပ်ရင်းတွေက သြဂုတ် ၉ ရက်နေ့မှာ အရေးပေါ် ကြေညာလိုက်ပါတယ်။
ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း (၁)၊ တပ်ရင်း (၅) နဲ့ တပ်ရင်း (၆) ရဲ့ တပ်ရင်းမှူး ၃ ဦး လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ အဲဒီအရေးပေါ် သတိပေးချက်မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာတွေအတွင်း ဝင်ရောက်နေထိုင်တာတွေ မလုပ်ကြဖို့နဲ့ ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့ အချိုသတ် စည်းရုံးသိမ်းသွင်းမှုတွေကို အတက်နိုင်ဆုံး ရှောင်ထွက်ကြဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် ကျေးရွာလူကြီးတွေ အပါအဝင် ကျေးရွာသူ၊ကျေးရွာသားတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လုပ်ငန်းတွေ လည်ပတ်မှု မရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်တာတွေ လုံးဝ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
ထုတ်ပြန်ထားတဲ့ အရေးပေါ် သတိပေးချက်ကို လိုက်နာမှု မရှိရင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)တပ်ရင်းတွေက သတိပေးထားတာ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ စစ်ရှောင်ပြည်သူအများစု နေရပ်မပြန်နိုင်သေးဘူး။