ဓာတ်ပုံ – PNDF
ဖက်ဒရယ်ဂျာနယ်၊ ဩဂုတ် ၉
PNDF ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ က ၎င်းတို့အဖွဲ့အစည်း ကိုင်စွဲပြီးကျင့်သုံးမည့် မူ၊ ဝါဒ၊ လုပ်ငန်းစဉ်များကို ထုတ်ပြန်ပါတယ်။
လက်နက်ကိုင် အဖွဲ့အစည်းတခုက မူဝါဒမရှိဘူးဆိုလျှင် အကြမ်းဖက်အဖွဲ့အစည်းပုံစံ ဖြစ်သွားနိုင်သာကြောင့် အဖွဲ့အစည်းတွင်း ကိုင်ဆွဲမည့် မူဝါဒ၊ လုပ်ငန်းစဉ်များကို ချမှတ်ထုတ်ပြန်ရသာဖြစ်တယ်လို့ ရဲဘော် ခွန်းသီဟထူးဇော်က ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။
“အခုလို မူဝါဒတွေချမှတ်တယ်ဆိုသာကလည်း လက်နက်ကိုင် အဖွဲ့တဖွဲ့မှာ ဘာမူဝါဒမှ မရှိဘူးဆိုရင် အကြမ်းဖက် အဖွဲ့အစည်းပုံစံဖြစ်သွားမှာပေါ့နော် အဲဒါကြောင့် မူဝါဒတွေကို ချမှတ်ပြီး ကိုယ့်မူဝါဒနဲ့ ကိုယ်သွားတဲ့ စစ်ဥပဒေတွေချမှတ်တယ်၊ ဒါတွေက ကျနော်တို့ရဲ့ တပ်ဖွဲ့ ထိန်းကွပ်မှုလည်းဖြစ်တယ်၊ နောက်ပြီးတော့ နောင်လာမည့် ရဲဘော်ရဲဘက်တွေကို ကြိုတင်ပြီးချပြသာဖြစ်သလို၊ ကျနော်တို့ PNDF ပအိုဝ်း အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဘယ်လိုပုံစံတော့သွားနေတယ်ဆိုတာကို ပြည်သူလူထုတွေ အနေနဲ့ လည်း သိရှိခွင့်ရအောင် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ပြောပါတယ်။
ဒါ့အပြင် ပြည်သူများရဲ့ ယုံကြည်ပြီး ထောက်ခံအားပေးမှု ရရှိထားသာကြောင့် အဖွဲ့အစည်း ရပ်တည်နိုင်ရေး အတွက် အခက်အခဲ ရှိပေမယ့် မြေပြင်မှာ မဟာမိတ်တပ်ဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်နိုင်နေတယ်လို့ ရဲဘော် ခွန်းသီဟထူးဇော်က ဖက်ဒရယ်ဂျာနယ်ကို ဆက်ပြောပါတယ်။
“တဘက်ကလည်း ပြည်သူတွေက ထောက်ခံပေးမှုတွေလည်း တစုံတရာရရှိထားသာဖြစ်တော့ အဓိကတော့ အဲဒီလိုပြည်သူ တွေရဲ့ ယုံကြည်ပေးနိုင်မှု ထောက်ခံမှုရရှိဖို့ဆိုရင် တဘက်ကလည်း မဟာမိတ်တွေက ထောက်ခံပေးမှဘဲ ရရှိမှာဖြစ် တယ်ဆိုတော့ လူထုတွေရဲ့ ယုံကြည်ပေးနိုင်မှုရရှိထားသာကြောင့် အဖွဲ့အစည်းရပ်တည်ဖို့ လွယ်ကူသာပေါ့နော်၊ MOD ရဲ့ တရားဝင်မှုမရရှိသေးသာကြောင့် တဘက်က အဖွဲ့အစည်း ရပ်တည်နိုင်ရေး ကလည်းခက်ခဲမှုတွေရှိနေပေမယ့်၊ မြေပြင်မှာ အနီးစပ်ဆုံးရှိတဲ့ မဟာမိတ်တပ် ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတွေကိုတော့ လုပ်ဆောင်နေပါတယ်” ဟု ပြောပါတယ်။
PNDF ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ ပအိုဝ်းဒေသကိုအခြေပြုပြီး ၂၀၂၁ ခုနှစ် မေလ က ပထမဦးဆုံး စတင်ဖွဲ့စည်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားခဲ့ကာ ၂၀၂၂ ခုနှစ် မတ်လ မှာ ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။
PNDF ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ အမျိုးသားရေးကို အခြေခံဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ရှမ်းတောင်ဒေသက လူမျိုးပေါင်းစုံပါဝင်ပြီး မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ၊ ဗိုလ်ကျစိုးမိုးရေးဝါဒ၊ လူမျိုးရေး ခွဲခြားရေး၊ အသားအရောင်ခွဲခြားရေး၊ ဘာသာအယူဝါဒ၊ လိုင်ခွဲခြားရေး စသော ခွဲခြားရေးဝါဒ အမျိုးမျိုးကို ဆန့်ကျင် သွားမှာ ဖြစ်သလို PNDF ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ တန်းတူရေးနှင့် တရားမျှတရေးဝါဒ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးဝါဒကို လက်ခံကျင့်သုံးသည့် လက်နက်ကိုင် အဖွဲ့တခု ဖြစ်ပါတယ်။
အခုတော့ ၎င်းတို့အဖွဲ့ဟာ ကရင်နီဒေသဘက်မှာ ပြန်လည်အခြေချပြီး ဖွဲ့စည်း တည်ရှိနေပါတယ်။