ဆောင်းပါး

“တိုင်းရင်းသားစာပေသင်ကြားရေး ဘာကြောင့်အရေးကြီးသလဲ”

 သွေး (စစ်ကိုင်း)

မြန်မာနိုင်ငံဟာ တိုင်းရင်းသားအမျိုးမျိုးပေါင်းစုနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ နိုင်ငံရဲ့ဖွံ့ဖြိုးတိုး     တက်ရေးရးဟာ ပညာရေးစနစ်ကောင်းမွန်ရေးအပေါ် အများကြီးမူတည်နေပါတယ်။ ဒါ့အပြင် ပညာ ရေးဟာ တိုင်းရင်းသားအားလုံးနဲ့ အကျုံးဝင်တဲ့ပညာရေးဖြစ်ဖို့ အထူးပဲ အရေးကြီးလှပါတယ်။

          ပညာရေးဟာအထက်တန်းအထိ အခမဲ့လို့ဆိုပေမယ့် အထက်တန်းထိဆုံးခန်းတိုင် ပညာမ သင်ယူနိုင်သူတွေလည်း အမြောက်အများရှိနေတာပါ။ မြန်မာနိုင်ငံမှာ လူနည်းစုတိုင်းရင်းသားတွေ ဟာ လက်နက်ကိုင်ပဋိပက္ခတွေမှာ မြေစာပင်ဖြစ်နေရဆဲဖြစ်သလို နေရပ်စွန့်ခွာ ထွက်ပြေးနေရမှု ကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးရတာလည်းရှိပါတယ်။

          တစ်နိုင်ငံလုံးကစာသင်ကျောင်းတွေမှာ အဓိကသင်ကြားပေးနေတာက “ဗမာစကား” နဲ့ ဖြစ်ပါ တယ်။ ဗမာဘာသာစကားဟာ အရေးပါတာမှန်ပေမယ့် တိုင်းရင်းသားဒေသတွေမှာ ဘာသာစကား မပေါက်မှု၊ ဘာသာစကား အခက်အခဲတွေရှိနေတာ ငြင်းမရပါဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ တဲ့နေရာတွေမှာ ဆရာ/မ မလုံလောက်မှု၊ သင်ထောက်ကူပစ္စည်း မလုံလောက်မှုတွေလည်း ရှိနေဆဲ ပါ။

          ကျောင်းသင်ခန်းစာတွေကို ရုံးသုံးဘာသာစကားဖြစ်တဲ့ ဗမာဘာသာစကားနဲ့ သင်ကြားပေး ရာမှာ တိုင်းရင်းသားကလေးငယ်တွေ ဘယ်လောက်ထိ နားလည်တတ်မြောက်နိုင်စွမ်းရှိမလဲ ဆိုတာ ကလည်း မေးခွန်းထုတ်စရာပါ။ ဒါကြောင့် သက်ဆိုင်ရာတိုင်းရင်းသား ဘာသာစကားတွေ တိုင်းရင်း သားစာပေတွေပါ သင်ကြားပေးဖို့ လိုအပ်နေပါတယ်။

          ပညာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး တိုင်း ရင်းသားဘာသာသင် ဆရာ/မ တွေကို နေ့စားလပေး ဆရာ/မ တွေအဖြစ် ခန့်ထားဖို့ လုပ်ဆောင်နေ ပါတယ်။ ဒီလိုခန့်ထားတာဟာ ကောင်းမွန်တဲ့ အစီအမံဖြစ်ပေမယ့် သူတို့ရရှိမယ့်လစာဟာ အလွန် နည်းပါးနေတာကို သတိပြုမိပါတယ်။ ထောက်ပံ့ကြေးအနေနဲ့ တလမှာ (၃၀၀၀၀)ကျပ်ပဲ ရရှိမှာဖြစ် လို့ တနေ့ကို (၁၀၀၀)ကျပ်ပဲ ရရှိမယ့်သဘောပါ။ အလုပ်သမားတစ်ယောက်ကို တနေ့လုပ်ခလစာ (၃၆၀၀)ကျပ် ရရှိနေတဲ့အချိန်မှာ တိုင်းရင်းသားစာပေသင်ကြားပေးမယ့် ဆရာ/မ တွေရရှိမယ့် (၁၀၀၀)ကျပ်ဟာ နည်းပါးနေတာအမှန်ပါ။

          ဒါကြောင့် ဆရာ/မ  တွေရဲ့ ဘဝရပ်တည်ရေးအတွက် သင့်တင့်မျှတတဲ့ လစာရရှိရေး ကိစ္စကို ပါ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ မူလတန်းကျောင်းတွေ မှာ တိုင်းရင်းသားဘာသာစကား အထောက်အကူ သင်ကြားနိုင်ဖို့ ဆရာ/မ တွေ ခန့်အပ်ဖို့ရှိတယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက ပြောကြားထားပါတယ်။ (၂၀၁၉)ခုနှစ်အတွင်း ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ခန့်အပ်နိုင်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။

          အရှိုချင်းတိုင်းရင်းသားတွေနေထိုင်ကြတဲ့ မကွေးတိုင်းဒေသကြီးမှာ အရှိုချင်းစာပေ သင်ကြား ရေးကို လုပ်ဆောင်နေတာက ဥပမာကောင်းတစ်ခုဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲမှာလည်း ကရင် စာပေ၊ မွန်စာပေတွေကို သင်ကြားပေးနေတာရှိပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ခိုင်မြဲဖို့ တိုင်းရင်းသားစာပေသင်ကြားရေး လိုအပ်တယ်လို့ ထောက်ပြကြသူတွေလည်း ရှိပါတယ်။

          အခြားတစ်ဖက်ကစဉ်းစားကြည့်ရင်လည်း တိုင်းရင်းသားဒေသတွေမှာ အခြေခံကျတဲ့ အခွင့် အရေးတွေ ဆုံးရှုံးနေတာကို စိတ်မကောင်းစရာ တွေ့မြင်နေရပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာမှာ လူမျိုးအလိုက် မိ၊ ဆလိုင်း၊ နန်း …. စတဲ့ နာမည်တွေနေရာမှာ မောင်၊မ …. စတဲ့ ဗမာ လူမျိုးတွေကို ခေါ်ဆိုတဲ့ ပုံစံအတိုင်း ရေးသွင်းရတာမျိုးပါ။ နေရာအားလုံးမှာမဟုတ်ပေမဲ့ အဲဒီလိုရေး သွင်းရတဲ့နေရာတွေ ရှိနေတာက တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းကို အပြည့်အဝ နားမလည်တာကို ညွှန်ပြနေပါတယ်။

          စာသင်ကျောင်းတောင် လုံလုံလောက်လောက်မရှိသေးတဲ့ တိုင်းရင်းသားဒေသတွေမှာ စာ သင်ကျောင်းတွေ လုံလောက်ဖို့ အစိုးရအနေနဲ့ ဦးစားပေးလုပ်ဆောင်ရမှာပါ။ ဒါ့အပြင် စာသင် ကျောင်းတွေဆီသွားရတဲ့ကျောင်းသား/သူ တွေ အဆင်ပြေချောမွေ့ရေးကိုပါ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ ရေလမ်းကသွားမှ စာသင်ကျောင်းကို ရောက်ရမယ့်နေရာတွေမှာ ကျောင်း သားတွေအတွက် လုံခြုံဘေးကင်းစွာ သွားရောက်နိုင်ဖို့ စီစဉ်ပေးရမှာပါ။ မိုးရာသီမှာ ရွှံ့နွံထူထပ်တာ၊ စာသင်ကျောင်းတွေ မိုးမလုံတာမျိုးအတွက် အဆင်ပြေနိုင်မယ့်နည်းလမ်းတွေကို မိုးရာသီမရောက် ခင်ကတည်းက စဉ်းစားရမှာပါ။ ဥပမာ- ချင်းပြည်နယ်မှာ မိုးရာသီအတွင်း ကျောင်းတက်ရတဲ့ ကလေးတွေဟာ အခက်အခဲတွေကြားက ပညာသင်ယူနေရတာ ဖြစ်ပါတယ်။ တကယ်လို့ ဖက်ဒရယ်ပြည်ထောင်စုသာ တည်ထောင်နိုင်ခဲ့ရင် အဆင်ပြေတဲ့ရာသီဥတု သာယာတဲ့အချိန်မှာ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။ တချို့သောတိုင်းရင်းသားဒေသတွေမှာ သဘာဝ ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရတဲ့ ကလေးတွေပါရှိနေတာကို သတိပြုသင့်ပါတယ်။

          ဖြစ်သင့်တာက တိုင်းရင်းသားစာပေကို ဘယ်ပြည်နယ်၊ ဘယ်တိုင်းဒေသကြီးတွေမှာ သင် ကြားမယ်၊ ဘယ်လိုပုံစံနဲ့ သင်ကြားမယ်ဆိုပြီး သင်ရိုးညွှန်းတမ်းကိုပါ တိုင်းရင်းသားဘာသာစကားနဲ့ စာပေကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ပြုစုသင့်ပါတယ်။ တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားပေး မှုတွေ ရှိမှသာ သူတို့ရဲ့ပညာရေးအဆင့်အတန်းလည်း မြင့်မားလာမှာဖြစ်ပါတယ်။ ဆရာ/မ တွေ ခန့် အပ်ရာမှာလည်း ဒေသခံ တိုင်းရင်းသားတွေထဲက ခန့်အပ်နိုင်ရင် ပိုကောင်းပါတယ်။

          (၂၀၁၉-၂၀၂၀) ပညာသင်နှစ်မှာ အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသားစာပေသင် ကြားပေးဖို့ နေ့စား၊ လပေး ဆရာ/မ အဖြစ် လျှောက်ထားသူဟာ မွန်ပြည်နယ်မှာ (၈၀၀) ကျော် ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ မွန်တိုင်းရင်းသားစာပေ၊ စကောကရင်စာပေ၊ ပိုးကရင်စာပေ၊ ပအို့စ် တိုင်းရင်းသားစာပေသင်ကြားနေတဲ့ ဆရာ/မ တွေ ပါဝင်ပါတယ်။ မွန်ပြည်နယ်မှာတော့ တိုင်း ရင်းသားစာပေသင်ကြားမှုကို အရင်အစိုးရလက်ထက် (၂၀၁၄-၂၀၁၅) ပညာသင်နှစ်ကနေ စတင်ခဲ့ တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့အတွက် ပေးတဲ့လစာနည်းပါးနေတာကို ပြန်သုံးသပ်ပြီး သင့်တင့် မျှတတဲ့ လစာ ရရှိအောင် အစိုးရဘက်က လုပ်ဆောင်ပေးသင့်ပါတယ်။

          တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိဖို့၊ တိုင်းရင်းသားအချင်းချင်းကြား နားလည်မှုပို ရှိဖို့၊ ယဉ်ကျေးမှု ရေရှည်တည်တံ့ဖို့ တိုင်းရင်းသားစာပေ သင်ကြားရေးကို အရှိန်မြှင့်တင်ပြီး ကောင်းမွန်တဲ့ ပညာရေးစနစ်ဖြစ်ဖို့ အဘက်ဘက်က ကြိုးစားသွားသင့်ပြီ ဖြစ်ပါကြောင်း။ ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button