ကဗျာ

‘ ရုပ္တု ‘

အသက်မရှိတဲ့အပြင် အတုကြီး
ဒီအတုကြီးကို
မြို့လယ်မှာထားချင်တယ်

ဒီမြို့ကိုလာလည်ကြတဲ့အခါ
သူတို့ အတုကြီးကိုငေးငေးပြီး
မြို့အတုကိုလာမိတဲ့အကြောင်း
တွေးတွေးမိမယ်ပေါ့

ဂရိစစ်သည်တွေပုန်းခဲ့တဲ့ ရုပ်တုလို
ဒီရုပ်တုထဲ
လူတွေထင်မထားတဲ့အရာတွေရှိမယ် မထင်နဲ့
ဒါ အယောင်ပြတဲ့သဘော
ဒါမှမဟုတ် နိမိတ်ပေါ့
(အတုမြို့က မင်းကို ကြိုဆိုတယ် )

အတုမှန်း သိတဲ့သူက
‘ အတု ‘ ‘ အတု ‘
လို့ဆန္ဒပြကြလိမ့်မယ်
နောက်တော့ မြို့မှာ
‘သူရဲကောင်းအတု’ တစ်ယောက်
ထပ်ပေါ်လာမယ်

ဒီရုပ်တုက
အဖွဲ့အစည်းဘယ်လောက်ကို
အလုပ်ပေးမလဲ
(အစိုးရအဖွဲ့၊ဆန့်ကျင်အဖွဲ့
၊ထောက်ခံအဖွဲ့ စသဖြင့်ပေါ့ )
အနည်းဆုံး
အလုပ်တုလည်း ပေါ်လာမယ်

ရုပ်တုဟာ အတုပီသဖို့
အတုဖြစ်မှရမယ်
ရုပ်တုဟာ အစစ်နဲ့တူတဲ့အတုလည်း ဖြစ်ရမယ်

ကဗျာဆရာက
စာရွက်ပေါ် ချရေးလိုက်တယ်
“ရုပ်တုကို မြို့လယ်ခေါင်မှာ စိုက်ထားကြပါ
ရုပ်တုမြင်တိုင်း အတုတွေအကြောင်းကို
တွေးတွေးပြီး ရှင်သန်ကြပါ
အတုဟာ အတုပဲ ”
ကဗျာတစ်ပုဒ်တောင်
အဆစ်ရလိုက်သေးရဲ့ ။

ဆလိုင်းနံရံ Feb , 2019

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button