သတင်း

ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) အခြေခံ စစ်ပညာသင်တန်း အမှတ်စဥ်(၂) သင်တန်းဆင်းပွဲ အခမ်း အနားပြုလုပ်

ဖက်ဆစ်ဖြို ဖက်ဒရယ်တည်၊ ဗမာပြည်နယ် ဖက်ဒရယ်ယူနစ်နဲ့ 𝗕𝗣𝗟𝗔
▬▬▬▬▬▬▬▬▬▬▬
EAOs တွေနဲ့ပူးပေါင်းပြီး ဖက်ဆစ်တပ်ချေမှုန်းရေး တိုက်ပွဲ၀င်ပြီဖြစ်တဲ့BPLAဟာ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးမှာ ဗမာဖက်ဒရယ်ယူနစ် (ဝါ) ဗမာပြည်/ပြည်နယ် သတ်မှတ်ပါ၀င်တည်ဆောက်ရေးကို တရား၀င်ထည့်သွင်းကြေညာတဲ့ သမိုင်းမှာပထမဆုံး ဗမာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ဖြစ်ပါတယ်။
🔘 BPLA နဲ့ EAOs
BPLA ဖွဲ့စည်းဖို့ ၂၀၂၁ မတ်လဆန်းမှာ စတင်ဆောင်ရွက်ခဲ့ကာ၊ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သူတို့ရဲ့အကူအညီနဲ့ ၂၀၂၁ ဧပြီ ၁၇ရက်မှာ BPLAကို ဖွဲ့စည်းခဲ့တယ်လို့‌ သိရပါတယ်။ EAOsတွေနဲ့ တိုင်ပင်ဆွေးနွေး သဘောတူညီထောက်ပံ့ကူညီမှုနဲ့အတူ စတင်ဖွဲ့စည်းတဲ့ ဗမာလက်နက်ကိုင်တော်လှန်ရေးတပ်သစ်ဖြစ်တာကြောင့် ဒီနိုင်ငံလို ပြည်ထောင်စုပဋိပက္ခသမိုင်းနောက်ခံအခင်းအကျင်းမှာ အဟောင်းဖောက်ထွက် ဖက်ဒရယ်ခြေလှမ်းသစ်အပြောင်းအလဲလို့ ဆိုနိုင်ပါတယ်။
လက်ရှိမှာ BPLA ကို EAOs တွေက ကျောထောက်နောက်ခံပေး ဝိုင်းကူညီနေကြရာမှာ အဓိကအားဖြင့် – နွေဦးတော်လှန်ရေးတပ်ဦးမှာပူးပေါင်းပြီး တော်လှန်ရေးအင်အားစုတွေကို နေရာပေး ထရိန်နင်ပေး ကျားကန်ကူညီ တိုက်ပွဲ၀င်‌နေတဲ့ တော်လှန်ရေးသက်တမ်းအရှည်ဆုံး EAO၊ နွေဦးတော်လှန်ရေးမှာ သွယ်ဝိုက်တချို့ပါ၀င်ရင်း သီးခြားလွတ်လပ်‌ရေးလမ်းစဉ်နဲ့ လက်ရှိဆယ်စုနှစ်အတွင်း တရှိန်ထိုးအင်အားကောင်း ပါဝါဒိုင်းနမစ်အသစ်ဖန်တီးနိုင်လာတဲ့ EAO တို့က ကူညီနေကြပါတယ်။ ဒါ့အပြင် တဆက်စပ်တည်း ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပူးပေါင်း အလားအလာကောင်း ရှိနေပါတယ်။
🔘 ဒီကနေ့ ကြေညာချက်အရ BPLA ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေက –
၁။ အာဏာရှင်စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရေး
၂။ လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး
၃။ ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့်ကိုအာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်တည်ဆောက်ရေး
၄။ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရာတွင် ပြည်ထောင်စုအဖွဲ့၀င် ဗမာဖက်ဒရယ်ယူနစ် (ဝါ) ဗမာပြည်/ဗမာပြည်နယ် သတ်မှတ်ပါဝင်တည်ဆောက်ရေးနှင့်
၅။ ပြည်သူလူထုတို့၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရေး တို့ ဖြစ်ပါတယ်။
“ဘုံရည်မှန်းချက်တူညီသည့်အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုလုပ်ကာ တိုက်ပွဲများဆင်နွှဲသွားမည်” လို့ BPLAက စစ်ကြေညာတယ်။
🔘 တပြည်ထောင်စနစ် ရပ်
ဒီနိုင်ငံဟာ “ပြည်ထောင်စု”အမည်ခံပြီး လွတ်လပ်ရေးရကတည်းက အခုအချိန်ထိ “တပြည်ထောင်စနစ်” ကျင့်သုံးတဲ့ အာဏာရှင်တအုပ်စုပြီးတအုပ်စုအောက် တောက်လျှောက် ကျရောက်ခဲ့ရပါတယ်။
ဒါကြောင့် ပြည်ထောင်စု co-founderတွေဖြစ်ကြတဲ့ တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးစစ်ရေးအင်အားစုတွေဟာ ဗမာပြည်နယ်သတ်မှတ်ရေး သဘောထား ရှိခဲ့ကြတာ ရာစုနှစ်၀က်ချီကြာလာပါပြီ။ အရင်ကတည်းက တော်လှန်ရေးအင်အားစုတွေဟာ FCDCCရဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှာလည်း ဗမာပြည်နယ် ထည့်သွင်းရေးဆွဲထားခဲ့တာ တွေ့နိုင်တယ်။ လက်ရှိ‌ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာ(FDC) အစိတ်အပိုင်း(၁)မှာ – “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသော ပြည်ထောင်စုအဖွဲ့၀င် ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။ ပြည်ထောင်စုအဖွဲ့၀င် ပြည်နယ်များအားလုံး (ဖက်ဒရယ်ယူနစ်အားလုံး)တို့သည် နိုင်ငံရေးအရ တန်းတူသည်” လို့ ပြဌာန်းထားတယ်။ ဒါဟာ ဒီနိုင်ငံရဲ့ သမိုင်း၀င် ကောင်းမွန်တဲ့ဖက်ဒရယ်အပြောင်းအလဲတခုကို တော်လှန်ရေးအင်အားစုဘက်ကရေးဆွဲလိုက်နိုင်တာပါပဲ။
ဒါပေမဲ့ တန်းတူညီမျှ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြည်နယ်တွေနဲ့ ဖွဲ့စည်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ ပါ၀င်ဖို့အတွက် ဗမာပြည် ဗမာဖက်ဒရယ်ယူနစ်နဲ့ပတ်သတ်လို့ ဗမာခေါင်းဆောင်တွေက ရေရေရာရာ ပြောတာ မရှိသေးပါဘူး။ မကောင်းတာကတော့ – ချာတာအစိတ်အပိုင်း(၂)ဖြစ်တဲ့ ကြားကာလဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပ‌ဒေမှာတော့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်အားလုံးမှာ ဗဟိုချုပ်ကိုင် တပြည်ထောင်စနစ် အရိုးစွဲ ဆက်ပါ၀င်နေတာ တွေ့နိုင်ပါတယ်။ အဲဒါကို ပြင်ရပါမယ်။
သေချာတာကတော့ ဒီနိုင်ငံမှာ အခုထိ တောက်လျှောက်ကျင့်သုံးလာခဲ့သလို “ပြည်ထောင်စု” အမည်ခံ “တပြည်ထောင်စနစ်” ဆက်မလုပ်ဖို့ အရေးကြီးပါတယ်။ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ ပြည်နယ်တွေနဲ့ ဖက်ဒရယ်စနစ် သဘောတူညီချက် လိုနေပါတယ်။ တော်လှန်ရေးကာလပဋိညာဉ်မှာတောင် တပြည်ထောင်စနစ် ဆက်လုပ်ရင် အာဏာရှင်ပုံစံအားလုံးကိုတိုက်ဖျက်တဲ့တော်လှန်ရေးသံသရာ ရှည်ကြာသင့်တာထက်ပိုရှည်ကြာညောင်းစေပါလိမ့်မယ်။

#ဓါတ်ပုံ_BPLA

🔘 ဖက်ဆစ်ဖြို ဖက်ဒရယ်တည် (တပြိုင်နက်)
ဒီက‌နေ့ကာလ ဒီနိုင်ငံရဲ့ သမိုင်းအချိုးအကွေ့ ၊ ပါဝါဒိုင်းနမစ် အလှုပ်၊ နိုင်ငံရေးအခင်းအကျင်း အပြောင်း၊ မြေပုံကားချပ်အရွေ့၊ တော်လှန်ရေးမှာ – မြန်မာ့လူ့အဖွဲ့အစည်းမှာနက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေခဲ့တဲ့ စစ်အာဏာရှင်စနစ်အပါအ၀င် အာဏာရှင်ပုံစံအမျိုးစုံအားလုံး၊ လူမျိုးကြီးဝါဒနဲ့ အကြမ်းဖက်ဖက်ဆစ်စစ်အုပ်စုကိုတော်လှန်ဖြိုချရေးမှာ emerging actorတွေထဲ BPLA ပေါ်ထွက်လာပါတယ်။ Power struggle ဖြစ်တဲ့နိုင်ငံရေးမှာ ပါဝါဟာ စကားပြောပါတယ်။ ခိုင်မာတဲ့နိုင်ငံရေးမျှော်ရည်ချက်၊ ချိတ်ဆက်ပူး‌ပေါင်းတဲ့ မဟာမိတ်၊ စနစ်တကျ မဟာဗျူဟာ …တွေနဲ့ အချိန်နဲ့အမျှတည်ဆောက်ရင်းပါဝါကောင်းတဲ့အခါ ‌ပြဿနာဖြေရှင်းနိုင်မယ့်power balanceကိုဖန်တီးနိုင်ပြီး လွတ်မြောက်ပါလိမ့်မယ်။ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းမှုနဲ့ လူသားလုံခြုံမှု ရှိတဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်နဲ့ဖက်ဒရယ်တပ်ကို လက်တွေ့မျက်မှောက်ပြုနိုင်ပါလိမ့်မယ်။
လက်ရှိမှာ BPLAဟာ လူငယ်အဖွဲ့၀င်တွေနဲ့ ကျစ်ကျစ်လျစ်လျစ် စု‌ဖွဲ့မှု၊ လေ့ကျင့်မှု၊ တည်ဆောက်မှုတွေလုပ်နေပြီး လက်နက် စနစ်တကျတပ်ဆင်နိုင်နေတယ်လို့ သိရပါတယ်။ အဖွဲ့၀င်သစ်တွေနဲ့ အပတ်စဉ်သစ်တွေလည်း စီစဉ်နေတယ်။ အခုတော့ ထရိန်နင်ဆင်းပြီးတဲ့အပတ်စဉ်က BPLA တပ်ဖွဲ့၀င်တွေဟာ မဟာမိတ် EAO နဲ့အတူပူးပေါင်းပြီး ဖက်ဆစ်တပ်ကို တိုက်‌နေပါပြီ။ တပ်အသစ်တွေ မွေးဖွားတည်ဆောက်တဲ့ကာလ လူအရင်းအမြစ်နဲ့ ရံပုံငွေအရင်းအမြစ် ရုန်းကန်ရတာတွေ အနည်းနဲ့အများရှိမှာ ထုံးစံပါပဲ။ ပြည်သူလူထု (အထူးသဖြင့်) တော်လှန်လူငယ်ထုနဲ့အတူ လက်တွဲဝိုင်း၀န်းအားပေးပူးပေါင်းကြရမယ့် ခေတ်သစ်တော်လှန်ရေးအင်အားစုတွေထဲက တခုဖြစ်ပါတယ်။
ငြိမ်းငြိမ်းပြည့်
ဖက်ဒရယ်ဂျာနယ် ( ဇန်နဝါရီ – ၄ – ၂၀၂၂ )

Related Articles

Back to top button