တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                                    (No. 54, July 26, 2022)

၁။ ကွတ်ခိုင်တွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွား၊ အသက် ၃နှစ်အရွယ်ကလေး လက်နက်ကြီးထိမှန်
July 25, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြိုhနယ် လွယ်ဆမ်ဆစ်တောင်ခြေ မန်နောင်ကျေးရွာအနီးတွင် ယနေ့နံနက် ၇ နာရီ ခန့်က ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ကေအိုင်အေ တပ်ရင်း (၂၉)က စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရန်သွားရောက်စဉ် လမ်းခုလတ်ဖြစ်သော ယူကလစ်သစ်တောတွင် တပ်မ(၇၇) စစ်ကြောင်းနှင့် ထိတွေ့ကာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြေပြင်စစ်သည်များနှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။ “KIA က လူတွေက သူတို့(စစ်ကောင်စီ)တွေ ကားဆင်းလာတယ်ကြားလို စောင့်နေတာ။ အဲ့လမ်းကဖြတ်လာတဲ့ ယူကလစ်သစ်တောမှာ စစ်ကောင်စီတပ်တွေရှိနေကြတာတဲ့၊ အဲ့မှာတွေ့ပြီး ပစ်ကြတာပေါ့” ဟုပြောသည်။

တိုက်ပွဲ ၂၅ မိနစ်ခန့်ဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အနီးရှိ မန်နောင်ရွာ ကလေးငယ်တစ်ဦး ဦးခေါင်းထိမှန်ခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ “တိုက်ပွဲဖြစ်နေတာဟုတ်တယ်။ လွယ်ဆမ်ဆစ်တောင်ခြေ ယူလစ်သစ်တောဘက်မှာဖြစ်တာ။ ဒီမနက်က အသံတွေကြားနေရ တယ်” ဟုပြောသည်။ လက်နက်ကြီးစထိမှန်ခဲ့သောကလေးငယ်သည် အသက်သုံးနှစ်အရွယ် မောင်မိုင်းအညမ်းဖြစ်ပြီး လက်ရှိ အချိန်တွင် ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်းသိရသည်။ မိုင်းနောင်ကျေးရွာပါဝင်သော ကွတ်ခိုင်မြို့နယ်သည် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၃၉ ခုရှိပြီး လူဦးရေ ၁ သိန်းကျော်ခန့်နေထိုင်သော မြို့နယ်တစ်ခု ဖြစ်သည်။

၂။ ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်က အပြစ်မဲ့လူငယ်တစ်ဦးအား ပစ်သတ်ခဲ့
July 25, 2022
ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်း ၁၁နာရီခန့်တွင် ဟားခါးမြို့နယ်၊ နှီာရ်လောန်ကျေးရွာတွင် စစ်ကောင်စီတပ်သားများက ဆလိုင်းမန်လျန်ဆန် (၂၂)နှစ် အားပစ်သတ်သွားကြောင်း ဒေသခံတွေကပြောပါသည်။ ယနေ့မနက်ပိုင်းက စစ်သားတွေ ရွာထဲ ရောက်ရှိလာကြတော့ ရွာသားတွေထွက်ပြေးကြတယ်။ ဆလိုင်းမန်လျန်ဆန် ကတော့ မှုကြိုကျောင်းက ကလေးတွေကို သွားခေါ်ဖို့ ဆိုင်ကယ်နဲ့တစ်ယောက်တည်းထွက်သွားတာ လမ်းမှာ စစ်တပ်နဲ့ကြုံပြီး ပစ်သတ်ခံရတယ်” လို့ ရွာလူကြီးတစ်ဦးက ပြောပါသည်။ ဆလိုင်းမန်လျန်ဆန်သည် နှီာရ်လောန်နှစ်ခြင်း ဘုရားကျောင်းတွင် အထွေထွေ အလုပ်သမားအဖြစ် ဝင်ရောက် လုပ်ကိုင်သူ ဖြစ်ပြီး ကျေးရွာအတွက်အားကိုးအားထားရသော လူငယ်တစ်ဦး ဖြစ်ကြောင်း ပါစတာတစ်ဦးက ပြောပါတယ်။ လက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်ကောင်စီတပ်သား ဦးရေ ၁၀၀ ခန့်သည် ယနေ့ နံနက်ပိုင်းတွင် ဟားခါးမြို့မှ ထွက်ခွာကြပြီး ဟားခါးနဲ့ ၇ မိုင်ခန့်‌ဝေးသည့် နှီာရ်လောန်ကျေးရွာတွင် ရောက်ရှိကြရာ ရွာသားအများစုသည် ဘေးလွတ်ရာသို့ ထွက်ပြေးကြလို့ ရွာအတွင်း အခြေအနေ အသေးစိတ် သိရှိရန် ခတ်ခဲကြောင်း ဒေသခံတစ်ဦးကဆိုသည်။

၃။ သေဒဏ်ပေးခံရသူများထက် ရဲရင့်သည့် အနာဂတ်သူရဲကောင်းများ ထပ်မံပေါ်လာဦးမည်ဟု AA ပြော
July 25, 2022
ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီ အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ပေးလိုက်သော်လည်း ၎င်းတို့ထက် ပို ရဲရင့်ပြီး မြန်မာနိုင်ငံအပြောင်းအလဲအတွက် စွန့်လွှတ်စွန့်စားစိတ်များနှင့်အတူ နွေဦးတော်လှန်ရေးအတွက် ပို၍ အကျိုးပြုသော အနာဂါတ်သူရဲကောင်းများထပ်မံလာဦးမည်ဟု အပြည့်အဝယုံကြည်ကြောင်း ရက္ခိုင့်တပ်တော် (AA)က ယနေ့ဇူလိုင်လ (၂၅)ရက် နေ့တွင်သတင်းထုတ်ပြန်သည်။ ၎င်းတို့လေးဦးကို သေဒဏ်ပေးခြင်း အမှန်တကယ် ဖြစ်ခဲ့ပါက မြန်မာပြည်သူတစ်ရပ်လုံးကဒေါသ ကြီးစွာဖြင့် တုံ့ပြန်လာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အခြေအနေများအပေါ် အထူးစိုးရိမ်ကြောင်း AA က ဆိုထားသည်။

မလုပ်သင့် မလုပ်အပ်သော သေဒဏ်ချမှတ်ခြင်းအလုပ်ကို မလုပ်သင့်သည့်အချိန်၌ မလုပ်မိစေရန် ယဉ်ကျေးသော သံတမန်ရေးနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများမှ မေတ္တာရပ်ခံတားမြစ်နေသည့်ကြားမှ စစ်ကောင်စီ၏ မိုက်မဲစွာ သေဒဏ် စီရင်သည့် သတင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသနှင့်မခံချင်စိတ်ကို ပို၍ဆိုးရွားစွာ စိန်ခေါ်‌ နှိုးဆွလိုက်ခြင်း ပင်ဖြစ်ကြောင်း AA က ပြော ဆိုထားသည်။ ဒါ့အပြင်ယင်းလုပ်ရပ်နှင့် ပတ်သက်၍ “မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ငြိမ်းချမ်းရေးအတွက် များစွာရင် လေးမိပါ သည်” ဟု သတင်းထုတ်ပြန်ထားသည်။ AA အနေဖြင့် သေဒဏ်ပေး ခံရသော သူများ၏ မိသားစု၊ ဆွေမျိုး၊ မြန်မာပြည်သူ လူထု တစ်ရပ်လုံးနှင့် ထပ်တူဝမ်းနည်းခံပြင်းမိသည်ဟုလည်း ထုတ်ပြန်ထားသည်။ https://t.me/TachileikNewsAgency /27858

၄။ CDF-Matupi နဲ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး
July 25, 2022
CDF-Matupi နဲ့ စစ်ကောင်စီအကြား မတူပီမြို့နယ် လည်မြိုချောင်းတံတားအနီးတွင် ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ယောက်သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း CDF-Matupi က ထုတ်ပြန်ထားပါတယ်။ လည်မြိုချောင်းတံတားဟာ မတူပီ-မင်းတပ်လမ်းကြားမှာရှိပြီး မတူပီမြို့ကနေ ၅ မိုင် လောက်ကွာဝေးပါတယ်။ “စစ်ကောင်စီ အင်အား ၁၀ ယောက်ကျော် လည်မြိုမြစ်ဘက်ကို လမ်းကြောင်းရှင်းဖို့ ဆင်းလာကြတဲ့ ချိန်ပစ်တာ။ သူတို့မှာ မြေထိုးစက်ကြီးတွေလည်း ပါလာတယ်။ နေ့လည်ပိုင်းထိ စစ်ကောင်စီတပ်သားတွေ လည်မြိုမြစ်နားမှာ ရှိ နေတုန်းပဲ” ဟု CDF-Matupi တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခုလို လမ်းကြောင်းရှင်းဖို့ ထွက်လာရတဲ့ အကြောင်းရင်းကတော့ ဇူလိုင်လ ၂၀ ရက်နေ့က ပခုက္ကူကနေ မင်းတပ်မြို့ ထဲကိုတက်လာတဲ့ စစ်ကား ၆၆ စီးဟာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ထဲပစ္စည်းတွေချပြီး ကျောက်ထုဘက်ပြန်ဆင်းသွား ကြပါ တယ်။ ဒါပေမယ့် စစ်ကောင်စီတပ်သားတွေဟာ မင်းတပ်မှာချထားတဲ့ ပစ္စည်းတွေကို မတူပီမြို့ ဆက်လက်သယ်ဆောင်ရန် စစ်ကောင်စီတပ်က အခုလို လမ်းကြောင်းရှင်းလင်းတာလည်းဖြစ်နိုင်တယ်လို့သိရပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် CDF-Matupi ဘက်မှ ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း ဆိုပါတယ်။ https://www.zalen.info/cdf-matupi-%E1 %80%94%E1%80%B2%E1%80%B7%E1%

၅။ မြဝတီ-ဝေါလေ (၃) ထပ်ကွေ့လမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်များ အကျအဆုံးထိခိုက်ဒဏ်ရာရရှိမှုများကြောင့် တပ်နောက်ပြန်ဆုတ်နေရ
July 25, 2022
မြဝတီ -ဝေါလေလမ်းပိုင်းအား နယ်မြေစိုးမိုးနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်များအား ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ၃ ထပ်ကွေ့ နေရာအား မကျော် လွန်နိုင်သည့် အခြေအနေရှိနေဆဲဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့ဝင်အကျအဆုံးထိခိုက်ဒဏ်ရ ရရှိမှုများ ကြောင့် တပ်နောက်ပြန်ဆုတ်ခွာ နေရကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။ KNLA ပူးပေါင်း စစ်ကြောင်းတာဝန်ရှိသူ တစ်ဦးက “စစ်ကူစစ်ကြောင်း တွေက ဖလူးရွာဘက်ကို အင်အားဖြည့် ထပ်ပို့နေပြီးတော့ ၃ ထပ်ကွေ့ဘက်အကုန်တက်ခိုင်းနေတာပါပဲ၊ ၃ ထပ်ကွေ့ကို မကျော် နိုင်သေးပါဘူး။ ပစ်ခတ် သံကြားရင် တိုက်ပွဲဖြစ်နေ တယ်ပုံစံ သူတို့လူကြီးတွေဆီ သတင်းပို့ပြီး တပ်ဖျောက်ရှောင်နကြတာ များတယ်။ တက်လာလိုက်၊ ပစ်ချလိုက်၊ ပြန်ဆုတ်သွားလိုက်ဖြစ်နေတာ နေ့တိုင်းလိုလို ဖြစ်နေတာပါပဲ၊ အကျအဆုံး သတင်း တွေ ဖျောက်ထားပြီး နောက်က စစ်ကြောင်းတွေ ထပ်တက်လာဖို့ သူတို့လုပ်နေကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဇူလိုင်လ ၂ ရက်မှစတင်ပြီး မြဝတီ-ဝေါလေဒေသဘက်သို့ စစ်ကောင်စီတပ်ဘက်မှ တပ်မ ၂၂ ၊ တပ်မ ၄၄ လက်အောက် ခံတပ်ရင်းများမှ စစ်သည်များအား ဖြည့်စွက်စစ်ကြောင်းဖွဲ့စည်းကာ ဖလူး- ကဆောဝါးလေး-ဝေါလေတောင်ပေါ် လမ်းအား နယ်မြေရှင်းလင်းစိုးမိုးနိုင်ရေးအတွက် စစ်ဆင်ရေးမြေပြင် စစ်ကြောင်းများ၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်သော်လည်း ၃ ထပ်ကွေ့နေရာတွင် KNLA ပူးပေါင်းတပ်များဘက်မှ တန်ပြန်တိုက်ခိုက်မှုများကြောင့် အကျအဆုံးများစွာဖြင့် တပ်ပြန် ဆုတ်ခွာမှု များဖြစ်နေသည်မှာ ယခုဇူလိုင်လ ၂၅ ရက်အထိရှိလာနေပြီဖြစ်ကြောင်း ပူးပေါင်းတပ်ဘက်က ပြောသည်။ ” အခုက သူတို့ တော်တော်တပ်ပျက်နေပီ၊ တပ်ပျက်တွေက လူတွေပြန်စုပြီး တပ်ရင်းပြန်ဖွဲ့ ရှေ့တန်းပြန် ထွက်ခိုင်းအဲ့သလိုတွေ ဖြစ်နေပြီ။ အဲ့ဒီစစ်ကြောင်းတွေဘက်က ကျနော်တို့ဘက်ကို CDM ဝင်ပူးပေါင်းခိုလှုံ တာတွေလည်း ရှိနေတယ်၊ နောက်ထပ် CDM ဝင်မယ်ဆို အချိန်မရွေးရောက်တဲ့နေရာနေဆက်သွယ်ပါ ၊ ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးနေပါတယ်”ဟု အဆိုပါ KNLA ပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၆ ဒေသတွင် ယခုဇူလိုင်လ အတွင်း မြဝတီ-ဝေါလေလမ်းပိုင်း၊ မြဝတီ-မဲကနယ်-အာရှလမ်းသစ်၊ ကော့ကရိတ်-ကိုးတိုင်-တောင်ကြာအင်းလမ်းပိုင်း၊ ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံ-အဇင်းလမ်းပိုင်းနေရာဒေသအတွင်း စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်များ နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်ဟု မြေပြင်သတင်းအရ သိရသည်။ https://kicnews.org/2022 /07/%e1%80%99%e1%80%bc%e1%80%9d%e1%80%90%e1%80%ae

၇။ RCSS ရဲ့ လိုက်လံ ဖမ်းဆီးမှုကြောင့် နောင်လိုင်ရွာခံ ထောင်နဲ့ချီ တောထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့က အဆက်အသွယ် ပြတ်တောက်နေ
July 25, 2022
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက် ညပိုင်းမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ကျေးရွာခံတွေကို ဖမ်းဆီးနေတာကြောင့် ရှမ်းတောင် လဲချားမြို့နယ် နောင်လိုင်ကျေးရွာက ဒေသခံ ထောင်နဲ့ချီဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရသူတစ်ဦးက “ကျနော်တို့ တနေရာထဲ ထွက်ပြေးတာမဟုတ်ဘူး။ သူ့အစုနဲ့သူ ထွက်ပြေးနေကြတယ်။ ဖုန်းလိုင်း မရှိတော့ တချို့ ဆက်သွယ်ရတာ ခက်ခဲတယ်။ ရွာထဲမှာ RCSS အင်အား (၂၀၀) ကျော်လောက်ရှိနေတယ်။ ရွာမှာ တချို့အသက်ကြီးတဲ့ အဖိုးအဖွားပဲ ရှိတော့တယ်။ ကျနော်တို့ အခုထွက်ပြေးနေရလို့ အစား အသောက်တွေလည်းမရှိဘူး”လို့ ရွှေဖီမြေကိုပြောပါတယ်။ RCSS တပ်ဖွဲ့က ကျေးရွာထဲမှာနေထိုင်ပြီး ဒေသခံတွေ ကြောက်လန့် လို့ ကျေးရွာထဲကနေ အစားအသောက် သွားမယူရဲကြဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

နောင်‌လိုင်ရွာဟာ လဲချားနဲ့ မိုင်နောင်မြို့နယ်ကြားမှာရှိပြီး ဒေသခံတွေ တခြားမြို့နယ်ဘက် ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားပေမယ့် ပြည်တောင်စု လမ်းမကြီးတွေမှာ RCSS တပ်ဖွဲ့က စခန်းချပြီး စောင့်နေတာကြောင့် ထွက်ပြေးလို့ မရဘဲ ဖြစ်နေ ပါတယ်။ ဇူလိုင် ၁ ရက်မှာ RCSS က ‌နောင်လိုင်ကျေးရွာသား (၂၀၀)ဦးကို လူသစ်စုဆောင်းဖို့ အစည်းအဝေးခေါ်ပြီးနောက် ကျေးရွာခံ (၄၀၀)နီးပါး ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားကြတယ်လို့ ၎င်းက ဆိုပါတယ်။ အဲဒီကျေးရွာဟာ ပလောင်တိုင်းရင်း သားတွေနေထိုင်တဲ့ရွာဖြစ်ပြီး RCSS က တောင်းဆိုထားတဲ့ ဆန်အိတ်ပေါင်း (၂၃၀)ကိုသွားရောက် ပို့ဆောင်ပေးခဲ့ပေမယ့် စစ်သားလုပ်ဖို့ လူသစ် (၂၀၀)ဦးကို မပို့ဆောင်ပေးနိုင်တာကြောင့် လိုက်လံဖမ်းဆီးနေတာပဲဖြစ်ပါတယ်။ လိုက်လံဖမ်းဆီးခံရ တာကြောင့် ကျေးရွာခံ (၅၀)ဝန်းကျင်ဖမ်းဆီးခံရပြီး ရွှေဖီမြေက RCSS ဆီဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

၈။ စစ်ကောင်စီမှ ဖမ်းဆီးထားသည့် စနဲဒေသခံ ၁၅ ဦးအနက် ၇ ဦးကို ပြန်လွတ်
July 25, 2022
ကျောက်ဖြူမြို့နယ်၊ စနဲမြို့မရဲစခန်းမှူးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက ဒေသခံ ၁၅ ဦးခန့်ကို ဖမ်းဆီးခဲ့ရာ ဇူလိုင်လ ၂၅ ရက်တွင် ၇ ဦးပြန်လည်လွတ်မြောက်လာပြီး ၈ ဦးကို ကျောက်ဖြူသို့ ပို့ဆောင် လိုက်ကြောင်း သိ ရသည်။ ကျောက်ဖြူသို့အပို့ခံရသူ ၈ ဦးမှာ ကံပြင်ရပ်ကွက်မှ မခင်နီလာလွင်နှင့် ညီမဖြစ်သူ မခင်သူဇာလွင်၊ ကံပြင် ရပ်ကွက် မှ မအေးမြတ်မွန်နှင့် ညီမ မမိုးမိုးသွယ်၊ စနဲမြို့ပေါ်ရပ်ကွက်မှ ကိုအောင်နိုင်ဝင်း၊ စံပယ်ချောင်းကျေးရွာမှ ကိုတင်မျိုးထွန်း၊ မောင်စည်သူထွန်း၊ ခင်မောင်စိုးတို့ဖြစ်ကြသည်။ စနဲမြို့ ကံပြင်ရပ်ကွက်မှ မခင်နီလာလွင်နှင့် မခင်သူဇာလွင်တို့ကို စနဲမြို့ပေါ်ရှိ အစ်မဝမ်းကွဲဖြစ်သူနေအိမ်သို့ သွားရာလမ်းတွင် စစ်ကောင်စီက ခေါ်ယူဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သူမ၏ အဒေါ်တော်စပ်သူ ဒေါ်စောနုကပြောသည်။ “သူတို့ကိုက လမ်းမှာဖမ်းတာ။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ အန်တီတို့လည်းမသိဘူး။ အခု လည်း ကျောက်ဖြူကိုခေါ်သွားမယ်ဆို တာကို လည်း အန်တီတို့မသိဘူး။ အခုကျောက်ဖြူကိုရောက်နေတယ်။ သူတို့ ဘယ်မှာ လည်းဆိုတာကို စုံစမ်းနေ တယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် မအေးမြတ်မွန်နှင့် မမိုးမိုးသွယ်တို့ကိုလည်း စစ်ဆေးရန်ရှိသည်ဟုဆိုကာ နေအိမ်မှခေါ်ဆောင်သွားခဲ့ ခြင်းဖြစ် သည်။ ယခုကဲ့သို့ အပြစ်မဲ့သည့်အမျိုးသမီးများအား ဖမ်းဆီးသွားခြင်းအပေါ် အထူးစိုးရိမ်ကြောင်း ဖမ်းဆီးခံထားရသူ များ၏ မိသားစုဝင်များက ပြောသည်။ “သူတို့ ညီအစ်မနှစ်ယောက်က ညနေဖက်ထမင်းစားပြီးလို့ TV ကြည့်နေချိန်မှာ စစ်သား ၈ ယောက်ရောက်လာပြီး စစ်ဆေးစရာ ရှိလို့ သူတို့နှစ်ယောက်ကို လာခေါ်တယ်လို့ပြောပြီး ခေါ်သွားတယ်။ သူတို့လက်မှာ သေနတ်တွေလည်းပါတော့ ဘာမှမပြောရဲလိုက်ဘူး။ သူတို့လာခေါ်တုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး လည်း မပါဘူး။ ပြီးတော့ ခဏလေးလို့ခေါ်သွားတာဆိုတော့ ထည့်ပေးလိုက်တယ်။ အခုမှ ကျောက်ဖြူကိုထပ်ပို့တယ်လို့ သတင်းရလို့ လိုက်လာတာ ဘယ်မှာထားတယ်ဆိုတာကိုတော့ စုံစမ်းနေတယ်”ဟု ၎င်းတို့နှစ်ဦး၏ မိခင် ဒေါ်ခင်သန်းကြည်ကပြောသည်။

၉။ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တိုက်ပွဲ စစ်ကောင်စီဘက်က သေဆုံးမှုများပြားရှိ
July 26, 2022
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး အထက် သေဆုံးမှုရှိကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက်တွင် မိုးဗြဲမြို့ထဲ စစ်ကောင်စီက စစ်ကြောင်း ထိုးဝင်လာကြောင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ တပ်ဆွဲထားသည့် ဆောင်နန်းခဲကျေးရွာထဲတွင် PDF တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။ မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်း သေဆုံးမှုရှိပြီး PDF ဘက်မှ (၁) ဦး ဒဏ်ရာ ရရှိကာ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ဦးသေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “တိုက်ပွဲ သတင်းတော့ ကျနော်တို့ အသေးစိတ်မသိရဘူး။ ဒါပေမဲ့ မနေ့က စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လို့ ပြည်သူ ၂ ဦး ကိုရှပ်ထိ သွားတယ်။ အဖွားတစ်ယောက်တော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒီနေ့တော့ တိုက်ပွဲက ငြိမ်သွားပြီ။ စစ်ကောင်စီဘက်က ဘယ်ဘက်ကို တပ်ဆုတ်သွားလဲမသိရဘူး” ဟု Mobye Rescue Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ မိုးဗြဲမြို့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်း သေဆုံးမှုရှိကြောင်း နှင့် PDF ဘက် မှ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ “သူတို့ဘက်က စစ်ကြောင်းအရင်ထိုးလာတာ။ မနေ့ မနက်ကတည်းက စစ်အင်အားတွေ ဖြည့် လာနေတယ်လေ။ ၅ နာရီလောက်မှ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ၁၀ ဦးထက်မနည်း သေဆုံးမှုရှိမယ်ထင်တယ်။ ကျနော်တို့ ဘက်တော့ ၁ ယောက်တော့ ထိခိုက် ဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထိုအပြင် ဖယ်ခုံမြို့ ဆောင်နန်းခဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီကို ဖယ်ခုံမြို့ PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ နှင့် ဒဏ်ရာရရှိသူ ၈ ဦး ခန့်ရှိကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ ဖယ်ခုံမြို့နယ် ဆောင်နန်းခဲ ကျေးရွာတွင်လည်း ယမန်နေ့ ၌ တိုက်ပွဲ ၁ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး ယခုနောက်ပိုင်း ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့တို့တွင် တိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်း ဒေသခံ PDF ထံမှ သိရသည်။ https://burmese.shannews.org/archives/29432

၁၀။ ရပ်စောက်မြို့နယ် အမျိုးသားတစ်ဦး ကျားကိုက်ခံရ၊ ဒဏ်ရာပြင်းထန်
July 25, 2022
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် အမျိုးသားတစ်ဦးသည် ကျားကိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင် အသက် ၃၅ နှစ်ရှိ စိုင်းစံအောင်သည် ရပ်စောက်မြို့နယ် ပန်ဆေးကျေးရွာအုပ်စု ကွန်ကောက် ကျေးရွာ အရှေ့ဘက်ရှိ တောထဲတွင် မျှစ်နှင့် ဟင်းစားရှာ ထွက်စဉ် ကျား ကိုက်ခံရကြောင်း ဖြစ်စဉ်များကို သိရှိ ရသူ အမည်မဖော်လို ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူ က မျှစ်သွားရှာတာတဲ့၊ တောကောင်အသေးတွေလည်း လိုက်ရင်းနဲ့ပေါ့၊ ဒါပေမဲ့ ကျားနဲ့တွေ့ပြီး တူမီးသေနတ် နဲ့ ပစ်လိုက် တာ ကျားကို မထိလို့၊ ကျားက သူ့ကို ပြန်ကိုက်လိုက်တာ၊ လက်တွေ ခြေထောက်တွေ ရင်ဘတ်တွေ ဒဏ်ရာပြင်းထန်တယ်” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။ ကျားကိုက်ခံရသူ စိုင်းစံအောင်သည် ရပ်စောက်မြို့နယ် ပန်ဆေးကျေးရွာအုပ်စုမှ ကွန်ကောက် ကျေးရွာတွင် နေထိုင်သူ လုံးခမ်းလူ နှင့် ပါနန်းငွေတို့၏ သားဖြစ်ပြီး လက်ရှိတွင် ငှဲကျန်ကျေးရွာသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေလျက်ရှိ ကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေသခံအမျိုးသား ကျားကိုက်ခံရခြင်း ကိစ္စနှင့် ပတ်သက်ပြီး သစ်တောပြုန်းတီးမှုနှင့် ရာသီဥတု ပြောင်းလဲ မှုတို့ကြောင့် စားကျက်ပြောင်းလာသည့် တောရဲတိရိစ္ဆာန်များ ရှိနိုင်ရာ ပြည်သူများအနေဖြင့် တောနင်း သွားလာမှုများ အထူးဂရု ပြုရန်လိုအပ်ကြောင်း သျှမ်းပြည်သဘာဝအဖွဲ့ စိုင်းခေးဆိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လက်ရှိမှာ သစ်တောတွ ပြုန်းတီးလာတာရယ်၊ ပြီးတော့ သားကောင်တွေအတွက် စားကျက်နေရာက ပူနွေးတာ ရယ်ကြောင့် ကျားက အခုလို ဒီဘက် တောကို ရောက်ရှိလာတယ်လို့ မြင်မိပါတယ်၊ ကျားက ပူနွေးတဲ့နေရာ မကြိုက်ဘူး၊ အဲ့ကြောင့် တောကောင်းတဲ့ နေရာကို သူရှာမှာ၊ ဒါကြောင့် ဒီရှေ့ဆက် ဒေသခံပြည်သူတွေ အထူးသတိထား သွားလာဖို့ လိုတယ်” ဟု စိုင်းခေးဆိုင်က ပြောသည်။ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်လည်း တန့်ယန်းမြို့နယ်၌ အမျိုးသား ၃ ဦး ကျားကိုက်ခံရပြီး ဒဏ်ရာရရှိခဲ့ဖူးကြောင်း သိရသည်။ https://burmese.shannews.org/archives/29414

၁၁။ စစ်ကောင်စီတပ်သား၏ သေနတ်လုပြေးသော ဟားခါးမြို့က လူငယ်တစ်ဦး၏ မိဘနေအိမ်ချိတ်ပိတ်ခံရ
July 25, 2022
ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင်ရှိသည့် အင်းဝဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား၏ သေနတ်လုပြေး ခဲ့သော လူငယ်တစ်ဦး၏ မိဘနေအိမ်ကို ဇူလိုင်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ချိတ်ပိတ်ခဲ့သည်ဟု သိရသည်။ “အင်းဝ ဘဏ်နားမှာ ရဲတွေကနေကြတာ သူတို့အိမ်လည်း အဲ့အနားမှာ ဆိုတော့ကင်းစောင့်တဲ့သူတွေနဲ့ အရက်အတူ သောက်ဖြစ်တယ်။ ရဲတွေလည်း အရက်အကုန်မှုး ကြတော့ သေနတ်တလက်ကို ခိုးပြီးပြေးတာ သူ့မိဘတွေလည်း အဲ့ကိစ္စနဲ့ မနေရဲတော့တာ။ အဲ့အဖြစ်အပျက်က တနှစ်လောက်ကြာပြီ သူတို့အိမ်ကို အတိအကျမသိလို့ မနေ့တနေ့ကပဲ သူတို့ အိမ်မှန်းသိတော့ ချိတ်ပိတ်ခံ လိုက်တာ” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ သေနတ်လုသည့် ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်စစ်ကောင်စီက အာဏာသိမ်းပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ် ကြသော ပြည်သူများအား အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းပြီးနောက် ချင်းပြည်နယ်တွင် ချင်းဒေသကာကွယ် ရေးတပ်ဖွဲ့(CDF) များစတင်ဖွဲ့စည်းခဲ့ သောအချိန်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က သေနတ်လုပ်ပြေးသွားသောလူငယ်၏ နေအိမ်အားလိုက်လံစုံစမ်းခဲ့ရာတွင် မကြာသေးခင်ကမှ သိရှိခဲ့ပြီးနောက် ယခုကဲ့သို့ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ ၎င်း၏ မိသားစုဝင်များမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က လုံခြုံသည့်နေရာတွင် တိမ်းရှောင်ခိုလှုံခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ နိုင်ငံပိုင် အဖြစ် ချိတ်ပိတ်သိမ်းယူခဲ့သည့်လူနေအိမ် ၆ အိမ်ရှိခဲ့ပြီး ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွတ်တော်ကိုယ်စားလှယ် ဦးရှန်မန်း နေအိမ်ကိုမူ စစ်ကောင်စီတပ်မှ ပြန်လည်ပေးအပ်ခဲ့ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆမီးမြို့က NLD လွတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်နေအိမ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က ဟားခါးမြို့က ချင်းအမျိုးသားတပ်ဦး CNF ဒုက္ကဌလည်း ဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဖယ်ဒရယ်ပြည်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း နေအိမ်၊ သိက္ခာတော်ရ ဆရာတော် ဦးဗန်ကျဲမ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ ဖလမ်းမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြည်နယ် လွတ်တော်အမတ် Pu Ral Hnin (ပူးရမ်နှင်း) နေအိမ်တို့ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်။

၁၂။ မောင်တောတိုက်ပွဲမှာ ရန်စမှုတစ်ခုဖြစ်ကြောင်း စစ်ကောင်စီက AA ကို အပြစ်ပြော
July 26, 2022
ပြီးခဲ့သည့် မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီး ခြင်းမှာ မလုပ်သင့်မလုပ်ထိုက်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း စစ်ကောင်စီဘက်က AA ကို အပြစ်တင်ပြောဆို လိုက်သည်။ “တပ်မ တော်အနေနဲ့ ဒေသခံရခိုင်လူထုရဲ့ အကျိုးကိုရှေးရှုပြီး စိတ်ရှည်သည်းခံခဲ့ပါတယ်။ ဒါပေမယ့် AA အဖွဲ့က မလုပ်သင့် မလုပ်ထိုက် တဲ့ ရန်စမှုကို ဇူလိုင်က ၁၈ ရက်နေ့ မောင်တောမြို့နယ်အတွင်း နေရာနှစ်ခုမှာ လုပ်ဆောင်ခဲ့ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ကျဆုံးပြီး တချို့ဖမ်းဆီးခံခဲ့ရပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ ယနေ့(ဇူလိုင်လ ၂၆ ရက်)တွင် ပြုလုပ်သည့် (၁၈)ကြိမ်မြောက် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

AA တပ်ဖွဲ့ဝင်များသည် ရှမ်းမြောက်နှင့် KIA ကချင်ဒေသများတွင်သာရှိသည့်အတွက် KNLA ကရင်ဒေသတွင် AA ရှိ သည်ဆိုသည်မှာ ရိုးသားမှုမရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်ပြောသည်။ “AA ရဲ့ မူလအစက KIA နယ်မြေမှာဖြစ်ပြီး လက်ရှိအချိန်ထိ ရခိုင်ပြည်ဒေသအချို့မှာ လှုပ်ရှားနေတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ သူတို့ ခေါင်းဆောင်အဆင့်ရှိသူ တွေရဲ့ ထုတ်ဖော်ပြောဆိုမှုမှာလည်း ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ပိုင်း၊ ရခိုင်ဒေသအချို့မှ သူတို့တပ်တွေရှိတယ်လို့ ဆိုထားပြီး ဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲမှာရှိတယ်ဆိုတာ ဘယ်ခါမှ ပြောဆိုတာမတွေ့ရ ဘူး”ဟု ၎င်းကဆိုသည်။ “တပ်မတော်အနေနဲ့ လိုအပ်တဲ့စစ်ဆင်ရေးလုပ်တာ ပစ်ခတ်တိုက်ခိုက်မှုလုပ်တာဟာ ဘယ်တိုင်းရင်းသား၊ ဘယ်အဖွဲ့အစည်း၊ ဘယ်တပ်ကို စစ်ဆင် ရေးလုပ်တာလို့မရှိပါဘူး။ အကြမ်းဖက်အဖွဲ့အစည်းကို တိုက်ခိုက်ဖို့အတွက် စစ်ဆင်ရေးလုပ်တာလည်းဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ကပြောသည်။ စစ်ကောင်စီနှင့် AA တို့သည် ပြီးခဲသည့် ၂၀၂၀ နိုဝင်ဘာလမှ စပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ (နားလည်မှု)ဖြင့် တိုက်ပွဲများ ရပ်တန့်ထားနိုင်ခဲ့သသော်လည်း ယခုရက်ပိုင်းတွင် တိုက်ပွဲကြိုးကြားဖြစ်ပွားလာကာ ရခိုင်ဒေသ အပါဝင် ပလက်ဝမြို့နယ်များတွင်လည်း ၎င်းတို့အကြား စစ်ရေးတင်းမာနေသည်။

၁၃။ သေဒဏ်စီရင်မှု နိုင်ငံရေးဆွေး‌နွေးပွဲကို ထိခိုက်စေဟု PPST ပြော
July 26, 2022
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လူလေးဦးကို သေဒဏ်စီရင်မှုကြောင့် နိုင်ငံ‌ရေးဆွေးနွေးပွဲများကို ထိခိုက်စေ ကြောင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာန သို့ ပြောသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို သွားမည်ဆိုပါက ပြည်သူလူထု၏ လိုလား ချက်ကို အလေးထားရမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဗိုလ်မှူးကြီးစောကျော်ညွန့်က “ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စု သွားမယ်ဆိုရင် ဒီမိုကရေစီ အစုအဖွဲ့တွေအားလုံး ဒီမိုကရေစီအစုအဖွဲ့လို့ ပြောလိုက် မယ်ဆိုရင် ဒီမိုကရေစီလို့ ပြောလိုက်ရင် ကျနော်တို့က ပြည်သူလူထုကို အရင်ဆုံး သတိရဖို့ ပြည်သူလူထုမှာ ဖြစ်ပေါ်နေတဲ့ ခံစားမှုတွေ ပြည်သူလူထုရဲ့ လိုလားချက်တွေကို ကျနော်တို့ အလေးထားရမှာ ဖြစ်ပြီးတော့ ဖက်ဒရယ်လို့ ပြောလိုက်မယ်ဆိုရင်လည်း တိုင်းရင်းသားများအားလုံး လိုလားတောင်းတနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စသဖြင့် ပေါ့လေ၊ ဒါတွေလည်း ကျနော်တို့ အလေးထားရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ခုနက ပြောတဲ့ အချက်ထဲမှာဆိုရင် လက်ရှိကတော့ ဒီလိုမျိုးဖြစ်ပျက်နေတဲ့ ကိစ္စရပ်တစ်ခုကတော့ ချုပ်ပြီးတော့ပြောလိုက်မယ်ဆိုရင် ကျ‌နော် တို့ ပြောနေတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မယ့် နည်းလမ်းကို အဖြေရှာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အတွက်ကတော့ တစ်စုံတစ်ရာ အတိုင်းအတာ တစ်ခုအထိတော့ ကြန့်ကြာမှုတွေ ထိခိုက်မှုတွေ အဲဒီလိုမျိုး ရှိမယ်ဆိုတာကတော့ ကျနော်တို့ အဲဒီလိုပဲ သုံးသပ်မိပါတယ်ခင်ဗျ” ဟု ပြောသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း ဇူလိုင် ၂၅ ရက်တွင် နစက၏ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းစာများတွင် ဖော်ပြခဲ့ သည်။ အဆိုပါ သေဒဏ်စီရင်မှုကို အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအချို့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ရှုတ်ချခဲ့ကြသည်။ ဗိုလ်မှူးကြီး စောကျော်ညွန့်က “ဒီလိုမျိုး နိုင်ငံရေးအခြေအနေက ပုံမှန် မရှိတဲ့ ကာလမှာ PPST အနေနဲ့ကတော့ တွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ နည်းကပဲ ဆက်လက် ဆောင်ရွက်သွားဖို့က အဲဒီကဏ္ဍမှာ ရပ်တည်ချက်ရှိတယ်၊ အဲဒီအပေါ်မှာ ခုနက ဆရာပြော တဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ တခြားသူတွေလည်း ရှိသေးတယ်၊ အဲဒီလူတွေ အပေါ်မှာလည်းပဲ လက်ရှိကလည်း တစ်တိုင်း ပြည်လုံးကလည်း အသံတွေ အမျိုးမျိုး ထွက်နေတယ်ဆိုတာလည်း ကျ‌နော်တို့ ကြားသိရပြီး ဖြစ်တယ်။ ကျနော်တို့ အနေနဲ့ ကတော့ တစ်တိုင်းပြည်လုံးကို လွှမ်းခြုံတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းတည်ဆောက်တဲ့ အချိန်မှာ တစ်တိုင်းပြည်လုံးမှာဖြစ်တည်နေတဲ့ ပြည်သူလူထုရဲ့ လိုလားချက် အစုအဖွဲ့ အသီးသီး တွေရဲ့ လိုလားချက်အပေါ်မှာ အခြေခံပြီးတော့ ကျ‌နော်တို့ အနေနဲ့ ဒီကိစ္စရပ်တွေကို တားဆီးနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေး၊ အပြန်အလှန် ညှိနှိုင်းခြင်းနဲ့ပဲ ကျနော်တို့ ဆက် လက် ဆောင်ရွက် သွားသင့်တယ်ဆိုတာ အမြင်ရှိပါတယ်” ဟု ပြောသည်။

၁၄။ နမ့်ဆန်-နမ္မတူ နယ်စပ်ရှိ လီလုချောင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်ယူမယ့် စီမံကိန်းကြောင့် ရေဝပ်ဧရိယာအတွင်း ကျရောက်တဲ့ လီလုရွာ ပြောင်းရွှေ့ပေးရမယ်လို့ဆို
July 26, 2022
နိုင်ငံတော်ရဲ့ လျှပ်စစ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုပြီး ရှမ်းမြောက် နမ့်ဆန်-နမ္မတူမြို့နယ် နယ်စပ်မှာရှိတဲ့ လီလုချောင်းကို ပိတ်ပြီးတော့ ရေကာတာ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်ယူမယ့် စီမံကိန်းကြောင့် ရေဝပ်ဧရိယာ အတွင်း ကျရောက်နေတဲ့ လီလုကျေးရွာ ပြောင်းရွှေ့ပေးရမယ်လို့ သိရပါတယ်။ တည်ဆောက်မယ့် ရေကာတာ စီမံကိန်းက နမ္မတူ-သီပေါ လျှပ်စစ်ဓာတ်အား စီမံကိန်းလို့ နာမည်ပေးထားပြီး ရှမ်းမြောက် ကျောက်မဲခရိုင် နမ္မတူမြို့နယ်ရဲ့ မြောက်ဘက် ၉ မိုင်ခန့်အကွာ နမ္မတူမြစ် (မြစ်ငယ်မြစ်)လို့ ဖော်ပြထားပေမဲ့ ဒေသခံအများစုက နမ့်ဆန်-သီပေါ ကားလမ်းမပေါ်ရှိ လီလုချောင်း လို့ လူသိများကြပါတယ်။ နမ္မတူ-သီပေါ ရေအားလျှပ်စစ် စီမံကိန်းမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ ဆောင်ရွက်မယ့် ရေကာတာ အမျိုးအစားဟာ ကွန်ကရစ်တမံ (Concrete Gravity Dam), တမံအလျား (၃၀၄)မီတာ၊ တမံအမြင့် (၁၁၄)မီတာ၊ ကန်ရေပြည့် ရေမျက်နာပြင် နိမ့် မြင့်မှတ် (၅၂၈.၁၆)မီတာ၊ ရေလွှဲ ဥမင်လှိုင်ခေါင်း အကျယ် (၁၂)မီတာ၊ အမြင့် (၁၅)မီတာ အလျား (၇၄၆.၅)မီတာ တခုလည်း ပါဝင်တယ်လို့ သိရပါတယ်။ ၎င်းတာတမံ တည်ဆောက်ပြီးရင် ရေဝပ်ဧရိယာအတွင်း ကျရောက်မယ့် နမ့်ဆန်မြို့နယ် လီလုကျေးရွာအုပ်စု လီလုရွာကို ပြောင်းရွှေ့ပေးရမယ်လို့ သိရပါတယ်။ ရေဝပ်ဧရိယာအတွင်း ကျရောက်မယ့် လီလုကျေးရွာကို ပြောင်းရွှေ့ပေးရမယ့်အပြင် ၂၀၁၈ ခုနှစ်ကစ အသစ်တည်ဆောက် ဖွင့်လှစ်ထားတဲ့ နမ့်ဆန်-မန္တလေးသို့ အဓိက ဆက်သွယ်ထားတဲ့ လမ်းမပေါ်ရှိ လီလုချောင်း တံတားတစင်းကလည်း ရေဝပ်ဧရိယာမှာ ပါဝင်တဲ့အတွက် ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရမယ့် လီလုကျေးရွာဟာ အိမ်ခြေ (၈၀)ကျော်၊ လူဦးရေ (၃၅၀) ကျော်ရှိပြီး ပြောင်းရွှေ့ခံရမယ့် ဒေသခံလူထုတွေကို စီမံကိန်းမှ နေအိမ်၊ မြေယာ၊ လယ်ယာမြေတွေအတွက် နစ်နာကြေး (လျော်ကြေး)ပေးကာ တာဝန်ယူ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပေမဲ့ လီလုရွာခံ အများစုကတော့ ပြောင်းရွှေ့ လိုခြင်း မရှိဘူးလို့ ဆိုကြပါတယ်။

“ကျမတို့ ဒီရွာမှာ ဘိုးဘွားလက်ထက်ကတည်းက နေလာတာ နှစ်ပေါင်း မနဲတော့ဘူး။ အားလုံးက သူ့အိမ်ရာနဲ့သူ အထာကျနေပြီလေ။ စပါးစိုက်တယ်။ တချို့ လယ်မရှိတဲ့သူက တောင်ယာလုပ်စားကြတယ်။ သူ့ဟာနဲ့သူ အဆင်ပြေ နေတာပေါ့။ အခုက စီမံကိန်းရှိလို့ဆိုပြီး ကျမတို့ တရွာလုံးကို ပြောင်းရွှေ့ခိုင်းတယ်။ တရွာလုံးက လုံးဝကို ဒီရွာကနေ မပြောင်းချင်ဘူး။ နေရာအသစ်မှာ ပြောင်းရွှေ့နေရမယ်ဆိုတော့ ဘာလုပ်စားရမလဲ။ သူတို့က အဆင်ပြေအောင် လုပ်ပေးမယ်ဆိုပေမဲ့ မယုံရဲဘူး လေ။ ကျမတို့က လယ်ပဲ လုပ်တတ်တာ။ ဘာဖြစ်ဖြစ် ဒီမှာပဲ နေချင်တယ်” လို့ ကျေးရွာခံတစ်ဦးက ပြောပါတယ်။ ကျေးရွာ လူထုတွေက မပြောင်းရွှေ့ချင်ကြပေမဲ့ ဒီစီမံကိန်းအပေါ်မှာ တင်ပြပိုင်ခွင့်၊ ကန့်ကွက်တောင်းဆိုပိုင်ခွင့် မရခဲ့ကြဘူးလို့ လီလု ဒေသခံတွေက ပြောပါတယ်။ “စီမံကိန်းနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ဒုတိယအပတ်တုန်းက တအာင်းဒေသ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနဲ့ တာဝန်ရှိလူကြီးအဖွဲ့တို့က လားရှိုး တိုင်းမှူးကခေါ်လို့ ကျနော်တို့ ရွာဥက္ကဌလည်း လိုက်သွားရ သေးတယ်။ အဲအစည်းအဝေးမှာ တိုင်းမှူးက စီမံကိန်းကို မဖြစ်မနေဆောင်ရွက်ရမယ်။ ပြီးတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကိုပဲ အစည်းအဝေးမှာ ရှင်းပြသွားတာ။ ပြောင်းရွှေ့ခိုင်းတဲ့ ကျနော်တို့ ရွာခံတွေရဲ့ ဆန္ဒကိုတော့ တခုမှ မမေးခဲ့ဘူး။ ကျနော်တို့ဒေသက တာဝန်ရှိလူကြီးနဲ့ ရွာဥက္ကဌကလည်း ဘာမှတောင် မတင်ပြလိုက်ရဘူး” လို့ လီလုရွာခံ တစ်ဦးကပြောပါတယ်။ ပြောင်းရွှေ့ခိုင်းတဲ့ လီလုရွာကနေအိမ် (၈၀)ကျော်နဲ့ လယ်ယာမြေ ဧက (၄၀)ကျော်အတွက် အပြည့်အဝ တာဝန်ယူ လျော်ကြေးပေးပြီး အစားထိုး ဆောင်ရွက်ပေးမယ်လို့ ပြောပေမဲ့ အခုလို စစ်ကောင်စီ လက်ထက်မှာ အပြည့်အဝ မယုံကြည်ရဲပဲ အပြောတမျိုး အလုပ်တမျိုးဖြစ်မှာကို ကျေးရွာလူထုတွေက စိုးရိမ်နေကြပါတယ်။

၁၅။ မြိုင်ကြီးငူနှင့် KNU တပ်မဟာ ၅ ဘက် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့များ အင်အားတိုးချဲ့လာ၍ ပေါ်တာဆွဲ မှာကို ဒေသခံများစိုးရိမ်
July 25, 2022
စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့များသည် ရိက္ခာပို့ဆောင်ရန်နှင့် တပ်အင်အားဖြည့်တင်းမှု များ ပြုလုပ်ရန် မြိုင်ကြီးငူဘက်သို့ စစ်ကြောင်းဝင်ရောက်လာသည့်အပေါ် ဒေသခံရွာသား များအနေဖြင့် ပေါ်တာဆွဲခံရမှာကို စိုးရိမ်နေကြကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ ဇူလိုင်လ (၂၅)ရက်၊ နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်များ နှင့် BGF ပူးပေါင်းတပ်ဖွဲ့များပါဝင် သည့် ကားတန်းရှည်ကြီးသည် မြိုင်ကြီးငူလမ်းပိုင်းသို့ ဝင်ရောက်လာခြင်းကြောင့် ရပ်ရွာနေ ပြည်သူများအနေဖြင့် ပေါ်တာဆွဲခြင်းနှင့် လူသားဒိုင်းအဖြစ် ပြုလုပ်ခံရမှာကို စိုးရိမ်သောကြောင့် နေအိမ်အပြင်မထွက်ရဲကြ တော့ကြောင်း နောင်ကမြိုင်ရွာသားတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။ ၎င်းက “ဒီမနက် ၇ နာရီလောက်မှာ လမ်းမကြီး အတိုင်း စစ်သားတွေ ကားတွေနဲ့ ဖြတ်သွားတာတွေ့တယ်။ ကားအစီးရေကတော့များတော့ သေချာတော့ မမှတ်မိဘူးလေ။ မြိုင်ကြီးငူအထဲမှာက (BGF)တွေများတယ်။ နန်းဦးစေတီတော်ဘက်က သံလွင်မြစ်ကမ်းစပ်နားပဲဆိုတော့ အဲ့ဒီက တပ်မဟာ ၅ ဘက်ကို စစ်ကြောင်းထိုးဖို့ပဲများ တယ်။ အရင်တုန်းကလည်း အခုလိုပဲကားနဲ့ တက်လာရင် အဲ့ဘက်ကိုပဲ ပို့ကြတာလေ။ အခု လို စစ်ကြောင်းပြန် ထိုးလာတော့ ကျနော်နေတဲ့ရွာရော၊ အနီးအနားကရွာတွေရော တောင်ယာလည်း လုပ်လို့မရဲ။ ဘယ်ချိန်ပေါ် တာ ဝင်ဖမ်းမလဲ၊ လူသားဒိုင်းခေါ်သွားမလဲကြောက်နရတာပေါ့” ဟု ပြောသည်။

ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ကတိုင်တိကျေးရွာရှိ လှေဆိပ်များကို ပိတ်ပင်ထားမည်ဖြစ်ကြောင်း အမှတ် (၁၀၁၄) နယ်ခြားစောင့်တပ်(BGF)၏ တပ်မှူး ဗိုလ်မှူးမောင်ချစ်က စာထုတ်ပြန်ထားပြီးနောက် ယခုလို တပ်အင်အား ဖြည့်တင်းဝင် ရောက်မှုများရှိလာပြီး ကေအဲန်ယူ တပ်မဟာ(၅) ဘက်သို့ စစ်ကြောင်းထိုးရန်ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ခန့်မှန်း ပြောဆိုနေကြသည်။ အလားတူ ပြီးခဲ့သည့်လပိုင်းများတွင်လည်း BGF တပ်ဖွဲ့ဝင်များမှ ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေ အတွင်းရှိ ကျေးရွာအချို့တွင် ရာနှင့်ချီသည့် ဒေသခံရွာသားများကို အစုအလိုက် အပြုံလိုက်ပိတ်ဆို့ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သလို ပေါ်တာဆွဲခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ ပြုလုပ်ခဲ့သေးသည်။ https://kicnews.org/2022/07/%e1%80%99 %e1%80%bc%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%

၁၆။ ရေး တောင်ပိုင်းတွင် အမည်မသိမွန်လက်နက်ကိုင်အဖွဲ့က ရွာသားတစ်ဦးကိုဖမ်းဆီးရိုက်နှက်ညှင်းပမ်း၍ ငွေအတင်း အဓမ္မ တောင်းခံသွား
July 25, 2022
အမည်မသိ မွန် လက်နက်ကိုင်အဖွဲ့က မွန်ပြည်နယ် ရေးတောင်ပိုင်း ရင်းရဲကျေးရွာအုပ်စု ရင်းဒိန်းရွာသို့ ယမန်နေ့ ညနေပိုင်းအချိန် ရောက်ရှိလာပြီး ရွာသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်ညှင်းပမ်း၍ ငွေအတင်းအဓမ္မ တောင်းခံယူဆောင်သွား ကြောင်း စုံစမ်းသိရှိရသည်။ အင်အား ၆ ယောက်ခန့်ရှိသည့် ဘက်တံဆိပ်မပါ စစ်ယူနီဖောင်းဝတ် မွန် လက်နက်ကိုင်အဖွဲ့က ဇူလိုင် ၂၄ ညပိုင်းတွင် ရင်းရဲရွာသို့ဝင်ရောက်လာပြီး နိုင်ချွဲ အသက် (၅၇) နှစ်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ နိုင်ချွဲ ရိုက်နှက်ညှင်းပမ်းနှိပ်စက်ခံရသဖြင့် ခန္ဓာတစ်ကိုယ်လုံးနေရာအနှံ့ ဒဏ်ရာရရှိခဲ့ကြောင်း၊ နိုင်ချွဲ ထံမှ ငွေ ၁၀ သိန်း တောင်း သော် လည်း ချက်ချင်းပေးဆောင်ရန် ငွေမရှိသဖြင့် အိမ်နီးနားချင်းများထံမှ အရေးပေါ်ချေးယူ၍ ငွေသား ၂ သိန်းတိတိ အဆိုပါ လက်နက်ကိုင်အဖွဲ့ကို ပေးဆောင်လိုက်ရကြောင်း သိရသည်။

အဆိုပါအမည်မသိ လက်နက်ကိုင်အဖွဲ့ အင်အား ၅-၆ ယောက်ခန့် ရင်းရဲရွာသို့ ဝင်ရောက်လာကြောင်း ရေးတောင်ပိုင်း သို့ ရောက်ရှိနေသော မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ သို့ရာတွင် အင်အား ၃၀ ကျော်ရှိ အမည်မသိ မွန် လက်နက်ကိုင်အဖွဲ့ ရင်းရဲရွာသို့ ဝင်ရောက်၍ မူးယစ်ဆေးဝါးရောင်းချသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာတချို့က မွန်ဘာသာဖြင့် ရေးသားနေသည်ကို တွေ့ရသော်လည်း အဆိုပါလက်နက်ကိုင် အရေအတွက် ကို မွန်သတင်းအေဂျင်စီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ https://burmese.monnews.org/2022/07/25/%e1%80% 9b%e1%80%b1%e1%80%b8%e1%80%90%e1%80%b1%e1

၁၇။ ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ဒေသခံများထံမှ အတင်းအကြပ်ငွေကြေးကောက်ခံ
26 July 2022
လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့ က ပိတ်ထားသော ရွှေမှော်လမ်းများကို ပြန်လည် ဖွင့်လှစ်နေသော်လည်း ဖြတ်သန်းသွားလာသော ပြည်သူများကို ပြည်သူ့စစ်အဖွဲ့က ငွေကြေးကောက်ခံနေသည်ဟု သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ရွှေမှော် ဘက်ကိုသွားသည့် လမ်း ကြောင်း ၄ ခုကို ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့က ပိတ်ဆို့ခဲ့ပြီးနောက် ဇူလိုင်လ ၁၅ ရက်နေ့ လမ်းတစ်ချို့ ပြန်လည်ဖွင့်ခဲ့သည်။ သို့သော်လည်း ဖြတ်သန်းသွားလာသောခရီးသည်များထံမှ ဆိုင်ကယ်တစ်စီး ငွေတစ်သောင်းကျပ်နဲ့ လူတစ်ဦးကို ငါးထောင်ကျပ် ကောက်ခံနေသည်ဟု ဒေသခံတစ်ဦး KNG ကို ယခုလိုပြောသည်။ “ဘယ်ဘက်ကဘဲ ပြန်ပြန် ဆိုင်ကယ်တစ်စီး တစ်သောင်းပေး ရတယ်။ လူက တစ်ယောက်ကို ၅ ထောင်ကျပ် ကောက်နေတယ်။ အဓိက သူတို့က ဒီလိုလုပ်ချင်လို့ လမ်းတွေပိတ်ထားတယ်။ အခုကဘယ်လိုဖြစ်နေလဲဆိုတော့ ဒီနေ့ဖြတ်ရင် ဒီနေ့ပေးရတယ်။ အဝင်အထွက်တိုင်းစီးကို ကောက်နေတာ” ဟု ပြောဆိုသည်။

လက်ရှိ ပြည်သူ့စစ်အဖွဲ့ မှ ပြည်သူများထံ ငွေကြေး ကောက်ခံနေသော နေရာများမှာ စံပြကျေးရွာ ပြည်သူ့စစ်ဂိတ် နှင့် ကိုင်းတော်မှော်ဘက်ခြမ်း စသည့် ၂ နေရာတွင် ကောက်ခံနေပြီး အတင်းအကြပ် ပုံစံဖြင့် ကောက်ခံနေသည်ဟု သူက ပြော သည်။ ဇူလိုင် ၂၅ ရက်နေ့ ပြည်သူတစ်ဦး ဖျားနာမှုကြောင့် ရှဒူးဇွပ်ကျေးရွာသို့ ဆေးခန်းသွားပြရန် ဖြတ်လာစဉ် စံပြ ပြည်သူ့စစ် ဂိတ်တွင် အသွားအပြန် ငွေကြေးကောက်ခံမှုကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည်ဟု ပြည်သူတစ်ဦးက KNG ကို ယခုလိုပြော သည်။ “ပစ္စည်းလည်း မပါဘူး။ ဖျားလို့ရွာဘက်မှာ ဆေးခန်းသွားပြဖို့ သွားတာ ဂိတ်မှာ အသွားလည်း ငါးထောင်တောင်းတယ်။ အပြန်လည်း ငါးထောင်တောင်းတယ်။ ဖျားလို့ အပေးရင်မရဘူးလားလို့ ပြောရင် မရဘူးတဲ့။ အထက်က အမိန့်နဲ့ကောက်တယ် လို့ပြောတယ်။ ဒီလိုဆိုတော့လည်း အဆင်မပြေဘူး။ ပြည်သူတွေကို နှိပ်စက်နေတယ်လိုပဲမြင်တယ်”ဟု ပြောသည်။ ယခုလို ရှဒူးဇွပ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့မှ ရွှေမှော်လမ်းများကို ပိတ်ဆို့လိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှဒူးဇွပ်ဒေသအတွင်း KIA ရရှိနေတဲ့ ဝင်ငွေများကို ၎င်းတို့လည်း ထိုနည်းတူ ရရှိနိုင်ရန်နဲ့ နယ်မြေစိုးမိုးရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံ ပြည်သူများ သုံးသပ်သည်။ https://burmese.kachinnews.com/2022/07/26/july26-yl1/

၁၈။ နိုင်ငံရေး လှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်လိုက်တာဟာ လူထုတစ်ရပ်လုံးကို ကြိုးပေးသတ်လိုက်တာလို့ TNLA ပြော
July 26, 2022
စစ်ကောင်စီရဲ့ ဝါဒဖြန့်စာမျက်နှာတွေမှာ ထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရ လူသိများတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ ဖြစ် ကြတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးကို သေဒဏ် စီရင်လိုက်တာဟာ လူထု တစ်ရပ်လုံးကို ကြိုးပေး သတ်လိုက်တာဖြစ်တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောပါတယ်။ “ဒါဟာ စစ်ခေါင်းဆောင်တွေ မြန်မာပြည်သူလူထု တစ်ရပ်လုံးကို ကြိုးပေး သတ်လိုက်တာပါပဲ။ တကယ် စက်ဆုပ်ရွံစရာကောင်းတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်” ဒါ့အပြင် TNLA ရဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)ကလည်း အဲဒီလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပြီး ဒီလိုလုပ်ရပ် ဟာ လူထုတွေကို စိတ်ခေါ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကချင်တပ်မတော် (KIA)ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် ဂွမ်မော်ကလည်း ဒီလုပ်ရပ်အတွက် တန်ပြန်သက် ရောက်မှုရှိတယ်လို့လည်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီဖြစ်တဲ့ (TPCC) က ပြည်သူလူထုတွေရဲ့ ခုခံတော်လှန်မှုကို ပိုမိုကြီးထွားလာစေဖို့ နှိုးဆော်လိုက်တာဖြစ်ပြီး စစ်အာဏာရှင်ဟူသမျှကို အမြစ်ပြတ် တဲ့အထိ တော်လှန်တိုက်ပွဲ ဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ သေဒဏ် စီရင်လိုက်တဲ့အပေါ် ပြည်တွင်းအဖွဲ့ အစည်းနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းတွေကလည်း ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။

၁၉။ NUG အရေးပေါ် အစည်းအဝေးကျင်းပပြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုအား အရေးယူနိုင်ရေးဆွေးနွေး
July 26, 2022
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အရေးပေါ် အစည်းအဝေးကို ယနေ့ကျင်းပပြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါ တစ်စုတို့အား တရားဥပဒေအရ ထိုက်တန်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက် မဟာ မိတ် အင်အားစုများအားလုံးပူးပေါင်းကာ နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်း၊ စစ်ရေးနည်းလမ်း စသည့် နည်းလမ်းပေါင်းစုံ သုံး၍ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်သွားနိုင်ရန် အလေးပေးဆွေးနွေးခဲ့ကြောင်း NUGက ထုတ်ပြန်သည်။ အစည်း အဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ နှင့် အတွင်းဝန်များတက်ရောက်ခဲ့သည်ဟု ဆိုသည်။ အစည်းအဝေးတွင် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ (၄)ဦးအား အကြမ်းဖက်စစ်ကောင်စီက ပြစ်ဒဏ်စီရင်ဆောင်ရွ့က်ပြီးခဲ့ပြီဟု ထုတ်ပြန်ကြေညာ အတည်ပြု ချက် ပေးခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံထားရသော နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူများအား လုံး ၏ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိနေသည့် လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး စုစည်းညီညွတ်စွာဖြင့် စနစ်တကျ တုံ့ပြန် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပြောဆိုခဲ့သည်ဟု အသိပေးသည်။

ပြည်သူလူထုအား နည်းမျိုးစုံဖြင့် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ရုံသာမကပဲ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်များကို သွေးအေးစွာသတ်ဖြတ်ပြခြင်းဖြင့် အဆုံးစွန်ဆုံးသောရက်စက်မှုကို ပြသခဲ့သည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုတို့အား တရားဥပဒေအရ ထိုက်တန်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး အလေးပေးဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။ ကြေညာချက်များ၊ အစည်းအဝေးများ၏နောက်တွင် တိကျခိုင်မာသည့် လုပ်ကို င်ဆောင်ရွက်မှုများ အသေအချာကို တွဲပါလာမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောကြားခဲ့ကြောင်း ထုတ်ပြန်သည်။

၂၀။ မိုးဗြဲမြို့မှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
July 26, 2022
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေ ယာယီနေထိုင်တဲ့ ဘုန်းကြီးကျောင်းတွေ ဇူလိုင်လ ၂၅ ရက်မနေ့က လက်နက်ကြီးထိမှန်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲ ကယ်ဆယ်ရေးအဖွဲ့ (Mobye Rescue Team) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ နေ့လယ်ပိုင်းက လူဦးရေ တစ်ရာ ကျော်လောက် ခိုလှုံနေတဲ့ မိုးဗြဲမြို့ စက်တော်ရာ ဘုန်းကြီးကျောင်းအနီး စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပြီး စည်ကာ ရပ်ကွက် စည်းလုံးညီညာ ဘေးမဲ့ကျောင်းက အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ Mobye Rescue Team တာဝန်ရှိသူက ဆိုပါတယ်။ သေဆုံး ဒဏ်ရာရ သွားသူတွေရဲ့ အချက်အလက်ကိုတော့ မိသားစုလုံခြုံရေးအရ ထုတ်ဖော်ပြောလို့ မရဘူးလို့လည်း ဆိုပါတယ်။ မနေ့က တစ်နာရီလောက် စစ်ကောင်စီတပ်သား အင်အား ၃၀၀ လောက်နဲ့ မိုးဗြဲမြို့ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် မြို့ပေါ် ရပ်ကွက်မှာနေထိုင်သူ ထောင်နဲ့ချီပြီး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေဆီ ယာယီထွက်ပြေး ခိုလှုံခဲ့ကြရတယ်လို့ ပြောပါတယ်။

ညနေငါးနာရီလောက်မှာတော့ အဲဒီစစ်ကြောင်းကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BO-1၊ BO-2) နဲ့ လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (URF) တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ ပြီး ကာကွယ်ရေးတပ်ဘက်က တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မနေ့မှာပဲ သတင်း ထုတ်ပြန် ထားပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက် သေဆုံးခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဇူလိုင်လ ၂၆ ရက် ဒီနေ့မှာတော့ တိုက်ပွဲငြိမ်သက်နေတာကြောင့် မိုးဗြဲရထားလမ်းအနီး ရပ်ကွက်မှာ နေထိုင်သူတွေကလွဲပြီး ကျန်တဲ့ဒေသခံတွေကတော့ နေအိမ်ပြန်ဖို့ အခြေအနေ စောင့်ကြည့် နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ https://www.rfa.org/burmese/news/one-people-died-dueto-artilleryatt ack-in-mobye-07262022062532.html

၂၁။ ရခိုင်မြောက်ပိုင်း၌ စပါးစိုက်သူနည်းပြီး နွားမွေးသူများလာ
26 July, 2022
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖြစ်တဲ့ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ စပါးစိုက်ပျိုးတာ နည်းလာပြီး နွားမွေးတာတွေ များလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာမှ နွားမွေးမြူရေးလုပ်သူတဦးက “စပါးကို ဝမ်းစာလောက် စိုက်ကြတော့တယ်။ အားလုံးနွားမွေးမြူရေး လုပ်လာကြ တာတယ်။ ဘာဖြစ်လိုလဲဆိုတော့ စပါးစိုက်လို့ အမြတ်မရှိတောဘူး။ စပါးဈေး မကောင်းဘူး။ နွားမွေးမြူတာက အမြတ်ရှိတယ်။” လို့ ပြောပါတယ်။ စပါးစိုက်ပျိုးရာမှာ လုပ်သားရှားပါးပြီး အလုပ်သမားစရိတ်မြင့်မားလာတဲ့အပြင် ဓာတ်မြေသြဇာ ဈေးမြင့်တာ၊ စပါးဈေးနှုန်း ကျနေတာတွေကြောင့် စပါးစိုက်ပျိုးတာ ကျဆင်းပြီး နွားမွေးမြူရေး ထွန်းကာလာနေတာလည်း ဖြစ်ပါတယ်။

မောင်တောမြို့နယ်ကင်းချောင်းကျေးရွာသာတဦးက “နွားမွေးမြူရတာက ပိုပြီးအဆင်ပြေ ပါတယ်။ နွာမ ၁၀ ကောင် လောက် မွေးရင် ၃ နှစ်အတွင်း အကောင် ၃၀ တိုးလာတယ်။ နွားအထီး အကြီး တကောင်ကို ၁၀ သိန်းဝန်းကျင် လောက် ဈေး ရှိ တော နွားမွေးတာ အကျိုးရှိတယ်။ အစာလည်း မလိုဘူး။ ကုန်ကျစရိတ် မရှိဘူး။ ထိန်းကျောင်းပေးရုံလောက်နဲ့ အဆင်ပြေ ပါတယ်။” လို့ ပြောပါတယ်။ လက်ရှိ အသားလိုအပ်ချက်အရ ရခိုင်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော သုံးမြို့မှာ တရက်ကို နွား ၁၀ ကောင်လောက် လိုအပ်တယ်လို့ ဒေသခံ နွားသတ်လိုင်စင်စီ ယူထားသူတွေဆီက သိရပါတယ်။ http://burmese.dvb.no/archives/545263

၂၂။ မူဆယ်မြို့ အခွန်မဆောင်သည့် လောင်းကစားရုံ ကို ကိုးကန့်အဖွဲ့ လာရောက်ပစ်ခတ်
July 25, 2022
မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော် (၇) လမ်းရှိ ဆင်းဟော့ဟိုတယ် လောင်းကစားရုံတွင် ပြည်သူ့စစ်မှ တာဝန်ယူ ထားပြီး အခွန်မဆောင်သည့် လောင်းကစားရုံဖြစ်သောကြောင့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့မှ လက်နက်ငယ်၊ လက်နက်ကြီး များဖြင့် လာရောက်ပစ်ခတ်ပြီး ပြည်သူ့စစ် နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ “ အခွန်မဆောင်ထားတဲ့ လောင်းကစားရုံကို လာပစ်တာ။ အရင်နှစ် ဆောင်းတွင်းတုန်းကလည်း တစ်ကြိမ်လာ ပစ်သေးတယ်။ ကိုးကန့်က အခွန်လာကောက်တာ မပေးရင် သူတို့က လက်နက်ကြီးနဲ့ လာပစ်တယ်၊ အာပီဂျီ နဲ့ လာပစ်တယ်။ ပြည်သူ့စစ် တွေ လည်း ပြန်ပြီးပစ်ကြတယ်“ ဟု မူဆယ်မြို့တွင်နေထိုင်သည့် အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် က ပြောသည်။ ထိုသို့ ပြည်သူ့စစ် နှင့် လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုကြောင့် ကားပေါ်သို့ လက်နက်ကျည်ကျပြီး ထိုကားထဲမှ ဟိုတယ် ဝန်ထမ်းယာဉ်မောင်းသူ အမျိုးသားတစ်ဦး လက်နက်ကြီး စထိပြီး ဒဏ်ရာရရှိကြောင်း မူဆယ်ကူညီရေး အဖွဲ့တစ်ဖွဲ့မှ သိရသည်။

“ဒဏ်ရာရတဲ့သူလည်းရှိတယ်။ ကျည်ကျလို့ ဒဏ်ရာရပြီး ဆေးရုံပို့ရတာလည်း ရှိတယ်။ ဒဏ်ရာရ အမျိုးသမီးတွေတော့ မသိရဘူးဗျ။ ကားပေါ်ကျည်ကျလို့ ဒဏ်ရာရတဲ့ အမျိုးသားတော့သိတယ်။ အသက်တွေ နာမည်တွေတော့ မသိရဘူး။ ကျနော်တို့ တော့ ဆေးရုံကိုပို့လိုက်ပြီ။ အသက်တော့ မစိုးရိမ်ရဘူးဗျ။ အဲ့အမျိုးသား နက်လက်ကြီး ကျည်စကြောင့် ကျောကုန်းတွေ ခြေထောက်တွေ ဒဏ်ရာအများကြီး ရထားတယ်“ ဟု သိရသည်။ “မူဆယ်မြို့က ပြည်သူတွေ လာပြီး အလုပ်လုပ်တဲ့သူ ဆွေမျိုး၊ မိတ်ဆွေတွေ၊ စီးပွားရေး လုပ်တဲ့သူတွေ လုံခြုံမှုမရှိတော့ဘူး၊ လက်နက်ကိုင်တဲ့ သူတွေလည်း များလာတယ်။ သတိထားပြီး နေဖို့ တော့လိုတယ်။ အရေးမကြီးပဲ အပြင်မထွက်နဲ့ပေါ့နော်။ လုယက်မှုတွေ လူသတ်မှုတွေလည်း များလာတော့ မိတ်ဆွေတို့လည်း အထူးဂရုစိုက်ပြီး သတိထားကြပါ “ ဟု ၎င်းအမျိုးသားတစ်ဦးက တိုက်တွန်းထားသည်။ မူဆယ်မြို့နယ်သည် တရုတ် – မြန်မာ နယ်စပ် မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီ တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ ပြည်သူ့စစ်များစွာ လှုပ်ရှားရာ နယ်မြေဖြစ်သည်။ https://burmese.shannews.org/archives/29418

၂၃။ တောင်ပျောက်တိုက်နယ် စစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲအပြင် ရာသီဥတုဒဏ်ပါ ခံစားနေရ
July 25, 2022
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ စစ်ဘေးရှောင် ၆၀၀၀ ကျော်သည် စားနပ်ရိက္ခာအခက်အခဲအပြင် မိုးရာသီကာလအတွင်း ဆိုးရွားသည့် ရာသီဥတုဒဏ်များကိုပါ ခံစားနေကြရ သည်ဟု ၎င်းတို့ကို ကူညီပေးနေသူများထံမှသိရသည်။ တောင်ပျောက်တိုက်နယ်အတွင်းရှိ ၎င်းကျေးရွာ ၁၀ ရွာမှ စစ်ဘေးရှောင် ပြည်သူများသည် စစ်ဘေးဒဏ်ကို ခံနေကြရသည့်အပြင် မိုးအဆက်မပြတ်ရွာသွန်းမှု များကြောင့် နေရာထိုင်ခင်းအခက်အခဲ ကြုံတွေ့နေရသလို စစ်ဘေးရှောင်အများစုမှာ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်အများအပြား ပါဝင်နေသောကြောင့် အစာအာဟာရနှင့် ကျန်းမာရေး ပြဿနာများလည်း ရင်ဆိုင်လာရနိုင်ကြောင်း စစ်ဘေး ရှောင်ကူညီပေး နေသူတစ်ဦးက ယခုလိုပြောသည်။ ၎င်းက”စစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးလေးတွေ အသက်ကြီးတဲ့သူ တွေက များနေတယ် ။ မိုးရာသီဆိုတော့ ပိုဆိုးတာပေါ့။ တစ်နေရာကနေ တစ်နေရာရွှေ့ပြောင်းရတာက သာမန်လူတွေအတွက် လွယ်ပေမဲ့ ဗိုက်ကြီးသည်တို့ အသက်ကြီးတဲ့သူတွေအတွက်ကျအဆင်မပြေဘူးလေ။ ရိက္ခာကလည်း တရက်ထက်တရက် နည်းလာတော့ သူတို့အတွက် အာဟာရချို့တဲ့မှာကိုတောင်စိုးရိမ်နေရတယ်’’ ဟု ကေအိုင်စီသို့ပြောသည်။

တောင်ပျောက်တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်များအနေဖြင့် ရိက္ခာပြတ်တောက်နိုင်သည့် အခက်အခဲများအပြင် တောတောင်ထဲတွင် မိုးတွင်းကာလ ခြင်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ငှက်ဖျားရောဂါကိုလည်း စိုးရိမ်နေကြရပြီး လက်ရှိ တွင် ဆေးဝါးများအပြင် ကုသရေးအတွက် လူငယ်ဆေးကုသရေးအဖွဲ့တစ်ခုသာ ရှိကြောင်းလည်း စစ်ဘေးရှောင်ကူညီသူများ က ပြောသည်။ ၎င်းက ”ကိုယ်ဝန်ဆောင် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကတော့ ပိုအခက်အခဲဖြစ်တာပေါ့နော်။ ဘာလို့လဲဆိုတော့ မိုးရာသီမှာ ခြင်ကိုက်လို့ ငှက်ဖျားအန္တရာယ်စိုးရိမ်နေရတယ်။ နောက်တစ်ခုက တိုက်နယ်တစ်ခုလုံးမှာ လူငယ်ဆေးကူ အဖွဲ့အပြင် သူနာပြုလည်းမရှိ၊ ဆရာဝန်လည်းမရှိ၊ တချိန်တည်းမှာပဲ စစ်ဘေးရှောင် နာမကျန်းဖြစ်သူတွေမှာ ကြာရင် အာဟာရ ချို့တဲ့မှုနဲ့ ရင်ဆိုင်နေရတယ်။ အာဟာရ ချို့တဲ့တော့ ခုခံအား နည်းလာမယ်။ ခုခံအားမရှိတော့ ရောဂါဝင်ဖို့လွယ်တယ် မဟုတ် လား။ “လို့ ကေအိုင်စီသို့ ပြောသည်။ တောင်ပျောက်တိုက်နယ်အတွင်းသို့ အခြားဒေသမှနေ၍ စားနပ်ရိက္ခာဝင်ရန် လမ်းမရှိဘဲ နှစ်ဖက် ပိတ်မိနေသလို ဖြစ်နေကာ စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့တွင် ကျန်ရှိနေသေးသည့် ရိက္ခာများကိုသာ စာသုံးနေ ရကြောင်း၊ အပြင်သို့ထွက်ဝယ်မရသည့် အခြေအနေများကြောင့် ကာလကြာမြင့်လာသည့်အခါ ရိက္ခာပြတ်တောက် သွားနိုင် သည့်အပေါ် စိုးရိမ်နေကြကြောင်းလည်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ https://kicnew s.org/2022/07/%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%95%e1

၂၄။ ရိုဟင်ဂျာဒုက္ခသည် လှေငယ်တစ်စီးအား နယ်ခြားစောင့်တပ် ပစ်ခတ်မှုကြောင့် (၇)ဦး ထက်မနည်း သေဆုံးဖွယ်ရှိ
July 26, 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာနှင့် သရက်အုပ်ကျေးရွာကြား ချောင်းအတွင်းဝင်ရောက်လာ သည့် လှေငယ်တစ်စီးအား မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ကနေ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လှေပေါ်ပါ ရိုဟင်ဂျာ(၇)ဦးထက် မနည်း သေဆုံးသွားဖွယ်ရှိကြောင်း မင်္ဂလာကြီးကျေးရွာနေ ဒေသခံများထံက သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန့်နေ့ ဇူလိုင်လ ၂၅ရက်နေ့ ည ၁၁နာရီအချိန်ခန့်တွင် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာဒုက္ခသည် တစ်ဒါဇင်ခန့်ဟာ ၎င်းတို့နဂိုမူလနေရပ် မောင်တောမြို့နယ်အတွင်းသို့ တိတ်တဆိတ်ပြန်လည်ဝင်ရောက်လာစဉ် မောင်တောမြို့ နယ်၊ မင်္ဂလာကြီးကျေးရွာနှင့် သရက်အုပ်ကျေးရွာကြား ချောင်းအတွင်းအရောက် မြန်မာစစ်တပ်လက်အောက်ခံ မင်္ဂလာကြီး နယ်ခြားစောင့်တပ်ဖွဲ့မှ သေနတ်ဖြင့် အချက်ပေါင်း (၅၀)ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသိုလူစီးလှေငယ်လေးအား သေနတ်ပစ် အဆက်မပြတ် ဆက်တိုက်ပစ်ခတ်မှုကြောင့် နေရပ်ပြန်ဝင်သူ ရိုဟင်ဂျာဒုက္ခသည် (၇)ဦးထက်မနည်း သေဆုံးဖွယ်ရှိနေကြောင်း ဒေသခံများထံကသိရသည်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းအတွင်း နေရာကျပ်တည်းမှု၊ ရိက္ခာမလုံလောက်မှုနှင့် ရောဂါဘေးဒဏ်၊ သဘာဝဘေး အန္တရာယ်များကြောင့် ၂၀၁၇ မြန်မာစစ်တပ် လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွား ကြသည့် ရိုဟင်ဂျာ သိန်းချီထဲက အချို့ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ပွဲစားများကတဆင့် ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်နှင့် လဝကတို့အား အခကြေးငွေများ ပေးဆောင်ကာ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများထံကနေ သိရသည်။

၂၅။ နမ့်ဆန်က ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းမှာ ချေးငွေ ယူထားတဲ့ CDM ဝန်ထမ်းတွေကို အတင်းအဓမ္မ ပြန်ဆပ်ခိုင်းနေ
July 25, 2022
ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ်ထဲက ပညာရေးဝန်ထမ်းတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ဝန်ထမ်း များ ငွေစုငွေချေး သမဝါယမအသင်းမှ CDM ဆရာမတွေ ချေးထားတဲ့ ငွေတွေကို အတင်းအဓမ္မ ပြန်ဆပ်ခိုင်းနေတယ်လို့ သိရပါ တယ်။ ဝန်းထမ်းများ ငွေစုငွေချေးအသင်းဟာ ဆရာ၊ ဆရာမတွေအားလုံးရဲ့ ငွေစု၊ ငွေချေး ပြုလုပ်နိုင်ဖို့အတွက် ဖွဲ့စည်းထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။ CDM လုပ်နေတဲ့ နမ့်ဆန်မှ ဆရာမတစ်ဦးက “စစ်အာဏာသိမ်းပြီးတဲ့နောက် ကျမတို့ချေးငွေက လုံးဝ တော့ မဆပ်ဖြစ်ဘူး။ ဒီအသင်းကနေ ကျမတို့ နုတ်ထွက်လိုက်တာလဲ မဟုတ်ဘူး။ အဲမှာက CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေ လည်းရှိတယ်။ အသင်းထဲကလူတွေ CDM လုပ်တဲ့ဆရာ၊ဆရာမတွေကို ထုတ်ပစ်ချင်တာ။ ဒီငွေချေးငွေထုတ်တဲ့ဟာကို Non-CDM တွေက သူတို့ပဲ ကိုင်ချင်နေကြတာ” လို့ ဆိုပါတယ်။ အဲဒီအသင်းကနေ CDM ဝန်ထမ်းတွေကို ငွေ ချေးပေးတာ မရှိတော့ ဘဲ ချေးယူထားတဲ့ ငွေတွေကိုလည်း ပြန်ဆပ်ခိုင်းနေပါတယ်။

“ကျမတို့က CDM လုပ်နေပေမယ့် အသင်းထဲကနေ ထွက်တာမဟုတ်ဘူး။ ဒီချေးငွေတွေကလည်း CDM လုပ်တဲ့သူ တွေကို သူတို့က လုံးဝ ပေးမချေးတော့ဘူး။ Non-CDM တွေကတော့ ချေးလို့ရတယ်။ အရင်က ချေးယူထားတဲ့ ငွေတွေ အားလုံး ကို အကုန်လုံး အပြတ်ပြန်ဆပ်ခိုင်းနေတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။ CDM လုပ်နေတဲ့ ဆရာ၊ ဆရာမအားလုံးရဲ့ ချေးငွေတွေဟာ Non-CDM ဆရာမတစ်ဦးရဲ့ ချေးငွေလောက်သာ ရှိတယ်လို့ ၎င်းက ဆိုပါတယ်။ ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းဟာ အစိုးကနေ ဖွဲ့စည်းပေးထားတဲ့ အဖွဲ့စည်းမဟုတ်ပဲ ဝန်ထမ်းဆရာ၊ ဆရာမတွေနဲ့ သီးသန့်ဖွဲ့စည်းထား တာလို့ သိရပါတယ်။ ဆက်လက်ပြီး ၎င်းက “ငွေစုငွေချေးအသင်းက အရင်ကဆို တစ်နှစ်တစ်ခါ နှစ်ပတ်လည်အစည်းအဝေး လုပ်ဖြစ်တယ်။ အခုက ကိုဗစ်ဖြစ်တာရယ် အာဏာသိမ်းသွားတာရယ် မလုပ်ဖြစ်ကြတော့ဘူး။ ဒီငွေချေးတာကလည်း ကိုယ်တိုင် ငွေက တစ်ဝက်ရှိထားမှ ချေးလို့ရတာ။ အခုလို CDM ချေးထားတဲ့ ငွေတွေ ပြန်ဆပ်ခိုင်းတာက အသင်းအားလုံးရဲ့ သဘောတူညီ ချက်လည်း မဟုတ်ဘူး” လို့ ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နမ့်ဆန်မှာ အသစ်ပြောင်းထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး က အသင်းထဲကလူ မဟုတ်ပေမယ့် အဲအသင်းမှာ ငွေရာနဲ့ချီ ချေးယူတာတွေ ရှိခဲ့ပါတယ်။

၂၆။ မြစ်ကြီးနား ဝိုင်းမော် တရုတ်တစ်သျှူး ငှက်ပျောလုပ်ငန်းရှင် သုံးပုံနှစ်ပုံခန့် ထွက်ခွာ
July 25, 2022
မြစ်ကြီးနား ဝိုင်းမော်မြို့နယ်အတွင်းရှိ တရုတ်တစ်သျှူးငှက်ပျော လုပ်ငန်းရှင် သုံးပုံနှစ်ပုံခန့်သည် ၂ နှစ်အတွင်း ကချင်ပြည်နယ်မှ ထွက်ခွာသွားပြီဟု သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအသင်း မှ သိရသည်။ တစ်သျှူးငှက်ပျော ကုမ္ပဏီပေါင်း ၃၀ ကျော်တွင် မြေငှား၍ လာရောက် လုပ်ကိုင်နေသည့် တရုတ်လုပ်ငန်းရှင်များသည် ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်ဆက်တိုက် အရှူံးပေါ်ခဲ့သဖြင့် ထွက်ခွာ သွားခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးအသင်းမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦး က KNG ကို ပြောသည်။ ”အဓိကတော့ ကိုဗစ်နဲ့ နိုင်ငံရေး အလေ့အပြောင်းအလဲကြောင့် ဆုံးရှုံးနစ်နာမှုတွေရှိလို့ လုပ်ငန်းရှင်တွေ သုံးချိုးနှစ်ချိုး ကတော့ ထွက်ခွာသွားကြပြီ။ ရှူံးမယ် ဆိုပြီး ထင်လို့ ထွက်သွားကြတယ်။ အခုက ငှက်ပျော စိုက်သူတွေအတွက် စိုက်ပျိုးရာသီ စဖို့နေပြီ အဲ့တာဆက်မလုပ်ကြတော့ ဘူး။ ဒီရာသီမှာ စထွက်ခွာသွား ကြတာ” ဟု ပြောသည်။ လုပ်ငန်းရှင် အများပိုင်း ထွက်ခွာသွားချိန် နောက်ထပ် တရုတ်လုပ်ငန်း ရှင်အသစ်များကို ပြည်နယ်အတွင်း လာရောက်လုပ်ကိုင်ရန် ခေါ်ယူနေသော်လည်း လတ်တလောအထိ ဝင်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။

“တချို့လည်းပြန်ဝင်လာဖို့လုပ်နေတာတွေ ရှိတယ်။ ဒါပေမယ့်ပြန် မဝင်လာသေးဘူး ဒီကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေတုန်းပဲ။ ဝေမိုး ကုမ္ပဏီအနေနဲ့ဆိုရင်လည်း လုပ်ငန်းရှင် ၁၁ ယောက်ခေါ်ထားတယ်။ အဲ့ထဲမှာ ၈ ယောက် လောက်တော့ ဝင်လာမယ်ပြောပေမယ့် အခုထိတော့ မဝင်လာသေးဘူး။ စောင့်ကြည့်နေတုန်း။ အခြေနေကောင်းမှ ဝင်လာမယ့် သဘောနေမှာ”ဟု ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အမည်မဖော်လိုသူ တာဝန်ရှိသူက ပြောသည်။ ဝိုင်းမော် နှင့် မြစ်ကြီးနားမြို့နယ်တွင် မြေငြား၍ တရုတ်လုပ်ငန်းရှင်များနှင့် တွဲဖက်၍လုပ်ကိုင်သည့် ကုမ္ပဏီပေါင်း ၃၃ ခု ရှိပြီး ယခု တရုတ်လုပ်ငန်းရှင်များ ထွက်ခွာသွားကြသော်လည်း မြန်မာကုမ္ပဏီများမှာ မရပ်နားဘဲ ဆက်လက် လုပ်ကိုင်နေသည့်အပြင် တရုတ်လုပ်ငန်းရှင်အသစ်များကိုလည်း ဆက်လက်ခေါ်ယူနေဆဲ ဖြစ်ကြောင်း သိရသည်။ “မြန်မာပြည်ဘက်ခြမ်း ကုမ္ပဏီတွေ ကတော့ ခုထိနားသွားတဲ့ ကုမ္ပဏီတော့မရှိသေးဘူး။ တရုတ်တွေပဲ သူတို့မြေငှားခ မြေသြဇာခ တင်ပို့ခတွေ အလုပ်သမား ခ တွေကများပြီး ငှက်ပျောကားကြ မထွက်ရတော့ အရှူံးတွေနဲ့ ရင်ဆိုင်ကြရတော့ ထွက်သွားကြတာ”ဟု ဝိုင်းမော်မြို့နယ်အတွင်း ငှက်ပျောစိုက်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ်တွင် တစ်သျှူးငှက်ပျောများကို တာလောကြီး၊ မံဝိန်း၊ လော်ဆာ၊ ဝိုင်းမော်၊ ရွှေညောင်ပင် နှင့် ဗန်းမော်-မြစ်ကြီးနားလမ်းတစ်လျှောက်နေရာများတွင် စိုက်ပျိုး လျက်ရှိသည်။ ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းကို ၂၀၀၆-၂၀၀၇ ခုနှစ်က စတင်ခဲ့ပြီး ဘိန်းအစားထိုး သီးနှံစိုက်ပျိုး ခြင်းဟူသော ခေါင်းစဉ်ဖြင့် စတင်စိုက်ပျိုးခဲ့ရာ မြစ်ကြီးနားခရိုင် နှင့် ဗန်းမော်ခရိုင်ရှိ မြို့နယ်၊ ကျေးရွာများတွင် စိုက်ပျိုးနေပြီး လက်ရှိ စိုက်ပျိုးဧက သောင်းချီရှိနေသေးကြောင်း သိရသည်။

၂၇။ ရွာငံမြို့နယ် နွားဘန်းကြီးရွာ ဒေသခံနှစ်ဦး ဖမ်းဆီးခံရ
July 25, 2022
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးရွာအုပ်စု မြောက်ပိုင်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ အမျိုးသား နှစ်ဦးကို ဇူလိုင်လ ၂၅ ရက် ဒီနေ့မနက်အစောပိုင်း ၄ နာရီလောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတယ်လို့ ရွာငံ မြို့ခံ တွေက ပြောပါတယ်။ အဖမ်းခံရသူတွေက အသက် ၄၀ ဝန်းကျင်တွေဖြစ်တဲ့ ဦးသိန်းဇော်ဝင်းနဲ့ ဦးဖိုးငယ်တို့ ဖြစ်ပြီး ဘာကြောင့် ဖမ်းသွားလဲတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာငံမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ “သူတို့က လာပြီဆို မသင်္ကာရင် ကားပေါ်ဆွဲခေါ်သွားပြီး စခန်းရောက်မှရှင်းဆိုပြီး ခေါ် ခေါ်သွားတာ။ ဘာမှလည်း ပြောလို့မရဘူးဗျ။ ပြီး ရင် စစ်ကြောရေးပို့လိုက်တာ” နွားဘန်းကြီးရွာအုပ်စုထဲမှာ မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နဲ့ ပွေးနဖားရပ်ကွက် ဆိုပြီး ရပ်ကွက်သုံးခု ရှိသလို လက်ရှိအချိန်အထိ အဖမ်းခံထားရသူ စုစုပေါင်း ၂၁ ဦး ရှိသွားပြီလို့ ဆိုပါတယ်။

ဇူလိုင်လ ၂၄ ရက် မနေ့ညပိုင်းကလည်း နွားဘန်းကြီးရွာက ဦးမိုးဝေရဲ့နေအိမ်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အိမ်ပိုင်ရှင်တွေက ရှောင်နေရတာပေါ့။ ဒီမှာ အဲလိုပဲ သူတို့မသင်္ကာ တဲ့ အိမ်တွေဆို ည ညလာရှာမယ်။ လူမတွေ့ရင် မီးရှို့ခဲ့တာပဲ။ ရွာသားတွေကတော့ ကြောက်လို့ ဘာမှ မပြောရဲကြဘူး” ဒေသခံ တွေ အဖမ်းခံရတာနဲ့ နေအိမ်တွေ မီးရှို့ခံရတာဟာ စစ်ကောင်စီ သတင်းပေး ဒလန်တွေ ကြောင့် ဖြစ်တယ်ဆိုပြီး အဲဒီသတင်းပေး ဒလန်တွေ အသတ်ခံရတာလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ရွာငံမြို့နယ်ထဲ က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုတဲ့ ရွာအချို့ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.rfa.org/burmese/news/ywar-nan-two-residents-arrested-07252022070135.html

၂၈။ လောင်းလုံးတွင် ကျူရှင်ဘော်ဒါဆောင်ပိုင်ရှင်အပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
26 July, 2022
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာမှာ ဇူလိုင် ၂၆ ရက်၊ မနက် ၂ နာရီခွဲလောက်က ကျူရှင် ဘော်ဒါဆောင်ပိုင်ရှင်တဦးနဲ့ ကုန်ဆုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့က လာရောက် ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။ အဖမ်းခံရသူတွေကတော့ ကျူရှင်ဘော်ဒါဆောင်ပိုင်ရှင် ဆရာဦးညီမောင်ထွေး၊ ကုန်စုံဆိုင်ပိုင်ရှင် ဦးမောင်မောင်လွင်နဲ့ ဒေါ်ဇာဇာမြင့်တို့ ဖြစ်ကြပြီး ဘာလို့ အခုလို ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ မိသားစုဝင် တွေကလည်း မသိရှိကြသေးပါဘူး။ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးထဲမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေအပါအဝင် ရဲတပ်ဖွဲ့ဝင်၊ ပျူစောထီးအဖွဲ့ဝင် အင်အား ၃၀ လောက်က ကားလေးစီးနဲ့ အခုလို လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဖမ်းခံရသူတွေကိုတော့ လောင်းလုံးမြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ရွာခံလူငယ်တဦးက “ရွာထဲဝင်လာတာကတော့ ကားလေးစီးပဲ၊ ပြီးမှ နှစ်စီးစီခွဲပြီး လိုက်ဖမ်းတာ၊ ခေါ်သွားတာကတော့ အေးအေးဆေးဆေးပဲ ခေါ်သွားတယ်လို့ကြားတယ်၊ မိသားစုဝင်တွေတော့ ဒီမနက် ရဲစခန်းလိုက်သွားကြတယ်” လို့ ပြောပါ တယ်။ ဇူလိုင် ၂၅ ရက်ညကလည်း လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာနဲ့ မောင်းမကန်ကျေးရွာတို့က ပြည်သူနှစ်ဦးအား PDF ကို ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဇူလိုင် ၂၄ ရက် မနက်ကလည်း လောင်းလုံးမြို့နယ်၊ ပညစ်ရွာမှ အလှူအိမ်ကိုကြွတဲ့ ကျောင်းထိုင် ဘုန်းတော်ကြီး တပါးနဲ့ ဒေသခံ ၆ ဦးတို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး မနေ့ကတော့ ဆရာတော်အပါအဝင် ၅ ဦး ကို ပြန်လွှတ်ပေးလိုက်ကာ ကျန်တဦးရဲ့ အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ http://burmese .dvb.no/archives/545162

၂၉။ တိုက်ပွဲအတွင်း အဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့ကြောင်း Free Burma Rangers ထုတ်ပြန်
July 25, 2022
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ အခု ၂၀၂၂ ခုနှစ်ထိ တစ်နှစ်ခွဲကျော်ကာလ အထိ တိုင်းရင်းသား ဒေသ တွေမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း Free Burma Rangers အဖွဲ့ဝင် စုစုပေါင်းရှစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ် ပြန်ထားပါတယ်။ ကရင်ပြည်နယ် မူတြော်ခရိုင်က ရက္ခိုင့်တပ်တော် (AA) စခန်းကို စစ်ကောင်စီတပ်ဘက်က ဇူလိုင်လ ၄ ရက် နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် Free Burma Rangers အဖွဲ့ဝင် ကိုနေဇော်ဦး သေဆုံးခဲ့ပြီး ကယားပြည်နယ် (ကရင်နီ) ဒေသမှာလည်း ဇူလိုင်လ ၈ ရက်နေ့က လက်နက်ကြီးထိမှန်ပြီး အဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါ တယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကရင်နီဒေသက တိုက်ပွဲ တစ်ခုမှာလည်း စစ်ကောင်စီတပ်ဘက်က ပစ်လိုက် တဲ့လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်အတွင်း နှစ်ဦးနဲ့ ၂၀၂၂ ခုနှစ်မှာ ခြောက်ဦးသေဆုံးခဲ့တာဖြစ်ပြီး ငါးဦး ဟာ ကရင်နီဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တာဖြစ် သလို ကရင်ပြည် နယ်မှာ နှစ်ဦးနဲ့ ရှမ်းပြည်နယ်မှာ တစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသူတွေအပြင် ကျန်းမာရေးကြောင့် သေဆုံးသူတွေပါ ရှိခဲ့တာ ကြောင့် အာဏာသိမ်းပြီး နောက် ပိုင်း သေဆုံးသူ စုစုပေါင်း ၁၃ ဦးရှိပြီလို့ Free Burma Rangers ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက ဒုက္ခသည်တွေအရေး ကူညီနေတဲ့ အဖွဲ့ တစ်ခုဖြစ်သလို အဖွဲ့တည်ထောင် ထားတာ နှစ် ၃၀ နီးပါး ရှိနေပြီး ဒီအဖွဲ့ထဲမှာ မြန်မာတိုင်းရင်းသားတွေအပြင် နိုင်ငံတကာက လူမှုကူညီရေး လုပ်ဆောင်သူတွေလည်း ပါဝင်ကြ ပါတယ်။ https://www.rfa.org/burmese/news/free-burma-rangers-eight-members-were-killed-07252022051817.html

၃၀။ လူမရှိသည့် ကေအိုင်အေတိုက်နယ်ရုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီး
July 25, 2022
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် စီသော်ကျေးရွာအတွင်းရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တိုက်နယ်ရုံးတစ်ခုကို ယနေ့ မွန်းလွှဲ ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ အဆိုပါရုံးတွင် ကေအိုင်အေတပ်ဖွဲ့ ဝင်များမရှိသည့်အချိန်တွင် မံစီအခြေစိုက်ခြေမြန်တပ်ရင်း ခ.မ.ရ(၆၀၁) တပ်က မီးရှို့သွားခြင်း ဖြစ်သည်ဟု မြေပြင်သတင်း ရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ “စီသော်(ကျေးရွာ)က တိုက်နယ်ရုံး ကိုတော့ မီးရှို့သွားပြီလို့ ပြောနေတယ်။ စီသော် KIA ရင်း (၅) တိုက်နယ်ရုံးပါ။ အဲ့ရုံးမှာက ဘယ်သူမှ မရှိထားဘူး။ မရှိထားတဲ့ အချိန်ကို ရှို့သွားတာ။ ဒီတိုင်းပဲ အလွတ် လာဝင်ပြီးရှို့သွားတာ”ဟုပြောသည်။ စီသော် ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်လာသောကြောင့် စာသင်ကျောင်း များ ပိတ်ကာ ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။ “မှန်တယ်။ ခုနမှ ရှို့ပေးလိုက်တာ။ ကလေးတွေလည်း အရင်နေ့တွေကတော့ တောက်လျှောက် ကျောင်းတက်နေကြတာ ဟုတ်တယ်။ မနေ့ကနေတော့ ကျောင်းတွေ အကုန်ပိတ်ပြီး ဒေသခံတွေလည်း အားလုံးနီးပါးတိမ်းရှောင်နေကြတယ်” ဟုပြောသည်။

ကေအိုင်အေတိုက်နယ်ရုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့လိုက်သည်မှာ မှန်ကန်ကြောင်းနှင့် မီးခိုးများကို အဝေး ကပင် မြင်နေရပြီး ယနေ့ မွန်းလွှဲ တစ်နာရီခွဲခန့်မှ မီးခိုးများတိတ်သွားသည်ဟု အခြားမြေပြင်သတင်းရင်းမြစ် တစ်ဦးထံမှ သိရ သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးခဲ့သော ကေအိုင်အေတိုက်နယ်ရုံးသည် မည်သည့် ရုံးဖြစ်ကြောင်းကိုမူ မသိရှိ ရသေးပါ။ ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခ.မ.ရ (၆၀၁) စစ်ကြောင်းနှင့်လည်း ဇူလိုင်လ ၂၁ ရက်နေ့က ခိုလိပ်ကျေးရွာအနီးတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၃၁။ လားရှိုးမှာ အမျိုးသားတစ်ဦးက ကိုယ့်လည်ပင်းကို ကိုယ်တိုင်လှီးဖြတ်မှုဖြစ်ပွား
July 26, 2022
မနေ့ ဇူလိုင်လ ၂၅ရက်နေ့ မနက်ပိုင်း ၁၀ နာရီကျော်အချိန်မှာ လားရှိုးမြို့ ရပ်ကွက် (၅) နယ်မြေ (၁၂ )တွင် အမျိုးသား တစ်ဦးက ကိုယ့်လည်ပင်းကို ကိုယ်တိုင်လှီးဖြတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။ အဆိုပါ အမျိုးသားဟာ အသက် ( ၃၉ နှစ်)အရွယ်ခန့်ရှိပြီး စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာ ရှိဟန်ရှိသည်ဟုယူဆရပြီး ကိုယ့်လည်ပင်း ကို ကိုယ်တိုင်လှီးဖြတ်တာပဲ ဖြစ်ပါတယ်။ ကမ်းလင့်လက်များ ဆုံဆည်းရာ သွေးနှင့် အောက်ဆီဂျင် (အခမဲ့) ကူညီရေး ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက “မနေ့က ကျွန်တော်တို့စီ ဖုန်းဝင်လာတယ်။ အမျိုးသား တစ်ဦးက သူ့လည်ပင်းကို လှီးတယ်ဆို ပြီး သွားရောက်ကူညီပေးတယ်။ ရောက်တဲ့အချိန်မှာ လူနာကသွေးထွက် တာများတော့ သွေးသိတ်အောင် လုပ်ပြီး ချက်ချင်း ဆေးရုံးပို့ လိုက်တယ်”လို့ ပြောပါတယ်။ အဆိုပါ အမျိုးသားဟာ လည်ပင်းကို လှီးဖြတ်ရာမှာ လေရှူပြွန်နှင့် အဓိကသွေးကြော များ မထိခဲ့ကြောင်း အသက်အန္တရာယ်တော့ မဖြစ်နိုင်ဘူးလို့ ၎င်းကဆက်ပြောပါတယ်။ လားရှိုးမှာ ဆွဲကြိုးချသေဆုံးမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပေမယ့် အခုလိုဖြစ်စဉ်မျိုးဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button