ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၃
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ချပ်ရွာနှင့် စွန်တောင် (ဆွန်တောင်) ကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဇွန်လ၂ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင် စီတပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကြဲခဲ့တယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဲဒီဖြစ်စဥ်တွင် ဒေသခံပြည်သူများ သေဆုံးမှုများရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့ကြောင်း ဆိုသည်။
“ယခုလိုတိုက်ခိုက်မှု့သည် အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှု့ဖြစ်ပြီး စစ်ရာဇဝတ်မှု့ ကျူးလွန်ကြောင်းထင်ရှားသည်” ဟု CDF-Mindat ဘက်ကလည်း ထုတ်ပြန် ပြောဆိုထားသည်။
ဒါ့အပြင် “စစ်ကောင်စီ၏ စစ်လေယာဥ်များသည် ထိုသို့တိုက်ခိုက်မှု့မပြုလုပ်မှီ ပြည်သူများနေထိုင်ရာ ကျေးရွာများအပေါ် ကင်းထောက်ပျံသန်းမှု့များ ပြုလုပ်ပြီး ကြိုတင် ပြင်ဆင်မှု့များ ရှိကြောင်း တွေ့ရှိရသည်” ဟု CDF-Mindat ဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသေးသည်။
အဲဒီဖြစ်စဉ်မှာ ကြုံခဲ့ရတဲ့ ဒေသခံတဦးကတော့ “တရွာလုံးကို ပတ်ပြီး ဗုံး ၁၅ လုံးလောက် ကြဲသွားတယ်။ သွေးအလိမ်းလိမ်းနဲ့ ကလေးတွေ ပွေ့ချီလာသူတွေနဲ့ တရွာလုံး ပြေးလွှားကြောက်လန့်နေကြတယ်။ ခြေထောက်မှာ စီးထားတဲ့ဖိနပ်လည်းမရှိတော့ဘူး။ မြေအောက်ခန်းအထပ်တစ်ခုမှာ စိုးရိမ်ပူပန်နေတဲ့ မျက်နှာတွေနဲ့ ကလေး၊ လူကြီးတွေ စုမိနေကြတယ်။ အဲဒီနေရာရဲ့ ၁၈ ပေလောက်မှာ ရွှီး……ဒုန်း ဆိုတဲ့ပေါက်ကွဲသံနဲ့။ အခန်းထဲကကလေးတွေလည်း ထငို ပွက်လောကိုရိုက်လို့၊ ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ ၁၀ နှစ်အောက် ကလေးတွေ၊ အိပ်ယာထဲ လှဲနေတဲ့ ဆွံ့အ အမေကြီး၊ လူငယ်တွေလည်း ဒဏ်ရာရ သေဆုံးနေတယ်” ဟု Facebook ပေါ်တွင် ပြန်လည်ရေးသားထားသည်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း ဖော်ပြထားသည်။
ဒ့ါအပြင် ဆွန်တောင်ရွာဘက်သို့ ထပ်မံ ဗုံးကြဲချခဲ့သော်လည်း ဗုံးမှာ ချောက်အတွင်းသို့ ကျခဲ့ကြောင်း မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ – Ling YawLawThang