တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ဒေသတွင်း ဖွံ့ဖြိုးမှုကို အပြည့်အ၀မလုပ်ဆောင်နိုင်သေးသာကြောင့် မူးယစ်ပြဿနာကြုံနေရဟု RCSS ပြောဆို

ဓါတ်ပုံ- (RCSS/SSA) တပ်စခန်းရှိရာ လွိုင်ကော်ဝမ်း၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အခမ်းအနားကျင်းပပြုလုပ်ခဲ့သည့် မြင်ကွင်း။

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၂၆

ရှမ်းပြည်တွင်းနှင့် ကမ္ဘာ့နိုင်ငံများတွင် မူးယစ်ဆေးဝါးပြဿာနာ ရင်ဆိုင်နေသည့် အကြောင်းအရင်းသည် ဒေသတွင်းဖွံ့ဖြိုးမှုကို အပြည့်အ၀လုပ်ဆောင်ပေးနိုင်ခြင်းမရှိသောကြောင့်ဟု RCSS ဘက်က ယနေ့ အပြည်ပြည်ဆိုင်ရာမူးယစ်တိုက်ဖျက်ရေးနေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။
“အဓိကကတော့ မူးယစ်ဆေးဝါးကို နှစ်ပိုင်းခွဲပြီး ပြောရလိမ့်မယ်နော်၊ စိုက်ပျိုးမှုကိုအခြေခံတဲ့ မူးယစ်ဆေးဝါး၊ ဘိန်းပင်စိုက်ပျိုးတဲ့ဟာပေါ့နော်၊ နောက်တခုကတော့ ဓါတုဆေးဝါးကိုအခြေခံတဲ့ မူးယစ်ဆေးဝါးပေါ့နော်၊ ရှမ်းပြည်မှာ စိုက်ပျိုးမှုကိုအခြေခံတဲ့ဟာ တွေ့မြင်ရသာက ရှိတော့ရှိတယ် ဒါပေမယ့် မများဘူးပေါ့နော်၊ အဓိကကျတော့ တော်ရွာ၊ ကျေးရွာတွေမှာ စားဝတ်နေရေးအတွက် စိုက်ပျိုးကြသာ များတယ်၊ အဲဒီတော့ ဒီတော်ရွာတွေမှာစိုက်ပျိုးတဲ့ဟာကို ပြောင်းလဲနိုင်ဖို့အတွက် တခြားနည်းလှမ်းတွေနဲ့ ဖြေရှင်းနိုင်လို့ရှိရင် အဲဒီဟာတွေက နည်းသွားမယ်ပေါ့နော်၊
ဒါကြောင့် ကျနော်တို့ရဲ့ သုံးသပ်ချက်ပေါ့ မြေပြင်မှာတွေ့ရှိတဲ့ သုံးသပ်ချက်ကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လိုသာပေါ့ လမ်းပန်းဆက်သွယ်ရေးတို့၊ ပညာရေးတို့၊ ကျန်းမာရေးတို့၊ မီးရရှိရေးနဲ့ ဆက်သွယ်ရေး စတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတို့ကို စီမံအကောင်အထည် ဖော်ပေးနိုင်ဖို့ပေါ့နော်၊ အဓိကတော့ အဲဒါက အခြေခံစားဝတ်နေရေးတွေအတွက် ဖြေရှင်းနိုင်မယ် နည်းလမ်းတွေလို့ ယူဆတယ်လေ၊ ဓါတုဆေးဝါးနဲ့ပတ်သက်ပြီး ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါး တွေကတော့ ပြည်သူ တွေနဲ့မဆိုင်ဘူးလို့ထင်သာဘဲ၊ပြည်တွင်းထဲမှာလည်း မရှိဘူး၊ ပြည်ပကနေ မှောင်ခိုကနေ ဝင်လာသာဘဲ ဆိုတော့ သာမန်ပြည်သူတွေလည်း မလုပ်နိုင်ဘူးလေနော် အဲဒီလို နှစ်ပိုင်းပြောလို့ရသာပေါ့”ဟု ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက ဖက်ဒရယ်ဂျာနယ်သို့ ပြောဆိုသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီအရ ဘိန်းအစားထိုးစိုက်ပျိုးခြင်း၊ စီးပွားရေးနှင့် အသက် မွေးဝမ်းကျောင်း ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပထမအဆင့် ပူးပေါင်းမှုအနေဖြင့် ၂၀၁၂ခုနစ် အောက်တိုဘာလ ၂၇-၂၈ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ နိုင်ငံတော်အစိုးရနှင့် UNDO တို့သုံးပွင့်ဆိုင် (Round table meeting) ဆွေးနွေးခဲ့ကြပြီး လက်တွေပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ပြည်တွင်း၊ နိုင်ငံတကာနဲ့ ပူပေါင်းဆောင်ရွက်မှုအပေါ် အားရကျေနပ်မှုမရှိသေးဘူးဟုလည်း RCSS ဘက်က ဆိုသည်။
“နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုမှာ အားရကျေနပ်မှုတော့ မရှိဘူးခင်ဗျ။ အကယ်၍ အဲဒီလို ထဲထဲ ဝင်ဝင်ပူးပေါင်းဆောင်ရွက်နိုင်နေမယ်ဆိုရင် စောစောစီးစီးပပျောက်ပြီပေါ့၊ နှစ်ပေါင်း ဆယ်နဲ့ချီရှိနေပြီ မပပျောက်ဘူးဆိုတော့ တဖွဲ့တည်းနဲ့ လုပ်လို့မရဘူး၊ လူတိုင်းပူးပေါင်းရမှာဘဲ၊ နိုင်ငံတကာအနေနဲ့လည်း ပူးပေါင်းရမှာဘဲ၊ အဲဒါကြောင့် အားရမှုတော့ မရှိဘူးပေါ့ သူတို့နိုင်ငံတကာကလည်း ပြည်တွင်းထဲကို လာကူညီမယ်ဆိုရင်လည်း အခက်အခဲရှိမယ် ထင်ပါတယ်၊ လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးက ခက်တော့ နေရာတွေကလည်း ဝေးသာပေါ့နော်” ဟု ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက ဖက်ဒရယ်ဂျာနယ်သို့ ဆက်ပြော ဆိုသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)သည် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရေး၊ အမြစ်ပြတ်ပပျောက်နိုင်စေရန်အတွက် ဒေသခံပြည်သူများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

Related Articles

Back to top button