(No. 41, June 7, 2022)
၁။ စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
7 June, 2022
ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့လယ်ခေါင်ကို ဒီနေ့ ဇွန် ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် မြို့ခံအရပ်သား ၁ ဦး လက်နက်ကြီး ကျည် ထိမှန်သေဆုံးပြီး ၂ ဦးထိ ခိုက်ဒဏ်ရာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “စစ်တပ်က မိုးဗြဲဘက်ကို လက်နက်ကြီးနဲ့ လှမ်းထုလို့ အရပ်သားအမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်တယ်။ မြို့လယ်ခေါင် ဖယ်ခုံ- မိုးဗြဲမိန်းလမ်းမကြီးပေါ်ထိကို ကျည်ကျတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
အာဏသိမ်းစစ်ကောင်စီက မိုးဗြဲမြို့ထဲကို လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် မိုးဗြဲစည်ပင် က စျေးသည်တွေ၊ စျေးဆိုင်ပိုင်ရှင်တွေနဲ့ ပြည်သူတွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို တိမ်းရှောင် နေရပါ တယ်။ “ရုတ်တရက်ကြီး မြို့ထဲကို လက်နက်ကြီးကျည်တွေကျတော့ စျေးရောင်းနေတာကနေ ထပြေးရတယ်။ ဆိုင်လည်း မသိမ်းခဲ့ရဘူး။ ဒီအတိုင်းထားခဲ့ပြီးပြေးခဲ့ရတယ်” လို့ စျေးသည်တဦးက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား မကြာခဏဆို သလို ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မြို့အတွင်းကို အကြောင်းမဲ့ ခြောက်လှန့် ပစ်ခတ် တာတွေ ရှိနေပါတယ်။ http://burmese.dvb.no/archives/537277
၂။ ရွှေကူမြို့က စစ်ကောင်စီစခန်းတစ်ခုကို KIA ရှင်းလင်းခဲ့
June 6, 2022
ကချင်ပြည်နယ် ရွှေကူမြို့နယ် ၊ ပန်ခေါန်ယာန် အနီးမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက် ရေးတပ်(KIA)က ဇွန်လ ၅ ရက် မနေ့က သွားရောက်ရှင်းလင်းခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က RFA ကိုပြောပါတယ်။ KIA က သွားရှင်းချိန်မှာ စစ်ကောင်စီတပ်သားတွေ စခန်းမှာ တစ်ယောက်မှ မရှိတော့ဘဲ ထွက်ပြေးသွား ကြတယ်လို့လည်း ဆိုပါတယ်။ “အဲဒီတပ်စခန်းကနေ ဇွန် ၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေ ထွက်သွားကြတယ်၊ KIA က ဇွန်လ ၅ ရက်နေ့မှာ သွားရောက်ရှင်းလင်း ဖို့သွားတော့ စစ်ကောင်စီဘက်က တစ်ယောက်မှ မရှိတော့ဘူး။ အဲဒါနဲ့ စခန်းကို မီးရှို့ပေးလိုက် တယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်စခန်းဟာ KIA တပ်စခန်းတွေကြားထဲမှာ ရှိနေတာကြောင့် စခန်းအတွက် ရိက္ခာသယ်မရ၊ အစား အသောက်တွေ ပြတ်တောက်လာတာကြောင့် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့လည်း ပြောပါ တယ်။ တပ်သားအင်အား ၃၀ လောက်ရှိတဲ့ တပ်စခန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပန်ခေါန်ယာန်ရွာဟာ ရွှေကူမြို့နယ် KIA တပ်မဟာ(၈) လက်အောက်ခံ တပ်ရင်း ၅ နယ်မြေမှာရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ပန်ခေါန်ယာန် စစ်ကောင်စီတပ်စခန်းကို KIA ဘက်က မီးရှို့ဖျက်စီးခဲ့တယ်ဆိုတဲ့ သတင်းအချက် အလက် ဗဟိုကို ပေးပို့လာတာ မရှိသေးဘူးလို့ ပြောပါတယ်။ ကချင်ပြည်နယ် ဖားကန့်၊မိုးညှင်း၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊ ရွှေကူမြို့နယ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာ အခုရက်ပိုင်း စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို KIA က မိုင်းဆွဲတိုက်ခိုက် တာတွေ ရှိခဲ့ပါတယ်။ https://www.rfa.org/burmese/news/kia-cleared-a-junta-troops-camp-in-shwe-gu-kachin-0606 2022092057.html
၃။ ချင်းဒုက္ခသည်တွေကို အာဆီယံက ကူညီဖို့ ချင်းကောင်စီနဲ့ NUG တောင်းဆို
June 6, 2022
စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းလူမျိုးစု တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီကို တော်လှန်ခဲ့ကြလို့ ချင်းပြည်နယ်ဟာ စစ်မြေပြင်ဖြစ်ခဲ့ရပြီး ဒေသခံ ကိုးသောင်းနီးပါး ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေး နေကြရပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်ဆိုက်နေတဲ့ မြန်မာနိုင်ငံကို အကူအညီတွေဖြန့်ဝေပေးဖို့ အာဆီယံအသင်းက စစ်ကောင်စီရဲ့ လုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။ အာဆီယံက အကူအညီ ပေးသွားမယ့် ဒေသတွေထဲမှာ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့ပဲ ပါဝင်ပြီး ချင်းပြည်နယ်ထဲက စစ်ဘေး ဒုက္ခသည်တွေ အတွက် မပါဝင်လို့ အခုလို ကြေညာချက် ထုတ်ရတာလို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ သဘာပတိ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တွေနဲ့ စစ်ကောင်စီ တပ်တွေ အကြားက တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည်စုစုပေါင်း ကိုးသောင်းနီးပါးရှိနေပြီး ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသောင်းကျော်ရှိတယ်လို့ ချင်းကောင်စီနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ နယ်စပ်ကိုဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေး တိမ်းရှောင်သူတွေလည်း သုံးသောင်းကျော်အထိ ရှိနေပြီလို့ ဆိုပါတယ်။ “ကျနော်တို့ ချင်းပြည်သူ လူထုရဲ့ ၁ဝဝ မှာ ၃ဝ ရာခိုင်နှုန်း က စစ်ဘေး ဒုက္ခသည်ဖြစ်နေတယ်။” ချင်းဒေသက ဒုက္ခသည်တွေကို အာဆီယံရဲ့ အကူအညီပေးရေးအစီအစဉ်မှာ ဘာကြောင့် ထည့်သွင်းမထားသလဲ ဆိုတာကို သိနိုင်ဖို့ အာဆီယံအဖွဲ့ချုပ်ရုံးကို RFA က ဖုန်းဆက်ပြီး မေးမြန်းခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။ https://www.rfa.org/burmese/program_2/nug-request-asean-to-help-chin-refugees-06062022084 357l
၄။ မိုးမောက်တွင် မိုင်းနင်းမိသဖြင့် အမျိုးသား ၁ ဦးသေဆုံး
7 June, 2022
ကချင်ပြည်နယ်၊ မိုးမောက်မြို့ နယ်မှာ ဇွန် ၅ ရက် ညနေပိုင်းက ဟင်းစားရှာသူ အမျိုးသားတဦး မိုင်းနင်းမိပြီး ညာခြေထောက် တဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမောက်မြို့နယ် လုံဂျာတောင်ပေါ်ကို မျှစ်ချိုးသွား တဲ ဦးအိုက်ခန့် ဆို သူဟာ မြေမြှုပ်မိုင်းနင်းမိတဲ့အတွက် ညာခြေထောက်ဖြတ်လိုက်ရတာလို့ ဆိုပါတယ်။
“လုံဂျာတောင်မှာ ဟင်းစားတက်ရှာတာ မျှစ်ချိုးရင်း မိုင်းနင်းမိလို့ ညာဘက် ခြေထောက်ဖြတ်လိုက်ရတယ်။ ဘယ်အဖွဲ့ က ထောင်တဲ့ မိုင်းလဲတော့ မပြောတတ်ဘူး။ ခု ဆေးရုံ တင်ထားတယ်” လို့ ဦးအိုက်ခန့် နဲ့ နီးစပ်သူ အမျိုးသားတဦးက ပြောပါ တယ်။ လုံဂျာကျေးရွာနေ မိုင်းနင်းမိခဲ့တဲ့ ဦးအိုက်ခန့်ကို ဗန်းမော် မ.စ.ရ (၁၁) စစ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း ဆိုပါတယ်။ မံစီမြို့နယ်မှာ ၂၀၂၁ သြဂုတ်လအတွင်းကလည်း ဟင်းစားရှာမျှစ်ချိုးတဲ့ အမျိုးသားတဦးနဲ့ ကျွဲကျောင်းတဲ့ လူငယ်တဦး မိုင်းနင်း မိလို့ သေဆုံးခဲ့ပါသေးတယ်။ http://burmese.dvb.no/archives/537288
၅။ နမ့်ခမ်းမြို့ ရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီ လက်အောက်ခံများ လာရောက်စောင့်ဆိုင်းနေ
June 7, 2022
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်းရှိ စာသင်ကျောင်းများ အားလုံးကို စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ နှင့် ပြည်သူ့စစ် တို့က လုံခြုံရေးအပြည့် ယူထားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇွန် ၆ ရက်က တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ဈေးထဲဝင်ရောက်လာသည့် သတင်းထွက်ပေါ်လာပြီးနောက် ယနေ့ ဇွန် (၇) ရက်နေ့တွင် စစ်ကောင်စီတပ်၊ ရဲ နှင့် ပြည်သူ့စစ်များက စာသင်ကျောင်း နှင့် ဈေးထဲတွင် လုံခြုံရေးယူထားကြောင်း သိရသည်။ “ ကျောင်းတိုင်း မှာ လုံခြုံရေးတွေ အပြည့်စောင့်ကြည့်နေကြတာ။ စောင့်နေတာတော့ စစ်သားတွေ၊ ရဲတွေ နဲ့ ပြည်သူ့စစ်တွေ စောင့်နေတာ။ စာသင်ကျောင်းတိုင်း အားလုံးရဲ့ အဝင်ဝမှာစောင့်နေကြတာ။ ကျောင်းတော့ မပိတ်ဘူး။ ဖွင့်နေသေးတယ်” ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
အလားတူ ယမန်နေ့က သတင်းထွက်ပေါ်မှုကြောင့် ယနေ့ ဇွန် (၇) ရက် နမ့်ခမ်းမြို့မဈေးထဲတွင် သွားလာသူ နည်းပါး လာကြောင်း သိရသည်။ “ ဒီနေ့တော့ ဈေး ပြန်ဖွင့်ကြတယ်။ ဒါမဲ့ ဈေးသွားတဲ့သူမရှိဘူး။ အရမ်းနည်းတယ်။ ဈေးသွားတဲ့သူ မရှိသလောက်ပါပဲ။ ဒီနေ့ကျတော့ ကျောင်းတွေမှာ လုံခြုံရေး ပိုတင်းကြပ်တာပေါ့” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။ https://burmese.shannews.org/archives/28525
၆။ ကယားမှာ ကုလသမဂ္ဂရဲ့အကူအညီ အပြည့်အဝမရသေးကြောင်း ဒုက္ခသည်တွေပြော
June 6, 2022
ကယားပြည်နယ်မှာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သိန်းနီး ပါးရှိနေပြီး အများစုဟာ ကုလသမဂ္ဂရဲ့ အကူအညီတွေကို မရကြဘူးလို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီပေး နေသူတွေက ပြောပါတယ်။ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ဒီနေ့အထိ နိုင်ငံတကာရဲ့ အကူအညီတွေကို မရကြသေး ဘူးလို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေး ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“WFP ရော၊ UN ရော ဘာမှမကြားဖူးသေးပါဘူး။ အရင်က တခြား အရင်လတုန်းက လာလှူတဲ့သူ ရှိဖူးပါတယ်။ အဲဒီ အဖွဲ့တော့ လာလှူတာ မရဖူးသေးပါဘူး။ ဒီမှာလည်း တခြား အလှူရှင်က ပေးထားတဲ့ စားစရာလည်း မရှိတော့ဘူးပေါ့” တိုက်ပွဲ တွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ တခြား တိုင်းနဲ့ ပြည်နယ်တွေဘက်ကိုပါ ရောက်ရှိနေကြပြီး အများစုကတော့ တောထဲ တောင်ထဲက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံအရပ်ဘက် အဖွဲ့တွေက ပြောပါ တယ်။ အဲဒီအထဲက ဒုက္ခသည်အများစုက နိုင်ငံတကာရဲ့ အကူအညီနဲ့ အလှမ်းဝေးနေကြတာလို့ မေလ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ကရင်နီပြည်နယ်ရဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်း သတင်းစာရှင်းလင်းပွဲမှာ လူသားချင်းစာနာ ထောက်ထားမှု ကော်မတီ KSCC ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက ပြောဆိုပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr.Stephen Anderson ကတော့ အကူအညီ လိုအပ်နေသူအားလုံးအတွက် ဆက်လက်ကြိုးစားနေတယ်လို့ RFA ကို ဇွန်လ ၄ ရက်နေ့က ပြောပါတယ်။ https://www.r fa.org/burmese/news/kayah-refugees-cannot-get-full-un-assistance-06062022093111.html
၇။ မြိုလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး အခြားလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်ဆုံးဖြတ်
June 7, 2022
ရခိုင်ပြည်နယ်အတွင်းရှိ မြိုလူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျွေးရွာတွင် ဇွန်လ ၄ ရက်မှ ဇွန်လ ၆ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့သော မြိုလူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲနောက်ဆုံးနေ့တွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ကျွန်တော်တို့ မြိုတိုင်းရင်းသားတွေအတွက် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေကို ဘယ်လိုတည်ဆောက်မယ်ဆိုတာရယ်။ ပြီးတော့ ဘယ်လိုပုံစံမျိုးဆောင်ရွက်သွားဖို့ ဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ အဓိက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးများကို လည်း တခြားအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ပြောသည်။
မြိုလူမျိုးများသည် ရခိုင်မျိုးနွယ်စုဝင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၃ သောင်း ကျော် နေထိုင်လျက်ရှိသည်ဟု မြိုစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဇနီဖြူက ပြောသည်။ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့တွင်နေထိုင်ကြပြီး ယင်းအနက် မောင်တောမြို့နယ်တွင် အများဆုံးနေထိုင်လျက်ရှိ သည်ဟု ဆိုသည်။ တောတောင်များကို မှီခိုကာ တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်စားသောက်ကြပြီး လမ်းပန်းဆက် သွယ်ရေးခက်ခဲမှု၊ မြို့ပြနှင့် အလှမ်းကွာဝေးမှုတို့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည်တို့တွင် ဖွံ့ဖြိုး တိုးတက်မှုမရှိဖြစ်နေသည်ဟု သိရသည်။
၈။ ပလက်ဝမှ ဦးမဲကျော့အား AA ကို သတင်းပေးသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခြင်းဟုဆို
June 7, 2022
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ဒေသခံရခိုင်အမျိုးသားတစ်ဦးဖြစ်သူ ဦးမဲကျော့အား စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းမှာ ရက္ခိုင့်တပ်တော် (AA)ကိုသတင်းပေးသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခြင်း ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များကပြောသည်။ ဦးမောင်မဲကျော့နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက “ သူ့ကို ဖမ်းဆီးတာကို ခလရ ၂၈၉ ဘက်က အကြောင်းကြားတာက ရက္ခိုင့် တပ်တော်နဲ့ ချိတ်ဆက်ပြီး သတင်းပေးမှုကြောင့် ဖမ်းဆီး ရတာဖြစ်တယ်လို့ အကြောင်းကြားတယ်” ဟု ပြောသည်။ သို့သော်လည်း ဦးမဲကျော့သည် ရိုးရိုးသားသား တောင်ယာလုပ်ကိုင်နေသူ တစ်ဦးသာဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။ ” သူကတောင်ယာလုပ်စားတဲ့သူတစ်ယောက်ပါ။ အဲဒါတွေနဲ့လည်း ဆက်စပ်မှု မရှိဘူး။ နောက်ထပ် တစ်ခုက အဆက်အသွယ်မှ လည်း မရဘူး။ ဖမ်းဆီးပြီးတော့ ပိတ်လှောင်ထားတယ်။ မိသားစု တွေနဲ့လည်း လုံးဝတွေ့ဆုံခွင့် မရဘူး” ဟု ပြောသည်။
ဦးမဲကျော့သည် တောင်ယာလုပ်ငန်းအပြင် ပလက်ဝ ပလက်ဝမြို့မရပ်ကွက်တွင် ဈေးဆိုင်ရောင်းသူတစ်ဦးလည်း ဖြစ်သည်ဟု သိရသည်။ ၎င်းအား ပြီးခဲ့သည့် ဇွန် ၄ ရက် ည ၈ နာရီခန့်တွင် စစ်သားများက ပလက်ဝ အခြေစိုက်တပ်ရင်း ခလရ ၂၈၉ သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။ ဦးမဲကျော့သည် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့၊ နံနက်က ရက္ခိုင့် တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အဘောင်သားကျေးရွာ အနီးတွင်လည်း တောင်ယာလုပ်ငန်း လုပ်ကိုင်သူတစ်ဦး ဖြစ်ကြောင်း ပလက်ဝဒေသခံများကပြောသည်။
၉။ KIO အစိုးရ ပညာရေးဌာနအောက် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြေညာ
6 June 2022
ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရလက်အောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသည့် ကျောင်းသူ၊ကျောင်းသားများ၏ အောင်စာရင်းကို ဇွန်လ ၆ ရက်နေ့ ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။ KIO ပညာရေးဌာန စာစစ်ဌာန ၉ နေရာမှ စာမေးပွဲဖြေဆိုသည့် ကျောင်းသူ ၊ကျောင်းသား စုစုပေါင်း ၂၁၉၂ ဦး ရှိသည့်အနက် ၁၆၈၀ ဦး စာမေးပွဲ အောင်မြင်ပြီး ဂုဏ်ထူးဖြင့် ထူးချွန်အောင်မြင်သည့် ကျောင်းသူ ၊ကျောင်းသား (၃၀၈) ဦး ပါဝင်ကြောင်း သိရပါသည်။ “ကျနော်တို့ ဂုဏ်ထူးထွက်တဲ့ကလေးတွေကို ၁ ဘာသာ ၅ သောင်းသတ်မှတ်ပြီး ဆုချီးမြင့်တယ်။ ဂုဏ်ထူးထွက်အောင် သင်ပြပေးတဲ့ ဆရာ ၊မတွေကို လည်း ၁ သိန်းစီ ချီးမြင့်တယ်။ ကလေးတွေ ဂုဏ်ထူးထွက်သူက ၃၀၈ ယောက်နဲ့ ဂုဏ်ထူးအရေအတွက်က ၅၂၁ ရှိတယ်” ဟု KIO အစိုးရ ဗဟို ပညာရေးဌာန အတွင်းရေးမှူး ဆရာ နော်ထွယ် က ပြောသည်။
အောင်မြင်သူများတွင် ၅ ဘာသာဂုဏ်ထူးရှင် ၅ ဦး ၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး ၊ ၃ ဘာသာဂုဏ်ထူးရှင် ၃၁ ဦး ၊ ၂ ဘာသာဂုဏ်ထူးရှင် ၈၂ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၇၄ ဦး ရှိသည်။ KIO အစိုးရလက်အောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအစိုးရကျောင်းတက်နေရင်း ကျောင်းရပ်နားခဲ့ကြသည့် အနယ်နယ်အရပ်မှ ကျောင်းသူ ၊ ကျောင်းသားမျာလည်း ပါဝင်ကြောင်း သိရသည်။ စာမေးပွဲကို ဧပြီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ KIO ထိန်းချုပ်နယ်မြေ စာစစ်ဌာနများဖြစ်သည့် အလမ့်ဘွမ် အထက်တန်း ကျောင်း ၊ လိုင်ဇာမြို့ ကျောင်း၊ မိုင်ဂျာယန် အထက်တန်းကျောင်း၊ အင်ဘာပါ ကျောင်း၊ မုန်မစ်ဆင်လီ ကျောင်း၊ အင်ဂွမ်းလ ကျောင်း၊ ကျိန်ထောင်ပါ ကျောင်း၊ မုန်ဘော်ကျောင်း နှင့် လော့ဒ်အောင် ကျောင်းများတွင် ဖြေဆိုခဲ့ကြသည်။ https://burmese.kachinnews.com/ 2022/06/06/jun6-lp1/
၁၀။ ကေအန်ယူနယ်မြေ မုန်းမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာတွင် ကိုယ်ထူကိုယ်ထကျောင်း စတင်ဖွင့်လှစ်
7 June, 2022
ကရင်အမျိုးသားအစည်းအရုံ (ကေအန်ယူ)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၃ ရွာမှာ ကိုယ်ထူ ကိုယ်ထကျောင်းတွေ စတင်ဖွင့်လှစ်တယ်လို့ ကေအန်ယူက သတင်းထုတ်ပါတယ်။
မုန်းမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာမှာ ကိုယ်ထူကိုယ်ထကျောင်းတွေကို ဒီကနေ့ ဇွန်လ ၇ ရက်ကစပြီး စတင်ဖွင့်လှစ်လိုက် တာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးကို တည်ထောင်ဖို့အတွက်နဲ့ မိမိကံကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးဖို့ အခုလို ဖွင့်လှစ်လိုက်တာလို့ ဆိုပါတယ်။ ကိုယ်ထူကိုယ်ထကျောင်း ပထမဦးဆုံး စတင်ဖွင့်လှစ်တဲ့အတွက် ကျေင်းအသုံးအဆောင်ပစ္စည်းတွေ၊ ကျောင်း အဆောက်အအုံနဲ့ ဆရာ/ဆရာမတွေ လိုအပ်နေတဲ့အတွက် အလှူရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်ထားပါတယ်။ http://burmese.dv b.no/archives/537314
၁၁။ မွန်ပညာရေးဌာန၏ သက်မွေးဝမ်းကျောင်းပညာသင်တန်း လာမည့်သြဂုတ်လအတွင်း ဖွင့်လှစ်မည်
June 7, 2022
မွန်ပညာရေးဌာနမှ ဦးစီးဖွင့်လှစ်ထားသည့် သက်မွေးဝမ်းကျောင်းပညာသင်တန်း ဒုတိယအကြိမ်ကို လာမည့်သြဂုတ်လ အတွင်း ဖွင့်လှစ်ရန်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ဒုတိယကြိမ်မြောက်သင်တန်းအတွက် သင်တန်းသား ၆၀ ဦးလက်ခံ သွားမည်ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်သူတိုင်း လာရောက်လျှောက်ထား နိုင်ကြောင်း မွန်ပညာရေးဌာနမှ တာဝန်ရှိသူ မိခွန်လဝါ (ခန်လွာ)က ပြောသည်။ “ Batch 2 အတွက် မော်လမြိုင် မွန်ပညာရေးရုံးမှာရော ရေးဆက်သွယ်ရေးရုံးမှာပါ၊ လျှောက်လွှာတွေ ယူလျှောက်နိုင်ပါပြီ။ အဓိက က အသက် ၁၈ ပြည့်ဖို့လိုပါတယ်၊ ဒါမှ အလုပ်ဝင်တဲ့ အခါကျရင် အသက်ပြည့်စေဖို့ပါ” ဟု ၎င်းက ပြောသည်။ ဒါ့အပြင် လာရောက်လျှောက်ထားသူများသည် သက်မွေးဝမ်းကျောင်းပညာကို အမှန်တကယ် စိတ်ဝင်စာသူဖြစ်ပြီး သင်တန်းပြီးမြောက်ပါက လုပ်ငန်းခွင်အတွင်း ဝင်ရောက်နိုင်ရန် လိုအပ်ကြောင်းလည်း မိခွန်လဝါက ဆက်ပြောသည်။
လက်ရှိ ဖွင့်လှစ်ထားဆဲဖြစ်သည့် ပထမအကြိမ် သင်တန်းတွင် သင်ခန်းစာ တစ်ဝက်ကျော် သင်ကြားပြီးမြောက်ခဲ့ပြီး သင်တန်းဆင်းပါက သက်ဆိုင်ရာ လုပ်ငန်းခွင်များနှင့် ချိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း Logistic officer ဆရာထောဆိုက်က ပြောပါတယ်။ “ပထမသုတ်တွေကတော့ မောကျူ ၁၂ အထိသတ်မှတ်ထားတာ အခုဆို ၈ အထိရောက်တဲ့ အတန်းတွေလည်း ရောက်နေပြီ။ အာလုံးပြီးသွားရင်လည်း ဆရာ ဆရာမတွေက ပြန်လှန်သင်ကြားပေးသွားမှာပါ၊ အကုန်လုံး စာတွေ့ထက် လက်တွေ့ပိုသင်ကြားပေးတော့ သင်တန်းသားရဲ့ အရည်အချင်းတွေကို ပိုပြီးသိရတယ်၊ သင်တန်းဆင်းပြီးရင်လည်း သူတို့တတ် ထားတဲ့ ပညာတွေ အလကား မဖြစ်ရအောင် လုပ်ငန်းရှင်တွေဆီ ကျွန်တော်တို့ ချိတ်ဆက်ပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။ သက်မွေးဝမ်းကျောင်း ပညာသင်တန်းသည် ကျောင်းတစ်ဝက်တစ်ပြတ် နားထားသည့် မွန်လူငယ်များ အလုပ်ကိုင်ခွင့်လမ်း ရရှိစေရန်ရည်ရွယ်ပြီး မွန်ပညာရေးဌာနမှ ဦးစီးကာ အခြေခံစက်ချုပ်နည်း ၊ ဆံပင် မိတ်ကပ် အလှပြင်နည်းနှင့် အခြေခံ စက်ပြင်နည်း အမျိုးမျိုးကို သင်ကြားပို့ချပေးနေကြောင်း သိရသည်။ https://burmese.monnews.org/2022/06/07/%e1%8 0%99%e1%80%bd%e1%80%94%e1%80%ba%e1%80%95%e1
၁၂။ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည့်သတင်းကြောင့် နဘူးဒေသခံပြည်သူများ စိုးရိမ်နေ
June 7, 2022
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ၊ နဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်မည်ဆိုသည့်သတင်းကြောင့် ဒေသခံပြည် သူများမှာ စိုးရိမ် ကြောက်ရွံ့မှုဖြင့် နေထိုင်နေကြသည်ဟု သိရသည်။ ယခုရက်ပိုင်း ထွက်ပေါ်လာသည့် နယ်မြေရှင်းမည့်သတင်းသည် ဒေသတွင်း လှုပ်ရှားသည့် စစ်ကောင်စီတပ်နှင့် နီးစပ်သူများမှတဆင့် ဒေသခံပြည်သူများက ကြားသိပြီးနောက် တိုက်ပွဲများဖြစ်လာနိုင်သည့် အတွက် ကြိုတင်ပြင် ဆင်စရာများ ကြိုတင်ပြင်ဆင်ထားကြရန် ဒေသခံများက ၎င်းတို့နီးစပ်ရာဆွေမျိုးများအား လက်ဆင့်ကမ်း အသိပေးကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ဒီနဘူးမြို့နယ်မှာ စကစတို့က နယ်မြေရှင်းလင်းရေး လုပ်ဖို့ ကြားရတယ်။
ဘယ်မှာကြားလဲဆိုတော့ သူတို့နဲ့ နီးစပ်နေကြတဲ့သူတွေက ပြောလို့လေ။ တိုက်ပွဲဖြစ်လာဖို့တော့ရှိတယ်တဲ့၊ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေ ကြရတယ်။ ဒါကြောင့် ကျမတို့ဆွေးမျိုးအသိတွေကို ပစ္စည်းတို့၊ အိတ်တို့ အသင့်ပြင်ထားဖို့ ပြောထားတယ် ”ဟု ဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီမှ နယ်မြေရှင်းရေးလုပ်ဆောင်လာနိုင်ဖွယ် အခြေအနေနှင့်ပတ်သက်၍ ကေအဲန်ယူ၊ တပ်မဟာ(၇) ဘက်မှ သတင်းအချက်အချက်များအတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု တပ်မဟာဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး စောဒိကွယ် က ပြောသည်။ သူက “အဲဒီသတင်းနှင့်ပတ်သက်ပြီးတော့ ကျနော့်ဆီကို သတင်းအချက်အလက် ပို့လာတာမရှိသေး ပါဘူး။ သတင်းအချက်အလက် အတည်ပြုနိုင်ဖို့ ကျနော်တို့ ဆက်လက်လုပ်ဆောင်သွားပါမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။ ယခုလက်ရှိအချိန်တွင် အဆိုပါနယ်မြေ၌ တိုက်ပွဲများ တစုံတရာဖြစ်ပွားမှုမရှိသေးသဖြင့် ဒေသခံပြည်သူများမှာ ပုံမှန်အတိုင်း သွားလာနေသော်လည်း သတိဝိရိယနှင့်သာသွားလာနေကြရကြောင်း၊ စစ်ကောင်စီဘက်မှ စစ်လေယာဉ်၊ စစ်သုံးဒရုန်း ယာဉ်များ ဖြင့် လာရောက်စုံစမ်းထောက်လှမ်းမှုများ ယခုရက်ပိုင်းအတွင်း ပိုမိုလုပ်ဆောင်လာသည်ကို တွေ့မြင်ရကြောင်း ဒေသခံများက ဆိုသည်။ https://kicnews.org/2022/06/%e1%80%94%e1%80%9a%e1%80%ba%e1%80%99%e1%80%bc%e1%
၁၃။ အမ်းတစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင် တာဝန်ကျစစ်သားများက ကားသမားများကိုဘီယာဝယ်တိုက်ခိုင်းခြင်း၊ ဖုန်းဘေလ်ထည့်ခိုင်းမှုများ ပြုလုပ်နေသဖြင့် စိတ်အနှောင့်အယှက်ဖြစ်နေကြရဟုဆို
June 7, 2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးယူနေကြသည့် စစ်ကောင်စီ တပ်သားများက ကားသမားများကို ဘီယာဝယ်တိုက်ခိုင်းခြင်း၊ ဖုန်းဘေဝယ်ခိုင်းခြင်းတို့ကို နေ့စဥ်နေ့တိုင်း ပြုလုပ်ခိုင်းနေသဖြင့် ကားသမား များ အနေဖြင့် အထူး စိတ်အနှောင့်အယှက် ဖြစ်နေကြရသည်ဟု သတင်းရရှိသည်။ အမ်း-တောင်ကုတ်သို့ပြေးဆွဲနေသည့် ကားသမား တစ်ဦးက “ကျွန်တော်တို့ ကားထွက်ရင် ဘီယာတွေ တောင်းတာတို့ရှိတယ်။ အောက်ခြေကကောင်တွေက အထက်က ဗိုလ်ကြီး မသိအောင်တောင်းနေတာပါ။ သူတို့ကိုဝယ်မပေးဘူး ဆိုလို့ရှိရင် ကားတွေကိုအကြာကြီးစောင့်ခိုင်းပြီးမှ ပြန်လွှတ်တယ်။ စစ်သား တွေက ကားသမားတွေဆီကနေ တစ်ယောက်ကဘီယာတောင်းလိုက်၊ မိုင်တဲလ် ဖုန်းဘေတောင်းလိုက်နဲ့ နေ့တိုင်း ဒီလို လိုက် တောင်းနေတာပါ။ ကျွန်တော်တို့ အရမ်း စိတ်ညစ်ရပါတယ်။ မဝယ်ပေးဘူးဆိုရင်လည်း ပြဿနာက ရှာသေးတယ် ”ဟုဆိုသည်။
တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်မှာ အမ်းနှင့် တောင်ကုတ်ကားလမ်းပေါ်တွင် တည်ရှိပြီး လုံခြုံရေးယူထားသည့် အင်အား ၁၀ကျော်ခန့်ရှိသည်ဟု ကားသမားများကပြောသည်။ ယခုလိုဘီယာများနှင့် ဖုန်းဘေများကို ဝယ်ခိုင်းခြင်းမှာ စစ်သားများ၏ ပိုက်ဆံဖြင့်မဟုတ်ဘဲ ကားသမားများ၏ပိုက်ဆံဖြင့် ဝယ်ပေးကြရခြင်းဖြစ်ပြီး မဝယ်ပေးပါက အကြောင်းအမျိုးမျိုးပြကာ ကားသမားများကို အချိန်ကြာကြီး ထွက်ခွင့်မပေးဘဲ ပြုလုပ်ထားကြောင်း ကားသမားများက ပြောသည်။ “ ခရီးသည်တင်ကား ဘဲဖြစ်ဖြစ်၊ ကုန်တင်ကားဘဲဖြစ်ဖြစ် အဲသလို ညစ်နေတာ။ ဒီလိုမျိုးနေ့တိုင်းလုပ်နေတော့ ကားသမားတွေလည်းကြာလာရင် မခံနိုင်တော့ဘူး။ အထက်လူကြီးတွေ စိစစ်အရေးယူပေးစေလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ အဆိုပါစစ်ဆေးရေး ဂိတ်ရှိ အောက်ခြေတပ်သားများက ယခုလို ပြုလုပ်နေသည်ကို သက်ဆိုင်ရာတာဝန်ရှိသူကိုလည်း မတိုင်ရဲသဖြင့် ပို၍ အတင့်ရဲ နေကြကြောင်း နောက်ထပ်ခရီးသည်တင် ကားသမားတစ်ဦးက ပြောသည်။
၁၄။ မိုးကောင်းမြို့နယ် ထုံးရင်ပေါက် ကျေးရွာတွင် NLD ပါတီဝင် တစ်ဦးသတ်ဖြတ်ခံရ
7 June 2022
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထုံးရင်ပေါက်ကျေးရွာတွင် ဇွန်လ ၅ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် အမျိုးသားတစ်ဦး သတ်ခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် အမျိူးသားမှာ ပင်းဘောကျေးရွာ အနီးရှိ ထုံးရင်းပေါက်ကျေးရွာမှ အသက် ၃၀ ကျော်ဝန်းကျင်ရှိ NLD ပါတီဝင် ဦးအောင်ကိုဝင်း ဆိုသူဖြစ်ကာ ဇွန်လ ၅ရက်ည ၈နာရီခွဲအချိန်ခန့်တွင် သတ်ခံလိုက်ရကြောင်း ထုံးရင်ပေါက်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။ “သူက NLD အဖွဲ့ဝင်တစ်ယောက် ဟုတ်တယ် စစ်တပ်ဘက်က လူတွေက စစ်တပ်ထောက်ခံသူတွေက သတ်လိုက် တာလို့သိရတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံအမျိူးသားတစ်ဦးက ပြောသည်။
လုပ်ကြံ သတ်ဖြတ်သူများမှာ ပင်းဘောကျေးရွာမှ ပျူစောထီးခေါင်း ဆောင် ဦးကျော်မြင့်ဦးဆောင်သော ပြည့်ဖြိုးသန့်၊ ကျော် ကြီး၊ဇင်ကြီး၊ ဇော်မျိုးထွန်း၊ မင်းသာထက်၊ ဝိုင်းချစ်၊ ငထိုက်၊ ကိုထက်၊ ကိုရှမ်းလေး၊ မြောင်သုံးယောက်၊ မရည်ဝင်း၊ စိုးကြီး တို့ဖြစ်ကြောင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ဖြစ်သည့် ဂလိုင်ချောင် စစ်ကြောင်းအဖွဲ့နှင့် Mohnyin Revolution အဖွဲ့တို့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေငြာထားပြီး အရေးယူမှုများပြုလုပ်သွား မည်ဖြစ်ကြောင်းလည်း ဖော်ပြ ထားသည်။ https://burmese.kachinnews.com/2022/06/07/jun7-az1/
၁၅။ နိုင်ငံရေးမတည်ငြိမ်မှုကာလအတွင်း မြင့်တက်လာသည့် ဓာတ်ဆီ၊ ကုန်စျေးနူန်းများကြောင့် ပြည်သူများပိုမို ခက်ခဲလာ
June 6, 2022
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်းမှုများကြောင့် ဓာတ်ဆီဈေးနှင့်အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာ၍ ပြည်သူများ အခက်အခဲ ပိုမိုကြုံတွေ့လာရကြောင်း အခြေခံ စားသုံးကုန် ရောင်းချ နေကြသည့် ကုန်စုံဆိုင်ပိုင်ရှင်များနှင့် အငှားယာဉ်မောင်းများက ပြောသည်။ အာဏာသိမ်းကာလအလွန် ကုန်ဈေးနှုန်း များသည် အတက်သာရှိပြီး အကျမရှိတော့သောကြောင့် အရောင်း အဝယ်ပြုလုပ်ရန် ပိုမိုခက်ခဲလာကြောင်း ဖားအံမြို့နေ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။ “ဈေးကတော့ အရင်တုန်းက တက်လိုက်ကျလိုက်ပဲ။ အာဏာသိမ်းပြီးနောက် ပိုင်းကျ တော့ အတက်ပဲရှိတာ။ ကျတယ်ဆိုတာ ရှားတယ်။ အရင်နှစ်တွေဆို သင်္ကြန်ဆို တက်တယ်ပိတ်ရက်ကြောင့်။ ပြီးရင် ပြန်ကျသွား တာ။ ခုကျ ဈေးကျတဲ့ပစ္စည်း မရှိသလောက်ပဲ။ အသံတစ်ခုခု ကြားတယ်။ လမ်းပိတ်မယ် ဘာညာဆို ဈေးတက်ပြီ၊ ပြီးရင် ပြန်မကျ တော့ဘူး”ဟု သူက ပြောသည်။
လက်ရှိ စားသုံးဆီ ၁၀ ပိဿာတစ်ပုံးလျှင် ခုနစ်သောင်းကျော် စျေးပေါက်နေပြီး ပေါ်ဆန်းမွှေးပြည် ၂၀ ဆန်တစ်အိတ်ကို လေးသောင်းခွဲနှင့် ၂၄ ပြည်တစ်အိတ်ကို သုံးသောင်းကျော် ဝန်းကျင်ရှိကြောင်းနှင့် ကျန် ငရုတ်သီးနှင့် ကြက်သွန်ဈေးများလည်း ပုံမှန်ထက် နှစ်ဆခန့် တက်လာကြောင်း အဆိုပါ ကုန်စုံပိုင်ရှင်က ဆက်ပြောသည်။ အလားတူ ကရင်ပြည်နယ်အတွင်း လတ်တ လောဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်း ကုန်စည်စီးဆင်းမှု ရပ်တန့်နေပြီး တိုက်ပွဲများကြောင့် လမ်းပိတ် ဆို့မှုများရှိသလို စက်သုံးဆီ စျေးနှုန်းများလည်း အဆမတန် ကြီးမြင့်လာမှုကြောင့် ကားထွက်ရမည့်နေ့ကို အခြေအနေကြည့်ပြီး သွားလာနေရကြောင်း မြဝတီ-ဖားအံလမ်းကြောင်းကို အငှားယာဉ်ကားပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။ ကရင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်အာရှ လမ်းသစ် တွင် ပြီးခဲ့သည့် လအနည်းငယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်အကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်။
၁၆။ ဆီဆိုင်မြို့နယ် ဒေသခံများ PNO နှင့် PDF တို့ကြား နေထိုင်ရ ခက်ခဲနေ
June 6, 2022
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသခံများက စစ်ကောင်စီ လက်အောက်ခံ PNO နှင့် PDF တို့ကြား နေထိုင်ရတာ ခက်ခဲ နေကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း PNO တပ်ဖွဲ့က ဆီဆိုင်မြို့နယ်အတွင်း လာမည့် ဇွန် ၂၇ ရက်နေ့တွင် နောက်ဆုံး ထားကာ တပ်သားသစ်ကောက်ယူနေပြီး၊ တစ်ဖက်မှာလည်း PNO တပ်ထဲ ဝင်သွားပါက PDF တို့လာရောက် တိုက်ခိုက်မှာကို ဒေသခံ များက စိုးရိမ်ပူပန်နေကြောင်း သိရသည်။ “ တကယ်လို့ ကျနော်တို့က PNO တပ်ဖွဲ့ကို လူကော ၊ ငွေကောသွားပေးရင် ကျနော်တို့က ကိုယ့်ရန်သူကို အားပေးနေသလိုဖြစ်မယ်။ တကယ်လို့ မသွားပေးတော့လည်း ကျနော်တို့က သူတို့ထိန်းချုပ်နယ်မြေထဲနေတယ်။ သူတို့ တစ်ခုခုလာလုပ်မှာလည်း ကြောက်ရတယ်။ သွားထည့်တော့လည်း တပ်ဖက်မှာ PDF တွေကို ကြောက်ရပြန်တယ်။ လက်ရှိအခြေနေက တပ်သားသစ်သွား ပေးလည်းကြောက်ရတယ်။ မပေးလည်း ကြောက်နေရ တယ်” ဟု ဆီဆိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
PNO တပ်ဖွဲ့မှာ ဆီဆိုင်မြို့နယ်အတွင်းတွင် တစ်အိမ်ကို ငွေကျပ် (၃) သောင်း၊ ဆန် (၁)ပြည် နှင့် PNO ပြည်သူ့စစ်တပ် ဖွဲ့ထဲဝင်ရန် တစ်ရွာလျှင် လူငယ် အယောက် (၂၀) ဆီတောင်းထားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်သည် ဆီဆိုင်မြို့ပေါ်ရှိ လူငယ်များအတွက် ပထမဆုံး ကြုံတွေ့ရသော ဖြစ်စဉ်ဖြစ်သည်ဟု ဆီဆိုင်မြို့ ဒေသခံ လူငယ် အမျိုးသားတစ်ဦးက ပြောသည်။ “တကယ်လို့ ဖြစ်နိုင်ရင် သူတို့ကို ဆန်၊ ပိုက်ဆံ နဲ့ လူကော သွားမပေးချင်ဘူး။ ဒီဆီဆိုင်မှာ ဒီလိုဖြစ်စဉ်တစ်ခါ မှ မရှိဖူးဘူး။ ဒါက ကျနော်တို့ လူငယ်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အဖြစ်ပျက်ပဲ။ တကယ်လို့ PNO နား တပ်သားသစ်တွေ၊ ပိုက်ဆံ တွေသွားပေးရင် ကျနော်တို့ ရန်သူကို သွားအားပေးနေသလိုဖြစ်တယ်” ဟု ဆီဆိုမြို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ https://burmese.shannews.org/archives/28501
၁၇။ လောင်းကိုင် ဒူးရင်းသီးပွဲတော် ပြန်လည်စည်ကားလာ
June 6, 2022
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် (ကျုံဒိုးမြို့နယ်)၊ လောင်းကိုင်ကျေးရွာတွင် နှစ်စဉ်ကျင်းပသည့် ဒေသတွင်း ဒူးရင်းသီးပွဲတော်ကို ယမန်နေ့ ဇွန်လ ၆ ရက်နေ့တွင် ကျင်းပခဲ့ရာမှာ လူထုထောင်ချီလာရောက်ဆင်နွှဲခဲ့ကြ၍ ပြန်လည်စည်ကား လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။ လောင်ကိုင်ကျေးရွာအုပ်စုထဲရှိ လောင်းကိုင်၊ ကမော့ကသူ၊ နောင်တလာ၊ မိထလန်းနိုင်နှင့် ကော့ဖောင်းရွာတို့မှ ခြံထွက်သီးနှံထွက်များသည့်အချိန်တွင် နှစ်စဉ်သစ်သီးဆွမ်းကပ်အလှူပွဲတော် ကျင်းပလာ ခဲ့ရာ ယခင်နှစ်က Covid ကပ်ရောဂါအခြေအနေနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ပွဲတော်ကို လာရောက်သူနည်းပြီး ယခုနှစ် မှသာ ပြန်လည် စည်ကားလာခြင်းဖြစ်သည်ဟု ပွဲတော်ကို ဦးဆောင်ကျင်းပသူ တစ်ဦးက ပြောသည်။
သူက “သစ်သီးဆွမ်းက နှစ်တိုင်းကျင်းပတယ်။ ဒီနှစ်ကနှစ် (၅၀) မြောက်ဆိုတော့စိန်ရတုပေါ့။ အသီးပေါ်တဲ့ အချိန်မှာ အနယ်နယ်အရပ်ရပ်က ဘုန်းကြီးကျောင်းတွေကိုပင့်ပြီး နှစ်တိုင်းသစ်သီးဆွမ်းကပ်လှူတာ။ ဆွမ်းကပ်ပြီးရင် လာတဲ့လူတွေ အားလုံး ကိုကျွေးတာ။ ဒီနှစ်လည်း ဒေသမတည်ငြိမ်ဘူးဆိုတော့ လူတွေကို ဖိတ်တာမရှိဘူး ။ အကျဉ်းလောက်ပဲ ကျင်းပတယ်။ လူဒီလောက်မများဘူးထင်ထားဘူး။ အခုက လာတာများလွန်းတော့ အသီးတွေတောင် မလောက်ငှဘူး”ဟု ပြောသည်။ ယခုနှစ် ဒူးရင်းသီး၊ သစ်သီးဆွမ်းပွဲတော်တွင် လောင်းကိုင်း(၅)ရွာမှ ဒေသခံ ရွာသားများက ဒူးရင်းသီး အလုံးပေါင်း ၃၀၀၀ ကျော်အပြင် မီးကွတ်သီး၊ ကြက်မောက်သီး၊ နာနတ်သီး၊ ရေငန်းသီးနှင့် ကနစိုးသီး စသည့် အခြားခြံ ထွက်သီးနှံများကိုလည်း ပါဝင်လှူဒါန်းကာ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ဧည့်သည်များကို သစ်သီး နှင့် ထမင်းများကိုလည်း ကျွေးမွေးဧည့်ခံခဲ့ကြသည်ဟု ဒေသခံထံမှ သိရသည်။ https://kicnews.org/2022/06/%e1%80%9c %e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1
၁၈။ ပထမဆုံးအကြိမ် ငွေသဇင်ဖောင်းဒေးရှင်းမှ ငွေသဇင် စာပေဆုချီးမြှင့်
June 7, 2022
ငွေသဇင်ဖောင်ဒေးရှင်းက ဦးဆောင်ပြီး ပထမဆုံးအကြိမ်မြောက် ငွေသဇင်စာပေဆုချီးမြှင့်ပွဲကို ဇွန် ၆ ရက် နေ့လယ် ၁ နာရီ အချိန်ခန့်က ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ကျင်းပခဲ့ကြသည်။ အဆိုပါ ဆုပေးပွဲကို သံတွဲမြို့၊ မင်းဘာကြီးလမ်းရှိ ရခိုင် သမိုင်းသုတေသီ ဆရာတော်အရှင်ကုသလ (ငွေသဇင်)သီတင်းသုံးတော်မူခဲ့သော အောင်မြေသာစည်ပရိယတ္တိ စာသင်တိုက် အတွင်းတွင် ပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါ စာပေဆုချီးမြှင့်ရန်အတွက် ၂၀၂၁ ခုနှစ် တွင် ထုတ်ဝေခဲ့သော ရခိုင်ဒေသမဂ္ဂဇင်းများမှ စာမူများကိုရွေးချယ်ပြီး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ၄င်းဆုပေပွဲတွင် ဂန္တဝင်ကဗျာဆု၊ မော်ဒန်ကဗျာဆု၊ ဝတ္ထုဆုနှင့် ဆောင်းပါးဆု စသော ဆု (၄) ခု ပါဝင်သည်။
ဂန္တဝင်ကဗျာဆုအား မြောက်ဦးမဂ္ဂဇင်အမှတ် (၆)ပါ “မတူညီသော အစွန်းတရားများ”ကဗျာဖြင့် ဆရာအောင်သာဆန်း (သံတွဲ)၊ မော်ဒန်ကဗျာဆုအား ရခိုင်မဂ္ဂဇင်းအမှတ် (၄၂)ပါ ‘မိုင်း’ကဗျာဖြင့် ဆရာမောင်ခိုင်အောင်၊ ဆောင်းပါးဆုအား မြောက်ဦး မဂ္ဂဇင်း အမှတ် (၆)ပါ ‘ပျောက်လားသောသူများကို ရှာကြည့်ခြင်း’ခေါင်းစဥ်ဖြင့် ဆရာဓညဦးနှင့် ဝတ္ထုတိုဆုအား စိုင်းတင်ရင်ခွင် မဂ္ဂဇင်းအမှတ် (၁) ပါ ‘မူရင်းမဲ့မိတ္တူ’ ခေါင်းစဥ်ဖြင့် ဆရာလင်းအိမ်တို့က ရရှိသွားကြသည်။ “ကိုယ့်ရခိုင်မှာ ထွက်တဲ့ မဂ္ဂဇင်းတွေ ပိုပြီးတော့ရှင်သန်လာရေး၊ ပြီးတော့ မဂ္ဂဇင်မှာရေးတဲ့စာရေးဆရာတွေ ပိုပြီးတော့ စာကောင်းပေမွန် တွေထွက် လာအောင် ပိုပြီးတော့ ကြိုးစားစေရေးပေါ့။ ငွေသဇင်ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်ကတော့ စာပေဆုပေးရေး၊ ပြီးလို့ ရှိရင် ထူးချွန်ထက် မြက်ပြီး ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို ပညာသင်စရိတ်ထောက်ပံ့ရေးစတဲ့အချက်တွေပါတယ်။ အဲဒီအချက် ကို အခု ဆရာမ တို့က စပြီးတော့ အကောင်အထည်ဖော်လိုက်တာ”ဟု ပြောသည်။
၁၉။ တာချီလိတ်မြို့ ကျည်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ
June 7, 2022
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သေနတ်ကျည်ဒဏ်ရာ နှင့် ခြေလက်များကို ရိုက်ချိုးခံထားရသည့် အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ( ဇွန်လ ၆) ရက် ည ၁၁ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဟောင်လိတ် ရပ်ကွက်ရှိ တရုတ် သင်္ချိုင်းအနီးမှာ အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဦးလှမိုး ပရဟိတသမား အသင်းထံမှ သိရသည်။ “ကျနော်တို့ကို ဖုန်းဆက်အကြောင်းကြားတဲ့သူရှိလို့ သွားကြည့်တဲ့အချိန်မှာ အမျိုးသားတစ်ဦး သေဆုံးနေတာ တွေ့ရပါတယ်၊ သေနတ်ဒဏ်ရာ စုစုပေါင်း ၈ ချက် နဲ့ ခြေထောက်လည်း ရိုက်ချိုးခံထားရတယ်၊ ပြီးတော့ ရိုက်နှက် ခံထားရတဲ့ ဒဏ်ရာတွေလည်း ခန္ဓာကိုယ်အနှံ့ပဲ” ဟု အလောင်းကို သွားရောက်သယ်ယူခဲ့သည့် ဦးလှမိုး ပရဟိတ အသင်းသား တစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသားအလောင်းတွင် ရင်ဘတ်ဖောက်ဝင်ကျည်ဒဏ်ရာ ၁ ချက်၊ ယာဘက်နံရိုး ၁ ချက်၊ ဝမ်းဗိုက် ၁ ချက် ၊ ဝဲဘက်ခါး ၁ ချက်အပြင် ညာဘက် ခြေထောက်လည်း ရိုက်ချိုးခံထားရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ထို့အပြင် အဆိုပါ အလောင်း နှင့် မနီးမဝေးတောစပ်မှ 9 MM Luger အမျိုးအစား ကျည်ခွံ ၉ ခု နှင့် မပစ်ရသေးသော အမျိုးအစားတူသည့် ကျည် ၂ တောင့် တို့ကိုလည်း စစ်ဆေးတွေရှိရကြောင်း သိရသည်။ https://burmese.shannews.org/archives/28521
၂၀။ ရခိုင်တွင် မူလတန်းကျောင်းသား ၃ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေ
June 7, 2022
ရခိုင်တွင် မူလတန်းကျောင်းသား၊ ကျောင်းသူပေါင်း ၃ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေ ပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားကိုဗစ်ကာကွယ် ဆေးကို ပြီးခဲ့သည့်အပတ်မှစတင်ထိုးပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ အခြေခံပညာ မူလတန်း ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀,၅၂၁ ဦးကို ထိုးနှံပြီးစီးသွားပြီဟု သိရသည်။ ဆက်လက်၍ မူလတန်းကျောင်းသူ၊ ကျောင်းသား ဦးရေ ၃ သိန်း ၆ သောင်းခန့်အထိ ထိုးပေးသွားရန်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရ ဉ္စရာသို့ပြောသည်။ “ဆေးမထိုးမနေရဆိုပြီး မှာထားတာမျိုးတော့ မရှိဘူး။ ထိုးတာကေတာ့ ကောင်းတာပေါ့နော်။ စည်းရုံးတဲ့သဘောပဲ။ ဒါပေမယ့် ကိုယ်တိုင်ဆုံးဖြတ်ရတာပေါ့လေ” ဟုပြောသည်။
ယခုထိုးပေးနေသည့် တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးသည် အသက် ၅ နှစ်နှင့်အထက် ကေလးများကို ထိုးနှံရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA)က ခွင့်ပြုထားကြောင်းလည်း သိရသည်။ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် မူလတန်းကလေးငယ်တစ်ဦး၏ မိဖတစ်ဦးက အဆိုပါကိုဗစ်ကာကွယ်ဆေးအား မူလတန်းကလေးများကို မဖြစ်မနေထိုးရမည်ဖြစ်ပြီး ဆေးထိုးမည့်အကြောင်းအရာများအား သေချာရှင်းလင်းမှုမရှိသဖြင့် စိုးရိမ်မှုရှိကြောင်း ပြောသည်။ “မထိုးရင် ကျောင်းမတက်ရဘူးဆိုပြီးတော့။ မထိုးလို့မရဘူးလို့ ကျောင်းအုပ်က ပြောတယ်။ ဆေးထိုးမယ့်အကြောင်းလည်း တစ်ခုမှ ရှင်းမပြဘူး။ ဆေးအကြောင်းကို မရှင်းပြတော့ ကလေးတွေ တစ်စုံတစ်ခုဖြစ်သွားမှာကို စိုးရိမ်မိတယ်” ဟုပြောသည်။
၂၁။ သံတောင် ၁၃ မိုင်တပ်စခန်းက အရာရှိ ၁ ဦး စနိုက်ပါထိမှန် သေဆုံး
7 June, 2022
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ၁၃ မိုင်တပ်စခန်းက အရာရှိ တယောက် ဇွန် ၇ ရက် မနက် ၈ နာရီလောက်က စနိုက်ပါနဲ့ ပစ်ခတ်ရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်က ဒုတပ်ရင်းမှူး သို့မဟုတ် ဒုတပ်ခွဲမှူးတယောက် ထိမှန် သေဆုံးသွားတာလို့ သံတောင် PDF အဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။ သံတောင်မြို့ ၁၃ မိုင်ဒေသခံတစ်ဦးကလည်း ”မနက်ပိုင်းက စခန်းဘက်မှာ ပစ်ခတ်သံတော့ ကြားတယ်။ အရာရှိတစ်ဦး သေတယ်လို့တော့ ကြားတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ၁၃ မိုင်တပ်စခန်းအနီး ရပ်ရွာအတွင်းလှည့်ပတ်ပြီး စစ်ဆေးတာတွေနဲ့ သေနတ်ပစ်ဖောက် တာတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထား နေထိုင်သွားလာကြဖို့ သံတောင် PDF တပ်ဖွဲ့က သတိပေး ထားပါတယ်။ သံတောင်ဒေသမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာ၊ ခြုံခိုတိုက်ခိုက်ခံရတာ၊ ချောင်းမြောင်းပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီရဲ့တပ်တွေက အနီးပတ်ဝန်းကျင်က ဥယျာဉ်ခြံတွေအတွင်း လှည့်လည်စစ်ဆေး တာတွေ၊ လမ်းမကြီးကို ပိတ်ဆို့ပြီး လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ ရှိပါတယ်။ http://burmese. dvb.no/archives/537325
၂၂။ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ ၂၀၉ ဦးရှိကြောင်း ISP ထုတ်ပြန်
June 6, 2022
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၂၀၀ ကျော်ထဲမှာ အမြင့်ဆုံး ပြစ်ဒဏ် တွေဖြစ်တဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ် ခံထားရသူပေါင်း ၂၀၉ ဦးထိ ရှိနေတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဇွန်လ ၆ ရက် နေ့ထုတ်ပြန်ပါတယ်။ လူပေါင်း ၂၀၉ ဦးမှာ ရန်ကုန်တိုင်းက ၂၀၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ကျန် ခုနစ်ဦးက ဧရာဝတီတိုင်းက ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီအထဲမှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်မှာ သေဒဏ်ချမှတ်ခံရသူ ၅၂ ဦးနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူ ၁၂ ဦး ရှိနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများဆုံး မြို့နယ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒုတိယအများဆုံးကတော့ လှိုင်သာယာမြို့နယ်ကဖြစ်ပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၇ ဦး၊ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူ ၃၀ ဦးနဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ပူးတွဲ ချမှတ်ခံထားရသူ သုံးဦး ရှိတယ်လို့ ဆိုပါတယ်။ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံရသူ ၂၀၉ ဦးထဲမှာ ဖမ်းဆီးခံရပြီး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက် ချမှတ်ခံရသူ ခြောက်ဦး၊ ဖမ်းဆီးခံရပြီး သေဒဏ်ချ မှတ်ခံရသူနဲ့ ဖမ်းဝရမ်း ထုတ်ခံရပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦး၊ ဖမ်းဆီးခံရပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူက ၈၆ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဒဏ် ချမှတ်ခံထားရသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသားနှစ်ဦးလည်း ပါဝင်ဝင်နေတယ်လို့ ဆိုပါတယ်။ https://www.rfa.org/burmese/news/209-people-have-been-sentenced-to-death-and-life-in-prison-
၂၃။ ရမ်းဗြဲမြို့နယ်တရားသူကြီး၏ ရိုက်နှက်မှုကိုခံခဲ့ရသည့် စိတ်မူမမှန်သော ရဲဒုတပ်ကြပ်ဟောင်းတစ်ဦး ထောင်နှစ်လ ချမှတ်ခံရ
June 6, 2022
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် စိတ်မူမမှန်သည့် ရဲဒုတပ်ကြပ်ဟောင်းတစ်ဦးသည် ရမ်းဗြဲ မြို့နယ်တရားသူကြီး၏ ရိုက်နှက်မှုကိုခံရပြီးနောက် ထောင်ဒဏ် ၂ လချမှတ်ခံလိုက်ရသည်ဟု သတင်းရရှိသည်။ ၎င်းဒုရဲတပ်ကြပ်ဟောင်းမှာ ရမ်းဗြဲမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရဲလှိုင်တန်းတွင် မိသားစုနှင့်နေထိုင်သည့် ဦးအောင်ထွန်းထွန်း(၅၁ နှစ်)ဖြစ်ပြီး ၎င်းကို ထောင်ချပြီးနောက် ယနေ့ ဇွန် ၆ ရက်နေ့တွင် ကျောက်ဖြူထောင်သို့ ပို့ဆောင်ခံလိုက်ရသည်ဟု သိရသည်။ သူသည် ဆွံ့အ၍ စိတ်မူမမှန်သူ တစ်ဦး ဖြစ်ပြီး ဇနီးဖြစ်သူ ရင်ဆိုင်နေရသည့် အမှုအတွက် မည်သည့်နေ့တွင် ရုံးချိန်းရှိသည်ဆိုသည်ကို မေလ ၃ဝ ရက်က ရမ်းဗြဲမြို့နယ် တရားရုံးသို့ သွားရောက်စုံစမ်းရာ မြို့နယ်တရားသူကြီး ဦးထွန်းထွန်းမြိုင်၏ ရိုက်နှက်ခြင်းကိုခံခဲ့ရပြီးနောက် ထောင်ချခံလိုက်ရ ခြင်း ဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူ ဦးဝင်းသိန်းအောင်က ပြောသည်။
“သူက စကားတွေကလည်း အတယ်။ သူက ဝန်ထမ်းလုပ်ပြီးနောက်ပိုင်း အခုလို ဖြစ်သွားတာပါ။ စိတ်ပုံမှန်မဟုတ်တော့ သူက သူ့မိန်းမရဲ့ ရုံးချိန်းကို ဘယ်နေ့လဲလို့ တရားရုံးကို သွားမေးပါတယ်။ သူက အဲလိုသွားတော့ တရားသူကြီးကလည်း မေးတော့ သူက စကားတွေကလည်း ထစ်ငေါ့နေတော့၊ စိတ်ကလည်း ပုံမှန်မဟုတ်တော့ သူနဲ့ပြောတာတွေက အဆင်မပြေဘူး ရှိမယ်။ အဆင်မပြေတဲ့အခါ တရားသူကြီးက စိတ်မရှည်တော့ သူ့ကို ထိုးကြိတ်တယ်၊ ရိုက်တယ်။ အဲလိုရှိမယ်လေ။ ရုံးမှာ ရိုက်ပြီး တစ်ခါတည်း အစစ်အဆေးမရှိဘဲ ထောင်ချပစ်လိုက်တာ” ဟု ပြောသည်။ သူ၏အမျိုးသမီးသည် အမဲသားရောင်းချသူဖြစ်ပြီး အမဲသားရောင်းချရန် စရံပေးထားသည့် ငွေကျပ် ၂၅ သိန်းကို အခြားအမျိုးသမီးတစ်ဦးထံမှ အကြွေးရရှိရန်ရှိသည့်ကိစ္စကြောင့် ၂ဝ၁၈ ခုနှစ်မှစတင်ကာ ရမ်းဗြဲမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ ယင်းကြောင့် နောက်ရုံးချိန်းအား မည်သည့် နေ့သို့ပြောင်းရွှေ့ထားသည်ကို ဦးအောင်ထွန်းထွန်းက သွားရောက်စုံစမ်းစဉ် ယခုကဲ့သို့ ရိုက်နှက်ခံရကာ ထောင်ချခံ လိုက်ရခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
** ပြီး **