တိုင်းရင်းသားများသတင်း

ယုဇနကုမ္ပဏီက သိမ်းခဲ့တဲ့မြေတွေကို KIO ပြန်သိမ်းယူပြီး ဒေသခံများနှင့် စစ်ဘေးရှောင်များကို ခွဲဝေပေးမည်

Photo – CJ ( ၂၀၂၁ မေလ ၁၉ ရက်နေ့က ယုဇနကုမ္ပဏီဝန်းကို KIA က သွားရှင်းလင်းခဲ့စဉ်)

ဖက်ဒရယ်ဂျာနယ်၊ မေ ၂၅

ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ ယုဇနကုမ္ပဏီက သိမ်းယူထားတဲ့ မြေနေရာတွေကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြန်လည်သိမ်းယူပြီး ဒေသခံတွေဆီကို ပြန်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဦးသန်းရွှေ စစ်အစိုးရလက်ထက် ၂ဝဝ၆ ခုနှစ်မှာ အဲဒီဒေသက မြေဧက နှစ်သိန်းကျော်ကို ယုဇနကုမ္ပဏီက သိမ်းယူခဲ့တာဖြစ်ပါတယ်။ အခုတော့ KIO တပ်မဟာ(၂) သိမ်းယူပြီး ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ကာ မြေနေရာ ခွဲဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ယုဇနကမြေနေရာနဲ့ပတ်သက်ပြီးတော့ အခုအဲဒီဒေသခံတွေက အသိမ်းခံရတဲ့နေရာကို ပြန်ယူကြတယ်။ ကိုယ့်နေရာကိုယ် ပြန်ယူကြတယ်။ ဧည့်သည်တွေကတော့ သီးခြားနေရာတွေ ခွဲပေးတာပေါ့၊ ဧည့်သည်ဆိုတာကတော့ ရှမ်းပြည်က ကချင်တွေပေါ့ မှတ်ပုံတင် ရှိတဲ့သူတွေရယ်၊ နောက်ပြီးတော့ စစ်ဘေးရှောင်တွေ ပေါ့နော်၊ အဲဒါတွေကို မြေဧကတွေ ခွဲပေးနေပါတယ်။ ဧည့်သည်ဆိုတဲ့နေရာမှာ ရှမ်းပြည်မှတ်ပုံတင်ပေါ့နော်၊ အဓိက ရှမ်းပြည်မှတ်ပုံတင်ကိုင်ထားတဲ့သူတွေကို ခွဲပေးတာပေါ့” ဟု ကချင်လူမှုဖွံ့ဖြိုးရေး ဖောင်းဒေးရှင်း (ဖားကန့်) အတွင်းရေးမှူး ဒါ့ရှီနော်လောမ်က ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။

ယုဇနကုမ္ပဏီက အဲဒီဒေသမှာ မြေဧက နှစ်သိန်းကျော်ကို အဓ္ဓမသိမ်းယူခဲ့သာကြောင့် ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့သည့် မြေယာနေရာများ ဒေသခံလုပ်ကိုင်စားသောက်ခွင့် ဆယ်စုနှစ်တခုကျော်ကြာ ဆုံးရှုံးခဲ့ရသလို တချို့ဒေသခံများက လယ်မြေယာ ဆုံးရှုံးသွားရသာကြောင့် ကျေးရွာပြောင်းရွေ့ပြီး နေထိုင်ခဲ့ရသည့် အခြေအနေထိ ဖြစ်စေခဲ့ပါတယ်။

အခုတော့ KIO နဲ့ ကျေးရွာဒေသခံတွေ ပူးပေါင်းပြီး မြေနေရာ စီစစ်ခွဲဝေဖို့ ကျေးရွာလိုက် ဆပ်ကော်မတီဖွဲ့ထားပြီး ဆပ်ကော်မတီတွေကို KIO အတည်ပြုပေးတာနဲ့ ခွဲဝေပေးတဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားတော့မယ်လို့ သိရပါတယ်။ မိသားစု တစုကို ခြံကွက် ပေ (၆၀-၈၀၊ ၈၀-၁၀၀ ) ခန့် ခွဲဝေပေးကြမယ်သိရပါတယ်။

ဟူးကောင်ခရိုင် ဒေသသည် သဘာ၀ မြေဆီ၊ မြေဩဇာ အလွန်ကောင်းမွန်တဲ့နေရာဖြစ်သာကြောင့် ဒေသခံများက လယ်ယာမြေ နှင့် ဥယျာဉ်ခြံများကို အဓိက လုပ်ကိုင်သည့် နေရာဒေသတခုလည်းဖြစ်ပါတယ်။ တချို့ရွှေကြောရှိသည့် နေရာများတွင်လည်း တန်ဖိုးကြီးသည့် ရွှေများထွက်ရှိကြောင်းလည်း သိရပါတယ်။

Related Articles

Back to top button