တိုင်းရင်းသားများသတင်း

ဖက်ဒရယ်ကျန်းမာရေးဌာန ထားရှိမည်ဟု KSCC ပြော

ဧပြီ ၂၄၊ ၂၀၂၂ (ကရင်နီ)

ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) က ကျန်းမာရေးကော်မတီ၏ ဖွဲ့စည်းပုံအရ ဖက်ဒရယ် ကျန်းမာရေးဌာန ထားရှိမည်ဖြစ်ကြောင်း မနေ့က ထုတ်ပြန်ထားသည်။

အနာဂတ် ဖက်ဒရယ် နိုင်ငံမှာ လိုအပ်လာတဲ့ ကျန်းမာရေးလည်း ဖက်ဒရယ်စနစ်နဲ့အညီ လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးရတာ မျိုးတွေ ကျွန်တော်တို့စဉ်းစားပြီးတော့ ဖွဲ့ထားတာဖြစ်တယ် ဟု ကျန်းမာရေးကော်မတီ ညွန်ကြားရေးမှူး ခွန်းဖီလစ်က ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

ခွန်းဖီလစ်က “ကျွန်တော်တို့ တစ်ဖွဲ့ချင်းစီအနေနဲ့တော့ ရှိနေပါတယ်။ ကျွန်တော်တို့မှာ စစ်အာဏာမသိမ်းခင်က တိုင်းရင်းသား အဖွဲ့အစည်းတွေက သူ့အနေနဲ့သူလုပ်နေကြတယ်။ သူသတ်မှတ်တဲ့ဧရိယာမှာပဲလုပ်နေကြတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာကျတော့ စဉ်းစားမှုတွေကလည်းပြောင်းလာကြတယ်။ အနာဂတ် ဖက်ဒရယ် နိုင်ငံမှာ လိုအပ်လာတဲ့ ကျန်းမာရေးလည်း ဖက်ဒရယ်စနစ်နဲ့အညီ လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးရတာ မျိုးတွေ ကျွန်တော်တို့စဉ်းစားပြီးတော့ ဖွဲ့ထားတာဖြစ်တယ်” ဟု ပြောသည်။

KSCC ကျန်းမာရေးကော်မတီက NUG ရဲ့ကျန်းမာရေးဌာန၊ အရပ်ဘက် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ခွန်းဖီလစ်က “NUG ရဲ့ကျန်းမာရေးဌာန၊ အရပ်ဘက် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ကရင်နီပြည်နယ်ရဲ့ လူထုကျန်းမာရေးနဲ့ပတ် သက်ပြီး ပိုကောင်းအောင်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့်အရည်အသွေး ပြည့်ဝသောကျန်းမာရေး၊ လူထုတွေ လက်လှမ်းမှီ ဖို့က ကျွန်တော်တို့ဆီမှာရှိတဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုအပိုင်းရော၊ လူထုတွေမှာရှိတဲ့ ငွေကြေးဆိုင်ရာအပိုင်းရော ကျွန်တော်တို့မျှော်လင့်ထားတာရောက်ဖို့ အများကြီးအချိန်လိုပါသေးတယ်” ဟု ဆက်ပြောသည်။

ကျန်းနာရေးကော်မတီသည် ကြားကာလ ရည်မှန်းချက်နှင့် ရေရှည် ရည်မှန်းချက်များကို သတ်မှတ်ထားရှိပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC-JCC Health)၊ အမျိုးသားကျန်းမာရေးကော်မတီ (Nation Health Committee)၊ ကရင်နီကျန်းမာရေးဌာန (KnHD)၊ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (CHDN)၊ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (Federal Health Professional Council)၊ ကရင်နီသူနာပြု အစည်းအရုံး (Karenni Nurses Association)၊ ကရင်နီပြည် ဆရာဝန်များအဖွဲ့၊ ပဂ္ဂလိက ကျန်းမာရေး အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး၊ ထပ်မံပေါ်ပေါက်လာမည့် ကျန်းမာရေး အဖွဲ့ အစည်းများ နှင့် လက်တွဲ၍ ပြည်သူလူထု၏ ကျန်းမာရေး အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ရန် ဆောင်ရွက် လျက်ရှိပြီး ယင်းအခြေအနေများကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ပြည်ထောင်စုအဆင့်နှင့် ဖက်ဒရယ်ယူနစ်အဆင့် များတွင် ချိတ်ဆက်ဆောင်ရွက်ကာ ဖက်ဒရယ် ကျန်းမာရေးဌာန ထားရှိမည်ဖြစ်သည်။

ဒါ့အပြင် ဒေသအတွင်း ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် ကျဆုံးသွားတဲ့ဆေးဝန်ထမ်းများ၊ ဖမ်းဆီးခံခဲ့ရသည့် ဆေးဝန်ထမ်းများအတွက် နည်းလမ်းရှာကြံကာ ကူညီပေးနိုင်ရန်အတွက် KSCC က ပြင်ဆင်နေ ဆောင်ရွက်နေ ကြောင်းလည်း သိရသည်။

ကရင်နီအတိုင်ပင်ခံကော်မတီသည် အရေးပေါ်အခြေအနေမှ ပြန်လည်ထူထောင်ရေးကာလအထိ ကရင်နီ ပြည်နယ်၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ကျန်းမာရေးကော်မတီကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Related Articles

Back to top button