NUG နှင့် KIA တွေ့ဆုံ၊ နယ်မြေစိုးမိုးမှု အထိုက်အလျောက် ရရှိနေပြီဖြစ်သောဒေသများတွင် အုပ်ချုပ်ရေးနှင့် စီမံရေး၊ တရားစီရင်ရေးနှင့် အခွန်ကောက်ခံရေး ကိစ္စရပ်တို့ဆွေးနွေးခဲ့
ဖက်ဒရယ်ဂျာနယ်
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား ဆွေးနွေးမှုတစ်ခုကို ယနေ့ ဖေဖေါ်ဝါရီ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည်ဟု NUG ဘက်ကထုတ်ပြန်လာသည်။
ဆွေးနွေးပွဲတွင် KIA ၏ အုပ်ချုပ်ရေးအတွေ့အကြုံများကို ဝေမျှဆွေးနွေးခဲ့သည်ဟု သိရပြီး NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က –
“နယ်မြေစိုးမိုးမှု အထိုက်အလျောက် ရရှိနေပြီဖြစ်တဲ့ ဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေး အာဏာတည်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပြီး အုပ်ချုပ်ရေး၊ စီမံရေး၊ တရားစီရင်ရေးနဲ့ အခွန်ကောက်ခံရေး ကိစ္စရပ်တွေကို စစ်ရေးနဲ့ ဟန်ချက်ညီအောင် ဆောင်ရွက်ရမယ်” ဟု ဆွေးနွေးခဲ့ကြောင်းသိရသည်။
NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းကို ရှင်းလင်းဆွေးနွေးခဲ့သည်ဟုဆိုသည်။
ထို့နောက် အမှတ်(၁) စစ်ဒေသ စစ်ဒေသမှူးမှ KIA ၏ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးခဲ့ပြီး အခွန်ကောက်ခံရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ ကဏ္ဍနှင့် လူထုစည်းရုံးရေး ကဏ္ဍများအတွက် အကြံပြုချက်များ တင်ပြဆွေးနွေးခဲ့သည်ဟုဆိုသည်။
ဆွေးနွေးပွဲသို့ တက်ရောက်သည့် ခရိုင်၊ မြို့နယ် ပအဖ နှင့် ပကဖတာဝန်ခံများမှ မိမိတို့မြို့နယ်များတွင် ပြည်သူ့အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးဆိုင်ရာနှင့် ပြည်သူ့လုံခြုံရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြခြင်း၊ သိလိုသည်များကို မေးမြန်းခြင်းနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအား လုံခြုံရေးဆိုင်ရာ သင်တန်းပေးနိုင်ရန်ကိစ္စတို့ကို တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်းသိရသည်။
အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုဒုဝန်ကြီးများ၊ အတွင်းဝန်များနှင့် ရုံးအဖွဲ့၊ အမှတ် (၁) စစ်ဒေသ စစ်ဒေသမှူး၊ ခရိုင်၊ မြို့နယ် ပအဖ၊ ပကဖ တာဝန်ခံများ၊ ဒုတိယတာဝန်ခံများ တက်ရောက်ခဲ့ကြောင်းသိရသည်။
KIO/KIA သည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်ပြုလုပ်ထားပြီး ပြည်တွင်းတွင် ငွေတိုက်စာချုပ်များရောင်းချခြင်းအပါအဝင် စစ်ရေးကိစ္စရပ်များတွင်လည်း အကူအညီများပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။