တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

နှစ်ဖက်တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်သည့် အနေအထားကိုရောက်ရှိလာကြောင်း AA ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၁၀၊ ၂၀၂၁

ရက္ခိုင့်တပ်တော်(ULA/AA)နှင့် စစ်ကောင်စီတပ်တို့ကြားတွင် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သည့်အနေအထားကို ရောက်ရှိလာသောကြောင့် (ULA/AA)အနေဖြင့် စစ်ရေးသတိကြီးစွာဖြင့် အထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်း ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် AA က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အကြောင်းပြချက်အမျိုးမျိုးဖြင့် ရက္ခိုင်ပြည်ကျေးရွာများအတွင်းသို့ တစ်ရွာဝင်တစ်ရွာထွက်ကာ နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားသွာလာမှုများရှိနေခြင်း၊တပ်အပြောင်းအရွှေ့များကို ဆက်တိုက်လုပ်ဆောင်နေကြောင်း AA မှ ဆိုထားသည်။

ဘုန်းကြီးကျောင်းများတွင် ညအိပ်ခြင်း၊ ဆန်၊ဆီ၊ဆား စသည့်အခြေခံစားသောက်ကုန်များနှင့် ပြည်သူလူမှုဘဝ နေ့စဉ်အခြေခံလိုအပ်ချက်များအား ဒေသအတွင်းသယ်ယူပို့ဆောင်နေခြင်းများကို ဆက်လက်ဟန့်တားပိတ်ပင်တားမြစ်နေခြင်း၊ ရန်စသောအပြုအမှုများကို လုပ်ဆောင်နေခြင်းတို့ကြောင့် ပြည်သူများ၏ စားဝတ်နေရေးအကျပ်အတည်းကိုဖြစ်ပေါ်စေရုံသာမက မိမိတို့နှင့် စစ်ကောင်စီတပ်ကြားတွင် နှစ်ဖက်တင်းမာမှုများ မြင့်တက်စေကြောင်း AA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲကို ကျင်းပရန်ပြင်ဆင်နေသည့်အချိန်တွင် စစ်ကောင်စီမှ ဘုရားပွဲတော်ကျင်းပခြင်းအား လမ်းပြုပြင်ရေး၊ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်စွက်ဖက်ချယ်လှယ်နေခြင်းများကြောင့် ဘုရားပွဲသွားရောက်ကြသည့် ဒေသခံပြည်သူများမှာ စိုးရိမ်မှု၊ မလိုလားမှု၊ ကြောက်လန့်မှုတို့နှင့်အတူ စိတ်ပိုင်းဆိုင်ရာအနှောက်အယှက်ဖြစ်နေကြကြောင်း ရက္ခိုင့်တပ်တော်ကဆိုသည်။

ထို့ကြောင့် စစ်ကောင်စီမှ ဆံတော်ရှင်ဘုရားပွဲတော်ကျင်းပမည့်ကိစ္စအပေါ် ဝင်ရောက်စွက်ဖက်ချယ်လှယ်မှုများ၊ ဆက်လက်ပြုလုပ်နေပါက ရခိုင်ပြည်သူလူများအနေဖြင့် ဘုရားပွဲတော်သို့ သွားရောက်မည့်ကိစ္စအား ဆင်ခြင်သုံးသပ်ပါရန်နှင့် စစ်ရေးသတိရှိရန် (ULA/AA)မှ ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၃ ရက်နေ့က အင်အား(၁၀၀)ခန့်ရှိသည့် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်တို့သည် ပေါက်တောမြို့ စောမဲကျီကျွန်းကိုရောက်ရှိလာပြီး ဆံတော်ရှင်ဘုရားသွား လမ်းတစ်လျှောက်တွင် ပျက်ဆီးနေသည့် လမ်းများကိုပြုပြင်ရန်ရောက်ရှိလာကြောင်း သိရသည်။

သို့သော် ဘုရားသွားလမ်းတစ်လျှောက်တွင် ဒေသခံများအား မေးမြန်းစုံစမ်းမှုများရှိနေသည့်အတွက် ဘုရားဖူးသွားမည့် ဧည့်သည်များနှင့် ဒေသခံများမှာ စိုးရိမ်မှုများ ရှိနေကြသည်။  

Related Articles

Back to top button