တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကုလသမဂ္ဂအဖွဲ့အစည်းသို့ လေယာဉ် မပျံသန်းရဇုံအဖြစ် သတ်မှတ်ပေးနိုင်ရေး တောင်းဆိုမှု ကောင်းမွန်တဲ့ရလဒ် ထွက်မလာသေး

ဓါတ်ပုံ(CJ)- ကရင်နီ(ကယား)ပြည်နယ် လူနေရပ်ရွာတွေမှာ လေကြောင်း တိုက်ခိုက်ခံနေရ (ပုံဟောင်းအသုံးပြုထားသည်)

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂

တိုင်းရင်းသား လက်နက်ကိုင်တပ် သုံးဖွဲ့ ဖြစ်သည့် KNU, KNPP, CNF တို့က  ပြီးခဲ့သည့်လ ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၂၀) ရက်နေ့မှာ လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ပေးနိုင်ရေးနှင့် ပြည်သူတွေကို အကာအကွယ်ပေးနိုင်မည့် Safe Zone သတ်မှတ်ပေးရေးကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးသံကိုယ်စားလှယ်၏ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အဆိုပြုချက်အပေါ် တုန့်ပြန် ပူးတွဲတောင်းဆိုခဲ့ကြပါတယ်။

သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့၏ တောင်းဆိုမှုကို ကုလသမဂ္ဂအဖွဲ့ဘက်မှ အလေးထား အပြုသဘောဆောင်ပြီး ကောင်းမွန်သည့် တုံပြန်မှုရလဒ် ယနေ့ချိန်ထိ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

လေယာဉ်မပျံသန်းရဇုံ သတ်မှတ်နိုင်ရေးနဲ့ပါတ်သက်ပြီး နိုင်ငံတကာရဲ့တုံ့ပြန်မှုက ထုတ်ပြန်ကြေငြာချက်တွေ စာရွက်တွေပေါ်မှာပဲ ဖေါင်းပွနေပါတယ်လို့ ကရင်နီပြည် နယ် အတိုင်ပင်ခံကောင်စီ KSCC ရဲ့ ပြောခွင့်ရ အယ်ဗလင်းက ဖက်ဒရယ်ဂျာနယ်ကို အခုလို ပြောပါတယ်။

“လေယာဉ်မပျံသန်းရဇုံ သတ်မှတ်နိုင်ရေးနဲ့ပါတ်သက်ပြီး နိုင်ငံတကာရဲ့တုံ့ပြန်မှုက ထုတ်ပြန်ကြေငြာချက်တွေ စာရွက်တွေပေါ်မှာပဲ ဖေါင်းပွနေပါတယ်။ လက်တွေ့ကျကျမှာ စစ်ကောင်စီကို အကြမ်းဖက်သမားများ အဖြစ်တောင် တရားဝင်သတ်မှတ်တဲ့အနေအထားမတွေ့ရသေးဘူး။ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက် ပြီးတော့သော်လည်းကောင်း သံတမန်ဆက်ဆံရေး၊ စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုတွေကို တည်ဆောက် ထားတာတွေလဲ ရှိနေသေးတယ်။  ဒါကြောင့်မလို့ နိုင်ငံတကာကနေ လေယာဉ် မပျံသန်းရဇုံအဖြစ် သတ်မှတ် ပေးနိုင်ရေးဟာ မည်သို့သော အခြေအနေမျိုးမှာမှ ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့မြင်ပါတယ်” ဟု ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေး ‌ပြောဆိုမှုများနှင့် စပ်လျဉ်းပြီး KSCC ရဲ့ ပြောခွင့်ရ အယ်ဗလင်းက ဖက်ဒရယ်ဂျာနယ်ကို အခုလို ဆက်ပြောပါတယ်။  

“စစ်ဘေးရှောင်ပြည်သူလူထုကိုကူညီနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အထူးသံတမန်ကနေ နှစ်ဘက် ပစ်ခတ်ရပ်ဖို့တောင်းဆိုချက်ဟာ ပြည်သူလူထုလိုလားတဲ့ လက်တွေ့ကျတဲ့ နိုင်ငံတကာရဲ့ အကူအညီ မဟုတ်ဘူးလို့မြင်ပါတယ်။ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးသုန်းသတ်ဖြတ်မှုတွေကိုကျူးလွန် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာနိုင်ငံတကာ ဥပဒေနဲ့လဲမကိုက်ညီဘူး။ စစ်ကောင်စီနဲ့ညှိနှိုင်းအပစ်ရပ်ပြီး အကူအညီ ရယူရေးဟာ ကရင်နီပြည်သူလူထုလိုလားတဲ့ အကူအညီမဟုတ်ဘူး။

လက်တွေ့ကျကျ ကူညီနိုင်တဲ့ နယ်စပ်ဖြတ်ကျော် ကူညီပံ့ပိုးရေးမှာလဲ နိုင်ငံတကာ အလှူရှင်တွေရဲ့ သတ်မှတ်ချက်တွေ လုပ်ထုံးလုပ်နည်းတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ်အကူအညီကို ပေးနိုင်ဖို့ အဟန့်အတား တစ်ခုအဖြစ်ရှိနေတာကိုလဲမြင်တွေ့နေရပါတယ်” ဟု ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က ကချင်၊ ကရင်၊ ချင်း၊ ရှမ်း စသည့် တိုင်းရင်းသားဒေသများတွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ကရင်နီ(ကယား)ပြည်နယ်ဒေသတွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကို (၃၂) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Related Articles

Back to top button