တိုင်းရင်းသားများသတင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ALP တွင် နိုင်ငံရေးဦးဆောင်ကော်မတီအသစ် ၆ ရက်အကြာတွင် ထပ်မံဖွဲ့စည်းလာ

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၁၄၊ ၂၀၂၂

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တစ်ခုဖြစ်သည့် ALP တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့၌ ရခိုင့်ကံကြမ္မာကို ရခိုင်တို့ကိုယ်တိုင်ဖန်တီးနိုင်ရေးအတွက်ဟုဆိုကာ နိုင်ငံရေးဦးဆောင်အဖွဲ့ သစ်တစ်ခုကိုဖွဲ့စည်းကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

 
ထိုသို့ထုတ်ပြန်ပြီးနောက် ၆ ရက်အကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် နိုင်ငံရေးဦးဆောင်ကော်မတီ သစ်တစ်ခုကို ဖွဲ့စည်းကြောင်းထပ်မံထုတ်ပြန်လာခဲ့သည်။
 
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဇန်နဝါရီ ၁၂ ရက်နေ့ ထုတ်ပြန်ချက်နှင့် ဇန်နဝါရီ ၆ ရက်နေ့ ထုတ်ပြန်ချက်တို့တွင်ပါရှိသည့် အဖွဲ့အစည်းတာဝန်ရှိသူများမှာ ကွဲလွဲမှုရှိနေကြောင်း၎င်းတို့၏ ထုတ်ပြန်ချက်အရ တွေ့ရှိရသည်။
 
နောက်ဆုံးထုတ်ပြန်ချက်ဖြစ်သည့် ဇန်နဝါရီ ၁၂ ရက်နေ့ ကြေညာချက်တွင် ပါတီ၏ တာဝန်ရှိ ခေါင်းဆောင်တစ်ချို့သည် တရားမဝင်ကော်မတီများဖွဲ့စည်းခြင်း ထုတ်ပြန်ခြင်းများပြုလုပ်ကာ ပါတီတွင်း သဘောထားကွဲလွဲစေရန် ထုတ်ပြန်နေသည်ဟု ဖော်ပြထားသည်။
 
ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကိုလက်တွဲဖြုတ် မဖြုတ်နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများဖြစ်ရာမှ ထုတ်ပြန်ချက်များ ဖြစ်လာခြင်း ဖြစ်သည်ဟု Western News ရခိုင်သတင်းဌာန ဖော်ပြချက်အရ သိရသည်။
 
“ပြောရမယ်ဆိုရင် သဘောထားကွဲလွဲနေတဲ့သဘောပေါ့။ ကျနော်တို့မှာ ၄ နှစ်တစ်ကြိမ် ညီလာခံကျင်းပ နေတာရှိတယ်။ အဲဒါက ကိုဗစ်နဲ့ တစ်ခြားအခြေနေတွေကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ ဒီတော့ ကျနော်တို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ ညီလာခံလုပ်ပြီး ဆွေးနွေးကြတယ်။ အဲ့မှာ NCA နဲ့မသွားဘဲ လက်နက်ကိုင်လမ်းစဉ်နဲ့သွားဖို့နဲ့ NCA ကိုလည်းမဖြုတ်ဘဲ လက်နက်ကိုင်ပြီး တိုက်ပွဲတိုက်လို့ရတယ်ဆိုပြီး နှစ်ဖက် သဘောထားကွဲတာတွေဖြစ်ကြတယ်။ ကျနော်တို့ ညှိကြတယ် ညှိလို့အဆင်မပြေခဲ့ဘူး” ဟုပြောသည်။
 
ဇန်နဝါရီ ၆ ရက်နေ့ ထုတ်ပြန်ချက်တို့တွင်ပါရှိသည့် အဖွဲ့အစည်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒုဥက္ကဋ္ဌ စောမြရာ ဇာလင်းအားဆက်သွယ်ခဲ့ရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်မည် ဖြစ်ရာထိုအခါမှသာ ဖြေဆိုသွားမည်ဟု ပြန်လည်တုန့်ပြန်ပြောဆိုသည်။
 
ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် ၂၀၁၂ ခုနှစ် ဧပြီ ၅ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

Related Articles

Back to top button